Apr 17, 2008

နှစ်သစ်အမီ အကြာရှည်ဆုံး မက်ခဲ့ရတဲ့ အိပ်မက်

ကျွန်တော့်ဘလော့ဂ်ကို လာရောက်လည်ပတ်ကြသူတွေ အားလုံး မင်္ဂလာ နှစ်သစ်ဖြစ်ပါစေ။ အဲ.. လာမလည်နိုင်တဲ့သူတွေလည်း မင်္ဂလာနှစ်သစ် ဖြစ်ပါစေ။

မြန်မာနှစ်သစ်နဲ့အတူ ကျွန်တော်တို့တတွေ အကြာရှည်ဆုံး မက်ခဲ့ရတဲ့ အိပ်မက်တစ်ခုဖြစ်တဲ့ သံလွင်အိပ်မက် အတွဲ(၂) အမှတ်(၁) ကို ထုတ်ဝေနိုင်ခဲ့ပါပြီ။ သံလွင်အိပ်မက်ထွက်ပြီလားလို့ မေးနေတယ်ဆိုတဲ့ မတရား အဖမ်းဆီးခံထားရတဲ့ သူငယ်ချင်း နေဘုန်းလတ် တစ်ယောက်လည်း သံလွင်အိပ်မက် ထွက်ပြီဆိုတဲ့ သတင်းကို ကြားရရင် ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ထို့အတူပဲ သံလွင်အိပ်မက် မထွက်သေးဘူးလားလို့ တမေးထဲ မေးနေကြတဲ့ သူငယ်ချင်းတွေ၊ စာဖတ်ပရိသတ်တွေကိုလည်း အကြောင်းအမျိုးမျိုးကြောင့် မမျှော်လင့်ဘဲ အိပ်မက်ရှည်ကြီး တစ်ခုမက်နေခဲ့ရသလို ထွက်ဖို့ ကြာမြင့်နေခဲ့ရတဲ့အတွက် ခွင့်လွှတ်နားလည်ပေးကြဖို့ တောင်းပန်ပါရစေ။

အရင်ကထွက်ခဲ့တဲ့ အမှတ်(၁)ကနေ အမှတ်(၁၁) ကို ကျွန်တော်တို့တတွေ အတွဲ(၁) အနေနဲ့ သတ်မှတ်ယူဆပြီး အခု ၂၀၀၈ အတွင်းမှာ ဆက်လက်ထွက်ရှိလာမယ့် သံလွင်အိပ်မက် အွန်လိုင်းမဂ္ဂဇင်းအသစ်များကိုတော့ အတွဲ(၂) အနေနဲ့ သတ်မှတ်ပါမယ်။ နှစ်ဟောင်းနဲ့ အတူ ကျွန်တော်တို့ရဲ့ မဂ္ဂဇင်းစတိုင်အဟောင်းဖြစ်တဲ့ Flash Paper များကို ထားခဲ့ပြီး ဇော်ဂျီစာလုံးများနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ မဂ္ဂဇင်း version အသစ်နဲ့ နှစ်သစ်ကို စတင် ၀င်ရောက်ပါမယ်။ ဇော်ဂျီစာလုံးများနဲ့ အစားထိုး သုံးစွဲဖို့ မြန်မာဘလော့ဂ်များ စတင် ခေတ်စားကာစ ကာလတစ်ခုကတည်းက ရည်ရွယ်ခဲ့ပေမယ့် ဇော်ဂျီစာလုံးကို အသုံးပြုထားတဲ့ သံလွင်အိပ်မက်ဘလော့ဂ်ကို တည်ထောင်ထားခြင်းဖြင့်သာ နှစ်သိမ့်နေခဲ့ရပါတယ်။ အကြောင်းရင်းကတော့ ဇော်ဂျီ မြန်မာစာလုံး မရှိသူတွေ ဘယ်လိုဖတ်ကြမလဲဆိုပြီး တွေးတာရယ်၊ နောက်ပြီး အဲဒီလို ပြောင်းလဲဖို့ လူအင်အား နည်းပညာအင်အား မလုံလောက်သေးတာရယ်ကြောင့် အစီအစဉ်ကို ရွှေ့ဆိုင်းဖြစ်ခဲ့ပါတယ်။

