Sep 16, 2007

ထွက်ပေါက်(၆)


ကြားချင်မှန်းမသိ မကြားချင်မှန်းမသိ လာလာအော်နေတာ ခက်သည်။ အမှန်တရား.. အမှန်တရားဟု ပါးစပ်ကမချ တဖွဖွ ရေရွတ်ရင်း သက်စေ့ပုတီးစိတ်သူတွေ များလာသည်။ အပုပ်အသိုးများကို လှလှပပထုပ်ပိုးပြီး အမှန်တရားတံဆိပ်ကပ်ထားသော ဈေးကွက်ဝင်ကြော်ငြာများ ဘလော့ဂ် စာမျက်နှာတွေမှာပါ တွေ့လာသည်။ အမှန်တရား လက်လီလက်ကား ရောင်းရန်ရှိသည်။ “ပ” စောက် ဟု အပေါ်စီးက ကြည့်သူက ပြောသည်။ အောက်က လူက “ဂ” ငယ် ဟု ငြင်းသည်။ အရှေ့ကသွားသူက ဒါ “င” မဟုတ်လားဟု စောဒကတက်သည်။ နောက်က လူက .. သေချာတယ် ဒါ “၁” ပဲ ဟု အော်လိုက်သည်။ သူတို့ အားလုံးကို ခင်ဗျားတို့ ဒီမှာကြည့်ဆိုပြီး “၀” ဆွဲပြလိုက်သည်။ တစ်ယောက်က “သုည” ဟု ပြောသည်။ နောက်တစ်ယောက်က မဟုတ်ဘူး.. အဲဒါ “၀လုံး” တဲ့။ ကျန်တစ်ယောက်က ဒါ “စက်ဝိုင်း” ဖြစ်ရမယ် ဟု ပြောပြန်သည်။ နောက်ဆုံး တစ်ယောက်က ဘာမှ မပြောတော့ ပါးစပ်အ၀ိုင်းသားနဲ့ တွေးနေသည်။ အမှန်ခပ်ပြင်းပြင်း တစ်ပက်ကို အမှားခပ်များများရောပြီး ခပ်သွက်သွက်မော့သောက်လိုက်သည်။ ပုလင်းကို ကြည့်လိုက်တော့ အမှန်ပါဝင်မှုရာခိုင်နှုန်း ၄၀။ အမှန်ပါဝင်မှု အနည်းအများ ပေါ်လိုက်ပြီး ကိုယ့်အတိုင်းအတာနှင့်ကိုယ် ရေချိန်မလွန်အာင် သောက်ဖို့ လိုမည်။ တကယ်တော့ အမှန်အမှားသည် အချိန်ကာလ၊ အယူအဆ၊ အတွေးအခေါ်ပေါ်လိုက်ပြီး ကွဲပြားတတ်သည် ဆိုသည့်အကြောင်း ပြောမပြဖြစ်တော့။ အမှားဟု ပြောပြီး သူတို့ လွှင့်ပစ်ထားတာတွေထဲကို မွှေနှောက်ရှာဖွေလိုက်တော့ အမှားတွေ ကြားမှာ အမှန်တွေ ဟိုတပိုင်း ဒီတစ။ သူတို့အားလုံးကို သူတို့၏ အမှန်တရားများနှင့်အတူ ထားရစ်ခဲ့သည်။

လမ်းတွင် ကျားတစ်ကောင်နှင့် တွေ့တော့ သူ သတ်သတ်လွတ်စားနေသည်ဟု ပြောသွားသည်။ သာဓု မခေါ်ဖြစ်။ ကျားသည် ကျားအလုပ် မလုပ်ဘဲ သူတော်ကောင်းယောင်ဆောင်နေခြင်းသည် ပိုပြီး အန္တရာယ်ကြီးသည်။ လောကတွင် အဆောင်အယောင်တွေများသည်။ အယောင်ဆောင်တွေ များသည်။ ကျားအတုက သတ်သတ်လွတ်စားသည်။ လွတ်လပ်ရေးအတုက သံတိုင်တွေကို ရိုက်ချိုးပြသည်။ ပြည်သူအတုက အင်္ကျီအဖြူ ပုဆိုးအစိမ်းဝတ်ပြီး လက်သီးလက်မောင်းတန်းကာ ထောက်ခံကြသည်။ သံဃာအတုက ခေါင်းကို ပြောင်နေအောင် ရိတ်ထားသည်။ ဒီမိုကရေစီအတုက အော်တိုကရေစီကို ဒီမိုကရေစီ အရေခွံ လဲပစ်လိုက်သည်။ ပိုက်ဆံအတုတွေက စက္ကူစုတ်တွေလို ခြင်္သေ့ခေါင်းစွပ်ပြီး တဝေါဝေါ ထွက်ကျလာသည်။ ကျစ်လျစ်မှု မရှိသောကြောင့် ဖောင်းပွသည့်အရာကို ကျပ်ငွေ ဟု အမည်တပ်လိုက်သည်။ ငွေတန်ဖိုးကျခြင်းသည် ရွှေ တန်ဖိုးတက်ခြင်းကြောင့် မဟုတ်။ “ရွှေ” ၏ အသုံးမကျသော လုပ်ပုံကိုင်ပုံများကြောင့်သာ ဖြစ်သည်။ “ရွှေဘ” က ငါ့ကြောင့် ဖြစ်တာ မဟုတ်ဘူးနော် ဟု ထပြောသည်။ ဟုတ်တယ်။ “နေ” ဖျက်လိုက် “ရွှေ” ဖျက်လိုက် လုပ်နေသောကြောင့် အားလုံးက နေပူရွှေပူဒဏ်ကြောင့် ရေ “ငတ်” နေကြပြီ။

