ဒီကဗျာကို ၁၉၉၉ မှာ ကျွန်တော် စင်္ကာပူကို ပထမဆုံး ကျောင်းတက်ဖို့ မလာခင်ကာလမှာ ရေးဖြစ်ခဲ့တာပါ။ ရေးဖြစ်တဲ့အထဲက ကျွန်တော့် အကြိုက်ဆုံးကဗျာတစ်ပုဒ်လို့ ဆိုနိုင်ပါတယ်။ ကျွန်တော် ဒီကဗျာကို ရေးတော့ စိတ်ကူးထဲက ချစ်သူနဲ့များ ခွဲခွာရတဲ့အခါ ဘယ်လိုနေမလဲ ဆိုတဲ့ ခံစားချက်ကို ဖန်တီးယူပြီး ရေးဖြစ်ခဲ့တာပါ။ ပြီးခဲ့တဲ့ ၂၀၀၆ ဒီဇင်ဘာ ၂၆ ရက်နေ့မှာ ရန်ကုန်ကို ခဏအလည်သွားရာကနေ ပြန်လာတော့ အဲဒီခံစားချက်ဟာ ဘယ်လောက် ပြင်းထန်သလဲ ဆိုတာကို အသေအချာ သိလိုက်ရတယ်။ အဲဒီနေ့က ကျွန်တော်တို့ နှစ်ယောက်လုံး အရင်လို စကားတွေ အများကြီး မပြောဖြစ်ကြဘူး။ ခွဲရတော့မယ်ဆိုတဲ့ အသိက အသံမဲ့ ပေါက်ကွဲနေတယ်။ လင်းကျော်ထင် (သိုးထိန်း) ရဲ့ ကဗျာတစ်ပုဒ်ထဲကလို “အပျော်တစ်ခြမ်း ၀မ်းနည်းခြင်းတစ်ဝက်နဲ့ နှုတ်မဆက်ခင် နောက်ဆုံးနေ့ရက်တွေ” ပေါ့။ တကယ်ပါပဲ.. အဲဒီနေ့ညကရော .. စင်္ကာပူကို ပြန်လာခဲ့ရတဲ့နေ့ကပါ အရာရာဟာ ဗလာ ဖြစ်နေခဲ့တယ်။
“လမ်းခွဲ”
ငါပျော်ဝင်ချင်တဲ့
စိုလဲ့လဲ့မျက်ဝန်းတစ်စုံ
မင်းလွမ်းနေမှာ ငါယုံတယ်..
ငါ “မှန်” ကြည့်တိုင်း
နှုတ်ဆက်ဖို့ သွေးပျက်နေတဲ့သူတစ်ယောက်
ပြိုလိုက်ဆောက်လိုက်နဲ့
ဖရိုဖရဲဖြစ်နေပုံများ
မြင်ရတာခါးတယ်..
တစ်ခါတစ်ခါစိတ်ပျက်
အိပ်မက်ကလည်း မကောင်း
ချောင်းကလည်း ဆိုး
ဘလက်ဟိုးထဲမှာ ငါ
“လွှတ်ကြ ဖယ်ကြ ချစ်သူဆီ သွားပါရစေ”
သေချာပါတယ်
အဲဒီနေ့မှာပဲ
ငါတို့ ခွဲရမှာလေ..
“သံယောဇဉ်” ဆိုတဲ့ ကြိုးတွေ
ငါ့ရင်မှာ မိုးစွေရော့မယ်
ကွယ်..
မှိုင်းညို့ညို့ပန်းချီးကားတစ်ချပ်လိုမျိုး
အသံတွေ တိုးတိုးလေးနဲ့ ကျယ်လောင်
“ဖောင်ဖျက်သံ” တဲ့လား
တင်းထားတဲ့ စိတ်တွေ
ပါးပြင်ပေါ် အရည်ပျော်ကျ
နှုတ်..ဆက်..ရ..တော့..မယ်..
“ရှင်ကွဲ” တဲ့လေ
စကားနှစ်လုံးနဲ့ပဲ
မိုးစဲခဲ့ရပေါ့
နှုတ်ခမ်းတွေ ဖျော့တော့သွေ့ခြောက်
ငါတစ်ယောက်ထဲ
ငါတစ်ယောက်ထဲ
ငါတစ်ယောက်ထဲ
အလဲလဲအပြိုပြို
အသိုသိုအ၀ှက်ဝှက်
မချစ်တတ်ရင် ကောင်းမယ်..
ရှိပါစေကွယ်
ငါ့ရင်ထဲ တစုံတရာပဲဖြစ်ဖြစ်
စူးဝင် နစ်မြုပ်ခဲ့ရင်..
ရှိပါစေကွယ်
ငါ့ထံက တစုံတရာပဲဖြစ်ဖြစ်
စွဲကျန် နေရစ်ခဲ့ရင်..
ကွယ်..
ဒီလိုပါပဲ
လမ်းခွဲဆိုတာ
မြူတွေပြာပြီး
အားလုံးက ဗလာချည်းပဲ မဟုတ်လား... ။ ။
ခေလွန်း
ဧပြီ ၅၊ ၁၉၉၉
မနက် ၂း၃၀
2 comments:
ဒီကဗျာကို ပြန်ဖတ်ရတော့ လွန်ခဲ့တဲ့ ၇နှစ်လောက်ကိုပြန်ရောက်သွားသလိုပဲ။ မင်းကဗျာတွေထဲက ငါ့အကြိုက်ဆုံးကဗျာတစ်ပုဒ်ပါပဲ။
အေးကွာ.. အချိန်တွေကလည်း ဘယ်လိုကုန်သွားလိုက်မှန်းကို မသိလိုက်ဘူး.. ဘာလိုလိုနဲ့ ခုနှစ်နှစ်ရှိပြီနော်..
Post a Comment