Feb 10, 2007

ကျွန်တော်ကြိုက်သော ပန်းချီကားများ (၂)

ကျွန်တော် အရမ်းကြိုက်တဲ့ နောက်ထပ်ပန်းချီကားတစ်ခုကတော့ နော်ဝေပန်းချီဆရာ မွန့်ခ်ျ (Edvard Munch) ရဲ့ ငိုညည်းသံ (The Scream) ဆိုတဲ့ ပန်းချီကားပါ။ အဲဒီ ပန်းချီကားကို ၁၈၉၃ မှာ ရေးဆွဲခဲ့တာပါ။



The Scream by Edvard Munch


ဒီပန်းချီကားကို ရုတ်တရက်ကြည့်လိုက်မယ်ဆိုရင် လူတစ်ယောက် ကြောက်လန့်တကြား အော်နေသလိုမျိုး မြင်ရမှာပါ။ ပန်းချီကားနာမည်ကလည်း The Scream လို့ ပြောထားတာကိုး။ အမှန်က ပန်းချီဆရာပြောချင်တဲ့ The Scream ဟာ လူတစ်ယောက် အော်နေတဲ့ ငိုညည်းသံ မဟုတ်ပါဘူး။ သဘာဝတရားရဲ့ ငိုညည်းသံ ဖြစ်ပါတယ်။ အသေအချာကြည့်မယ်ဆိုရင် သဘာဝတရားရဲ့ ငိုညည်းသံကြောင့် ကြောက်အားလန့်အားနဲ့ နားပိတ်ထားရတဲ့ လူတစ်ယောက်ကို တွေ့ရမှာပါ။

ဒီပန်းချီကားနဲ့ ပတ်သက်ပြီး ပန်းချီဆရာက ဒီလိုရေးထားပါတယ်..

"I was walking along a path with two friends—the sun was setting—suddenly the sky turned blood red—I paused, feeling exhausted, and leaned on the fence—there was blood and tongues of fire above the blue-black fjord and the city—my friends walked on, and I stood there trembling with anxiety—and I sensed an infinite scream passing through nature."

၁၈၈၃ သြဂုတ်လမှာ အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ Krakotoa မီးတောင် ပေါက်ကွဲမှုရဲ့ သက်ရောက်မှုဟာ အဲဒီကာလက ဥရောပအထိရိုက်ခတ်ခဲ့တာကြောင့် ၁၈၈၃-၈၄ ၀န်းကျင်မှာ ဥရောပမှာရှိတဲ့နိုင်ငံတွေရဲ့ နေ၀င်ချိန်တွေမှာ ဆိုရင် မွန့်ခ်ျပန်းချီကားထဲက ကောင်းကင်အတိုင်း ဖြစ်နေခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီ ပန်းချီကားကို ဆွဲတဲ့အချိန်မှာ မွန့်ခ်ျဟာ အဲဒီကောင်းကင်မျိုးကို ရေးချလိုက်တယ်လို့ ယူဆလို့ရနိုင်ပါတယ်။

ဒီပန်းချီကားမှာ နားနှစ်ဘက်ပိတ်ထားတဲ့လူတစ်ယောက်ရယ် (မွန့်ခ်ျရဲ့ဖော်ပြချက်အရ အဲဒီလူဟာ သူကိုယ်တိုင်ဖြစ်နိုင်ပါတယ်)၊ ပြီးတော့ သူနဲ့ မလှမ်းမကမ်းက လူနှစ်ယောက်ရယ်၊ နော်ဝေနိုင်ငံအရှေ့တောင်အရပ်က Oslofjord ဆိုတဲ့ နောက်ခံဒေသရယ်၊ နောက်ပြီး .. ထူးခြားလှတဲ့ အနီရောင်စုတ်ချက်တွေနဲ့ ဖွဲ့စည်းထားတဲ့ နေ၀င်ချိန်ကောင်းကင်ရယ်ကို တွေ့ရမှာပါ။

ခင်ဗျားတို့လည်း မွန့်ခ်ျရဲ့ ပန်းချီကားကနေတဆင့် သဘာဝတရားရဲ့ ငိုညည်းသံကို ခံစားကြည့်လိုက်ပါဦး ..

No comments: