Showing posts with label News. Show all posts
Showing posts with label News. Show all posts

Nov 10, 2008

ဘလော့ဂါ နေဘုန်းလတ်အား အမိန့်ချလိုက်ပြီ

အခုလောက် များလိမ့်မယ် ထင်မထားဘူး။ အနှစ် ၂၀ နဲ့ ၆ လ တဲ့။ ခင်ဗျားတို့ သားသမီးတွေ အဲလိုများ ထောင်ချခံရလို့ရှိရင် ဘယ်လိုများ နေမလဲလို့ စစ်ခေါင်းဆောင်တွေကို မေးချင်တယ်။ မိုးကောင်းတုန်း ရွာထားလို့ မပြောတော့ဘူး။ မုန်တိုင်းအောက်က လွတ်မြောက်ခွင့်ရမယ့် နေ့ရက်တွေကိုပဲ အရောက်သွားကြဖို့ လိုတော့တယ်။

Read More...

Sep 3, 2008

သံလွင်အိပ်မက်မဂ္ဂဇင်း အတွဲ (၂) အမှတ် (၃) အတွက် စာမူများပေးပို့နိုင်

သုံးလ တစ်ကြိမ် ထုတ်ဝေနေကျ သံလွင်အိပ်မက်မဂ္ဂဇင်းအား လာမည့် အောက်တိုဘာလတွင် ဆက်လက် ထုတ်ဝေသွားမည် ဖြစ်သည့်အတွက် ကဗျာ၊ ၀တ္ထု၊ ဆောင်းပါး၊ အက်ဆေး၊ ကာတွန်း စသဖြင့် စာမူ ပေးပို့လိုသူများသည် စက်တင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး thanlwinainmat@gmail.com သို့ ပေးပို့နိုင်ကြပြီ ဖြစ်သည်။ ဓာတ်ပုံကဏ္ဍအတွက်လည်း မိမိစိတ်ကြိုက် ရိုက်ကူးထားသော ဓာတ်ပုံကို ရှင်းလင်းဖော်ပြချက်နှင့် တကွ ပေးပို့နိုင်သည်။

သံလွင်အိပ်မက်သည် လူငယ်များအား ကိုယ်စားပြုသည့် အင်တာနက်မဂ္ဂဇင်းတစ်စောင် ဖြစ်သည်နှင့်အညီ သံလွင်အိပ်မက် မဂ္ဂဇင်းတွင် ရေးသားလျက်ရှိသော ပင်တိုင် ကလောင်ရှင်များသာမက ကလောင်သစ်များကိုပါ ရေးသားပေးပို့ရန် ဖိတ်ခေါ်အပ်ပါသည်။

သံလွင်အိပ်မက်၏ မူအရ အခြားသော အင်တာနက်စာစောင်၊ မဂ္ဂဇင်းများ၊ ဘလော့များတွင် ဖော်ပြပြီး ဖြစ်သော စာမူများအား လက်မခံပါ။ ပြည်တွင်းရှိ ဂျာနယ်၊ စာစောင်၊ မဂ္ဂဇင်းများတွင် ဖော်ပြပြီးသော စာမူဖြစ်ပါက မည်သည့်လထုတ် မည်သည့် စာစောင်တွင် ပါဝင်ခဲ့သော စာမူဖြစ်သည်ကို ဖော်ပြရန် လိုပါသည်။ ထို့ပြင် စာရေးသူသည် ဘလော့ဂါတစ်ဦး ဖြစ်ပါက မိမိ၏ ဘလော့တွင် ဖော်ပြပြီး ဖြစ်သော ဘလော့ဂ်ပို့စ်များကို ပေးပို့ခြင်း မပြုပါရန်၊ သံလွင်အိပ်မက်သို့ ပေးပို့ထားသော စာမူများကို သံလွင်အိပ်မက် မထွက်မီ မိမိ၏ ဘလော့တွင် ဖော်ပြခြင်း မပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။ သံလွင်အိပ်မက် မဂ္ဂဇင်း ထွက်ရှိပြီးပါက ထိုမဂ္ဂဇင်းပါ မိမိ၏ စာမူကို မိမိပိုင် ဘလော့တွင် ပြန်လည်ဖော်ပြနိုင်ပါသည်။

စာမူများကို ဇော်ဂျီသို့မဟုတ် ၀င်းစာလုံးဖြင့် ပေးပို့နိုင်ပြီး ဇော်ဂျီစာလုံး ဖြစ်လျှင် ပိုမိုကောင်းမွန်ပါသည်။ ကွန်ပျူတာဖြင့် မြန်မာစာလုံးများ ရိုက်ရန် အခက်အခဲရှိသူ၊ အဆိုပါ မြန်မာစာလုံးများ မရှိသူများအနေဖြင့် Scan လုပ်ထားသည့် စာမူများကိုလည်း ပေးပို့နိုင်ပါသည်။

ပြည်တွင်းပြည်ပရှိ မြန်မာလူငယ်လူရွယ်များ အတွက် အသိပညာ၊ အတတ်ပညာ၊ ရသ နှင့် ဗဟုသုတပေးစွမ်းနိုင်မည့် စာမူများအား သံလွင်အိပ်မက် အယ်ဒီတာအဖွဲ့မှ ဦးစားပေး ရွေးချယ်သွားမည် ဖြစ်သည်။

သံလွင်အိပ်မက် မဂ္ဂဇင်း အတွဲ (၂) အမှတ် (၃) အတွက် အစည်းအဝေးကို တနင်္ဂနွေနေ့ညက ကျင်းပခဲ့ပြီး မတရားဖမ်းဆီး အကျဉ်းချခြင်း ခံနေရသည့် အယ်ဒီတာဖြစ်သူ ကိုနေဘုန်းလတ်မှ အပ သံလွင်အဖွဲ့သားများ စုံလင်စွာ တက်ရောက်ကြသည်။

(သံလွင်သတင်း)


Read More...

Jul 3, 2008

သံလွင်ဒေါ့ကွန်း၊ သံလွင်အိပ်မက်နဲ့ ကျွန်တော်

ဒီရက်ပိုင်း ကျွန်တော် အလုပ်များနေလို့ ဘလော့ဂ်ဘက်ကို သိပ်မလှည့်ဖြစ်တဲ့ အတွက် ဘလော့ဂ်ကို လာတဲ့သူတွေ အတွက် အသစ်ဖတ်စရာ ရှားပါးနေရတာကို အားနာမိပါတယ်။ လတ်တလော ကျွန်တော် ပရောဂျတ် သုံးခု တပြိုင်တည်း လုပ်နေပါတယ်။ သံလွင်ဒေါ့ကွန်း၊ သံလွင်အိပ်မက်နဲ့ နောက်တစ်ခုပါ (ဒါကတော့ သိပ်ပီပီပြင်ပြင်မလုပ်ရသေးတဲ့အတွက် ထုတ်မပြောသေးပါဘူး။ သြဂုတ် သို့ စက်တင်ဘာလောက်တော့ ပြီးမယ် မှန်းပါတယ်)။ ဟိုးအရင်က သံလွင်ဒေါ့ကွန်းကို SG based Web Portal အနေနဲ့ အရင် စလုပ်ခဲ့ပြီး သံလွင်အိပ်မက်ကို သံလွင်ဒေါ့ကွန်းရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ပြုလုပ်ခဲ့ရာက နောက်ပိုင်းမှာ သံလွင်အိပ်မက်ကိုပဲ အားစိုက်လုပ်ဖြစ်ခဲ့ပါတယ်။ အဲဒီမှာ သံလွင်ဒေါ့ကွန်း မှေးမှိန်သွားပြီး ခဏတာ ပိတ်ထားခဲ့ပါတယ်။ အခုတော့ သံလွင်ဒေါ့ကွန်းကို သွားတာနဲ့ သံလွင်အိပ်မက်ကို ရောက်သွားမှာပါ။ မကြာခင်ကာလမှာတော့ သံလွင်ဒေါ့ကွန်း ပြန်လာပါမယ်။ သံလွင်ဒေါ့ကွန်းကို မကြာခင်ထွက်မယ့် သံလွင်အိပ်မက် အတွဲ ၂ အမှတ် ၂ နဲ့အတူ သို့မဟုတ် အနည်းငယ်စောပြီး release လုပ်ပါမယ်။

သံလွင်ဒေါ့ကွန်းမှာ ဘာတွေပါလာမလဲဆိုရင် ပုံမှန် web portal တွေမှာ ပါနေကျအတိုင်း ဖိုရမ်ပါမယ်။ သံလွင်စကားဝိုင်းကို သံလွင်အိပ်မက်ဘလော့ကနေ ဖိုရမ်ကို ရွေ့ပါမယ်။ ဧည့်စာအုပ် (Guestbook) ပါမယ်။ သတင်းတွေ ပါမယ်။ အဆင်သင့်ရင် သင့်သလို သတင်းတွေကို update လုပ်သွားမှာပါ။ ပြီးတော့ News Feed ပါမယ်။ အဲဒါက မြန်မာပြည်နဲ့ ပတ်သက်တဲ့ သတင်းတွေကို RSS Feed ပေးတဲ့ နေရာတွေကနေ အလိုလို လှမ်းဆွဲပြီး ပြမှာပါ။ သဘောက Google News သွားလိုက် Yahoo News သွားလိုက် လုပ်ပြီး Myanmar, Burma စတဲ့ Keyword တွေနဲ့ တကူးတက သွားဖတ်စရာ မလိုတော့ပါဘူး။ အဲလိုသတင်းတွေကို ဖတ်လို့ ရအောင် http://news.thanlwin.com ဆိုပြီး sub-domain တစ်ခု ဖန်တီးပေးသွားမှာပါ။ ဒီ News Feed မှာ ပါမယ့် နောက်တစ်ခုက Myanmar Blog Feed ပါ။ ကျွန်တော်တို့ကို စာရင်းပေးထားမယ့် မြန်မာဘလော့ရဲ့ ပို့စ်တွေကို ပို့စ်အသစ်တင်တာနဲ့ သူ့အလိုလို ဖော်ပြပေးပါမယ်။ စိတ်ပါဝင်စားသူ ဘလော့ဂါများ ဒီပို့စ်ရဲ့ ကွန်မန့်မှာ ဘလော့လိပ်စာ ထားခဲ့ပေးပါ။ လောလောဆယ်တော့ သတင်းတွေနဲ့ ဘလော့တွေကို ရောထားပါတယ်။ နောက်ပိုင်းမှာတော့ ဘလော့တွေ သိပ်များလာရင် သက်သက်စီခွဲထားဖို့ စဉ်းစားထားပါတယ်။ subdomain ကိုလည်း http://blogs.thanlwin.com ဆိုပြီး လုပ်မယ်လို့ တွေးထားပါတယ်။ နောက်တစ်ခုက Today in History ဆိုတဲ့ စိတ်ဝင်စား စရာ ကဏ္ဍပါ။ ဒီနေ့ဟာ သမိုင်းက ဘယ်လိုနေ့စွဲမျိုးလဲ ဆိုတာ ကြည့်လို့ရပါတယ်။ ကမ္ဘာပေါ်က အထင်ကရနေ့စွဲတွေနဲ့အတူ မြန်မာပြည်နဲ့ သက်ဆိုင်တဲ့ အထင်ကရ နေ့စွဲတွေကို တဖြည်းဖြည်းချင်း update လုပ်သွားပါမယ်။ ဥပမာ - ၇ ဇူလိုင်၊ ၁၉ ဇူလိုင်၊ ဖေဖော်ဝါရီ ၁၂၊ သြဂုတ် ၈ စသဖြင့်ပေါ့။ နောက်ကဏ္ဍတစ်ခုက Web Links ပါ။ ဒါကတော့ စိတ်ဝင်စားဖို့ကောင်းတဲ့ web site တွေ၊ ပညာရေး၊ ဘာသာရေး၊ ဂီတ၊ သတင်း စသဖြင့် အသုံးဝင်နိုင်မယ့် web site တွေကို Web Directory တစ်ခု ဖန်တီးထားမှာပါ။ နောက်ဆုံး ကဏ္ဍကတော့ မြန်မာတွေအတွက် Yellow Pages ပါ။ ဒေါ်သန်းသန်းနုဆိုင် ဖုန်းနံပါတ်ပေးပါဦး။ စင်းမြန်မာ လိပ်စာသိလား။ မော်လမြိုင်ကို ငွေလွှဲနှုန်းမေးမလို့ ဖုန်းနံပါတ်ရှိလား စတဲ့ မေးခွန်းတွေအတွက် ပြည်ပရောက် မြန်မာတွေရဲ့ စီးပွားရေး လုပ်ငန်းတွေကို Yellow Pages မှာ ဖော်ပြပေးပါမယ်။ လောလောဆယ်တော့ စင်္ကာပူကို အဓိကထားပြီး နောက်ပိုင်း တဖြည်းဖြည်း တိုးချဲ့သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။

သံလွင် အတွဲ ၂ အမှတ် ၂ ကိုတော့ ဂျူလိုင်လထဲမှာ ထုတ်ဝေနိုင်ဖို့ ကျွန်တော်တို့တွေ ကြိုးစားနေကြပါတယ်။ စာမူပေးပို့သူများ အားလုံးကို ကျေးဇူးတင်ပါတယ်။ ထပ်မံပြီး စာမူပေးပို့လိုသူတွေ အနေနဲ့ ဇူလိုင် ၇ ရက်နေ့ နောက်ဆုံးထားပြီး thanlwinainmat@gmail.com ကို ပေးပို့နိုင်ပါတယ်။ သံလွင်ကို အသွင်ပြောင်းတဲ့အနေနဲ့ အတွဲ ၂ အမှတ် ၁ ဆိုပြီး ကျွန်တော်တို့ လုပ်ခဲ့တာကို မှတ်မိကြမှာပါ။ အခု သံလွင် အတွဲ ၂ အမှတ် ၂ .. (ကျွန်တော်တို့ ခေါ်ကြတဲ့ Code name ကတော့ သံလွင် 2.2 ) ကိုတော့ သံလွင်ဒေါ့ကွန်းမှာ တပါတည်း ထည့်သွင်းမှာပါ။ ဘလော့တွေမှာလိုပဲ စာဖတ်သူတွေရဲ့ အမြင်တွေကို ဖော်ပြနိုင်မယ့် ကွန်မန့်တွေပါလာမယ့်အပြင် အယ်ဒီတာတွေရဲ့ ကွန်မန့်တွေ သီးခြားပါလာမယ်။ Vote/Rating ပေးလို့ ရမယ်။ Favourite အနေနဲ့ ပေးလို့ရမယ်။ ဖတ်ပြီး ကြိုက်နှစ်သက်ရင် Del.icio.us မှာ သိမ်းလို့ ရမယ်။ ဒါမှ မဟုတ် သူငယ်ချင်းမိတ်ဆွေတွေဆီကို အီးမေးလ်ပို့ပြီး ဝေငှနိုင်မယ်။ Printer Friendly Version နဲ့ Print ထုတ်ပြီး သိမ်းထားလို့ရမယ်။ အဲလိုမဟုတ်ဘဲ soft copy နဲ့ လိုချင်ရင် Pdf version ထုတ်လို့ ရမယ်။ Rate အများဆုံး၊ လူအဖတ်အများဆုံး၊ ကွန်မန့်အများဆုံး စတဲ့ statistics တွေကိုလည်းကြည့်နိုင်မယ်။ ဒီတော့ လာမယ့် သံလွင် အတွဲ ၂ အမှတ် ၂ ဟာ ကျွန်တော်တို့ သံလွင်အိပ်မက် အဖွဲ့အတွက် တကယ့်ကို breakthrough ပါ။ အတတ်နိုင်ဆုံး ကြိုးစားထားပါတယ်။ မကြာခင်တော့ စာဖတ်သူတွေ ရှေ့မှောက်ကို အရောက်ပို့ပေးနိုင်မှာပါ။

ည ၂ နာရီ ၃ နာရီအထိ မအိပ်ဖြစ်ဘဲ ဒီပရောဂျတ်တွေထဲ နစ်နေလို့ အိပ်ရေးပျက်တဲ့ ရက်တွေ များနေပါပြီ။ ဒါပေမယ့် သံလွင်ဒေါ့ကွန်းရဲ့ အောင်မြင်မှု၊ သံလွင်အိပ်မက်ရဲ့ အောင်မြင်မှုကို မဝေးတော့တဲ့ အချိန်မှာ တွေ့ရတော့မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ... ။

Read More...

Dec 29, 2007

သံလွင်အိပ်မက် ပြန်လာပြီ

သံလွင်အိပ်မက်ကို စောင့်နေကြတဲ့ ပရိသတ်ကိုလည်း အတော်လေး အားနာမိပါတယ်။ သံလွင်အိပ်မက် အမှတ်(၁၂) ကို ပုံမှန်ထွက်ရမယ့် အောက်တိုဘာမှာ မထုတ်ဖြစ်ဘူး။ အဲဒီကာလက အားလုံးသိကြတဲ့အတိုင်း စက်တင်ဘာရဲ့ ရွှေဝါရောင် တော်လှန်ရေးလှိုင်းအရှိန်နဲ့ ကျွန်တော်တို့ အားလုံးရဲ့စိတ်တွေ ညိုညစ်ညစ်သန်းနေခဲ့တယ်။ ပြီးတော့ သံလွင်ဝက်ဆိုက်ဒ်ကို တင်ထားတဲ့ ဆာဗာကလည်း အချိန်ကိုက်ဒေါင်းသွားခဲ့တယ်။ နောက်ပြီး ဆာဗာအသစ်ကို domain transfer လုပ်ဖို့ အခက်အခဲတချို့ ရှိခဲ့တဲ့အတွက် မမျှော်လင့်ဘဲ သံလွင်ဝက်ဆိုက်ဒ်တစ်ခုလုံးကို လုံးဝပိတ်ထားလိုက်ရတယ်။ အခုတော့ သံလွင်အိပ်မက် အမှတ် (၁)ကနေ (၁၁) အထိကို ဆာဗာအသစ်မှာ တင်ထားလိုက်ပြီးပါပြီ။ www.thanlwin.com ကနေ တိုက်ရိုက် ဖတ်ရှုနိုင်ပါတယ်။ အမှတ် (၁၂)ကို ဇန်န၀ါရီလကုန်ပိုင်း (သို့) ဖေဖော်ဝါရီလဆန်းပိုင်းမှာ ထွက်နိုင်အောင် ကြိုးစားနေပါတယ်။ ခုဆိုရင် သံလွင်အယ်ဒီတာအဖွဲ့ထဲကို ဇင်ကိုလတ်(ခ) စည်သူ(သံလွင်)၊ နေဘုန်းလတ် (ခ) နေမျိုး(သံလွင်)နဲ့ ကျွန်တော် ညီညီ(သံလွင်) တို့ အပြင် မောင်ပွတ်လည်း ပါဝင်လာပြီဖြစ်လို့ လူအင်အားများလာသလို ကျွန်တော်တို့ရဲ့ မိတ်ဆွေသူငယ်ချင်း ဘလော့ဂ်ဂါတွေသာမက အခြားသော စာပေ၀ါသနာပါသူ တွေကိုလည်း ၀ိုင်းဝန်းကူညီတဲ့ အနေနဲ့ စာမူတွေ ပေးပို့ကြဖို့ ဖိတ်ခေါ်ပါတယ်။ စာမူတွေကို အရင်က ၀င်းဖွန့်နဲ့သာ ပေးပို့နိုင်ကြပေမယ့် အခုတော့ ဘလော့ဂ်ရေးသူ၊ ဖတ်သူတွေ များလာတာနဲ့အမျှ မြန်မာဘလော့ဂ်တွေ အားလုံးလိုလိုမှာ သုံးနေကြတဲ့ ဇော်ဂျီဖွန့်နဲ့လည်း ပေးပို့နိုင်ကြောင်း သတင်းကောင်း ပါးလိုက်ပါတယ်။ စာမူတွေကို ပေးပို့ရမယ့် လိပ်စာကတော့ thanlwinainmat@gmail.com ပါ။

Read More...

Sep 21, 2007

မျိုးဆက်များ၏ ပေါင်းစပ်ခြင်း


အနာဂတ်မျိုးဆက် မြန်မာလူငယ်များ (Myanmar Future Generations [MFG]) လို့ အမည်ပေးထားပြီး ခေတ်လူငယ်တွေရဲ့ ရင်ဖွင့်သံ တေးဂီတတွေကို အစဉ်တစိုက် စုစည်း ဖန်တီးခဲ့တဲ့ မြန်မာလူငယ်တစ်စုဟာ “မျိုးဆက်များ၏ ပေါင်းစပ်ခြင်း” လို့ အမည်ရတဲ့ သီချင်းအသစ် တစ်ပုဒ်ကို စက်တင်ဘာ ၂၀ရက်နေ့မှာ ထပ်မံ ထုတ်ဝေလိုက်ပြန်ပါပြီ။

~~ငါတို့ လူငယ်လေးတွေပါ ~~ အတောက်ပဆုံးဖြစ်သင့်ချိန်မှာ မွန်းကျပ်လို့ နေရတယ်~~
~~ငါတို့ ၀န်းကျင်ဘ၀ထဲမှာ ~~ အတက်ကြွဆုံး ရှိသင့်ချိန်တွေမှာ လမ်းပိတ်လို့ နေရတယ်~~
~~ငါတို့ တိုင်းပြည်ရဲ့ ကံကြမ္မာ ~~ အငြိမ်းချမ်းဆုံး လွတ်လပ်မှုတွေကို ငတ်မွတ်လို့ နေရတယ်~~
~~ငါတို့ အားလုံးရဲ့ လက်ထဲမှာ ~~ အရှိသင့်ဆုံး ရပိုင်ခွင့်တွေကိုသာ ဆုံးရှုံးလို့ နေရတယ်~~

သီချင်းရယူရန် (6.42MB)
သီချင်းစာသား ရယူရန်

ပြည်တွင်းမှာရှိနေနေ ပြည်ပမှာရှိနေနေ တိုင်းပြည်ကို တကယ်ချစ်တဲ့ မြန်မာလူငယ်တွေကတော့ သူတို့ရဲ့ နိုင်ငံချစ်စိတ်ကို အပြောချည်းသက်သက်မဟုတ်ဘဲ ကျရာကဏ္ဍကနေ အလုပ်နဲ့ သက်သေပြနေကြတာကို ဂုဏ်ယူပါတယ်...။

Read More...