၂၀၀၆ခုနှစ်နှောင်းပိုင်းနဲ့ ၂၀၀၇ ခုနှစ်လွန်ကာလများမှာတော့ မြန်မာဘလော့ဂ်တွေ တစထက်တစ ပိုမို ခေတ်စားလာတာနဲ့အမျှ အရင့်အရင်ကာလများထက်ပိုပြီး ဇော်ဂျီစာလုံးကို သုံးစွဲသူတွေ ပိုမို များပြားလာခဲ့ပါတယ်။ ဒါကြောင့် ဇော်ဂျီမြန်မာစာလုံးကို သုံးထားတဲ့ သံလွင်အိပ်မက်မဂ္ဂဇင်း စတိုင်အသစ်ကို စတင်ထုတ်ဝေဖို့ ကျွန်တော်တို့တတွေ စဉ်းစားဆုံးဖြတ်ခဲ့ပါတယ်။ နည်းပညာပိုင်းမှာ php နဲ့ css ကို ပိုင်နိုင်တဲ့ ဘလော့ဂါမောင်ပွတ်တစ်ယောက် ကျွန်တော်တို့ သံလွင်အိပ်မက် အယ်ဒီတာအဖွဲ့ထဲကို ပူးပေါင်း ပါဝင်လာနိုင်ခဲ့ခြင်းကြောင့် ဆိုရင်လည်း မမှားပါဘူး။ သံလွင်အိပ်မက်ကို ဖတ်ရာမှာ ဇော်ဂျီမြန်မာစာလုံး မရှိသူတွေလည်း ဇော်ဂျီစာလုံးမရှိပေမယ့် Internet Explorer ကနေ တဆင့် ဖတ်နိုင်ဖို့ အတွက် Microsoft Windows Font Embedding Technology(WEFT) ဖြစ်တဲ့ EOT ကိုလည်း ထည့်သွင်းထားပါတယ်။ Mozilla Firefox နဲ့ Safari Browser များကို သုံးစွဲသူတွေ အနေနဲ့ကတော့ ဇော်ဂျီစာလုံးမရှိဘူး ဆိုရင် မိမိစက်ထဲသွင်းနိုင်ဖို့ ဇော်ဂျီစာလုံးကို သံလွင်အိပ်မက်ကနေ တဆင့် Download
လုပ်နိုင်ပါတယ်။ ကျွန်တော်တို့ အယ်ဒီတာအဖွဲ့ရဲ့ အင်မတန်အားထားရပြီး အနုပညာ ကိုယ်ခံအားကောင်းတဲ့ အယ်ဒီတာ နေဘုန်းလတ်တစ်ယောက် သံတိုင်တွေ နောက်ကို မမျှော်လင့်ဘဲ ရောက်သွားခဲ့ရတာကတော့ သံလွင်အိပ်မက်အတွက် အတော့်ကို ကြီးမားတဲ့ ဆုံးရှုံးမှုပါပဲ။ နေဘုန်းလတ် အမြန်ဆုံး လွတ်မြောက်ပြီး သံလွင်အိပ်မက်အတွက် စာတွေ အတူတကွ ဆက်လက်ရေးသားနိုင်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။

ဒီတစ်ခေါက် မဂ္ဂဇင်းအတွက်တော့ ကဗျာတစ်ပုဒ်နဲ့ အမေရိကန်သမ္မတဟောင်း ဂျွန်အက်ဖ်ကနေဒီရဲ့ မိန့်ခွန်းဘာသာပြန်တစ်ပုဒ်ရေးဖြစ်ပါတယ်။ အက်ဆေး ရေးဖို့ စိတ်ကူးပေမယ့် မရေးဖြစ်ခဲ့ဘူး။ အခြား အခြားသော လိုအပ်တာများကိုတော့ အယ်ဒီတာ သူငယ်ချင်းများနဲ့အတူ လိုရင်လိုသလို ပူးပေါင်းရေးဖြစ်ခဲ့ပါတယ်။

သံလွင်အိပ်မက် အတွဲ(၂) အမှတ်(၁)ကို www.thanlwin.com မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။

သံလွင်အိပ်မက် အတွဲ(၂) အမှတ်(၂) အတွက် စာမူတွေ ပေးပို့လိုသူများအနေနဲ့ thanlwinainmat@gmail.com ကို ပေးပို့နိုင်ပါတယ်။ သံလွင်အိပ်မက်အတွက် ခင်ဗျားတို့ရဲ့ အားပေးမှုတွေကသာ အကောင်းဆုံးတွန်းအားဆိုရင် မှားမယ်မထင်ပါဘူး။ အစဉ်တစိုက် အားပေးကြသူတွေ အားလုံးကို ကျေးဇူး အထူးပဲ တင်ရှိပါတယ်။

Read More...

Apr 8, 2008

အိုင်ဖုန်းနှင့် သက်ဆိုင်သည့် အသုံးများသော ဝေါဟာရများ

Activation
အိုင်ဖုန်းကို ၀ယ်ယူပြီးနောက် ကွန်ပျူတာနှင့် ချိတ်ဆက်ကာ Apple ၏ မီဒီယာဆော့ဝဲလ် တစ်ခု ဖြစ်သည့် iTunes နှင့် ဖွင့်ပြီး Activation လုပ်ပြီးမှသာလျှင် အိုင်ဖုန်းကို စတင် သုံးစွဲနိုင်သည်။ ယေဘုယျအားဖြင့် ထိုသို့ ပြုလုပ်နိုင်ရန် AT & T သို့ Apple နှင့် သဘောတူညီမှုရယူထားသည့် ဆက်သွယ်ရေးကုမ္ပဏီနှင့် ကန်ထရိုက်ရှိရန် လိုအပ်သည်။ ကန်ထရိုက်မရှိသူများ အနေဖြင့် အိုင်ဖုန်းကို အလိုလို activate လုပ်ပေးနိုင်သည့် ဆော့ဝဲလ်များ (ဥပမာ-ZiPhone, iPlus, iLiberty Plus) ဖြင့် ပြုလုပ်ရန်လိုသည်။

Unlock
အိုင်ဖုန်းကို သုံးစွဲရာတွင် AT & T သို့ Apple နှင့် သဘောတူညီမှုရယူထားသည့် ဆက်သွယ်ရေးကုမ္ပဏီမှ ထုတ်ပေးသည့် SIM ကတ်များဖြင့်သာ အသုံးပြုနိုင်ရန် အထူးစီမံပြုလုပ်ထားသည်။ ထိုသို့ ပြုလုပ်ထားခြင်းကို ကျော်ဖြတ်ပြီး မည်သည့် ဆက်သွယ်ရေးကုမ္ပဏီမှ ထုတ်ပေးသည့် SIM ကတ်ဖြင့် မဆို ဆက်သွယ်ပြောဆိုနိုင်အောင် ပြုလုပ်ခြင်းကို Unlock လုပ်ခြင်းဟု ခေါ်သည်။

