Sep 12, 2007

ဘေလာ့ဂ္ဂါ၏ သစၥာ၊ ဘလော့ဂ်ခြင်းနှင့် အမှန်တရား

ဘလော့ဂ်များသည် ပုံနှိပ်မီဒီယာ၏ နေရာကို အစားထိုးရန်ထက် မီဒီယာ၏ အားနည်းချက်ကို ထပ်မံဖြည့်စွက်နိုင်ခြင်း၊ ဘလော့ဂ်ဖတ်သူများထံသို့ သတင်းကို အချိန်နှင့်အမျှ လျင်မြန်စွာ ပေးနိုင်ခြင်း၊ ဘလော့ဂ်ဂါ၏ အတွေးအမြင်များကို ဝေမျှနိုင်ခြင်း၊ လာရောက် ဖတ်ရှုသူများမှ ဝေဖန်အကြံပေးဆွေးနွေးနိုင်ခြင်း တို့ကြောင့် ယနေ့ခေတ်မီဒီယာလောကတွင် မျက်ကွယ်ပြုထားခြင်းငှာ မစွမ်းသာအောင် အရေးပါလာခဲ့သည်။ ယခင်က မီဒီယာများက ထုတ်ပြန်သမျှကိုသာ ဖတ်ရှုခဲ့ရသူများ အဖို့ မီဒီယာများ မသိလိုက်သော သိသိနှင့် အခြေအနေ အရပ်ရပ်ကြောင့် ထုတ်ဖော်ရေးသားခြင်း မပြုရသော ခွင့်မပြုသော သတင်းအချက်အလက် သုံးသပ်မှုများကို ဘလော့ဂ်ဂါများက မိမိအမြင်နှင့် ပေါင်းစပ်ကာ ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် ရေးသား တင်ပြလာကြသည်။ မိမိကိုယ်တိုင် အယ်ဒီတာ၊ မိမိကိုယ်တိုင် ထုတ်ဝေသူလုပ်ကာ အင်တာနက်သုံးစွဲသူ ဘလော့ဂ်ဖတ်သူများအတွက် အကျိုးရှိစေမည်ဟု ယူဆသည်များကို တင်ပြကြသည်။ ဆွေးနွေးကြသည်။ ဝေဖန်သုံးသပ် ကြသည်။ ထိုသို့ ရေးသားရာတွင် မိမိနေထိုင်ရာရှိ အာဏာပိုင်များကို မဝေဖန်ရ။ မည်သူ့ အကြောင်းကိုတော့ဖြင့် လုံးဝ ရေးသားခြင်း မပြုရဟု ပိတ်ပင်တားဆီးလို့ မရနိုင်ပါ။

မင်းတုန်းမင်းလက်ထက်ကတည်းက “ငါမကောင်းလျှင် ငါ့ကိုရေး၊ ငါ့မိဖုရား မကောင်းလျှင် ငါ့မိဖုရားကိုရေး” ဟု သတင်းစာကို လွတ်လပ်ခွင့် အပြည့်အ၀ပေးထားပြီးဖြစ်သည်။ မိမိကိုယ်တိုင် ကောင်းအောင်နေပြလျှင် ဘယ်သူကမှ လာပြီး ဒီကောင် မကောင်းဘူးဟု လာမပြောပါ။ ပြောလာခဲ့လျှင်လည်း ထိုသူသည် မနာလိုစိတ်ဖြင့် ပုတ်ခတ်ခြင်းသာ ဖြစ်ပါလိမ့်မည်။ မိမိက ကောင်းပါလျှက်နှင့် မဟုတ်မမှန် လုပ်ကြံပြောဆိုသည်ဟု ထင်လျှင်လည်း တရားဥပဒေရှိပါသည်။ ဥပဒေအတိုင်း မှန်မှန်ကန်ကန် ဆောင်ရွက်ပါ။ သတိပေးသလိုနှင့် အသာတကြည် ချော့မော့ခြင်း၊ မရလျှင် ခြိမ်းခြောက်ခြင်း၊ ထိုသို့မှ မရလျှင် မွန်းလွဲသန်းခေါင်ဖမ်းဆီးခြင်း ပြုလုပ်နေသည် များသည် ဥပဒေ၏ ပြင်ပမှ လုပ်ရပ်များသာဖြစ်သည်။ ဘလော့ဂါ စစ်မှန်လျှင် ဘလော့ဂ်ဖတ်သူ၏ အချိန်ကို လေးစားသည်။ ကိုယ်ကျိုးတစ်ခုထဲကြည့်ပြီး အထက်လူကြီး မျက်နှာရဖို့ ပေါက်ကရ ရေးနေသူကိုလည်း ဘလော့ဂါဟုပင် နာမည် မတပ်ထိုက်ပါ။ မြန်မာ ဘလော့ဂါများသည် တိုင်းပြည်နှင့်လူမျိုးကို ချစ်သည်ဟု တစာစာအော်ပြီး နှိပ်စက်ကလူ ပြုနေသူများထက် ကိုယ့်တိုင်းပြည်ကို ချစ်ကြသည်။ ထို့ကြောင့် ဝေဖန်သည်။ ထောက်ပြသည်။ ဒါကို မလုပ်ရ မရေးရ ဟု တားဆီးပိတ်ပင်ခြင်းသည် တရားမျှတမှု ရှိရဲ့လား။ “ငါတို့ကတော့ တစ်သက်လုံး ဘယ်တော့မှ မျှမျှတတ လုပ်ခဲ့တာ မဟုတ်ဘူး” ဟု ပြောလာမည် ဆိုရင်တော့ အမှန်တရားကို ဘယ်တော့မှ ဖုံးကွယ်ထားလို့ ရမည် မဟုတ်ပါ။

