(၁)
ပန်းပွင့်ရှိမှ၊ ရနံ့ရတာ
မဟုတ်ပါဘူး၊ ဖူးသည့်ဝတ်ငုံ
ထုံသည့်တစ်ပွင့်၊ နမ်းခွင့်တစ်ရှိုက်
ရသည့်ခိုက်မှ၊ ထာဝရတည်
ကာလရှည်လျား၊ နှလုံးသားမှာ
စွဲမြဲစွာဖြစ်၊ ထုံနံ့ယစ်ဝေ
ပျံ့ဆွတ်စေ၏၊ ချစ်သူသိလေ...။
(၂)
မျက်နှာတွေ့မှ၊ မြင်ခွင့်ရတာ
မဟုတ်ပါကွယ်၊ ဘယ်ကိုသွားသွား
ဘယ်နားရောက်ရောက်၊ ဘယ်လောက်ဝေးဝေး
အတွေးမှာရှိ၊ အကြည့်မှာမြင်
သူပဲထင်တယ်၊ ကောင်းကင်လိုပဲ
မော့ကြည့်ဆဲမှာ၊ တွေ့နိုင်ပါ၏
ချစ်သူသိလေ...။
(၃)
အသံကြားမှ၊ နားမှာဆတ်ဆတ်
ကြားလာတတ်တာ၊ မဟုတ်ပါလေ
စမ်းရေသံကြား၊ သူ့စကားရှိ
ငှက်၏တေးမှာ၊ သူ့သံသာတွေ
နှုတ်ခြွေစကား၊ နားမှာတီးတိုး
ဟိုး .. အရင်လို၊ ရွှင်ချိုကြည်မြ
ကြားနေရ၏၊ ချစ်သူသိလေ...။
(၄)
ချစ်သူသိလေ...
သတိရလျှင်၊ ဒေသအကွာ
နေရတာကွဲ၊ ဘယ်လိုခွဲခွာ
ဘယ်လောက်ကွာမလဲ
ဘယ်မှာဖြစ်ဖြစ်၊ တွယ်တာရစ်ငင်
ထာဝရထင်သော၊ ရင်ထဲအရိပ်
စွဲလမ်းစိတ်ဖြင့်
အိပ်မက်တိုင်းမှာ ရှိနေသူ...။ ။
မောင်စိန်ဝင်း(ပုတီးကုန်း)
Feb 6, 2007
ချစ်သူသိလေ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment