Feb 13, 2007

အဓိကနဲ့သာမည

do bamar: ကျွန်တော် ဘလောက်တွေကို လိုက်ကြည့်တယ်ဗျ.. ဘယ်သူများ ပြည်ထောင်စုနေ့ကို မှတ်မှတ်ရရ တင်ထားမလား…အလုပ်ပဲရှုပ်နေကြလို့လား.. … အင်း.. မနက်ဖြန်ဆိုရင် ဗိုလ်ချုပ်မွေးနေ့ရောက်ပြန်ပြီ… မေ့ပဲမေ့နေကြလို့လား ……

do bamar: ချစ်သူများနေ့ကိုတော့ လူတော်တော်များများသတိတရရှိကြသားပဲ..
12 Feb 07, 23:16


ကျွန်တော့် ဘလော့ခ်ရဲ့ Shout Box မှာ ဒီလိုမျိုး တစ်ယောက်က အော်ထားတာကို တွေ့လို့ ဒီ Post ကို ရေးဖြစ်တာပါ။ ဖေဖော်ဝါရီ ၁၂ရက် ပြည်ထောင်စုနေ့ဆိုတာ မြန်မာတွေ အားလုံး သိကြပါတယ်ဗျာ။ အထူးတလည် ပြောနေဖို့မလိုဘူးထင်ပါတယ်။ ဒါပေမယ့် ဘလော့ခ်တွေမှာ အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး မရေးကြလို့ အဲဒီဘလော့ခ်ရေးသူတွေကို အပြစ်လိုက်တင် နေမယ်ဆိုရင်တော့ ဒါတစ်ခုခု လွဲချော်နေပါပြီ။ ဘလော့ခ်တစ်ခုဆိုတာ ဘလော့ခ်ရေးသူရဲ့ စိတ်ပါဝင်စားရာတွေ၊ ခံစားချက်တွေ၊ အတွေးအခေါ် အယူအဆတွေ၊ နောက်ပြီး ပုံမှန် လာရောက်ဖတ်ရှုသူတွေ အတွက် စိတ်ဝင်စားဖွယ်ရာတွေကို ဝေမျှပေးတဲ့နေရာတစ်ခုလို့ ကျွန်တော်မြင်ပါတယ်။ ဘလော့ခ်တစ်ခုဟာ သတင်းစာတစ်စောင်၊ ဂျာနယ်တစ်စောင် မဟုတ်ပါဘူး။ ထို့အတူ သတင်းဝက်ဘ်ဆိုက်တစ်ခုလည်း မဟုတ်ပါဘူး။ ဒါကြောင့် ပြည်ထောင်စုနေ့အကြောင်း၊ ဗိုလ်ချုပ်မွေးနေ့အကြောင်း မတင်ရကောင်းလားလို့ ဂရုဏာဒေါသောနဲ့ဖြစ်ဖြစ် ပြောလာမယ်ဆိုရင် မရင့်ကျက်သေးတဲ့ အပြုအမူတစ်ခုကို “ဒို့ဗမာ” ဆိုတဲ့သူက ပြုလုပ်လိုက်တာပဲလို့ ကျွန်တော်ပြောပါရစေ။ “ဒို့ဗမာ” ဆိုတဲ့ နာမည်ခံထားတဲ့ အတွက်ရော အခုလိုမျိုး ပြောလာတဲ့အတွက်ပါ ထိုသူဟာ တိုင်းပြည်ကိုချစ်သူလို့ ပြသချင်ပုံ ရပါတယ်။ ပြည်ထောင်စုနေ့ကို အထိမ်းအမှတ်ပြုလုပ်မှ ဗိုလ်ချုပ်မွေးနေ့ကို အထိမ်းအမှတ် ပြုလုပ်မှ တိုင်းပြည်ကို ချစ်တတ်သူလို့ သတ်မှတ်မယ်ဆိုရင်တော့ ဒါဟာ အာဏာရှင်ဆန်ဆန် တယူသန် အတွေးအခေါ်ပါပဲ။

ကျွန်တော်ကတော့ တိုင်းပြည်ကို ဘယ်နည်းဘယ်ပုံ ချစ်တဲ့အကြောင်း ဟိုအော်ဒီအော် လုပ်နေသူတွေထက် အလုပ်နဲ့ သက်သေပြတဲ့လူတွေကိုပဲ အထင်ကြီးလေးစားပါတယ်။ ကျွန်တော် ဗိုလ်ချုပ်အောင်ဆန်းကို လေးစားပါတယ်။ အဲဒါဟာ သူ့ကို ဖေဖော်ဝါရီ (၁၃)မှာ အဖဦးဖာ၊ အမိဒေါ်စုတို့က မွေးခဲ့လို့ မဟုတ်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အလုပ်နဲ့ သက်သေပြခဲ့တဲ့ လုပ်ရပ်တွေအတွက်ပါ။ ပင်လုံစာချုပ်ကို အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ခဲ့တဲ့သူတွေကို လေးစားပါတယ်။ ဒါဟာ အဲဒီစာချုပ်ကို ဖေဖော်ဝါရီ (၁၂) မှာ ရေးထိုးခဲ့လို့ မဟုတ်ပါဘူး။

“ဒို့ဗမာ” ရေ... ဒီတော့ .. အဓိကနဲ့ သာမညကို ခွဲခြားမြင်တတ်ပါစေလို့ ...

3 comments:

ကိုဖြိုး said...

ဟကောင်ရ (ငတုံး) ခွဲတတ်မှတော့ ပြောတောင်ပြောနေမှာမဟုတ်ဘူး .. .. ဒါလေးတောင် မသိဘူးလား .. ..

Anonymous said...

ဟဲ ..ဟဲ စိတ်ချ ညီညီ
အဲလူကို ခေါင်းခေါက် ဗိုက်ကျော ဆွဲလိမ်ပေးမယ်
မကျေနပ်သေးဘူးဆိုရင် ကိုက်ပေးမယ်...ဟီး

စိုးဇေယျထွန်း said...

ဟုတ်တယ်ဗျာ ကိုယ်ရေးချင်တာကိုယ်ရေးမှာပေါ့