Jan 30, 2008

အမှတ်မထင်လွတ်ကျသွားတဲ့ကဗျာ

ကွန်ပျူတာ ဖန်သားပြင်မှာ ပေါ်လာတဲ့ စကားတွေ
နားနဲ့ ဆတ်ဆတ်ကြားခဲ့တယ်
ဒီနေ့က နတ်ဆိုးတွေ ဂျိုတလွှားလွှားနဲ့ လမ်းသလားတဲ့နေ့
မျက်လှည့်ဆရာလို အစွမ်းမထက်ရင်တောင်
ကိုယ်ပျောက်ဆေးလေးဘာလေး ဆောင်ထားဖို့လိုမယ်
ရှာဟယ် ဖွေဟယ်ဆို အသာလေးချိုနေရုံပေါ့
ခုတော့ ပြောကြတယ်
ပြန်သွားတာ မင်းမှားတယ်တဲ့
လာနေတာ ငါလည်း မှားတာပဲ
ကမ္ဘာပေါ်မှာ ရှိသမျှ ဘာသာစကားနဲ့ ဆဲရေးပစ်လိုက်ချင်တယ်
လူမဆန်တဲ့လူတွေ လူဆန်ချင်လာတာ ဒုက္ခတစ်မျိုး မဟုတ်လား
ဘလော့ဂ်ရေးချင်တဲ့ လက်ကို ခွေးတွေ လိုက်လိုက်ဆွဲတယ်
ရင်ထဲက အနုပညာကို တံဆိပ်တွေ လိုက်လိုက်ကပ်တယ်
ပြီးတော့ နေ့ခင်းကြောင်တောင် သူရဲခြောက်တယ်
အလင်းထဲမှာ အမှောင်ကောင်တွေ နှောင့်ယှက်တုန်းပဲ
သူငယ်ချင်း .. မင်းရော..
အမှောင်ထဲမှာ အလင်းအိပ်မက်တွေ မက်နေတုန်းလား..
ဘာပဲဖြစ်ဖြစ်
အိပ်မက် (၈) ကို စောင့်နေမယ် .. ။ ။

ခေလွန်း

Read More...

Jan 1, 2008

ဟယ်လို ၂၀၀၈

၂၀၀၇ ခုနှစ်ကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းခဲ့သလား။ ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့သလား။ စိတ်ညစ်ညူးစရာတွေ များခဲ့သလား။ ပျော်ရွှင်ကြည်နူးစရာတွေ များခဲ့သလား။ အမှတ်တရ များစွာ.. အမှတ်ရစရာ များစွာ.. ပြန်မလိုချင်တဲ့ အချိန်တွေ ပြန်လိုချင်တဲ့ကာလတွေ .. အားလုံးအားလုံးနဲ့ အတူ ၂၀၀၇ ကို နှုတ်ဆက်ခဲ့ပြီ။

၂၀၀၇ ရဲ့ နောက်ဆုံးညကို ခင်ဗျားတို့ ဘယ်လို ကုန်ဆုံးခဲ့သလဲဆိုတာ သိခွင့်ရမယ်ဆိုရင်တော့ သိချင်ပါတယ်။ ကျွန်တော်ကတော့ Pasir Ris ကမ်းခြေမှာ နှစ်သစ်ကူးညကို ကုန်ဆုံးစေခဲ့တယ်။ ကျွန်တော့်ရဲ့ ပူပူနွေးနွေး ဇနီးကလေး ပိုး (သို့) စကားပန်း နဲ့အတူပေါ့။

အထက်တန်းကျောင်းကတည်းက အတူတက်ခဲ့ကြတဲ့ သူငယ်ချင်း ၂ ယောက်ကလည်း ၂၀၀၇ထဲမှာ ကျွန်တော့်လိုပဲ မင်္ဂလာဆောင်ခဲ့ကြတယ်လေ။ နှစ်သစ်ကူးညမတိုင်မီ အဲဒီညအတွက် တစ်နေရာရာသွားဖို့ စဉ်းစားတော့ စားသောက်စရာတွေ ကိုယ်စီချက်ပြုတ်လာပြီး ကမ်းခြေမှာ တဲထိုး အိပ်ကြမယ်လို့ တစ်ယောက်က အဆိုပြုတော့ အားလုံးက ကန့်ကွက်မဲမရှိ သဘောတူခဲ့ကြတယ်။

