Sep 18, 2007

အနန္တဂိုဏ်းဝင် ကျေးဇူးရှင်သို့

ဆရာသခင်သို့
ကျွန်တော် ပန်ကြားပါရစေခင်ဗျား...

ခေါင်းလောင်းသံလွင့် ကျောင်းတွေဖွင့်ရင်
ပန်းသစ်ပွင့်ဖူး နေခြည်ဦးမှာ
ကျွန်တော် ပျော်ချင်သည်ပေါ့ ဆရာ...

“ကျောင်းမှန်မှန်တက် စာမခက်” တဲ့
မပျက်နှစ်စဉ် ပန်းတိုင်ဝင်ရန်
ကျွန်တော်..
အတန်းတက်ချင်ပြီပေါ့ ဆရာ...

ဒါပေမယ့် ဆရာရယ်
မဝေးသေးတဲ့ သမိုင်းသစ်
ရှစ်လေးလုံး ၀ိညာဉ်အစစ်က
ကျွန်တော့်ရင်ထဲ မီးလောင်နေဆဲပါ ဆရာ...

မားမားစွင့်စွင့် ဒေါင်းအလံဝင့်ရင်း
ဒီမိုကရေစီပေးပါ ငြိမ်းချမ်းရေးပေးပါ
တောင်းတာက တခြား ရတာက ကျည်ဆံမိုး
ဇီဝန်ကြွေ အဖြစ်ဆိုးတွေ
သွေးပင်လယ်ဝေခဲ့ရတယ် ဆရာ...

ယနေ့တိုင်လည်း ဆူပူတာ ဗကသ လို့
သေနတ်နဲ့ စွဲချက်တင်
မထင်ရင် တစ်ကျွန်း
မွန်းလွဲည ဖမ်းခေါ်
ဒီမိုကရေစီ ရဲဘော်တွေ
စစ်ခုံရုံးမှာ အကျဉ်းထောင်မှာ
ငရဲခံနေရရှာတယ်...

စာနာပေးပါဆရာရယ်..
အပြစ်ကင်းတဲ့ ကျောင်းတော်မြေ
ကျွန်တော်ချစ်တဲ့ ကံ့ကော်မြေမှာ
လူသတ်ကောင်တွေရဲ့ အာဏာစက်က
အသက်တာရှည်နေခဲ့ပြီ
ပညတ်ချက်တွေနဲ့ အတန်းထဲဝင်
ကျွန်တော်တို့ စာဆက်သင်သင့်ပါသလား ဆရာ...

အသေကျပ် အနေကျပ် ဘောင်ခတ်ထားတဲ့ ပညာရေး
ခေတ်အတွက်လည်း ဘာမှမပါဘူး
ကွန့်မြူးလာမယ့် အတွေးအခေါ်သစ်တွေဟာ
အာဏာရှင်စနစ်ရဲ့ အပြစ်အညစ်တွေကြားမှာ
မှုန်ဝါးနေတာကို လက်ပိုက်ကြည့်နေရမလား ဆရာ...

ခွင့်လွှတ်ပါဆရာရယ်..
ကျောင်းအလာ ပေတရာလမ်းပေါ်က
ယမ်းညှော်နံ့ သွေးညှီနံ့တွေက
ယနေ့ထိ ရဲနေဆဲမို့
တိုက်ပွဲက မပြီးသေးဘူး
အာဏာရူးတွေနဲ့ တိုက်ပွဲဆင်နွှဲရဦးမယ်...

ကျောင်းအပြန်မှာ ဒေါင်းအလံမတင်ရရင်တော့ဖြင့်
နေပါစေ ဆရာရယ်
“ ဆယ်ကမ္ဘာမကြေဘူး...! ”
ထူးတဲ့သမိုင်းတစ်ရပ်
သွေးနဲ့ ဆက်ရေးလိုက်မယ်
အမှန်တရား ပုရပိုဒ်ပေါ်
“တပြည့်မိုက်များ” ရယ်လို့
ကင်ပွန်းတပ်ထိုက်ပါသလား .. ဆရာခင်ဗျား... ။ ။

ညီတော်

မှတ်ချက်။ ။ ဗမာနိုင်ငံ ကျောင်းသားသမဂ္ဂ (ဗကသ)မှ ထုတ်ဝေသော အိုးဝေဂျာနယ်တွင် ဖော်ပြခဲ့သည့် ညီတော်၏ ကဗျာအား ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်။

No comments: