Showing posts with label NyiMinNaing. Show all posts
Showing posts with label NyiMinNaing. Show all posts

Apr 3, 2008

ဇာတ်ပွဲ

ငိုက်ချင်ယောင် ဆောင်နေလိုက်တယ်
မသိလိုက် မသိဘာသာပေါ့
ကြာတော့လည်း အကျင့်ပါလာတာ မဆန်းဘူး
အရပ်ကူပါ လူဝိုင်းပါ
ငါ လုပ်မလား သူ လုပ်မလား စောင့်ရင်း
ဟို လက်ညှိုးထိုး ဒီ လက်ညှိုးထိုး
မိုးခါးရေတွေက အလျှံအပယ်
ပြီးစလွယ်လုပ် ကြုံသလိုစခန်းသွား
ခပ်ပါးပါးလေး ပြုံးပြပြီး
ကူညီပါရစေ လို့ လောကွတ်ချော်
ပျော်ပျော်နေသေခဲတဲ့
ရူးချင်ယောင်ဆောင်
ကြောင်တောင်တောင်မျက်နှာပေးနဲ့
မပြီးနိုင် မစီးနိုင် မဟာဇာတ်တော်ကြီးကို အားပေးဖို့
ငိုက်မြည်းရာက ကမန်းကတန်းထပြီး လက်ခုပ်တဖြောင်းဖြောင်းတီးလိုက်တယ်
တစ်နိုင်ငံလုံး ဆူညံပွက်လောကို ရိုက်ရော .. ။ ။

ညီမင်းနိုင်

Read More...

Feb 6, 2008

မရှိဘူး Remix


မရှိဘူး ... မရှိဘူး ... မရှိဘူး
ဖတ်စရာပါတဲ့ သတင်းစာ မရှိဘူး
လူ့အခွင့်အရေး လေးစားတာ မရှိဘူး
မီး ၂၄ နာရီလာတဲ့ မြို့သစ်ကြီးတွေ မရှိဘူး
မိုးလုံးပြည့် မုသာဝါဒနဲ့ ကင်းတဲ့နေရာ မရှိဘူး
မြန်မာ့အားကစား ကမ္ဘာလွှမ်းရမယ်ဆိုတာ မရှိဘူး
လူကြားကောင်းအောင် ဟစ်ပြီး စိတ်မလုံတာ မရှိဘူး
ဒီမိုကရေစီကျကျ စဉ်းစားတွေးခေါ်တတ်တာတွေ မရှိဘူး
မပြီးနိုင်မစီးနိုင် ညီလာခံကို အားပေးထောက်ခံတာ မရှိဘူး
နေ့ခင်းကြောင်တောင် ဘာမှန်းညာမှန်းမသိ အဖမ်းခံရတာ မရှိဘူး
လူတစ်စုကောင်းစားရေးကြောင့် လူထုကောင်းစားရေးဆိုတာ မရှိဘူး
ခေတ်မီသာယာပြီး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ်ကြီးဆိုတာ မရှိဘူး
ခင်ဗျား အခုဖတ်နေတဲ့ “မရှိဘူး Remix” ကဗျာဟာ တကယ်တော့ မရှိဘူး။

ညီမင်းနိုင်

Read More...

Oct 14, 2007

ဧရာဝတီရဲ့ အဝေးရောက်သားသမီးတွေ

မျှော်လင့်ချက်ကိုယ်စီနဲ့
အဝေးတစ်နေရာစီမှာ ရောက်နေပေမယ့်
ဧရာဝတီက မွေး
ဧရာဝတီရဲ့ သွေးတွေ
ကျွန်တော်တို့ ရင်ထဲ စီးဆင်းနေဆဲပါ အမေ.. ။

မေမေရယ်
အာဏာရှင်ကို ဖြုတ်ချဖို့ မလွယ်ဘူး ဆိုပေမယ့်
ဧရာဝတီရဲ့ အရုဏ်ဦးနဲ့အတူ
သေနတ်ပြောင်းဝအောက်
အနှစ်နှစ်အလလ ကြောက်စိတ်တွေပျောက်ပြီး
သံဃာတော်တွေ ဦးဆောင်မှုအောက်မှာ
ဧရာဝတီက ညီအစ်ကိုမောင်နှမတွေ မေတ္တာကိုယ်စီပို့နေကြတယ် တဲ့
မိနစ်တိုင်း အသစ်တက်လာတဲ့ အင်တာနက် သတင်းတွေ
ဧရာဝတီရဲ့ ရာသီဥတုကို အချိန်နဲ့ အမျှ ကြေညာပေးနေတဲ့ ဘလော့ဂ်တွေ
အဝေးရောက်နေပေမယ့်
ကျွန်တော်တို့ အားလုံးလည်း အတူ လျှောက်နေခဲ့ကြတယ် အမေ..။

မေမေရယ်
ဒီတစ်ခါတော့
ကျွန်တော်တို့ ညီအစ်ကိုမောင်နှမတွေ ညီညွတ်မှုနဲ့
ဒီအာဏာရှင်ကို မောင်းထုတ်နိုင်တော့မလားရယ်လို့ တွေးရင်း
ကျွန်တော်တို့ အဝေးရောက်သားသမီးတွေ အတွက်
ဧရာဝတီကို ပြန်ပြီး
ဒီမိုကရေစီနိုင်ငံ အတူဆောက်ကြရမယ့် ရက်တွေကို
ရင်တခုန်ခုန်နဲ့ ကျွန်တော်တို့ အားလုံး စိတ်လှုပ်ရှားနေခဲ့ကြတယ် အမေ..။

မေမေရယ်
ဘုရားမသိ တရားမရှိ သံဃာကို ဖိနှိပ်တဲ့ ကောင်တွေ
ယုတ်မာမှုသရဖူဆောင်း
အ၀ီစိကို ခေါင်းနဲ့ ဆင်းမယ့် လူမဆန်တဲ့ ကောင်တွေ
ရိုက်နှက်ပစ်ခတ် လုပ်ရက်ကြတာများ .. ဗျာ..
မြင်ရ ကြားရ တဲ့ ကျွန်တော်တို့ အဝေးရောက် သားသမီးတွေက
မျက်ရည်ကျရရုံကလွဲလို့ ဘာများလုပ်ပေးနိုင်ကြမှာလဲ အမေ..။

မေမေရယ်
ဒီကောင်တွေ လိမ်နေတုန်းပဲ
ဒီကောင်တွေပြောတဲ့ ဒိုင်ယာလော့ခ်ဆိုတာ ဘယ်မှာလဲ
ဒီကောင်တွေ ညာနေတုန်းပဲ
ဒီကောင်တွေ ပြောတဲ့ အမျိုးသားသွေးစည်းညီညွတ်ရေးဆိုတာ ဘယ်မှာလဲ
ဒီကောင်တွေ မျက်နှာပြောင်တိုက်နေတုန်းပဲ
ဒီကောင်တွေ ပြောတဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီး ဘယ်မှာလဲ
ဒီကောင်တွေ ကြောက်ကန်ကန်နေတုန်းပဲ
ဒီကောင်တွေ ပြောတဲ့ သမိုင်းစာမျက်သစ်တွေ ဘယ်မှာလဲ
ဒီကောင်တွေ လူရိုင်းတွေဆိုတာ တစ်ကမ္ဘာလုံး သိသွားကြပြီ .. အမေ။

မေမေရယ်
ကမ္ဘာတလွှားရဲ့ မီဒီယာတွေမှာ
ဧရာဝတီက ညီအစ်ကိုတွေရဲ့ သတင်းတွေ
နေ့စဉ်လိုလို နေရာယူနေခဲ့ပေမယ့်
ခမောက်ပြာတပ်တွေ ၀င်ဖို့နေနေသာသာ
ဒါဟာ ပြည်တွင်းရေးသက်သက် လို့
လူကြားကောင်းအောင် အော်နေတဲ့ အိမ်နီးချင်းကောင်းတွေရဲ့
အဆင်သင့် စောင့်နေတဲ့ ဗီတိုတွေ အောက်မှာ
ကျွန်တော်တို့ တစ်မျိုးလုံးပျောက်ရတော့မယ်
ကမ္ဘာ့အင်အားကြီးတွေရဲ့ ပါဝါလွန်ဆွဲမှုအောက်မှာ
စတေးခံလိုက်ရတဲ့ ကျွန်တော့်ညီအစ်ကိုမောင်နှမတွေအတွက်
အခုအချိန်မှာ ချက်ချင်းလိုအပ်နေတာက
နိုင်ငံတကာတပ်တွေရဲ့ အကူအညီ အစောင့်အရှောက်ပါ.. အမေ။