Jailbreak
အိုင်ဖုန်းတစ်လုံးတွင် စ၀ယ်ကတည်းက built-in ထည့်ပေးထားသော Google Map, Stock, Weather, You Tube, iTunes အစရှိသည့် ဆော့ဝဲလ်များ ပါဝင်သော်လည်း အခြားသော 3rd party vendor များမှ ရေးသား ထားသည့် native application များကို (ယခု စာရေးနေစဉ် အချိန်အထိ)ထည့်သွင်းခွင့် မပေးထားပါ။ ထိုသို့ ထည့်သွင်းနိုင်အောင် ပြုလုပ်ခြင်းကို jailbreak လုပ်ခြင်းဟု ခေါ်သည်။

3rd Party iPhone application
Apple မဟုတ်သည့် အခြားသော ဆော့ဝဲလ်ကုမ္ပဏီများမှ ရေးသားသည့် ဆော့ဝဲလ်များ၊ ဂိမ်းများကို ခေါ်ဆိုခြင်းဖြစ်သည်။ ဥပမာ - Nitendo Emulator (အိုင်ဖုန်းကို Nitendo Game သဖွယ် ဖြစ်အောင် ပြောင်းလဲပေးနိုင်သည့် ဆော့ဝဲလ်)၊ Chess (သို့) Sudoku အစရှိသည့် ဂိမ်းများ

iPhone Web Application
Apple မဟုတ်သည့် အခြားသော ဆော့ဝဲလ်ကုမ္ပဏီများမှ ရေးသားသည့် အင်တာနက်နှင့်ချိတ်တ်ဆက် အသုံးပြုရသော ဆော့ဝဲလ်များ၊ ဂိမ်းများကို ခေါ်ဆိုခြင်းဖြစ်သည်။

Baseband

အိုင်ဖုန်းတစ်လုံးတွင် ပါဝင်သည့် စက်ပစ္စည်းများနှင့် အိုင်ဖုန်း အသုံးပြုသည့်စနစ်တို့ အပြန်အလှန် ဆက်သွယ်နိုင်အောင် ကူညီပေးသော ပရိုဂရမ်တစ်ခု ဖြစ်သည်။ အိုင်ဖုန်းမှတဆင့် အသံ (သို့) အချက်အလက်များကို ဖုန်းတာဝါများသို့ ဆက်သွယ်ရန်လိုအပ်သည့် အခါတိုင်း baseband က အထောက်အကူ ပေးသည်။ ထို့အပြင် လက်ရှိ အသုံးပြုနေသော Sim Card သည် အသုံးပြုနိုင်ခြင်းရှိမရှိ၊ ဖုန်းအချိတ်အဆက်မိ မမိ စသည်တို့ကို စစ်ဆေးပေးသည်။ အိုင်ဖုန်းကို unlock လုပ်ခြင်းသည် baseband ကို မည်သည့် ဖုန်းဆက်သွယ်ရေးကုမ္ပဏီမှ ထုတ်သည့် Sim Card နှင့် မဆို အသုံးပြုနိုင်စေရန် ပြင်ဆင်ပေးလိုက်ခြင်း ဖြစ်သည်။ နောက်ဆုံး ထုတ်ဝေထားသည့် baseband version သည် 04.04.05_G ဖြစ်ပြီး Firmware version 1.1.4 အတွက် ဖြစ်သည်။

Firmware
Firmware ဆိုသည်မှာ ကွန်ပျူတာရှိ Windows စနစ်နှင့် အလားသဏ္ဍာန်တူသည်။ ကွန်ပျူတာတွင် Windows XP သုံးနေရာမှ Windows Vista ထွက်လာသည့်အခါတွင် ပြောင်းလဲ အသုံးပြုနိုင်သကဲ့သို့ ပိုမို ကောင်းမွန်ပြည့်စုံသည့် Firmware အသစ်ထွက်ပါက iTunes မှ တဆင့် အဆင့်မြှင့်ခြင်း ပြုလုပ်နိုင်သည်။ ယခု လက်ရှိအသုံးပြုနေသည့် Firmware version မှာ 1.1.4 ဖြစ်သည်။ မကြာခင် Firmware 2.0 ထွက်လာတော့မည် ဟုလည်း သိရသည်။