Jul 23, 2007

သံလွင်အိပ်မက် အမှတ်(၁၁) ထွက်ပြီ

ဖတ်ရှုရန် စောင့်မျှော်နေကြသော သံလွင်အိပ်မက်ရဲ့ ပရိသတ်များအတွက် သံလွင်အိပ်မက် အမှတ် (၁၁) ထွက်ပြီ ဖြစ်ကြောင်း သတင်းကောင်း ပါးလိုက်ပါတယ်။ ပါဝင်နေကျ ကဏ္ဍတွေဖြစ်တဲ့ စကားဝိုင်း၊ ၀တ္ထုတို၊ ဆောင်းပါး၊ အက်ဆေး၊ကဗျာ၊ အင်တာဗျူး၊ ဓာတ်ပုံ၊ သီချင်း၊ ဗေဒင် စသဖြင့် ဝေေ၀ဆာဆာ ဖတ်ရှုနိုင်ပါပြီ။ သတင်းကဏ္ဍနှင့် သံလွင်စာအုပ်စင်ကို မကြာမီ အချိန်ကာလအတွင်း ထပ်မံပြီး တင်ဆက်ပေးသွားပါမယ်။ အားပေးကြသူများ၊ ကူညီကြသူများ အားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါကြောင်း... ။

Read More...

Jul 21, 2007

သံလွင်အိပ်မက် (၁၁) မကြာမီမျှော်...

၂၀၀၇ ဇူလိုင် ၂၃ရက် တနင်္လာနေ့မှာ သံလွင်အိပ်မက် အမှတ်(၁၁) ထွက်ပါမယ်။
ဒါကတော့ ကျွန်တော် ဒီဇိုင်းလုပ်ထားတဲ့ ဘန်နာပါ။


ဒါကတော့ ကျွန်တော့်သူငယ်ချင်း ကိုဖြိုး ကူညီပြီး လုပ်ပေးထားတဲ့ မျက်နှာဖုံးပါ။


ဒါကတော့ အသစ်ထွက်မယ့် သံလွင်အိပ်မက်(၁၁)မှာ ပါမယ့် ကျွန်တော့်ရဲ့ “ငါးလေးရဲ့ ကဗျာ” ဆိုတဲ့ ကဗျာထဲက စာသားတချို့ပါ။

“ငါဟာ ငါးတစ်ကောင်ပါ
ဘောင်ခတ်ထားတဲ့ ကမ္ဘာထဲမှာ နေတယ်
မသေရုံတမည် ရေခပ်နည်းနည်းမှာ ကူးတယ်
၉ နာရီမှာ ရုံးတက်ပြီး ၆ နာရီမှာ ရုံးဆင်းတယ်
စိတ်ပါရင် ကဗျာရေးပြီး
စိတ်မပါတဲ့အခါ ဗလာတွေချည်း ချချရေးတယ်..”

သံလွင်အိပ်မက် အမှတ်(၁၁) မထွက်မချင်း ကျွန်တော် ပို့စ်အသစ်ထပ်မရေးတော့ပါဘူး။ ကျေးဇူးတင်ပါတယ်။

Read More...

Jun 28, 2007

လွတ်ကျခဲ့သောမြို့တော်မှ မြို့စားကြီးနေဘုန်းလတ်၏ မွေးနေ့ပွဲ

လွတ်ကျခဲ့သောမြို့တော်မှ မြို့စားကြီးနေဘုန်းလတ်၏ မွေးနေ့ပွဲကို ယနေ့ ဇွန်လ ၂၈ရက်နေ့က ဂျီတော့ခ်တွင် ကျင်းပခဲ့ရာ တက်ရောက်အားပေး ချီးမြှင့်ကြသူများကို မှောက်ကျခဲ့သော ကော်ဖီများ တစ်ခွက်စီ တိုက်ခဲ့ကြောင်း၊ ထို့အပြင် ဘလော့ဂ်ကို လည်ရောက်လည်ပတ်ကြသူများကို ကဗျာတစ်ပုဒ်ရွတ်ပြခဲ့ကြောင်း ခိုင်လုံသော သတင်းရပ်ကွက်မှ ရရှိသည်။ ဆက်လက် စုံစမ်းရာတွင် မြို့စားကြီးနေဘုန်းလတ်၏ သူငယ်ချင်း အန္တရာယ်ဇုံတွင် နေထိုင်သူ ခင်မင်တတ်သော ဇင်ကိုလတ်မှ လတ်ပုံတူခြင်း အကြောင်းစုံကို ရှင်းလင်းကာ Birthday Wish လုပ်ခဲ့ကြောင်း၊ ဘလော့ဂ်များအကြားတွင် အိုအေစစ်ပိုင်ရှင် (သူဋ္ဌေးအိုနာစစ်နှင့် အမျိုးတော် မတော်မသိပါ) မောင်ပွတ် (ခ) Mr. Pooh မှလည်း စားချင်စဖွယ်မွေးနေ့ကိတ်ကြီးဖြင့် မြို့စားကြီးအတွက် မွေးနေ့လက်ဆောင် ပို့စ်တစ်ခု ရေးကာ Birthday Wish လုပ်ခဲ့ကြောင်း ဘလော့တိုင်း ဂျာနယ် အတွက် ဖောင်ပိတ်သတင်း အနေဖြင့် ရရှိသည်ဟု သိရပါသည်။


censored on 29th Jan, 2008

ယခုပုံမှာ တိုက်ဂါးဖလားတွင် မြန်မာအသင်းဖက်မှ တခဲနက်ထောက်ခံအားပေးနေသော နေဘုန်းလတ်၏ ရှားပါး ပုံ တစ်ပုံဖြစ်ပြီး ဂျီတော့ခ်မှတဆင့် ဇင်ကိုလတ်ပေးပို့သည်။


မြို့စားကြီးနေဘုန်းလတ် အောင်မြင်မှုမှတ်တိုင်များကို ဒီထက်မက စိုက်ထူနိုင်ပါစေ။

Read More...

May 14, 2007

ဘလော့ဂ်စာအုပ်ထုတ်ဝေရန်အတွက် စင်္ကာပူရှိ မြန်မာဘလော့ဂ်ဂါများ အစည်းအဝေးပွဲကျင်းပ

ဘလော့ဂ်စာအုပ်ထုတ်ဝေနိုင်ဖို့အတွက် မေလ ၁၂ ရက် ၂၀၀၇ တွင် စင်္ကာပူ Esplanade Library ရှိ Cafe တွင် မြန်မာဘလော့ဂ်ဂါများမှ အစည်းအဝေးတစ်ခု ကျင်းပခဲ့ပါတယ်။ ထိုအစည်းအဝေးသို့ ကိုသန့်ဇင်အောင်၊ ကိုဖြိုးဝေကျော်၊ ကိုဇင်ကိုလတ်၊ ကိုဝေယံလင်း၊ ကိုဝေဖြိုးကျော်၊ မောင်သန့်ဇင်၊ ကိုညီညီ(သံလွင်)၊ ကိုနိုင်မိုးအောင်နှင့် မလင်းလက်ကြယ်စင်၊ မ၀တ်ရည်ထိုက် အစရှိတဲ့ မြန်မာဘလော့ဂ်ဂါများ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။ ဆုံးဖြတ်ချက်များအနက်မှ အချို့ကို ချမှတ်ရာတွင် မဲခွဲ ဆုံးဖြတ်ခဲ့ကြပါတယ်။

အစည်းအဝေးကနေ အောက်ဖော်ပြပါအချက်များကို အသေးစိတ် ဆွေးနွေးတိုင်ပင်ခဲ့ကြပါတယ်..
၁) တက်ရောက်သူများမှ မိမိနှစ်သက်ရာ ဘလော့ဂ်စာအုပ်နာမည် မဲပေးရွေးချယ်ခြင်း
၂) စာအုပ်တွင် ပါဝင်ရေးသားသော ဘလော့ဂ်ဂါများအနေနှင့် လက်ဆောင်စာအုပ် ရယူလိုပါက လိပ်စာကြိုတင်ပေးရန်နှင့် ရံပုံငွေထည့်ဝင်သူတိုင်းအား စာအုပ်လက်ဆောင်ပေးရန်
၃) အုပ်ရေ ၁၀၀၀ ထုတ်ဝေရန်
၎) စာအုပ်ဆိုဒ်အတွက် ရရှိလာမည့် ရံပုံငွေပမာဏ အနည်းအများပေါ်တွင် မူတည်ပြီး ဆုံးဖြတ်ရန်
၅) စင်္ကာပူရောက် မြန်မာဘလော့ဂ်ဂါများမှ စာအုပ်ရေ ၁၀၀ ကို ကုန်အောင် ရောင်းချပေးရန်
၆) စင်္ကာပူရှိလုပ်ငန်းရှင်များထံမှ ကြော်ငြာရနိုင်မည် မရနိုင်မည်ဆိုသည်မှာ စရိတ်အနည်းအများပေါ်တွင် မူတည်သည်ဖြစ်သောကြောင့် ကြော်ငြာအတွက် ကုန်ကျစရိတ်ကို ရန်ကုန်ဘက်မှ အရင်တွက်ချက်ပေးပါရန်
၇) ဘလော့ဂ်နေ့မတိုင်မီ စာအုပ်ထွက်ခြင်း မထွက်ခြင်းထက် အရည်အသွေးကို ဦးစားပေးဆောင်ရွက်ရန်
၈) ဖတ်ရှုရန်ကျန်နေသေးသော ဘလော့ဂ်များစာရင်းမှ ကူညီဖတ်ရှုမည့်သူများကို တာဝန်ခွဲဝေပေးအပ်ခြင်း
၉) စီစဉ်သူများ၏ အမှာ ထည့်သွင်းရန် အကြံပြုခြင်း
၁၀) အမှာစာ ရေးရန် သင့်တော်မည့်စာရေးဆရာများကို ရွေးချယ်တင်ပြခြင်း
၁၁) ပါဝင်မည့် ဘလော့ဂ်ပို့စ်များကို ကဏ္ဍများ ပိုင်းခြားသတ်မှတ်ခြင်း
၁၂) စာမူရွေးချယ်ရေးအဖွဲ့၏ စာမူရွေးချယ်ရေး ပေါ်လစီကို ချမှတ်ခြင်း
၁၃) စာအုပ်တွင် ပါဝင်ရေးသားသော ဘလော့ဂ်ဂါအသီးသီး၏ နေထိုင်ရာနိုင်ငံကို ထိုသက်ဆိုင်ရာပို့စ်အောက်တွင် ထည့်သွင်းဖော်ပြရန်
၁၄) စာအုပ်တွင် ပိုင်းခြားသတ်မှတ်ထားသော ကဏ္ဍများအတွက် သင့်လျော်သော illustration ပုံများဆွဲရန် အကူအညီပေးနိုင်မည့် ဘလော့ဂ်ဂါများကို အဆိုပြုခြင်း
၁၅) အခြားသူများ၏ စာမူများကို ကူးယူထားသော စာမူပို့စ်ကို မှားယွင်း မဖော်ပြမိအောင် သတိထားစေရန် လိုအပ်သည်ဟု တင်ပြခြင်း
၁၆) ဘလော့ဂ်စာအုပ်မကြာမီ ထုတ်ဝေမည့်အကြောင်းကို ယခုထက်ပိုမိုပြီး လူသိများလာစေရန် ကြော်ငြာများများ လုပ်ရန် မရှိမဖြစ်လိုအပ်သည်ဟု အကြံပြုခြင်း
၁၇) ရန်ပုံငွေများ ထည့်ဝင်ကူညီကြခြင်း

ဘလော့ဂ်စာအုပ်ထုတ်ဝေရန်အတွက် စင်္ကာပူရှိ မြန်မာဘလော့ဂ်ဂါများ အစည်းအဝေးပွဲကျင်းပနိုင်ရာတွင် တက်တက်ကြွကြွ ကူညီခဲ့ကြသော၊ အားတက်သရော တက်ရောက် ပါဝင်ဆွေးနွေးခဲ့ကြသော၊ မတွန့်မဆုတ် ရန်ပုံငွေထည့်ဝင်ခဲ့ကြသော ညီအစ်ကိုမောင်နှမများ အားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါကြောင်း ...

Read More...

May 8, 2007

ဘလော့ဂ်စာအုပ်ဖြစ်မြောက်ရေး (စင်္ကာပူဘလော့ဂ်ဂါများ တွေ့ဆုံဆွေးနွေးပွဲ)

ဘလော့ဂ်စာအုပ်ဖြစ်မြောက်ရေးအတွက် ရန်ကုန်မြို့ရှိဘလော့ဂ်ဂါများတွေ့ဆုံပွဲကို ဧပြီလ ၁၈ရက် နှစ်ဆန်းနှစ်ရက်နေ့မှာ ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းရှိ Coffee King မှာ ကျင်းပခဲ့ပါတယ်။ ကိုစိုးဇေယျ၊ ကိုမျက်လုံး၊ ကိုတက်စလာ၊ ကိုညီလင်းဆက်၊ ကိုနေဘုန်းလတ်၊ အိုအေစစ်၊ ဘလာဂေါက်၊ ဘာညာဘာညာ စသဖြင့် စုံလင်စွာ တက်ရောက်ခဲ့ပြီး ကိုဇင်ကိုလတ်နဲ့ ကျွန်တော်တို့ကလည်း ရန်ကုန်ပြန်ခိုက်နဲ့ ကြုံကြိုက်နေတာမို့ တက်ရောက်ခဲ့ကြကာ မြန်မာဘလော့ဂ်စာအုပ် ထုတ်ဝေရေးအတွက် ညှိနှိုင်းတိုင်ပင် ဆွေးနွေးခဲ့ကြပါတယ်။

အခုတစ်ခါမှာတော့ ဘလော့ဂ်စာအုပ်ဖြစ်မြောက်ရေးအတွက် ကျွန်တော်တို့ စင်္ကာပူမှာ ရှိတဲ့ ဘလော့ဂ်ဂါတွေရဲ့ တွေ့ဆုံဆွေးနွေးပွဲလေးကို Esplanade မှာ လာမယ့်စနေနေ့ မေလ ၁၂ရက်နေ့မှာ တွေ့ကြဖို့ စီစဉ်ထားပါတယ်။ စိတ်ဝင်စားသူမည်သူမဆို လာရောက်ကြဖို့ လေးစားစွာ ဖိတ်ကြားပါတယ်။ Esplanade ရှိ Outdoor Theatre မှာ နေ့လည် ၁နာရီတိတိ တွေ့ဆုံကြပါမယ်။




Read More...

