ဒိုင်လူကြီး၏ ပွဲပြီးကြောင်းအချက်ပြသည့် ၀ီစီမှုတ်သံက မြွေတစ်ကောင်လို ရွှီကနဲ ထွက်လာသည်။ မိနစ်ကိုးဆယ်မှ မပြည့်သေးဘဲ။ ကဲပါလေ။ ဆက်ကန်လည်း ရှုံးဦးမှာပဲ မဟုတ်လား။ ကံကြမ္မာသည် အစကတည်းက လူမမျှသည့်ပွဲကို ကန်ခိုင်းထားခြင်းဖြစ်သည်။ ဒိုင်ကလည်း ညစ်သည်။ တစ်ဖက်အသင်းက ကောင်တွေက လူချသည်။ ဒိုင်မမြင်အောင် ရိုက်သည်။ ဆိုးဆိုးရွားရွား လူအချခံလိုက်ရသည့် ဘောလုံးသမားတစ်ယောက်က ဆက်မကန်ချင်တော့ဘူးဟု ပြောကာ ဘေးထွက်ထိုင်နေသည်။ ပွဲကြည့်ပရိသတ်ကတော့ စိတ်ထဲက အော်ဟစ်ပေါက်ကွဲနေသည်။ အသံက မထွက်။ တစ်ဖက်အသင်းမှ အားပေးသူ လူမိုက်တချို့ကတော့ “ကဲ ငါမပြောဘူးလား.. ငကြောက်တွေပါကွာ” ဟု ပြောပြီး မဏ္ဍပ်တိုင် တက်ပြသည်။ သို့သော် လူပီသသည့် အကျင့်စရိုက်မရှိသောကြောင့် ခွေးကျဝက်ကျ ပြုတ်ကျသည်။ ကြည့်ရတာ အော့နှလုံးနာသည်။ တော်ပြီ.. ဒီပွဲကို ဆက်မကြည့်ချင်တော့။ ရေခဲသေတ္တာထဲမှာ မစားရသေးသည့် ပန်းသီး ၂လုံးကျန်သေးသည်။ ကြော်ငြာထဲကလို တစ်လုံးက မီးထွန်းဖို့ .. တစ်လုံးက ကတ်ဆက်ဖွင့်ဖို့ မဟုတ်ပါ။ နယူတန်ရှာမတွေ့ခဲ့သည့် နိယာမကို သူရှာတွေ့ခဲ့သည်။ ပန်းသီးစားချင်လျှင် ကိုယ့်ဘာသာခွဲစားမှ ရသည်ဟူသည့် နိယာမ ဖြစ်သည်။ သူများက ပါးစပ်ထဲ လာခွံ့ပေးသည့်အချိန်ကို နှစ်ပေါင်း ၄၀ကျော် ထိုင်စောင့်နေတာနဲ့ပဲ ပန်းသီးများ ပုပ်ကုန်သည်။ မနေ့ညကတော့ ဒီမိုကရေစီ နည်းလမ်းနှင့်အညီ ရွေးကောက်ပွဲများ မကြာမီဆောင်ရွက်သွားမည်ဟု လော်စပီကာနှင့်အော်နေသည်။ အိပ်မက်လား တကယ်လား မသေချာပါ။ အိပ်မက်ဆိုလည်း တကယ်ဖြစ်ချင်ဖြစ်နိုင်ပြီး တကယ်ဆိုပေမယ့် အိပ်မက်လည်း ဖြစ်ချင်ဖြစ်တတ်ပါသည်။
ဒေါက်.. ဒေါက်… အိမ်ရှေ့က တံခါးခေါက်သံကြားလို့ ထွက်ကြည့်တော့ ထောက်ခံပွဲလာမတက်ရင် ဒဏ်ငွေရိုက်မည်ဟု ရပ်ကွက်လူကြီးဆိုသူက ဟန်ပါပါမာန်ပါပါ ခါးထောက်ပြီး ပြောသည်။ ကြည့်ရင်းကြည့်ရင်း ရပ်ကွက်လူကြီးနှင့် စကားပြောရသည်မှာ အခြောက်ကြီးတစ်ယောက်နှင့် စကားပြောရသလို ဖြစ်လာသည်။ အခြောက်များကို သိပ်ကြည့်မရပါ။ ထို့ထက် သူများကို အာဏာပြလိုက် ပါဝါပြလိုက် ခြောက်လှန့် ဟိန်းဟောက်တတ်သူများကို ပိုရွံသည်။ အခြောက်ချင်းအတူတူ ပါဝါအခြောက်များက တမူးသာသည်။ မိမိကိုယ်တိုင် စိတ်မလုံသောကြောင့် သူများကို လိုက်လံခြောက်လှန့်လေ့ရှိခြင်း ဖြစ်သည်ဟု ဖတ်ဖူးသည်။ အခြောက်သည် သူ၏ စိတ်မလုံခြုံမှုကို ဖုံးကွယ်ရန် သူမှန်ကြောင်း လိုက်လိုက်အော်သည်။ ယိုသူမရှက် မြင်သူရှက်ဆိုသလို အရည်မရ အဖတ်မရ အော်အော်နေသည့် ထိုအခြောက်ကို Anonymous ဟု နာမည်ပေးလိုက်သည်။