Bootloader
အိုင်ဖုန်းတွင် bootloader နှစ်ခုပါဝင်သည်။ တစ်ခုမှာ Arm Core bootloader ဖြစ်ပြီး အိုင်ဖုန်း အသုံးပြုသည့် စနစ်နှင့် သက်ဆိုင်သည်။ နောက်တစ်ခုမှာ baseband bootloader (အထက်တွင် ဖော်ပြပြီး) ဖြစ်သည်။ အိုင်ဖုန်းကို ပိတ်ထားရာမှ စပြီး ဖွင့်လိုက်သည့် အခါတွင် အစီအစဉ်တကျနှင့် အသုံးပြုနိုင်စေရန် ၎င်းက ဆောင်ရွက်ပေးသည်။ လတ်တလော အသုံးပြုနေကြသည့် အိုင်ဖုန်းများသည် bootloader version 3.9 နှင့် 4.6 ကို အသုံးပြုထားသည်။ 3.9 သည် စနစ်အဟောင်းဖြစ်ပြီး အထူးဆော့ဝဲလ်များမှ တဆင့် ထို bootloader version 3.9 ကို ကျော်ဖြတ်ကာ unlock လုပ်ခြင်း jailbreak လုပ်ခြင်းတို့ကို ပြုလုပ်နိုင်သည်။ ထိုသို့ အထူးဆော့ဝဲလ်များမှ တဆင့် ထို bootloader ကို ကျော်ဖြတ်ခြင်း မပြုနိုင်စေရန် Apple ကုမ္ပဏီမှ အသစ်ထုတ်သော ဖုန်းများတွင် version 4.6 ကို ထပ်မံ ထည့်သွင်းခဲ့သည်။ သို့ရာတွင် အထူးဆော့ဝဲလ်များထပ်မံထွက်ရှိလာပြီး version 4.6 ကို ဖယ်ရှားပြီး version 3.9 fakeblank bootloader ဟု ခေါ်သည့် ပြင်ဆင်မွမ်းမံထားသည့် bootloader မှ တဆင့် unlock လုပ်ခြင်း jailbreak လုပ်ခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။ သို့သော် ၎င်းကို ပြုလုပ်ရာတွင် မိမိ အသုံးပြုသည့် အထူးဆော့ဝဲလ်ကို လိုက်ပြီး အချို့ဆော့ဝဲလ်များမှာ လက်ရှိပါလာသည့် version 4.6 ကို လုံးဝ ဖျက်ပစ်ခြင်း၊ သို့မဟုတ် version 3.9 မှ တဆင့် version 4.6 သို့ ပြန်လည် ပြောင်းလဲမရခြင်းစသည့် ဘေးထွက်ဆိုးကျိုးများ ရှိသည့်အတွက် အသေအချာလေ့လာပြီးမှသာ Unlock လုပ်ခြင်း jailbreak လုပ်ခြင်းတို့ကို ပြုလုပ်သင့်သည်။ version 4.6 ဖြင့် ထုတ်ဝေထားသော ဖုန်းကို version 4.6 သို့ ပြန်လည်ပြီး ပြောင်းမရခဲ့ပါက warranty မရတော့ပါ။ ထို့အပြင် firmware အသစ်ထွက်လျှင်လည်း အဆင့်ြှမှင့်ခြင်း လုပ်နိုင်တော့မည် မဟုတ်သည်ကို သတိပြုပါ။

installer.app
၎င်းသည် အိုင်ဖုန်းကို jailbreak လုပ်ပြီးနောက် ထည့်သွင်းရသည့် ပရိုဂရမ်တစ်ခုဖြစ်သည်။ အချို့ဆော့ဝဲလ်များက jailbreak လုပ်ရာတွင် installer.app ကို တပါတည်း ထည့်သွင်းနိုင်ရန် ရွေးချယ်ခွင့်ပေးထားတတ်သည်။ ၎င်းသည် Wi-Fi မှတဆင့် အိုင်ဖုန်းထဲသို့ အခြားသော 3rd party application များကို ထည့်သွင်းခြင်း၊အဆင့်မြှင့်ခြင်း၊ ထုတ်ပယ်ခြင်းတို့ကို ပြုလုပ်နိုင်သည်။

Recovery Mode
အိုင်ဖုန်းထဲတွင် ရှိသမျှကို ဖျက်ပစ်ကာ မူလ၀ယ်ယူစဉ်က အတိုင်း အခြေအနေသို့ ပြန်လည်ပြုလုပ်လိုပါက ၎င်းကို အသုံးပြုပြီး iTunes မှ တဆင့် Firmware ပြန်လည် ထည့်သွင်းခြင်းဖြင့် ပြုလုပ်နိုင်သည်။ Recovery Mode သို့ သွားရန် Sleep/Wake ခလုတ်နှင့် Home ခလုတ်တို့ကို အိုင်ဖုန်း ပြန်လည်စတင်သည် အထိ ဖိထားပါ။ ပန်းသီးလိုဂိုလေးကို တွေ့ပါက ဖိထားသော Sleep/Wake ခလုတ်ကို လွှတ်ပြီး Home ခလုတ်ကို iTunes လိုဂိုပေါ်လာသည် အထိ ဖိထားပါ။ ၎င်းနောက် iTunes ကို အသုံးပြုပြီး Frimware ကို ပြန်လည် ထည့်သွင်းနိုင်ပါသည်။

DFU (Device Firmware Update) Mode
အိုင်ဖုန်းထဲတွင် ရှိသမျှကို ဖျက်ပစ်ကာ မူလ၀ယ်ယူစဉ်က အတိုင်း အခြေအနေသို့ ပြန်လည်ပြုလုပ်ရာတွင် recovery mode ဖြင့် ပြန်လည်မပြုလုပ်နိုင်ခဲ့ပါက DFU mode ဖြင့် ပြုလုပ်နိုင်သည်။ DFU mode သို့ ရောက်ရှိသွားပါက restore မလုပ်မချင်း အိုင်ဖုန်း၏ အသုံးပြုသည့် စနစ် (Operating System) ကို ပြန်လည် တင်ပေးလိမ့်မည် မဟုတ်ပါ။ Sleep/Wake ခလုတ်နှင့် Home ခလုတ်တို့ကို ၁၀ စက္ကန့်မျှ ကြာသည်အထိ ဖိထားပါ။ ပန်းသီးလိုဂိုလေးကို မတွေ့ရမီ ဖိထားသော Sleep/Wake ခလုတ်ကို လွှတ်ပြီး Home ခလုတ်ကို iTunes မှ recovery mode ထဲသို့ ရောက်ပြီဟု မဖော်ပြသရွေ့ ဖိထားပါ။ DFU mode ထဲသို့ ရောက်ပြီဆိုလျှင် အိုင်ဖုန်း ဖန်သားပြင်တစ်ခုလုံးတွင် မည်သည့်အရာမျှ လာပြတော့မည် မဟုတ်ပါ။ ထိုသို့ DFU mode ထဲသို့ ၀င်ရန်မှာ အချိန်ကိုက် လုပ်နိုင်ရန် လိုအပ်ပါသည်။

