မြေချစ်သူကဗျာများဆိုတဲ့ ကဗျာစာအုပ်လေးထဲမှာပါတဲ့ ဒီကဗျာလေးကို ပြန်ဖတ်မိတယ်။ တကယ့်ကို မှတ်မှတ်ရရပါပဲ။ ကျွန်တော့်ကို ရန်ကုန်ပြန်တုန်းက ဒီကဗျာလေးရွတ်ပြဖူးတဲ့ ချစ်သူကို သွားသတိရတယ်။ ကျွန်တော့်မှာ ကဗျာတွေကို ဒီလိုစိတ်လိုလက်ရရွတ်ပြတတ်တဲ့ ချစ်သူတစ်ယောက်ရှိတာ ဘုရားပေးတဲ့ ဆုတစ်ဆုပါပဲ။ “လွမ်းသူရဲ့ပွဲ” တဲ့။ ဒီကဗျာက ကျွန်တော့်ထက် အသက် ၉လကြီးပါတယ်။ ကျွန်တော် လူ့လောက မရောက်ခင်ကတည်းက ရေးခဲ့တဲ့ ဒီကဗျာကို ကျွန်တော့်ချစ်သူက ရွတ်ပြတဲ့အချိန်အထိ ရင်ခုန်လို့ရသေးတာကတော့ ကဗျာဆရာ မြေချစ်သူရဲ့ မှော်အစွမ်းပဲ ဖြစ်ပါလိမ့်မယ်။ ခံစားကြည့်ပါ ... နှလုံးသားပါရင် ခင်ဗျားလည်း လွမ်းကြည့်လို့ရပါတယ်။
“လွမ်းသူရဲ့ပွဲ”
ခုတလော
နာရီနဲ့အမျှ
လွမ်းနေရတယ်။
ကမ္ဘာပေါ်မှာ
လွမ်းရတာလောက်
သိက္ခာရှိတဲ့
အစားအစာ
မရှိပါဘူး။
လွမ်းနေချိန်မှာ
လွမ်းသူဟာ
ကမ္ဘာကြီးအတွက်
နှလုံးသားတာဝန်ကို
တစ်ဦးတည်းတင်ဒါဆွဲပြီး
ကြီးမားစွာ လွမ်းသူဖြစ်တယ်။
လွမ်းချိန်မှာ
သဘာဝနဲ့မိမိတို့ဟာ
အလွမ်းရေထုရဲ့
လာရောက်မှုကို
ဂုဏ်ပြုပူဇော်ပြီး
အတူတကွ
ပျော့ပျောင်းအိကျနေကြတယ်။
လွမ်းသူဟာ
လူယောက်ျား၊ လူမိန်းမ
ကြယ်၊ လ၊ ကဗျာ
ကာလသုံးပါး
ငှက်များပျံခြင်း
နှင်းဆီခင်းရသ
ဒေါသတရား
စကားမေတ္တာ
ခန္ဓာကိုယ်
အို ဘာကိုမှ သတ်သတ်မှတ်မှတ်
ရွေးချယ်ပညတ်ခြင်းမရှိဘဲ
လွတ်လပ်စွာ လွမ်းသူဖြစ်တယ်။
နေညိုချိန်မှာ
လွမ်းတတ်သူဟာ
ကျန်းမာရေးအရ
ပထမရဘူးသူလည်းဖြစ်တယ်။
ကဲ.. လွမ်း
အလွမ်းရဲ့ဟိုဘက်မှာ
သတ္တ၀ါတို့ရဲ့ ရင်ခုန်သံ
သန်မာစွာ ကခုန်နေတဲ့
အ၀ိဇ္ဇာဇာတ်ခုံ
မိုးလုံလေလုံရှိလေသတဲ့
ဇာတ်ခုံက ဗုံအရိုက်မှာ
တရှိုက်မက်မက်လွမ်း
အဝေးဆုံးထိလွမ်း
စောင်ကလေးခြုံလွမ်း
လွမ်း .. ။ ။
မြေချစ်သူ
မိုးဝေ၊ ဇန်န၀ါရီ၊ ၁၉၈၀
2 comments:
အင်း.......စောင်ကလေးခြုံလွမ်း...နားနားပြီးလွမ်း
ko nyi
i love the poem,so can i take and post at my blog?
thanks
ryann
Post a Comment