အတင်းအကြပ်လုပ်ခြင်းကို မုန်းတီးသူ စာရင်းလုပ်လျှင် သူပါမည်။ ခင်ဗျား ကျုပ်ကို အမိန့်မပေးနဲ့။ “အမိန့်”သည် ဆိုလို့ကောင်းရုံ ကျော်ဟိန်း သီချင်းတစ်ပုဒ်သာ ဖြစ်သည်။ ငယ်ငယ်က ကျောင်းအုပ်ကြီးအမိန့်အရ အတန်းပိုင်ဆရာမက ကြံ့မရ ဖွတ်မရ အသင်းထဲ တစ်တန်းလုံး အတင်းဝင်ခိုင်းတာကို သတိရသည်။ ဆရာမကို အမေက မ၀င်ခိုင်းဘူးဟု ခပ်တည်တည် သွားပြောလိုက်သောကြောင့် ၀င်စရာမလိုခဲ့။ အမေသည် ဆရာမ၏ တစ်ချိန်က ဆရာမဖြစ်ဖူးတာကြောင့် အမေ့ကို မလွန်ဆန်ရဲပါ။ ထို့ကြောင့် ဖွတ်မရ ဓားမဆုံးသွားသည်။ ခက်သည်။ တခါတလေ ဒီလိုပဲ Law of Jungle ကို မသုံးချင်ဘဲ သုံးရတာ ခက်သည်။ လိမ်ရညာရတာကို ထမင်းစားရေသောက်သလို လုပ်နေကြတာ ခက်သည်။ လူဦးရေက သန်း ၅၀။ ဖွတ်မရ ဓားမဆုံး အသင်းဝင်က သန်း ၂၀။ ဟုတ်မှလဲ လုပ်ပါ ကိုယ့်လူတို့ရယ်။ ဟားတိုက်ရယ်ရတာကြာတော့ အတော် စိတ်ပျက်လာသည်။ နေရာတကာ ရယ်စရာတွေချည်း တွေ့နေရသည်။ သတင်းစာ ကောက်ကိုင်လိုက်သည်။ ရယ်လိုက်သည်။ တီဗီကို ဖွင့်လိုက်တော့ သတင်းလာနေသည်။ ရယ်ရပြန်သည်။ ဒါနဲ့ ကာရာအိုကေ အခွေပဲ ကြည့်တော့မည် ဟူသော စိတ်ကူးကို အကောင်အထည် ဖော်လိုက်သည်။ မရယ်ချင်တော့လို့ ဖွင့်ပါတယ်ဆိုမှ ရယ်စရာက မှန်သားပြင်အပြည့် စာလုံးကြီး ပြူးတူးပြဲတဲနှင့် တက်လာသည်။ “ပြည်သူ့သဘောထား” တဲ့။ ထို့နောက် ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံကြီးပီသစွာ မီးက ပျက်သွားတော့သည်။ အမှောင်ထဲမှ ရယ်သံများက မဆုံးတော့.. ဟား.. ဟား….ဟား…။

6 comments:
ထွက်ပေါက်တွေကို တတ်နိုင်တဲ့နည်းနဲ့ ဖောက်ကြမယ် ။ အားပေးလျက်ပဲ ညီညီ ။
very nice post!
ကိုညီရေ - သရုပ်မှန်စာပေလို့ခေါ်မလား။ ဗမာပြည် လက်တွေ့ ဘဝက ဖြစ်ရပ်မှန်တွေပါပဲ။ ကျေးဇူးတင်ပါတယ်။
Very Good! You are telling the truth!
၇ီ၇တာများလို. လူတွေသေတော.မယ်။
အင်း ပို့စ်မော်ဒန်ခေတ်အလွန်မှာ ညီညီဟာ ထွက်ပေါက်တွေကို တွန်းဖွင့်ခဲ့သူပဲ ဖြစ်မှာပါ ..
ဘယ်ဘက်ကကြည့်ကြည့် လောကကို မြင်တတ်ကြည့်တတ်တဲ့ မျက်ဝန်းတစ်စုံ .. သူ့မှာရှိတယ် .. အော် .. မေ့တော့မလို့ သူက ကဗျာဆရာကိုး .. (ရှိမှာပေါ့ ..) ကဗျာဆရာတွေဟာ လူတွေကိုမြင်တယ် .. လောကကို မြင်တယ် .. ထွက်ပေါက်တွေကို မြင်တယ် .. ၀င်ပေါက်တွေလဲ မြင်တယ် .. မမြင်တာကို မြင်တယ် .. မြင်တာကို မြင်တယ် .. ဘာမှ မမြင်ဘဲ ကန်းနေတဲ့လူတွေကိုလည်း မြင်တယ် .. နည်းနည်းများမဆိုင်ဘူးလားလို့ .. ဘာပဲပြောပြော ညီညီတစ်ယောက် စာရေးနေတယ်ဆိုကတည်းက ကျွန်တော်က ၀မ်းသာဂုဏ်ယူနေပါတယ်
HAHAHA!!..Great Satire..:P
keep on!!
Post a Comment