Wi-Fi (Wireless Fidelity)
အိုင်ဖုန်းတွင် အင်တာနက်နှင့် ဆက်သွယ်ရန် အသုံးပြုရသည့် ကြိုးမဲ့ ကွန်ယက်ဆက်သွယ်ရေး စနစ်ဖြစ်သည်။ အိုင်ဖုန်း အသုံးပြုမည့် နေရာနှင့် အနီးအနားတွင် ကြိုးမဲ့ကွန်ယက်များရှိပါက အင်တာနက်ကို အိုင်ဖုန်းမှ တဆင့် အသုံးပြုနိုင်သည်။

Bluetooth
အိုင်ဖုန်းတွင် ပါဝင်သည့် အခြားသော bluetooth enabled ပစ္စည်းများနှင့် ချိတ်ဆက်အသုံးပြုနိုင်သည့် ဆက်သွယ်ရေးစနစ်တစ်ခု ဖြစ်သည်။ ဥပမာ - Bluetooth earpiece, Bluetooth headphone

Sync (acrnoym for synchronisation)
အိုင်ဖုန်းရှိ သီချင်းများ၊ ဗီဒီယိုများ၊ podcast များကို မိမိ ကွန်ပျူတာတွင် ထည့်သွင်းထားသော iTunes ဆော့ဝဲလ်မှ တဆင့် ထည့်သွင်းခြင်း ဖြစ်သည်။
အိုင်ဖုန်း အတွင်းသို့ အဆိုပါဖိုင် အသစ်များ ထည့်သွင်းလိုပါက မိမိကွန်ပျူတာရှိ iTunes တွင် ပထမဦးစွာ ထည့်သွင်းပြီးနောက် အိုင်ဖုန်းကို USB port မှတဆင့် ကွန်ပျူတာတွင် တပ်ဆင်ကာ sync လုပ်ခြင်းဖြင့် မိမိ ထည့်သွင်းလိုသော ဖိုင်များ အလိုလို ရောက်ရှိသွားမည်ဖြစ်သည်။ မလိုသည့် ဖိုင်များကို ပြန်လည် ထုတ်လိုပါကလည်း ကွန်ပျူတာရှိ iTunes တွင် ဖျက်ပစ်ကာ အိုင်ဖုန်းကို တပ်ဆင်ပြီး sync လုပ်ခြင်းဖြင့် မိမိ မလိုတော့သည့် ဖိုင်များကို ရှင်းလင်းပစ်နိုင်သည်။

BSD SubSystem
၎င်းသည် Unix-based အသုံးပြုသည့်စနစ်တစ်ခုဖြစ်သည်။ အိုင်ဖုန်း အသုံးပြုသူအချို့က ၎င်းကို Jailbreak လုပ်ပြီးနောက် အိုင်ဖုန်း အတွင်းသို့ ထည့်သွင်းလေ့ ရှိကြသည်။

PodCast
၎င်းသည် ရေဒီယိုအသံလွှင့်ချက်များ၊ တေးဂီတများ၊ သတင်းများ၊ သုံးသပ်ချက်များ၊ ဗဟုသုတဖြစ်ဖွယ်များ၊ ဘာသာရပ်ဆိုင်ရာများ၊ ဘာသာစကားသင်ခန်းစာများ အစရှိသည်တို့ကို မိမိနားထောင်လိုသည့် အခါတွင် နားထောင်နိုင်စေရန် ကွန်ပျူတာအတွင်းသို့ ဖြစ်စေ၊ iPod သို့ iPhone သို့ ဖြစ်စေ ထည့်သွင်း နိုင်စေရန် ပြုလုပ်ထားခြင်း ဖြစ်သည်။ Apple မှ ထုတ်ဝေသော iTunes ဆော့ဝဲလ်မှ တဆင့် PodCast ပေါင်းများစွာကို အခမဲ့ subscribe လုပ်နိုင်သည်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် မိမိ subscribe လုပ်ထားသော PodCast များ အသစ်တင်လိုက်တိုင်း iTunes ထဲလို့ အလိုလို download လုပ်ပြီးသား ဖြစ်နေမည်။ ထို့နောက် မိမိ iPod သို့ iPhone ဖြင့် sync လုပ်ခြင်းဖြင့် မိမိ အားလပ်ချိန်တွင် PodCast များကို နားဆင်နိုင်သည်။

iPhone SDK (Software Development Kit)
၎င်းကို အိုင်ဖုန်းအတွက် Mac Platform မှတဆင့် ဆော့ဝဲလ်များ ရေးသားနိုင်စေရန် Apple ကုမ္ပဏီက မကြာမီကမှ ပရိုဂရမ်မာများအတွက် ထုတ်ဝေပေးလိုက်သည်။

Reference: Dictionary of iPhone Terminology

Read More...