နတ်ရေကန်ထဲ ဆင်းလိုက်တာနှင့် ပျိုမြစ်နုနယ် လှပသွားသည် တဲ့။ မီးလျှံထဲခုန်ဝင်လိုက်တာနှင့် ဖီးနစ်ငှက်က ရှင်ပြန်ထမြောက်လာသည်တဲ့။ ဘုံခုနှစ်ဆင့်မှာ လွင့်တဲ့ တိမ်တိုက်ဟု တာရာမင်းဝေက ၀တ္ထုတစ်ပုဒ်ရေးခဲ့ဖူးသည်။ အဆင့်ခုနှစ်ဆင့်နှင့် ဖျားယောင်းပြီး ချွေးသိပ်ထားတဲ့ တိမ်တိုက်တွေကိုတော့ Propaganda မြေပုံ တိမ်တိုက်ဟု အမည်တပ်လိုက်သည်။ ကိုယ်နဲ့ မတူ ကိုယ့်ရန်သူဟု တရားသေ ယူဆထားတာတော့ အတော့်ကို ဆိုးသည်။ ကွန်ဆာဗေးတစ်အတွေးအခေါ်တွေ ခေတ်ကောင်းချိန်မှာ လစ်ဘရယ် ခေတ်ပြောင်း တော်လှန်ရေး လုပ်ရဦးမည်။ အီဗော်လူးရှင်းနှင့် မရလျှင် ရီဗော်လူးရှင်း လုပ်ရမည်။ ဗိုလ်ချုပ်အောင်ဆန်းက အသာတကြည် တောင်းဆိုလို့ မရရင်တော့ ကျုပ်က အတင်းလုပ်ရမှာပဲဟု ဆိုသည်။ ကဲ .. ထွက်ပေါက်မပေးရင်တော့ အတင်းလုပ်ဖို့ လိုလိမ့်မည်။ ခဏတာ ရင်းဖို့ကြောက်နေရင် တစ်ဘ၀စာမက မျိုးဆက်တစ်ခုလုံး သုံးစားမရအောင် ဖြစ်သွားမှာကတော့ သေချာသည်။

5 comments:

ဂျစ်တူး - gyit_tu said...

ညီညီ ဒီထွက်ပေါက်ကို အကြိုက်ဆုံးထဲ ထည့်လိုက်မယ် ။

ညီညီ(သံလွင်) said...

ဟုတ်ကဲ့.. မဂျစ်။ ကျေးဇူးတင်ပါတယ်။

ပုံရိပ် said...

အရေးအသား ပြောင်မြောက် ပါပေတယ် ကိုညီညီ။

ကိုဖြိုး said...

တယ်ဆော်ပါ့လားဟ .. ထွက်ပေါက်တွေက အဲလိုအတင်းလိုက်ဖောက်မှ ရမယ့်ခေတ် ရောက်နေပြီလေ .. ဟဲဟဲ ကိုယ့်ပြတင်းကိုယ်ဖောက်လုပ်နေရင်တော့ အပေါက်မညီဘဲနေကုန်တော့မှာပဲ .. တိုင်တိုင်ပင်ပင်လုပ်ကြတာပေါ့ ... သစ်စည်းကြီး တစ်စည်းလုံး ကျိုးဖို့ဆိုတာ ချိုးရုံနဲ့မရတာတော့ သေချာပါတယ် ...

Eduking said...

အရေးအသားတွေ ခိုက်တယ်ဗျာ... အားပေးနေမယ်... bro