အခုတလော မြန်မာများအကြားဝယ် ဘလော့ဂ်ရေးခြင်း ဘလော့ဂ်ဖတ်ခြင်းများ ခေတ်စားလာသည်နှင့်အမျှ အမျိုးမျိုး အစားစားသော ဘလော့ဂ်များကို တွေ့လာရသဖြင့် ၀မ်းသာမိပါသည်။ ဘလော့ဂ်ရေးသူအများစုမှာ ခေတ်ပညာတတ် လူငယ်များဖြစ်သဖြင့် လူငယ်အချင်းချင်း ကူညီကြသည်။ အသိပညာ၊ အတတ်ပညာများ မျှဝေကြသည်။ ဆွေးနွေးတိုင်ပင် ခြင်းများ၊ ဝေဖန်အကြံပေးခြင်းခြင်းများ ပြုကြသည်။ ဘယ်နေရာမဆို စုန်းပြူးများ ပါလာစမြဲဖြစ်ကြောင်းကို မေ့လျော့ထားလို့ မရကြောင်း ထပ်မံပေါ်ပေါက်လာသော လူမိုက်အားပေး ဘလော့ဂ်အချို့က အချက်ပြခဲ့ကြသည်။ လမ်းလျှောက်ဆန္ဒပြသူ တွေက ပိုက်ဆံ ၂၀၀၀ ကျပ်ရလို့ လိုက်လျှောက်တာလို့ ပြောတဲ့သူက ပြောသည်။ အစိုးရကို ဆန့်ကျင်သည့် မီဒီယာသတင်းငှာနများမှ သတင်းများကို အမှားကြီးတွေဟု ပြောတဲ့သူက ပြောသည်။ အချိန်နှင့်အမျှ ထုတ်ပြန်ရသောကြောင့် တခါတရံ အမှားအယွင်းတစုံတရာ ရှိကောင်းရှိပေမည်။ ထိုသို့သော စေတနာအမှားအတွက် အပြစ်တင်စရာ မလိုပေ။ အစိုးရမီဒီယာ တီဗီ၊ ရေဒီယို၊ သတင်းစာတို့မှ ထုတ်လွှင့်နေသော သတင်းများကရော ရာခိုင်နှုန်း ဘယ်လောက် ဘယ်ရွေ့ဘယ်မျှ မှန်နေပြီး ဘယ်လိုစေတနာရည်ရွယ်ချက်တွေနဲ့ ထုတ်ပြန်နေလို့လဲ ဆိုသည့် မေးခွန်းကို ကိုယ့်ဘာသာ ပြန်မေးခွန်းထုတ်ကြည့်ပါ။

သူ့လူကိုယ့်ဘက်သားယောင်ဆောင်ကာ စေတနာ သဘောရိုးနှင့် ကွန်မန့် ရေးသလိုနှင့် နောက်ကွယ်က ပြနေသော လက်သီးကို မမြင်ရဘူးဟု ထင်လျှင်၊ လက်ရှိအခြေအနေအရပ်ရပ်အရ အစစငဲ့ကွက်ပြီး မတရား လုပ်ခံနေရမှုကို ငြိမ်ခံနေရခြင်းကို “ငါတို့ လုပ်လိုက်တာ ကြောက်လန့်ကုန်ပြီ၊ ငါတို့ ခြိမ်းခြောက်တာနဲ့ ငြိမ်ကျသွားတာပဲ” ဟု ထင်နေလျှင် မှန်ထဲကို ရဲရဲကြည့်ပြီး ငါလုပ်တာ မှန်ရဲ့လား ကိုယ့်လိပ်ပြာကိုယ်လုံပါရဲ့လားဟု မေးကြည့်ပါ။ သေချာတာက အမှန်တရား ဘက်တော်သား ဘလော့ဂ်ဂါများ၊ ဘလော့ဂ်ဖတ်ပရိသတ်များသည် ပြောသမျှယုံ၊ လှည့်သမျှယုံမည့်သူများ မဟုတ်ပါကြောင်း။

3 comments:

Mr.Pooh @ မောင်ပွတ် said...

ကိုညီရေ - စုန်းပြူးတွေဆိုတာ မှန်တယ်ဗျာ။ ကျွန်တော်တို့ သတိလွတ်နေတာကို ထောက်ပြလိုက်တာပါပဲ။ နေရာတကာမှာ အရေခြုံတွေပေါ်ပေါက်နေချိန်မှာ Online မှာလည်း Blogger အရေခြုံတွေ ရှိလာနေပြီ။ ကောင်းမွန်သော ကိုယ်ပိုင်အခွင့်အရေး ယုံကြည်ချက်များနဲ့ ကျွန်တော်တို့ Blogger တွေ နာမည်မပျက်ဖို့ ဆန္ဒပြုလိုက်ပါတယ်။

Anonymous said...

ညီညီရေ.. ဒီပို့စ်လေးတွက် အထူးကျေးဇူးတင်တယ် ။ တို့တတွေ ဘလောဂ့်ဂါရဲ့ သစ္စာနဲ့အညီ အမှန်တရားကို ဆက်လက်သယ်ပိုးသွားကြရအောင် ။

pandora said...

အလွန်ထိရောက်တဲ့ အရေးအသားပဲ
အားပေးသွားတယ်