Sep 14, 2007

ခေတ္တ အလုပ်လက်မဲ့

ကောင်းကင်ကို မော့ကြည့်လိုက်တော့
အိပ်မက်တွေ မှိန်ပျနေတယ်။
မြေပြင်ကို ငုံ့ကြည့်လိုက်တော့
အဇ္ဈတ္တနဲ့ တစ်သားတည်းကျနေတယ်။
ဘ၀ဆိုတာ သုညက စသတဲ့လား
အနှုတ်ကိန်းဂဏန်းတွေကြားထဲ
အသံတိတ်နှုတ်ဆိတ်နေရတာ ကြာခဲ့ပေါ့ကွယ်။
လွယ်လွယ်နေ လွယ်လွယ်သေကြတဲ့ ခေတ်ထဲမှာ
မကြာခဏ လွတ်လွတ်ကျတတ်တဲ့
ကတိက၀တ် ၀တ်စုံပြည့်အနာဂတ်တွေ
ဟောဒီမှာ တပွေ့တပိုက်နေရာယူထားတယ်။
သက်ပြင်းရှိုက်သံတွေ အတုံးအရုန်းအောက်
အကြိမ်ကြိမ် နောက်ကောက်ကျခဲ့ရ
အကြိမ်ကြိမ် ရှင်ပြန်ထမြောက်ခဲ့ရ
အကြိမ်ကြိမ် ငါ့ကိုယ်ငါထိုးကျွေးခဲ့ရ
အကြိမ်ကြိမ် ငါးစာဖြစ်ခဲ့ရ
အကြိမ်ကြိမ် ငါးမျှားချိတ်ဖြစ်ခဲ့ရ
အကြိမ်ကြိမ် လိမ်လည်ခဲ့ရ
အကြိမ်ကြိမ် ရိုးသားခဲ့ရ
အကြိမ်ကြိမ် ဘ၀င်တစ်ခွဲသားဖြစ်ခဲ့ရ
အကြိမ်ကြိမ် သိမ်ငယ်ခဲ့ရ
ဒါ ဘ + ၀ လို့ ဟတ်ဟတ်ပက်ပက်
ရယ်မောလိုက်တယ်။
ဒါ ဘ + ၀ လို့ လှိုက်လှိုက်မောမော
ငိုကြွေးလိုက်တယ် ။
ကဲ အသက်မှန်မှန်ရှူ
မနက်ဖြန်မှာ “လူ” ဖြစ်ဖို့ မျက်နှာသစ်ရဦးမယ်။ ။

ခေလွန်း

အလုပ်မရှိဘဲ စိတ်လေနေတဲ့ ကာလတစ်ခုက ရေးဖြစ်တဲ့ ကဗျာ...

1 comment:

Anonymous said...

ဒီကဗျာကို သိပ်ကြိုက်လွန်းလို့ သိမ်းထားလိုက်တယ် ။ မင်းရဲ့ အမေ ကဗျာကိုတော့ မင်းရေးဖူးတဲ့ကဗျာတွေထဲ ခုထိ အကြိုက်ဆုံးပဲး)