Dec 21, 2009

တို့တိုင်းပြည်

ထလော့မြန်မာ အိုမြန်မာတို့
တို့ရွာတို့မြေ တို့ရွာမြေ၀ယ်
စေတီစပါး များလည်းများ၏
များပါလေလည်း တမွဲမွဲနှင့်
ဆင်းရဲကာသာ ကာလကြာလျှင် ယာစကာမျိုး
တညှိုးညှိုးနှင့် ပုထိုးမြင့်မောင်း
ကျောင်းကြိုကျောင်းကြား လှည့်လည်သွားလျက်
မစားလေရ ၀မ်းမဝ၍
ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။

ထလော့မြန်မာ အိုမြန်မာတို့
တို့ရွာတို့မြေ တို့ရွာမြေ၀ယ်
ရေချိုသောက်ရန် မြစ်ချောင်းကန်နှင့်
သီးနှံချိုပျား များလည်းများ၏
များပါလေလည်း တမွဲမွဲနှင့်
ဆင်းရဲကာသာ ကာလကြာလျှင်
မြင်သာမြင်ရ မစားရ၍
တောက ပြိတ္တာဖြစ်မည်တည်း။

ထလော့မြန်မာ မြန်မာထလော့
အားမပျော့နှင့် မလျှော့လုံ့လ
သူကစ၍ ငါကအားလုံး
လက်ရုံးမြားမြောင် ဉာဏ်မြားမြောင်နှင့်
စွမ်းဆောင်ကြလေ ဆောင်ကြလေလော့
ဤမြေဤရွာ ဘယ်သူ့ရွာလဲ
ဤယာစပါး ဘယ်သူ့စပါးလဲ
ထားလော့တာဝန် ပွန်လော့လုပ်ငန်း
ဉာဏ်ရှေ့ပန်း၍ တ၀မ်းတစိတ် ညီစေသတည်း။

-ဆရာဇော်ဂျီ
(၂၀၀၉ ဒီဇင်ဘာ ၂၀ တွင် ကျင်းပပြုလုပ်သည့် စင်္ကာပူ စာပေဟောပြောပွဲ၌ ဆရာချစ်ဦးညိုရွတ်ဆိုခဲ့သည့် ကဗျာ)

1 comment:

Anonymous said...
This comment has been removed by a blog administrator.