Feb 14, 2007

ဗယ်လင်တိုင်းဒေး အမှတ်တရ


ဒီနေ့ ချစ်သူရဲ့ အနားမှာ ရှိနေခွင့်မရခဲ့ဘူး။ ဒါပေမယ့် ဒီနှစ် ချစ်သူများနေ့ဟာ ကျွန်တော်နဲ့ ချစ်သူအတွက် အမှတ်တရပါပဲ။ ဘာလို့လဲဆိုတော့ .. ကျွန်တော် ဟိုးအထက်တန်း ကျောင်းသားဘ၀ကတည်းက မြတ်မြတ်နိုးနိုး တိတ်တခိုးချစ်ခဲ့ရတဲ့ချစ်သူကို ပိုင်ဆိုင်ခွင့်ရခဲ့ပြီးနောက် ပထမဆုံးကြုံခွင့်ရတဲ့ ချစ်သူများနေ့ဖြစ်လို့ပါပဲ။

ချစ်သူများနေ့ကို အဝေးရောက်နေကြတဲ့ အခြား အခြားသော ချစ်သူတွေ ဘယ်လိုများ ကျင်းပကြပါသလဲ။ ကျွန်တော်ကတော့ ချစ်သူပို့ပေးလိုက်တဲ့ စာရယ်၊ ပို့စကတ်ဒ်ရယ်၊ ဂျူးစာအုပ်တွေရယ်နဲ့ အဝေးက ချစ်သူကို တမ်းမက်တသ သတိတရရှိနေပါတယ်။ ချစ်သူကရော .. ကျွန်တော် ပို့ပေးလိုက်တဲ့ စာရယ်၊ ကဗျာရယ်၊ ပို့စကတ်ဒ်ရယ် .. ပြီးတော့ နှင်းဆီနီ ၁၀၁ပွင့်ပါတဲ့ ပန်းစည်းတစ်စည်းရယ်ကြောင့် ကျွန်တော့်ကိုများ လွမ်းမောတောင့်တ သတိတရရှိနေမလား။



“အချစ်ဆိုတာ ကြိုးနဲ့သီဖို့ မလိုတဲ့ ပန်းပွင့်လေးတွေ” တဲ့။ ချစ်သူ သိပ်ကြိုက်တဲ့ ဂျူး ဇာတ်လမ်းတစ်ပုဒ်ရဲ့ ခေါင်းစဉ်လေ။ ကျွန်တော်နဲ့ ချစ်သူရဲ့ အချစ်တွေက ကြိုးနဲ့ သီဖို့မလိုဘူးတဲ့လား။ ချစ်သူပြောသလိုဆိုရင်တော့ နားလည်မှုတွေနဲ့ သီရမယ်တဲ့လေ။

ကျွန်တော်နဲ့ ချစ်သူ အတူတူခဏရှိခွင့်ရစဉ်က နှစ်ယောက်အတူ အမြဲနားထောင်လေ့ရှိတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ ပြီးတော့ ကျွန်တော် ကိုယ်တိုင်လည်း ချစ်သူအတွက် အဲဒီသီချင်းကို မတောက်တစ်ခေါက်နဲ့ ဂစ်တာတီးရင်း အကြိမ်ကြိမ် ဆိုညည်းပြခဲ့ဖူးပါတယ်။ လေးဖြူရဲ့ “ခရီးအဆုံးထိ” ဆိုတဲ့ သီချင်းပါ။ ကျွန်တော်နဲ့ ချစ်သူရဲ့ အချစ်ခရီးလမ်းက တချို့တချို့သော ကံကောင်းလှတဲ့ ကျွန်တော့်သူငယ်ချင်းများလို မချောမွေ့ခဲ့ပါဘူး။ ကျွန်တော်တို့ နားလည်မှုတွေ၊ ယုံကြည်မှုတွေနဲ့ နှစ်ယောက်တစ်အိပ်မက်ကို အတူမက်ဖို့ ကြိုးစားပြီးကျော်ဖြတ်ခဲ့ရတာပါ။ အခုတော့ မုန်တိုင်းတချို့လည်း စဲခဲ့ပါပြီ။ လေပြင်းတချို့လည်း အားနည်းခဲ့ပါပြီ။ အရှေ့ဆီမှာလည်း အလင်းရောင်သဲ့သဲ့ နိုးထခဲ့ပါပြီ။

သူငယ်ချင်းတချို့က ပြောဖူးပါတယ်။ ကိုယ်ချစ်ကို မရှာနဲ့ သူချစ်ကိုရှာတဲ့။ ဟုတ်ပါ့မလား။ ကျွန်တော့်အတွက် အဲဒါတွေ မလိုအပ်တော့ပါဘူး။ သူချစ်ရော ကိုယ်ချစ်ကိုပါ ကျွန်တော့် နတ်သမီးက ဖန်ဆင်းပေးနိုင်ခဲ့ပြီပဲလေ။