မေမေရယ်
ကမ္ဘာကြီး ဘယ်လို ပြောင်းလဲ ပြောင်းလဲ
စစ်အာဏာရှင်အမိုက်အမဲတွေက
သေနတ်ကို လက်က မချဘူး..
မိုးပေါ်ပဲရောက်နေသလိုလို
စကားလုံးတွေကလည်း အောက်တန်းကျလွန်းတယ် အမေ..။

မေမေရယ်
ဖက်ဆစ်အစွယ်ထွက်ပြီး
အာဏာမြဲဖို့ တစ်ခုတည်းအတွက်
ကိုယ့်လူမျိုးကိုယ်နှိပ်စက်
ဘီလူးသဘက်စီးနေတဲ့ကောင်တွေရဲ့
ကျည်ဆန်မိုးတွေ အောက်
အသက်ပျောက်ခဲ့ရတဲ့
ဧရာဝတီက ညီအစ်ကိုမောင်နှမတွေ အတွက်
ကျွန်တော်တို့ အဝေးရောက်သားသမီးတွေ အားလုံး
တစ်သက်မကြေရုံမက ကမ္ဘာမကြေဘူး အမေ.. ။

ညီမင်းနိုင်

Read More...

Sep 13, 2007

ဘလော့ဂ်ဂါနှင့် သူ့ဝန်းကျင်ရှိအရာများ

ပိတ်ထားတဲ့ပါးစပ်ထဲမှာ အနီရဲရဲ စကားလုံးတွေ ရှိတယ်
(၃) ခုန်ပေါက် လှုပ်ရွ။

မှိတ်ထားတဲ့ မျက်လုံးထဲမှာ မြင်နေကျ အနိငှာရုံတွေ ရှိတယ်
(၆) ဟန်ရေး တပြပြ။

ချုပ်တည်းထားတဲ့ လက်ထဲမှာ မှိုတက်နေတဲ့ အိပ်မက်တွေရှိတယ်
(၁) အိပ်ရေး မ၀တ၀။

ရပ်နေတဲ့ ခြေထဲမှာ ပက်လက်မျောနေတဲ့ စိတ်ဓာတ်တွေရှိတယ်
(၅) တားမရ ဆီးမရ။

တွေးနေတဲ့ အာရုံထဲမှာ မင်းမဲ့စရိုက်နဲ့ လူမိုက်သူမိုက်တွေရှိတယ်..
(၂) အံဝင်ခွင်ကျ။

ရှူလိုက်တဲ့ လေထဲမှာ ညှီစို့စို့ အကုသိုလ်တွေရှိတယ်
(၄) တုတ်ပြဓားပြ။

သူ့မှာ လှောင်ချိုင့်ကို
(၇) မဲ့ပြုံး
ပြုံးပြ တတ်တဲ့ အတောင်ပံတစ်စုံရှိတယ်။

(၁) ထကြည့်တော့
(၂) စွာ
(၃) ပြီး
(၄)
(၅) နဲ့
(၆) လုပ်နေသူတွေ တွေ့တော့
(၇) တစ်ချက်ပြုံးပြလိုက်တယ်။

ညီမင်းနိုင်
စက်တင်ဘာ ၁၃ရက်၊ ၂၀၀၇

Read More...