Apr 4, 2008

အိုင်ဖုန်းနှင့် ကျွန်တော်

ပန်းသီးကုမ္ပဏီမှ ထုတ်လုပ်လိုက်သည့် အိုင်ဖုန်းတစ်လုံးကို ကျွန်တော် လိုချင်ခဲ့သည်မှာ အမေရိကန်နိုင်ငံတွင် စပြီး ထွက်ကာစ ၂၀၀၇ ခုနှစ်လယ် ဇွန် ၂၉ ကတည်းက ဖြစ်သည်။ ပန်းသီးကုမ္ပဏီ၏ အင်တာနက်စာမျက်နှာတွင် တင်ထားသော အိုင်ဖုန်းနှင့် သက်ဆိုင်သည့် ဓာတ်ပုံများ၊ ဗီဒီယိုများကို ကြည့်ရင်း အပိုင်ရလိုစိတ်များက တားမရ ဆီးမရ။ အိုင်ဖုန်းကို အမေရိကနှင့် ဥရောပတွင်သာ ရောင်းချဦးမည်ဆိုသောကြောင့် ကျွန်းနိုင်ငံသေးသေးလေးတွင် နေထိုင်သော ကျွန်တော့်အနေဖြင့် အိုင်ဖုန်းအလာ စင်္ကာပူကစောင့်ယုံသာ ရှိသည်။ အိုင်ဖုန်း မလာခင် အိုင်ပေါ့တက်ခ်ျ စင်္ကာပူကို ရောက်လာသည်။ အိုင်ပေါ့တက်ခ်ျသည် အိုင်ဖုန်းနှင့် အတော်လေး ဆင်တူပြီး ဖုန်းပြော မရသည်က လွဲလို့ အိုင်ဖုန်းနှင့် နင်လား ငါလားဖြစ်သည်။ အိုင်ပေါ့တက်ခ်ျကို orchard ရှိ ပန်းသီး အရောင်းဆိုင်တွင် သွားစမ်းကြည့်ပြီးတော့ အတော်လေး သဘောကျသည်။ သို့သော် အိုင်ပေါ့တက်ခ်ျက ဖုန်းပြောလို့ မရ။ မဖြစ်သေး။ အိုင်ဖုန်း လာသည့် အထိ စောင့်ဦးမည် ဟု တွေးကာ လှည့်ပြန်ခဲ့သည်။

သို့နှင့် မကြာသေးမီက အိုင်ဖုန်းနှင့် ဖူးစာဆုံရန် အကြောင်းဖန်လာသည်။ တလောက အလုပ်သွားစဉ် ရထားပေါ်တွင် အိုင်ဖုန်းနှင့် ဖုန်းပြောနေသူ တစ်ယောက်ကို တွေ့ရသည်။ အိုင်ဖုန်းကို စင်္ကာပူတွင် သုံးလို့ရနေပြီလား။ အိုင်ဖုန်းကို အသုံးပြုရန်အတွက် AT & T ကုမ္ပဏီနှင့် နှစ် နှစ် စာချုပ် ချုပ်ရသည်။ အိုင်ဖုန်းကို အမေရိကရှိ AT & T နှင့် ဥရောပရှိ အချို့သော ဆက်သွယ်ရေးကုမ္ပဏီများမှ လွဲပြီး ပြင်ပရှိ အခြားသော ဆက်သွယ်ရေးကုမ္ပဏီများမှ Sim Card များနှင့် အသုံးပြုလို့ မရအောင် လုပ်ထားသည်။ အဲဒါကို သုံးလို့ရအောင် လုပ်နိုင်တဲ့ နည်းလမ်းတွေ ရှိနေပြီလား။ မေးခွန်းပေါင်းများစွာ ထွက်လာပြီးနောက် အင်တာနက်တွင် လိုက်ရှာကြည့်တော့ သုံးလို့ရအောင် လုပ်နိုင်သည့် နည်းလမ်းများစွာ တွေ့လာသည်။ စင်္ကာပူရှိ အွန်လိုင်းဖိုရမ် တချို့တွင် အိုင်ဖုန်း 8GB သို့ 16GB အမျိုးအစားကိုလိုက်ပြီး စင်္ကာပူဒေါ်လာ ၇၅၀ ၊ ၈၅၀ ခန့်နှင့် ရောင်းနေကြသည်။ အမေရိကတွင် အိုင်ဖုန်း ထုတ်ကာစက 4GB နှင့် 8GB များသာ ထုတ်ခဲ့ပြီး ရောင်းမလောက်ဖြစ်ကာ လူများ တန်းစီပြီး ခွဲတမ်းဖြင့် တစ်ဦးကို အိုင်ဖုန်း နှစ်လုံးကျသာ ၀ယ်ယူခွင့်ရခဲ့သည်ဟု ဆိုသည်။ မကြာသေးမီက 8GB အပြင် 16GB ကို ရောင်းချခဲ့ပြီး မူလ ဖုန်းဈေးများကို လျှော့ချပစ်ခဲ့သည်ဟု ဆိုသည်။