Apr 30, 2007

မပြီးသေးသော သင်္ကြန်ပွဲ ခပ်ရွှဲရွှဲတစ်ရပ်ပင်

ဒီနေ့ ဧပြီ ၃၀ရက်။ မြန်မာပြည်မှာ သင်္ကြန်ပွဲပြီးတာ နှစ်ပတ်ကျော်ရှိပါပြီ။ စင်္ကာပူမှာတော့ မပြီးသေးသော သင်္ကြန်ပွဲများကို ဆက်လက်ဆင်နွှဲနေကြတုန်းပါ။ မကြာခင်ကာလမှာ Ngee Ann Poly နဲ့ Temasek Poly တို့ကလည်း သင်္ကြန်ပွဲများကို ဆက်တိုက်လုပ်သွားမယ်လို့ သိရပါတယ်။ မနေ့က Informatics Jurong Campus မှာ Sherwood သင်္ကြန်လို့ အမည်ရတဲ့ပွဲကို Big Bag နဲ့ Lazy Club စတဲ့ တီးဝိုင်းများ ပါဝင်တဲ့ စတိတ်ရှိုးနဲ့အတူ ကျင်းပ ပြုလုပ်သွားခဲ့ပါတယ်။ ဟိုတလောက Emperor စတိတ်ရှိုးကို မကြည့်ဖြစ်လိုက်ဘဲ သူများကို လက်မှတ်လက်ဆောင် ပေးလိုက်ရတဲ့ ကောင်းမှုကြောင့် မနေ့က ပြုလုပ်တဲ့ အဲဒီပွဲကို သွားကြည့်ဖို့ လက်မှတ် တစ်စောင် အသိတစ်ယောက်ဆီက လက်ဆောင်ရပါတယ်။ လက်မှတ်ပေါ်က ဈေးနှုန်းကို ဖတ်လိုက်တော့ S$45 တဲ့ (စလုံး တစ်ဒေါ်လာကို ၈၄၀၊ ၈၅၀ကျပ်လောက် ပေါက်ပါတယ်.. ကိုယ့်ဘာသာ မြှောက်ကြည့်ပါ)။



ဒါနဲ့ ကျန်တဲ့သူတွေ ဆိုတာကို မကြည့်ချင်ရင်တောင် ကျားပေါက်(ဟန်ထူးလွင်) နဲ့အတူ နည်းနည်းတော့ လိုက်အော်ချင်တဲ့ စိတ်နဲ့ Jurong East ကို ဦးတည်ထွက်ခဲ့ပါတယ်။ ကျွန်တော်က Big Bag ကို အရူးအမူး ကြိုက်ပါတယ်။ ရန်ကုန်ပြန်ဖြစ်တုန်းက ၀ယ်လာတဲ့ တစ်ခွေတည်းသော ကာရာအိုကေအခွေကလည်း The Big Show in Bag (Live Show) အခွေပါ။ ဒီလိုနဲ့ အ၀င်ဝနားရောက်တော့ Big Bag ရဲ့ သီချင်းသံတွေ အတိုင်းသား ကြားနေရပါပြီ။



“ အဘိုးကြီးလည်း Rap အဘွားကြီးလည်း Rap.. မွေးကင်းစ အာပြဲလေးလည်း Rap.. ”
“ အကြော်သည်နှစ်ယောက်ထချလည်း Rap .. ဘယာကြော်ကုလားကြီး အော်လည်း Rap.. သူငယ်နာမကင်းတဲ့ကောင်လည်း Rap.. ”

တကယ်ကို ဟစ်နေပါပြီ။ စင်ပေါ်ကို လှမ်းကြည့်လိုက်တော့ ကျားပေါက်ရယ်၊ ဆင်ပေါက်ရယ်ကို တွေ့ရပါတယ်။ ဒါနဲ့ အမြဲလိုလို သွားလေရာဆောင်သွားတတ်တဲ့ (သံလွင်အိပ်မက်ရဲ့ ဂျာနယ်လစ်ပီပီ..) ကင်မရာလေးထုတ်ပြီး အမှတ်တရ ဓာတ်ပုံတွေ တဖျတ်ဖျတ် ရိုက်ဖြစ်ပါတယ်။ ဘော်ဒါတွေမပါတော့ နည်းနည်းငေါင်ပါတယ်။ မတတ်နိုင်ဘူး။ ဒါနဲ့ ရတဲ့သီချင်းတွေကို နည်းနည်းပါးပါး ခုန်ပေါက်၊ လိုက်အော်ပေါ့။ (အမှန်က ဆိုသွားတဲ့ သီချင်းတွေ အားလုံးကို ရပါတယ်..)



“ ကင်မရာရှေ့ရောက်ရင် အလိုလိုငါ့စိတ်ကြမ်းလာတယ် .. နဂိုပုံစံပျောက်လို့ လူတိုင်းကြောက်အောင် ငါခြောက်ရတယ်.. လူတွေမုန်းသွားအောင် ငါတဘက်ကမ်းခတ်ကျွမ်းကျင်ပေမယ့် လက်ခုပ်သံများ ငါ့အတွက် မဟုတ်ဘူးလေ.. ဗီလိန်.. ရေး.. ဗီလိန်..”



“ ပုံပြင်လေးအဆုံးမှာ ကျွန်တော်မောင်ကျားကြီးဟာ သေကောင်ပေါင်းလဲကိုပဲ ဒေါသတွေထွက်လာ ... လုံးပြီးတော့ ၀ဲပစ်လိုက်တဲ့ ပတ်သက်ခဲ့တာတွေ အားလုံးပဲ ဇာတ်သိမ်းသွားးးးးးးးးး ”



ဒီလိုနဲ့ တစ်ပုဒ်ပြီးတစ်ပုဒ်ဆိုအပြီးမှာ နောက်ဆုံး သီချင်းအနေနဲ့ ကျားပေါက်ရဲ့ အအောင်မြင်ဆုံးသီချင်းလို့ ဆိုရမယ့် နီးနီးလေးနဲ့ ဝေးကို သီဆိုခဲ့ပါတယ်...




“ ငါ့အိပ်မက် မင်းပုံရိပ်များနဲ့ ပျော်ခဲ့ ငါလေရှုံးနိမ့်လို့နေပြီ.. အနေတွေနီးခဲ့လို့ ငါတို့ဝေးရပြီ .. .. .. ဘာတွေ ဆုံးဖြတ်လို့ ဘာဆက်လုပ်ကြမယ် ငါတို့ နီးကြဖို့ ဘယ်အထိ ဝေးရဦးမှာလဲ... မင်းနဲ့ နီးချင်တယ် ”



Big Bag ဆိုအပြီး Lazy Club နဲ့အတူ တင်ဇာမော်ဆိုမယ်အလုပ်မှာပြန်ခဲ့ပါတယ်။ သူမနဲ့ ညနေ အွန်လိုင်းမှာ ချိန်းထားတာ နောက်ကျလို့ မဖြစ်ဘူး မဟုတ်လား.. ။ ။

Read More...

Apr 28, 2007

လမ်းပြကြယ်

“လမ်းပြကြယ်” လို့ နာမည်ပေးထားတဲ့ မြန်မာစာကြည့်တိုက်တစ်ခုကို စင်္ကာပူရောက် မြန်မာများ စုဝေးရာ ပင်နီဆူလာပလာဇာမှာ ဖွင့်လှစ်တော့မယ်လို့ သိရပါတယ်။ ထိုစာကြည့်တိုက်အတွက် စာအုပ်စာတမ်းများ လှူဒါန်းလိုပါက စာကြည့်တိုက်သို့ ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။ လမ်းပြကြယ်အတွက် တဖက်တလမ်းက ကူညီတဲ့အနေနဲ့ သံလွင်အင်တာနက်ဆိုက်ဒ်မှာ တင်ထားဖို့ ဟောဒီ ဒီဇိုင်းလေးကို လုပ်ဖြစ်ခဲ့ပါတယ်...




လောလောဆယ်ဖတ်ရှုလို့ရတဲ့ စာအုပ်စာရင်းကို ဟောဒီ အင်တာနက်လိပ်စာမှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။

http://www.thanlwin.com/polaris

Read More...

Mar 20, 2007

၂၀၀၇ NYP သင်္ကြန်မှ ပုံရိပ်များ

Nanyang Poly ရဲ့ ၂၀၀၇ မြန်မာ့ရိုးရာသင်္ကြန်ပွဲကို မတ်လ ၁၇ရက်နေ့မှာ NYP ရှိ Theatre for the Arts မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဓာတ်ပုံမရိုက်ရဘူးလို့ ကြေညာတော့မှပဲ ပါလာတဲ့ ကင်မရာကို ထုတ်ရိုက်ဖို့ သတိရပြီး ရိုက်ဖြစ်သွားတဲ့ ပုံလေးတွေပါ။ :) သံလွင်အိပ်မက်အတွက် သတင်းလာယူမယ်လို့ ကြိုပြောထားတာကြောင့် ရှေ့နားမှာ ထိုင်စရာနေရာရဖို့ ကြိုတင်စီစဉ် ပေးထားတဲ့အတွက် ညီငယ်နိုင်လင်းထွန်းကို ကျေးဇူးတင်ပါတယ်။

ဒီတစ်နှစ်သင်္ကြန်ပွဲသွားမှပဲ ကိုယ့်ကိုယ်ကို တော်တော်အသက်ကြီးပြီဆိုတာ သတိပြုမိပါတော့တယ်။ လွန်ခဲ့တဲ့ ၅နှစ်လောက်က အဲဒီစင်မြင့်ပေါ်မှာ NYP ရဲ့ Lazy Bones Band နဲ့အတူ အသံခပ်ချာချာနဲ့ သီချင်းတက်ဆိုခဲ့ဖူးတာကို အမှတ်ရပါတယ်။

ပြဇာတ်ကတော့ ရယ်နေရလို့ ဓာတ်ပုံတောင် မရိုက်ဖြစ်လိုက်ဘူး။ ပြဇာတ်ထဲမှာ ပြောသလိုဆိုရင်တော့ Organizer တစ်ဖြစ်လဲ Nursing (နတ်ဆင်း) ကျောင်းသူများကို အပီချုပ်ထားတယ်ဆိုတဲ့ နတ်ချုပ်ကြီးတွေကိုတော့ တိုက်ပုံကြီးများ တကားကားနဲ့ တွေ့ရပါတယ်။ :) ဗိုလ်အောင်ဒင် တစ်ဖြစ်လဲ သေးထွက် (အဲ.. သက်ထွေး) ကတော့ ကျွန်တော်ပြန်ခါနီး သေနတ်ကြီးနဲ့ လှမ်းပစ်နေပါသေးတယ်။

ငယ်ငယ်က ပုံရိပ်တွေကို ပြန်မြင်နေရသလိုပဲ။ ကျောင်းထဲ ပြန်မရောက်ဖြစ်တာ နှစ်နဲ့ချီကြာခဲ့ပြီ။ ဘာပဲဖြစ်ဖြစ် အခုလို သင်္ကြန်ပွဲ ဖြစ်မြောက်ရေးကို မဖြစ်ဖြစ်အောင် အချိန်ယူဆောင်ရွက်ခဲ့ကြတဲ့ ကျောင်းသူကျောင်းသားတွေအားလုံးကို ကျွန်တော် ကျောင်းသားဟောင်းကြီးတစ်ဦးမှ ဂုဏ်ယူပါကြောင်း NYP ရေဒီယိုမှတဆင့် လှိုင်းတွန့် လှိုင်းစောင်း လှိုင်းပြတ်များအကြားမှ ပြောကြားလိုက်ပါတယ်... :)




























Read More...

Mar 16, 2007

မြန်မာအခက် စင်္ကာပူအချက်


အခုနှစ်ပိုင်းမှာတော့ စင်္ကာပူဟာ မြန်မာတွေအတွက် အလုပ်ရှာဖို့ ရေကြည်ရာ မြက်နုရာဖြစ်လာနေပါတယ်။ စနေ၊ တနင်္ဂနွေ မြို့ထဲဘက်သွားရင် မြန်မာတွေ ဟိုနားတစ်စု..ဒီနားတစ်စုနဲ့ တွေ့ရမှာပါ။ အခုတလော မြန်မာပြည်ကနေ စင်္ကာပူကို အများဆုံး အိတ်စ်ပို့လုပ်နေတာကတော့ မြန်မာလူငယ်အိုင်တီသမားတွေ ဖြစ်မယ် ထင်ပါတယ်။ အလည်အပတ်ဗီဇာနဲ့ လာရောက် အလုပ်ရှာဖွေကြပြီး အလုပ်ကောင်းကောင်း လခကောင်းကောင်း ရသွားကြသူတွေ ရှိသလို၊ မျှော်လင့်ထားသလို မဖြစ်ဘဲ ပြည်တော်ပြန်ကြရသူတွေလည်း ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ရွှေမြန်မာတွေကတော့ ၀င်လာမစဲ တသဲသဲဖြစ်နေဆဲပါ။ စင်္ကာပူကလည်း မြန်မာလူငယ်ပညာတတ်တွေကို ပြုံးပြုံး ပြုံးပြုံးနဲ့ အလုပ်အကိုင်တွေပေး၊ တရားဝင်လုပ်ကိုင်ခွင့်ပါပစ် ရလို့ နည်းနည်းကြာတာနဲ့ အမြဲတမ်းနေထိုင်ခွင့်တွေ ရက်ရက်ရောရော ပေးပါတယ်။ အဲဒီနောက်တော့ စလုံးနိုင်ငံသားခံယူချင်သူများကိုလည်း အထူး အခွင့်အရေးတွေ တပုံတပင်ပေးပြီး တစ်ခါတည်း အပိုင်စီးထားလိုက်ပါတော့တယ်။ ဒါပေါ့ဗျာ.. မြန်မာအခက် စင်္ကာပူအချက်ဆိုတာ..