တာရာမင်းဝေရဲ့ စာတစ်ပုဒ်မှာ ဖတ်ဖူးတာက “ချစ်မိတဲ့သူဟာ လောကမှာ စစ်အရှုံးဆုံးလူပါပဲ” တဲ့။ ကျွန်တော် ကျေနပ်စွာပဲ ချစ်သူကို အရှုံးပေးလိုက်ပါမယ်။

ကျွန်တော်နဲ့ ချစ်သူရဲ့ ပထမဆုံးသော ချစ်သူများနေ့က စလို့ ကျွန်တော်တို့ နှစ်ယောက်အတွက် လှပတဲ့ အနာဂတ်တွေ သာယာတဲ့ မနက်ဖြန်တွေကို ဖြတ်သန်းရင်း ခရီးလမ်းအဆုံးထိ လက်တွဲမဖြုတ်စတမ်း မခွဲတမ်းအတူ ရှေ့ဆက်လျှောက်နိုင်ကြဖို့ ကျွန်တော် ဆုတောင်းပါတယ်။

ကဗျာတွေကို ချစ်တဲ့သူမနဲ့ သူမကို ချစ်တဲ့ ကဗျာဆရာ ထာဝရအမြဲ လက်တွဲရပါစေသား...။ ။








“ပထမဆုံး ဗယ်လင်တိုင်းဒေး”

လွမ်းနေတဲ့မိုးတိမ်တွေ မအိပ်သေးဘူး
အမှန်က
အရင်လို မထူးခြားလှတဲ့နေ့တစ်နေ့ပါပဲ
ဒါပေမယ့်
ဒီနေ့မှာမှ ထူးထူးခြားခြားကို သတိရနေတယ်
ဗယ်လင်တိုင်းဒေး တဲ့
သက်ပြင်းသံသဲ့သဲ့ထွက်လာတယ်
ဂစ်တာသံသဲ့သဲ့ထွက်လာတယ်
သီချင်းဆိုသံသဲ့သဲ့ထွက်လာတယ်
ပုံပြင်ထဲက နတ်သမီးက အပြင်ထွက်မလာဘူး
ဒီပုံပြင်ကိုပဲ အစအဆုံး သုံးခေါက်ပြန်ဖတ်တယ်
ဇာတ်သိမ်းခန်း မရေးရသေးတာ သေချာရဲ့လား
ဖြစ်နိုင်ရင် အိပ်ရာက မနိုးတဲ့အခါ
နတ်သမီး လာလှုပ်နှိုးရင် ကောင်းမယ်
သနပ်ခါးနံ့တွေ ရတယ်
စကားပန်းရနံ့တွေ ရတယ်
အပြုံးရနံ့တွေ ရတယ်
ခက်တာက
မုန့်ခွံ့ကျွေးတာ မရဘူး
အနမ်းတစ်ရှိုက် မရဘူး
လက်ဖ၀ါးတစ်ဖက် မရဘူး
တခြားအိပ်မက်တွေလက်မဦးခင်
နတ်သမီးပုံပြင်လေးပဲ လိုချင်မိတယ်
ကွယ်..
အချစ်တဲ့
ဒီရင်ဘတ်ကြီးထဲ အပြည့်အသိပ်ရှိတယ်
အလွမ်းတွေကို မော့လိုက်မိတာ
နင်ရောငါရောနှစ်ယောက်လုံးပဲ
ဒီလိုနဲ့ ငါတို့တွေ
လွမ်း .. ဆွတ်.. တမ်း .. တ
တိုက်ဆိုင်တိုင်း သတိတွေရလို့ပေါ့... ။ ။

ခေလွန်း

4 comments:

Anonymous said...

Love is.............. what you mean to me - and you mean everything to me. Thank you for loving me....

Nay Nay Naing said...

ညီညီနဲ့  ပိုး .. တစ်ယောက်နဲ့  တစ်ယောက် ဒီထက်ပိုပြီး နားလည်မှု့ တွေ့ ရလို့ ... ဘ၀ခရီးကို နှစ်ယောက်အတူ ထာဝရ အမြဲ လက်တွဲကာ၊ ပျော်ရွှင်စွာ လျှောက်လှမ်းနိုင်ပါစေလို့  ဆုတောင်းပါတယ်။

Anonymous said...

နားလည်ပါ..ကိုယ်ချင်းစာပါ.. အမှားတွေ့ရင်ခွင့်လွတ်ပေးပါ.. ညှိနှိုင်းပါ.. တစ်ယောက်ကိုတစ်ယောက်လေးစားပါ..
အေးမြတဲ့ ချစ်ခြင်းတွေ ခိုင်မြဲပါစေ.. ဟဲ..ဟဲ.. ဆုတောင်းပေးတာ.. ဗြဟ်မစိုရ်တရားဟောနေတာနဲ့တူနေတယ်..ပျော်ရွှင်ပါစေဗျာ..

Anonymous said...

May you two be loving each other till the end of the time by cherishing the happy moments and understanding each other's weakness!