Feb 15, 2007

ကိုယ်ပိုင်အမှတ်တံဆိပ်


မနေ့ညက ဒီဇိုင်းလေးဘာလေး လုပ်ချင်လာတာနဲ့ logo လေး တစ်ခု လုပ်ဖြစ်တယ်။ အဲဒါလေးကို တင်ထားတော့ သူငယ်ချင်းတစ်ယောက်က ဘာပုံကြီးလဲ။ ရှင်းပြပါဦးဆိုတာနဲ့ စိတ်ထဲရှိရာတွေ ပြောပြလိုက်တယ်။



“မျက်လုံးတွေဟာ စိတ်ရဲ့ ပြတင်းတံခါးပေါက်တွေ” တဲ့။ ဒါကြောင့် ကျွန်တော့်မျက်လုံးတွေကိုပဲ focus လုပ်ပြီး ပြလိုက်တာ။ မျက်နှာတစ်ခုလုံး ကြည့်ရင် ကျွန်တော့်ကိုပဲ မြင်မှာစိုးလို့။ မျက်လုံးတွေပဲ ပြထားတော့ ကျွန်တော့်စိတ်ကို ဖတ်ကြည့်ချင် ဖတ်ကြည့်လို့ ရအောင်ပါ။ မဖတ်ကြည့်ချင်ဘူးဆိုလည်း ဖြစ်ပါတယ်။ (အတင်းအကြပ်လုပ်ခိုင်းရတာကို ကျွန်တော်လည်း မကြိုက်ပါဘူး..)

နောက်တစ်ခုက ချိန်ခွင်ပုံလေး။ အဲဒါကတော့ ကျွန်တော်က အောက်တိုဘာ ၇ရက်နေ့မှာ မွေးတဲ့သူဆိုတော့ ရာသီခွင်အရ Libra မှာ မွေးတာဆိုတော့ အမှတ်တရ ချိန်ခွင်ပုံလေးထည့်ထားတာပါ။ နောက်ပြီး .. ချိန်ခွင်ဆိုတာ အမှန်တရားရဲ့ ဘက်တော်သား၊ တရားမျှတခြင်းရဲ့ ကိုယ်စားလှယ် မဟုတ်လား။
(အလေးခိုးတတ်တဲ့သူတချို့ကြောင့်သာ ချိန်ခွင်ခမျာ ရောယောင်ပြီး တစ်ခါတစ်ခါ မျက်နှာငယ်ရတာကိုး...)

နောက်ပြီးတော့ .. “NYI” လို့ ရေးထားတယ်။ ဒါကတော့ ရှင်းပါတယ်။ ကျွန်တော့် နာမည်က ညီညီလေ။ ချစ်သူက တစ်ခါတစ်ခါလည်း “ညီ” လို့ ခေါ်ချင်ခေါ်တတ်ပါတယ်။ ကျွန်တော်က ပြတ်သားရတာကို ကြိုက်လို့ အနီရောင်သုံးပြီး ရေးထားတယ်။

နောက်ခံအရောင်ကိုတော့ အနက်ရောင်သုံးထားတယ်။ ဒါကတော့ လူငယ်တိုင်းလိုလိုလည်း အနက်ရောင်ကို ကြိုက်ကြပါတယ်။ ကျွန်တော်လည်း ကြိုက်ပါတယ်။ လူကြီးတွေကတော့ အနက်ရောင်ဝတ်ရင် သိပ်မကြည်ဘူး။ အနက်ရောင်က နက်ရှိုင်းခြင်း အမှောင်ကို ရည်ညွှန်းတယ်။ အမှောင်ထဲမှာ အရာရာဟာ ပျောက်ဆုံးသွားတယ်ဗျ။ အမှောင်ကို ခဏဖြစ်ဖြစ် ခံစားကြည့်ပါ။ အရာရာတိုင်းရဲ့ မတည်မြဲခြင်း သဘောကို အဲဒီမှာ သွားတွေ့ရလိမ့်မယ်။