မြန်မာပြည်ကနေ စင်္ကာပူမှာ လာရောက် အလုပ်ရှာလိုသူများအတွက် ခန့်မှန်းခြေရနိုင်မယ့် လစာကို အလုပ်ရှာဖွေရေး အေဂျင်စီတစ်ခုက ပြုလုပ်ထားတဲ့ ဒီ Salary Guide ကနေ ကြည့်နိုင်ပါတယ်။ ဒါပေမယ့် အဲဒီမှာ ဖော်ပြထားတဲ့ လစာတွေဟာ အမှန်တကယ်ရတဲ့လစာတွေထက် ၄၀၀-၅၀၀ လောက် ကွာနေတာကိုတော့ သတိပြုပါ..

JobStreet.com က ပြုလုပ်ထားတဲ့ Salary Report ကတော့ ပိုပြီး မှန်ကန်နီးစပ်မှုရှိပါတယ်..

Read More...

Mar 6, 2007

Fulbright ပညာသင်ဆု


၂၀၀၈-၂၀၀၉ ခုနှစ် ပညာသင်နှစ်အတွက် Fulbright ပညာသင်ဆုလျှောက်လွှာများကို ယခု စတင်လက်ခံနေပြီ ဆိုတာကို ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးမှ ဖေဖော်ဝါရီ ၂၇ရက်နေ့တွင် ကြေညာခဲ့ပါတယ်။ ဒီပညာသင်ဆုရရှိသူ မြန်မာကျောင်းသားများကို အမေရိကန်နိုင်ငံရှိ တက္ကသိုလ်များမှာ ဘွဲ့လွန်ပညာသင်ကြားနိုင်ဖို့အတွက် ပညာသင်စရိတ်အပြည့်ထောက်ပံ့ပေးမယ်လို့ သိရပါတယ်။ ပညာသင်ဆု ရရှိသူတွေဟာ စက်တင်ဘာ ၂၀၀၈ ကနေ စတင် တက်ရောက်နိုင်ပါမယ်။

ဒီပညာသင်ဆုလျှောက်ထားမယ့်သူတွေဟာ အောက်ပါ အချက်များနဲ့ ပြည့်စုံရပါမယ်...
၁) မြန်မာနိုင်ငံသားဖြစ်ပြီး မြန်မာနိုင်ငံမှာ လက်ရှိနေထိုင်နေသူဖြစ်ရပါမယ်။
၂) Social sciences, natural sciences, and humanities စတဲ့ ဘွဲ့လွန်ပညာများကို သင်ယူဖို့ စိတ်ဝင်စားသူဖြစ်ရပါမယ်။ အထူးသဖြင့်တော့ political science, international relations, economics, public health, education, public policy or journalism စတဲ့ ပညာရပ်တွေကို သင်ယူလေ့လာရန် ရည်ရွယ်ထားသူဖြစ် ရပါမယ်။
၃) ပညာရေးမှာ ထူးချွန်သူဖြစ်ရပါမယ်။
၎) အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်သူဖြစ်ရပါမယ်။ TOEFL ရမှတ် အနည်းဆုံး ၅၅၀ ရှိရမှာဖြစ်ပြီး ၅၇၅မှတ် အထက်ဖြစ်ရင် ပိုမိုကောင်းမွန်ပါတယ်။ IELTS ရမှတ် ဆိုရင်တော့ ၆.၅ ရှိရပါမယ်။
၅) ဒီပညာသင်ဆု အစီအစဉ်ကို တက်ရောက်သင်ယူပြီးတဲ့နောက် မြန်မာနိုင်ငံသို့ အနည်းဆုံး ၂နှစ် ပြန်နေပေးနိုင်မယ့်သူ ဖြစ်ရပါမယ်။
၆) အမေရိကန်နိုင်ငံသို့ ခေတ္တ(သို့မဟုတ်) လုံးဝ လာရောက်လည်ပတ်ဖူးခြင်း မရှိသူ အမေရိကန်နိုင်ငံတွင် နေထိုင်ဖူးခြင်း မရှိသူ ဖြစ်ရပါမယ်။

ယခုနှစ် ပညာသင်ဆု အစီအစဉ်မှာ အခြားသောနှစ်များနဲ့ မတူတဲ့ အစီအစဉ်တစ်ခုကတော့ TOEFL နဲ့ IELTS အမှတ် မရှိသူများအတွက် English Proficiency Test ကို စစ်ဆေးပေးမယ့် အစီအစဉ်ဖြစ်ပါတယ်။ အဆိုပါ စာမေးပွဲကို ဖြေဆိုရန် စိတ်ပါဝင်စားသူများအနေဖြင့် ရန်ကုန်မြို့ရှိ အမေရိကန်စင်တာကို မတ်လ ၁၆ရက်မတိုင်မီ စာရင်းပေးသွင်းကြရမှာ ဖြစ်ပါတယ်။ ထို English Proficiency Test ကို မတ်လ ၂၂ရက် နှင့် မတ်လ ၂၄ရက်နေ့များမှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ အောင်စာရင်းများကိုတော့ ဖြေဆိုပြီးတစ်ပတ်အကြာမှာ အမေရိကန်စင်တာ အရှေ့ရှိ ကြော်ငြာသင်ပုန်းများမှာ ကြည့်ရှုနိုင်ပါတယ်။

TOEFL နဲ့ IELTS အမှတ်ရှိသူများအနေနဲ့ကတော့ ပညာသင်ဆုလျှောက်လွှာကို မေလ ၁ရက်နေ့ မတိုင်မီ ဖြည့်စွက်ပေးပို့ရမှာဖြစ်ပါတယ်။

ဒီပညာသင်ဆုကို စိတ်ဝင်စားသူများအနေနဲ့ အသေးစိတ်သိရှိလိုပါက ရန်ကုန်မြို့အမေရိကန်စင်တာ ပညာရေးငှာနရှိ မပုံ့ပုံ့ဖြူ နှင့် Nang Hom Leik တို့ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။ အီးမေးလ်လိပ်စာကတော့ Fulbright.Rangoon@state.gov ဖြစ်ပါတယ်။


News Source : Fulbright Scholarships

Read More...

Jan 23, 2007

ကဗျာဆရာတင်မိုးကွယ်လွန်


“ဆေးလိပ်လည်းတို
နေလည်းညိုပြီ
ငါ့ကို အိမ်ပြန်ပို့ကြပါလေ.. ”
(တင်မိုး)

လေးစားရတဲ့ ကဗျာဆရာတစ်ဦးဖြစ်သူ ဆရာတင်မိုးတစ်ယောက် L.A မှာ ဒီနေ့ပဲ ကွယ်လွန်သွားတယ်လို့ ကြားသိရတဲ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်။ ဆရာ ကောင်းရာသုဂတိ လားပါစေ။

Read More...