ဖြစ်ချင်တော့ ၃၀ ရက်နေ့ည စာကြည့်တိုက်က အပြန်မှာကတည်းက လူက ချမ်းစိမ့်စိမ့်နဲ့ နေထိုင်မကောင်းချင် သလို ဖြစ်နေပြီ။ ၃၁ရက်နေ့မှာ အလုပ်က နေ့တ၀က်ဆိုတော့ ခေါင်းတွေမူးနေတဲ့ကြားက အလုပ်ကိုတော့ ရောက်အောင် သွားခဲ့တယ်။ ထင်ထားတဲ့အတိုင်းပဲ အလုပ်မှာ စဉ်းစားရတဲ့အလုပ် ဘာမှ မလုပ်နိုင်ဘူး။ နာရီတကြည့်ကြည့်နဲ့ ဟိုနားဒီနားသွားလိုက် အင်တာနက်သုံးလိုက်နဲ့ ယောင်နေရတယ်။ အလုပ် နေ့တ၀က်ပြီးလို့ အိမ်ပြန်ရောက်တော့ နေ့လည် ၂ နာရီထိုးတော့မယ်။ ဒါနဲ့ နေ့လည်စာ စားသောက်ပြီး ခေါင်းမူးသက်သာအောင် တရေးအိပ်လိုက်တယ်။ ညနေစောင်း နိုးလည်း နိုးရော ကိုယ်က ပူနေပြီ။ မသွားတော့ဘဲ နေလိုက်ရင် ကောင်းမလား။ သူငယ်ချင်းတွေကို ဖုန်းဆက်ကြည့်တော့ အားလုံးက သွားဖို့အဆင်သင့်ဖြစ်နေပြီ။ အခုအချိန်မှ မသွားဘူးဆိုလည်း တကိုယ်ကောင်းဆန်ရာ ကျပါတယ်ဆိုပြီး ဖြစ်ချင်တာဖြစ်ဆိုတဲ့စိတ်နဲ့ ဆေးသောက်၊ ကျွန်တော် အိပ်နေတုန်း စားစရာတွေ၊ အထုပ်အပိုးတွေ အသင့်ပြင်ထားတဲ့ ပိုးနဲ့အတူ ဂစ်တာတစ်လက်ကို လွယ်ရင်း ထွက်လာခဲ့တယ်။

ချိန်းတဲ့နေရာအရောက် လူစုံကြတော့ အချိန်က ည ကိုးနာရီခွဲလုပြီ။ ကမ်းခြေမှာ လေတိုက်တော့ ပိုပြီး ချမ်းလာရော။ ဒါနဲ့ အရင်ရောက်ပြီး တဲထိုးနေနှင့်တဲ့ သူငယ်ချင်းတွေနဲ့အတူ ကျွန်တော်တို့ တဲကို ၀ိုင်းပြီး ထိုးလိုက်တော့ ခဏလေးနဲ့ ပြီးသွားခဲ့တယ်။ ဒါနဲ့ အစီအစဉ်တစ်အရ ညစာကို ပျော်ပျော်ပါးပါး စားကြတယ်။ ခဏနားပြီးတော့ အစီအစဉ် နှစ်အရ .. သောက်ကြတယ်။ ပုလင်းကတော့ ကျွန်တော့်အမေ လာတဲ့အခါ Duty Free မှာ ပြန်ဝယ်ပေးမယ်ဆိုတဲ့ သဘောတူညီချက်နဲ့ ဇင်ကိုလတ်ဆီက ယူထားတဲ့ Chivas ပါ။ ဖျားနေတဲ့အခါ များများသောက်လိုက်ရင် ပူပြီး ကောင်းသွားမှာဆိုတဲ့ စကားသံတွေ အောက်မှာ တစ်ခွက်ပြီး တစ်ခွက်။ နှစ်ခွက်လောက် သောက်ပြီးတဲ့အချိန်မှာ အဖျားတွေ ပျောက်သွားသလိုလို လူက ပျော်လာသလိုလို။ စကားတွေလည်း ပိုပြောလာတယ်။ ဂစ်တာသံတွေ ပိုထွက်လာတယ်။