အမေရိကန်တွင် နေထိုင်သည့် ကျွန်တော့်ယောက်ဖဖြစ်သူက သူ အိုင်ဖုန်းတစ်လုံး ၀ယ်လိုက်သည်ဟု ဂျီတော့ခ်တွင် ပြောလာသည်။ ဒီကကောင်က လိုချင်ပါတယ်ဆိုမှ ငိုချင်လျက် လက်တို့ဖြစ်နေပြီ။ သူများတွေ ၀ယ်တော့ ကိုယ်လည်း လိုချင်သည်။ မကြာခင် အမျိုးတွေ ဆုံကြရန် ဘန်ကောက် လာဦးမည်ဟု သိထားသဖြင့် ဘန်ကောက်မလာခင် အိုင်ဖုန်းတစ်လုံး ၀ယ်လာပေးရန် တင်ကြို မှာကြားထားလိုက်သည်။ ဧပြီလ ၁၀ရက်ခန့်တွင် ဘန်ကောက်မှ စင်္ကာပူသို့ ပြန်လာမည့် လူကြုံရှိတော့ အတော်ပဲဖြစ်သည်။ US-BKK-SG .. Free Delivery ပေါ့။ 8GB အမျိုးအစား အိုင်ဖုန်းပဲ ၀ယ်ခဲ့ပေးဖို့ မှာလိုက်သည်။ အမေရိကန်ဒေါ်လာ ၃၉၉ တဲ့။ အခွန်အခများနဲ့ ဆိုတော့ စုစုပေါင်း ၄၂၄ ဒေါ်လာကျသည်။ အိုင်ဖုန်းကို AT & T ၏ ကန်ထရိုက်နှင့် မဟုတ်ဘဲ unlock လုပ်ပြီး သုံးစွဲပါက အကြောင်းတစုံတရာကြောင့် ပျက်စီးလျှင် အာမခံမရ နိုင်တော့ကြောင်း ပန်းသီးစတိုးမှ အရောင်းသမားတစ်ဦးက ကျွန်တော့် ယောက်ဖကို ပြောလိုက်သည်ဟုဆိုသည်။ ကိစ္စမရှိပါ။ အနာသိလျှင် ဆေးရှိပါသည်။ အင်တာနက်ခေတ်တွင် မရဘူးဆိုသည့် အဆိုများ မှားယွင်းကြောင်း သက်သေပြမည့် လူစွမ်းကောင်းများ အလျှိုအလျှိုပေါ်ထွက်လာနေသည်။ အထူးသဖြင့် ပန်းသီးများ အသစ်ထုတ်သမျှ အိုင်ဖုန်းနှင့်သက်ဆိုင်သည့် update များကို hack ဖို့ နည်းလမ်းများ ဖြန့်ဝေပေးနေသည့် iPhone Dev Team အားကိုးဖြင့် အာမခံ မရတော့လျှင်လည်း ကိစ္စမရှိဟု ပြောလိုက်သေးသည်။ အားကိုးရကျိုးလည်း နပ်ပါသည်။ Mac အတွက် Pwnage Tool ထွက်လာပြီ။ မကြာခင်အချိန်အတွင်း Windows version လည်း လာမည်ဟု ဆိုသည်။

တလောက နေ့လည်စာ ထမင်းစားအပြီး ဟိုကြည့်ဒီကြည့်လုပ်တော့ ဖုန်းဆိုင်တစ်ဆိုင်တွင် အိုင်ဖုန်း ကာဗာများ၊ သားရေ အိတ်များ၊ Screen Filter များ ရောင်းနေသည်ကို တွေ့သဖြင့် ဆိုင်ရှင်နှင့် လေနည်းနည်း ပစ်လိုက်သေးသည်။ ဈေးက ၄၀ အထက်တွေချည်း ဖြစ်နေသည်။ ထိုစဉ် သူ့ ခါးတွင်ထိုးထားသော အိုင်ဖုန်းမှ အသံမြည်လာသည်။ ဆိုင်ရှင်က တရုတ်လို နည်းနည်းပါးပါး ရွတ်ရင်း ဖုန်းပြောပြီးသည့်အခါ မင်း အိုင်ဖုန်း ဘယ်လောက်ပေးရသလဲ ၁၀၀၀ ကျော်မှာပေါ့ ဆိုပြီး စကား စသည်။ ဒါနဲ့ မဟုတ်ပါဘူး။ အမေရိကန်က တိုက်ရိုက်မှာတာ.. ယူအက်စ် ၄၀၀ ကျော်ရုံပဲ ပေးရသည် .. ဖုန်းက မကြာခင် ရောက်လာမည် ဟု ပြောလိုက်သည်။ အဲဒါနဲ့ မင်း အိုင်ဖုန်းရောက်တဲ့အခါ Unlock လုပ်ဖို့ အကူအညီလိုရင် ပြောတဲ့။ ဒီလူ တယ်သဘောကောင်းပါလားလို့ စိတ်က ထင်မိသည်။ ဘယ်လောက် service fees ယူသလဲ မေးတော့မှ အိုင်ဖုန်း တကားကားနှင့်ဖြစ်သည့် တောင်ပို့ကြီးထံမှ ဖွတ်က ထွက်လာသည်။ သက်သက်သာသာဆိုရင် အပင်ပန်းမခံချင်လို့ မေးမိတာပါ။ အခုတော့ စင်္ကာပူဒေါ်တာ ၁၀၀ တဲ့။ အံမယ်.. လူကို အချဉ်များ မှတ်နေသလား။ နေပါစေတော့။ အင်တာနက်မှာ လုပ်စရာ နည်းလမ်းတွေ တပုံတပင်ရှိသည်။ ပိုက်ဆံတပြားမှ မပေးရသည့် ဆော့ဝဲလ်တွေက ကူညီရန် အသင့်ရှိသည်။ အမှန်တော့ သိသိကြီးနှင့် သွားမေးသည့် ကိုယ့်အပြစ်သာ ဖြစ်သည်။ အိုင်ဖုန်းရမှ ပြန်လာတော့မည်ဟု ပြောကာ လှည့်ထွက်ခဲ့သည်။