Sep 11, 2007

အရေးတကြီးကိစ္စ

ကမ္ဘာကြီး ပူနွေးလာပြီ
ကမ္ဘာကြီး အေးခဲလာပြီ
အိုဇုန်းလွှာကြီး ပေါက်ပြဲနေပြီ
သစ်တောတွေ ပြုန်းတီးနေပြီ
သဘာဝပတ်ဝန်းကျင် ပျက်စီးနေပြီ
အေအိုင်ဒီအက်စ်
ကြက်ငှက်တုပ်ကွေး
ရပ်ကွက်ထဲက အေးဒီးစ်ခြင်တွေ ..
ဒါတွေ ဂရုမစိုက်အားဘူး
နက်သထက်နက်လာတဲ့ ဆင်းရဲတွင်းမှာ
ဘာသိဘာသာ နေထိုင်ရင်း
ဂလိုဘယ်လိုက်ဇေးရှင်းကို
အယ်လ်ဇေးရှင်းလို ထင်လိုထင်
အင်တာနက်ကို
အင်တာနတ် ထင်လိုထင်
သမုဒ္ဒရာ ၀မ်းတစ်ထွာကို
ကြုံသလို ဖြေရင်း ရှင်းရင်း
ရေလာမယ့် အချိန်ကို မျှော်
မီးလင်းတဲ့ အချိန်မှာ ဟေးကနဲ အော်ကြ
ကျောက်ခေတ်မှာ လူမဖြစ်ဘဲ
ကြောက်ခေတ်မှာ လူဖြစ်ရသူတွေ
သေချာတာက
ဒီအတိုင်းဆက်နေသွားလို့ မဖြစ်တော့ဘူး။

ညီမင်းနိုင်
စက်တင်ဘာ ၁၁ရက်၊ ၂၀၀၇။

Read More...

Aug 29, 2007

မိုးများရွာပါစေ

ပူလောင်ခြောက်သွေ့တဲ့ရက်စွဲတွေကြား
ဖျားနာခြင်းကို လက်ပြချင်တာ မဆန်းဘူး
တုတ်တချက် ဓားတပြက်
လျှပ်စီးတွေက လက်ကနဲ လက်ကနဲ..
ထုံးစံအတိုင်း လမ်းပေါ်မှာ ချိုင့်ခွက်တွေ
ခေါက်ရိုးကျိုးနေတဲ့ စကားတွေ ပြောကြဆိုကြ
ထောင်းလမောင်းကြေနေတဲ့ အတွေးအခေါ်တွေ ရေးကြမျှော်ကြ
လွယ်ထားတဲ့ စိတ်ဓားတစ်လက်ကို ကဗျာပေါ် တင်သွေးကြနဲ့
ဟိုမှာ လတ်လတ်ဆတ်ဆတ် ချိတ်ဆွဲထားတာက
ကမ္ဘာဦးလူရဲ့ကြောက်စိတ်တွေပါ

မသွားခဲ့ဘူး.. ဒါပေမယ့် ထားခဲ့တယ်
မလျှောက်ခဲ့ဘူး .. ဒါပေမယ့် ရောက်ခဲ့တယ်
မဖြစ်ခဲ့ဘူး.. ဒါပေမယ့် ခြစ်ခဲ့တယ်
ဆင်းရဲမွဲတေခြင်းကို
တစ်ဘ၀စာ မလိုချင်ဘဲ ကန်ထရိုက်ဆွဲခဲ့တဲ့
လူပေါင်း သန်းငါးဆယ်ရဲ့ ဘ၀တွေလေ
မိုးတွေကတော့
တစ်ခါဆို တစ်ခါမှ
အားနာပါးနာ မရွာခဲ့ဘူး မဟုတ်လား။ ။

ညီမင်းနိုင်

Read More...

Aug 28, 2007

ဝဋ်

ကမ္ဘာမီးလောင်တယ် အကြောင်းပြ ပြပြီး
ချ ချနင်းနေတဲ့ ဖိနပ်တွေကို ချွတ်ပစ်
ဒါ ပြည်သူ့မျက်ရည်စစ်စစ်ဖြစ်တယ်
ခင်ဗျားတို့လို
အာဏာမရောဘူး။

ကုန်ဈေးနှုန်းလေးတက်တာများကွာ ဆိုပြီး
မဆိုင်သလို လေပေးနဲ့ပြောတတ်တဲ့ ပါးစပ်တွေကို ဆေးပစ်
ဒါ ပြည်သူ့မျက်ရည်စစ်စစ်ဖြစ်တယ်
ခင်ဗျားတို့လို
အသပြာမရောဘူး။

တစ်ဘ၀စာ အခန့်သားနေရရုံနဲ့ ငါ မထိ ငါ မသိ ကျင့်သူတွေ
စုံမှိတ်ထားတတ်တဲ့ မျက်လုံးတွေကို ဖွင့်ကြည့်
ဒါ ပြည်သူ့မျက်ရည်စစ်ဖြစ်တယ်
ခင်ဗျားတို့လို
ပါဝါမရောဘူး။

အဲဒီဖိနပ်တွေ ခဏခဏ စီး
အဲဒီပါးစပ်ကြီးတွေနဲ့ ပြော
အဲဒီဒေါသမျက်လုံးတွေနဲ့ ကြည့်
ခင်ဗျားတို့ မသိလိုက်တာက
ဝဋ်ဆိုတာလည်တတ်တယ်ဆိုတာကိုပဲ။ ။

ညီမင်းနိုင်

Read More...

ကဗျာဆရာအမည် စာရင်းဝင်သွားခြင်း

သေရဲနေရဲတယ်ဆိုတာ
ကိုယ့်မြန်မာအချင်းချင်း ဖိနှိပ်ရတာဆိုရင်

လုပ်ရဲကိုင်ရဲတယ်ဆိုတာ
ကိုယ့်မြန်မာအချင်းချင်း ခေါင်းပုံဖြတ်ရတာဆိုရင်

တွေးရဲခေါ်ရဲတယ်ဆိုတာ
ကိုယ့်မြန်မာအချင်းချင်း ဖြစ်ချင်တာဖြစ်ပစေ သဘောထားရတာဆိုရင်

ပြောရဲဆိုရဲတယ်ဆိုတာ
ကိုယ့်မြန်မာအချင်းချင်း ဆဲဆိုငြင်းခုန်ရတာဆိုရင်

တိုက်ရဲခိုက်ရဲတယ်ဆိုတာ
ကိုယ့်မြန်မာအချင်းချင်း ရိုက်ရနှက်ရတာဆိုရင်

ခင်ဗျားတို့ နာမည်စာရင်းအရှည်ကြီးထဲက
“ချေမှုန်း” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ
ကဗျာဆရာ လို့ ခပ်ရဲရဲထည့်လိုက်ပါ။

ညီမင်းနိုင်

(မှတ်ချက်။ ။ “ဦးမင်းလူ နှုတ်ထွက်သွားခြင်း” ဆိုတဲ့ ဆရာမင်းလူရဲ့ ကဗျာတစ်ပုဒ်ကို သတိရမိပြီး ခုရက်ပိုင်း ခံစားနေရတဲ့ ခံစားချက်တွေကို ကဗျာအဖြစ် အသွင်ပြောင်းကြည့်တာပါ)

Read More...

Aug 16, 2007

နံပါတ်တွေနဲ့ ရေးတဲ့ကဗျာ

အနာဂတ်ကို စိတ်ထဲမှာမှတ်
လက် ရှစ်ချောင်းထောင်
မရေရာမှုတွေကြောင့်
နေ့ရောညပါ မှောင်သလား။

တစ် .. ကုန်ဈေးနှုန်း တက်တယ်
ငါး .. ကိုယ်ရည်ကိုယ်သွေး ကျတယ်
သုည .. စိတ်ဓာတ် ကျတယ်
ရှစ် .. ကားခ တက်တယ်
နှစ် .. ငွေစက္ကူတန်ဖိုး ကျတယ်
သုည .. လောင်စာဆီ တက်တယ်
သုည .. ယုံကြည်မှု ကျတယ်
ခုနစ် .. ဆင်းရဲမွဲတေမှု တက်တယ်

တစ် ငါး
သုည ရှစ်
နှစ် သုည သုည ခုနစ်
နစ်သထက် နစ်
အစ်သထက် အစ်
ကြယ်တွေလခြမ်းတွေ အစား
ရှစ် ဆိုတဲ့ နံပါတ်သာ ပုခုံးမှာ ထမ်းထားတော့… ။ ။

ခေလွန်း

Read More...