၁၂နာရီထိုးဖို့ ၅ မိနစ်အလိုမှာကတည်းက နှစ်သစ်ကူးတာနဲ့ သူငယ်ချင်း သုံးယောက်လုံး တစ်ကျိုက်တည်း မော့သောက်ကြဖို့ ခွက်ကိုယ်စီ အဆင်သင့်လုပ်ထားပြီးပြီ။ သုံးမိနစ်အလိုမှာ ဖုန်းထဲမှာပါတဲ့ Stop Watch နဲ့ Count Down စတယ်။ ဒီလိုနဲ့ ၂ မိနစ် .. ၁ မိနစ်... ၃၀ စက္ကန့်.. ၅ .. ၄ .. ၃.. ၂.. ၁... Happy New Year!!! ခွက်တွေ ကိုယ်စီမော့လိုက်ကြတယ်။ သင်္ဘောဥသြဆွဲသံတွေလည်း အကျယ်ကြီးထွက်လာတယ်။

နောက် ခဏနေတော့ ဇင်ကိုလတ်၊ နေဘုန်းလတ်နဲ့ မောင်ပွတ်တို့ရောက်လာပြီး လာရောက်ပူးပေါင်းကြတယ်။ သီချင်းတွေဆိုကြ၊ ခွက်တွေထဲ ငှဲ့ကြ၊ စကားတွေပြောကြနဲ့ ပုလင်းကတော့ ဘယ်လိုကုန်သွားမှန်း မသိလိုက်တော့ဘူး။ မောင်ပွတ်ကတော့ ခြူကလေးဆီ ဖုန်းဆက်ဦးမယ်ဆိုလား။ နောက်တော့ သူတို့တတွေ ပြန်သွားကြတယ်။ ပြောရရင် အဲဒီအချိန်မှာ အတော်လေး ကောင်းနေပြီ။

ပြီးတော့ ဘယ်လိုအိပ်ပျော်သွားမှန်း မသိတော့ဘူး။ သူငယ်ချင်းတွေ ကောင်းမှုနဲ့ လေထိုးပေးထားတဲ့ လေမွေ့ရာပေါ်မှာ လုံးဝ မနိုးတမ်း အိပ်ပစ်လိုက်တယ်။ မနက်နိုးတော့ ခေါင်းတွေ အုံပြီး ကိုက်ခဲနေပြီ။ ညက သင်္ဘောဥသြဆွဲသလို မနက်ကျတော့ ကျွန်တော်ဥသြဆွဲတယ်။ မူးနေတာ သက်သာအောင် လိမ္မော်သီးစားတယ်။ ပြန်ထွက်တယ်။ Pepsi Twist သောက်တယ်။ ပြန်ထွက်တယ်။ ဗိုက်ထဲ ဘာဆိုဘာမှ မကျန်တော့ဘူး။ တော်ပြီ.. နောက်ဆို ကမ်းခြေမှာ တဲထိုးပြီး အိပ်တဲ့အခါ ဘယ်တော့မှ အရက်မသောက်တော့ဘူး။ အထူးသဖြင့် ဖျားနေတဲ့ အခါမျိုးမှာပေါ့။

အပြန် ကားစီးရင်ခေါင်းမူးပြီး ထပ်ဥသြဆွဲမှာ စိုးလို့ ရထားကို တကွေ့တပတ်ကြီး စီးပြီးပြန်လာခဲ့တယ်။ အိမ်ပြန်ရောက်တော့ ပိုး စီစဉ်ပေးတဲ့ လူမမာစာ ဆန်ပြုတ်လေးသောက်။ ဆေးသောက်။ အားပြည့်အောင် တရေးအိပ်။ နိုးတော့ ညစာ ဆန်ပြုတ်သောက်။ ဆေးသောက်။ ခုတော့ အဖျားလည်း ပျောက်လုလုဖြစ်နေတာနဲ့ ဒီပို့စ်လေးကို ရေးဖြစ်တယ်။ ခဏနေ မန်ယူပွဲကြည့်မယ်။

ဘာပဲဖြစ်ဖြစ် အမှတ်တရပေါ့လေ.. ။ ဟယ်လို ၂၀၀၈!



Read More...