နောက်ဆုံးကတော့ သုညတွေရယ် တစ်တွေရယ်။ binary digits တွေဆိုပါတော့။ အဲဒါတွေက ကွန်ပျူတာရဲ့ အခြေခံပဲ မဟုတ်လား။ ပရိုဂရမ်မာတစ်ယောက်အတွက် ကွန်ပျူတာဆိုတာ မရှိမဖြစ် လိုအပ်တယ်လေ။ အဲဒီ သုညတွေ တစ်တွေနဲ့ ရေးထားတဲ့ စာလုံးတွေက ကွန်ပျူတာ ဘာသာစကားပဲဗျ။ ခင်ဗျားတို့ ကျွန်တော်တို့ အလွယ်တကူ ဖတ်လို့ နားမလည်ဘူး။ အဲဒီလိုပဲ ကျွန်တော်ဟာ တစ်ခါတစ်ခါ နားလည်ရခက်တဲ့ သူဆိုတာ ပြောချင်တာပါ။

ဒါပါပဲ .. အမှန်အတိုင်းပြောရရင်တော့ အဲဒီလိုမျိုး ရှင်းလင်းပြရတာမျိုးကို ကျွန်တော် မကြိုက်ဘူး။ ဘောင်တစ်ခု မခတ်ပစ်လိုက်ချင်လို့ပါ။ အခုလို ရှင်းပြလိုက်တဲ့အခါ ကျွန်တော့် logo ကို အဲဒီ ဘောင်ကြီးထဲ ဆွဲသွင်းပြီး ဟုတ်မဟုတ် တိုက်ကြည့်ကြမှာ ကျွန်တော် မလိုလားဘူး။ ဒီတော့ ကျွန်တော် ရှင်းပြခဲ့တာတွေ အားလုံးကို မေ့လိုက်ပါ။

ကျေးဇူးပြုပြီး ကျွန်တော့်ကို ဘောင်တစ်ခုခတ်ပြီး မကြည့်ပါနဲ့။ မွန်းကျပ်လွန်းလို့ပါ...

3 comments:

Nay Nay Naing said...

အေး.. မေ့လိုက်ပြီ...
ငါကတော့ ခုချိန်ထိတော့ ဘာကိုမှ ဘောက်ခတ်ပြီး မကြည့်တတ်သေးပါဘူး.. ဒါပေမယ့် ဟိုမျက်မှန်နဲ့ လူတွေကိုတော့ သတိထားပေါ့ဟာ..

နိုင်းနိုင်းစနေ said...

အင်း...ခုတွေ့ရတဲ့ လိုဂိုပုံကတော့ ဘောင်ခတ်ထားတာပဲ.. :D

Unknown said...

နေနေ.. မျက်မှန်အစိမ်းကြီးတွေ တတ်ထားတတ်တဲ့ သူတွေကို ပြောတာလား .. ၀တ်ရုံအစိမ်းကြီးနဲ့ သူတွေကို ပြောတာလား.. ဒါမှမဟုတ် .. ။

99.. အဲဒီလိုဂိုကို ဘောင်ခတ်ပြထားတာ မှန်ပါတယ်။ ပင်လယ်ထဲက ငါးတစ်ကောင်ကို ငါးကန်ထဲမှာ ထည့်ပြတာမျိုး..
ကောင်းကင်ပေါ်က ငှက်တစ်ကောင်ကို လှောင်ချိုင့်ထဲ ထည့်ပြတာမျိုးပါ..
အမှန်က ငါးကန်ကိုရော လှောင်ချိုင့်ကိုရော ကျော်လွန်ပြီး ငါးတစ်ကောင် လွတ်လပ်စွာ ကူးခတ်နေတဲ့ ပင်လယ်ရယ်
ငှက်တစ်ကောင် လွတ်လပ်စွာ ပျံသန်းနေတဲ့ ကောင်းကင်ရယ်ကို မြင်ကြည့်လို့ ရအောင်ပါ