အမေရိကန်တွင် ၀ယ်ရသည်က စင်္ကာပူတွင် ၀ယ်ရသည်ထက်စာလျှင် အပုံကြီး သက်သာသည်။ ၂ နှစ် ၃ နှစ်လောက် သုံးလာခဲ့သည့် Sony Ericsson w550 walkman ဖုန်းကလေးကို မကြာခင် အနားပေးတော့မည်။ ကျွန်တော် မှာလိုက်သည့် အိုင်ဖုန်း ဘန်ကောက်သို့ ရောက်ပြီး မကြာခင်မှာပဲ စင်္ကာပူတွင် စက်တင်ဘာလမှ စပြီး အိုင်ဖုန်းများကို ဖြန့်ရန် Singtel မှ ကန်ထရိုက်ရသွားပြီဟူသော သတင်းကို ဖတ်လိုက်ရသည်။ ဘာပဲဖြစ်ဖြစ် ခြောက်လလောက် စောသုံးလို့ ရသည်။ သို့သော် အိုင်ဖုန်း အမျိုးအစားသစ် ထပ်ပြီး ထွက်ရန်အတွက် တာစူနေပြီဖြစ်သည်။ ယခုလက်ရှိ အိုင်ဖုန်း အမျိုးအစားသည် EDGE Technology ကို သုံးထားသည့် 2.5 G အမျိုးအစားဖြစ်သည်။ အသစ်ထွက်လာမည့် အိုင်ဖုန်းများကတော့ 3G ဖုန်းများ ဖြစ်နေမည် ဖြစ်သည်။ 3G ဖြစ်တော့ ဘာဖြစ်သလဲဟု မေးစရာရှိသည်။ 3G ဖြစ်တော့ video call လုပ်လို့ ရမည်။ ထို့အတွက် အိုင်ဖုန်းတွင် ပါပြီးသား 2 Mega pixel ကင်မရာအပြင် video call လုပ်နိုင်ရန် အတွက် ကင်မရာအသေးစားလေးတစ်ခု ထပ်မံပြီး ပါလာမည်။ အင်တာနက်ကို Wi-Fi (Wireless Fiedelity) မှ သုံးရာတွင် broadband နီးပါး မြန်ဆန်မှုရှိမည်။ နောက်ပြီး အခြား အခြားသော အသစ်တွေ ပါလာဦးမည်ဟု ကောလဟလ သတင်းတွေ ဖတ်နေရသည်။ ဘာပဲဖြစ်ဖြစ် လက်ရှိသုံးနေသည့် ဖုန်းထက် အများကြီး သာလွန်ပြီး ဖုန်း၊ ကင်မရာ၊ အင်တာနက်၊ အိုင်ပေါ့၊ ဓာတ်ပုံ၊ ဗီဒီယိုများ ကြည့်နိုင်သည့် အိုင်ဖုန်းသည် 3G ဖြစ်မနေလို့ ကိစ္စမရှိပါ။ 3G ဖုန်းကိုင်သူအများစုပင် 3G ၏ စွမ်းရည် အပြည့်အ၀ကို အသုံးချခြင်း မရှိကြဟု စစ်တမ်းများက ဆိုသည်။

အိုင်ဖုန်းရောက်လာလျှင် လက်ရှိဖုန်းရှိ 1.3 mega pixel ထက် သာလွန်ပြီး 2.0 mega pixel camra built-in ပါလာမည်။ လက်ရှိသုံးနေသည့် အိုင်ပေါ့ကို ရုံးအသွားတွင် ထည့်သွားစရာ မလိုတော့ ။ PodCast တွေကို အိုင်ပေါ့အစား အိုင်ဖုန်းထဲသို့ Synchronise လုပ်ရဦးမည်။ အမှတ်တရဓာတ်ပုံများ၊ ဗီဒီယို အပိုင်းအစများကို အိုင်ဖုန်းထဲ ပြောင်းထည့်ရမည်။ Wi-Fi ရသမျှ နေရာတိုင်းတွင် အင်တာနက်သုံးရင်း ဘလော့ခ်များဖတ်လိုက် အီးမေးလ်များ ပို့လိုက် ဖြစ်နေမည်။ ဂျီတော့ခ် ရမရတော့ မသေချာပါ။ Web Chat Client ဖြစ်သည့် meebo နှင့်ကတော့ အဆင်ပြေမည် ထင်သည်။ ရုံးအသွား အပြန် တစ်နာရီ နီးပါး ကုန်ဆုံးနေသည့် အချိန်များကို အိုင်ဖုန်း အကူအညီဖြင့် ချုံ့ပစ်ရမည်။ သို့နှင့် အိုင်ဖုန်းသည် မကြာခင်ကာလအတွင်းမှာပင် ကျွန်တော့်အတွက် လက်စွဲတော် revolutionary gadget လေးတစ်ခု ဖြစ်လာဦးမည်မှာ သေချာသည်။

ညီညီ(သံလွင်)

(လေ့လာထားသမျှ Jailbreak, Unlock, Pwnged, Activate, installer.app, baseband, bootloader အစရှိသည့် အိုင်ဖုန်း ဝေါဟာရများ၊ မည်သည့် ဖုန်းဆက်သွယ်ရေးကုမ္ပဏီမှ ထုတ်သည့် Sim Card ကို မဆို အိုင်ဖုန်းတွင် ထည့်သုံးနိုင်ရန် ပြုလုပ်လို့ ရသည့် ဆော့ဝဲလ်များနှင့် ထိုဆော့ဝဲလ်များ၏ အကျိုးအပြစ် သုံးသပ်ချက်များကို မကြာမီကာလတွင် ပို့စ်တစ်ခု အဖြစ် တင်ပေးသွားပါမည်။ )

Read More...

Apr 3, 2008

ဇာတ်ပွဲ

ငိုက်ချင်ယောင် ဆောင်နေလိုက်တယ်
မသိလိုက် မသိဘာသာပေါ့
ကြာတော့လည်း အကျင့်ပါလာတာ မဆန်းဘူး
အရပ်ကူပါ လူဝိုင်းပါ
ငါ လုပ်မလား သူ လုပ်မလား စောင့်ရင်း
ဟို လက်ညှိုးထိုး ဒီ လက်ညှိုးထိုး
မိုးခါးရေတွေက အလျှံအပယ်
ပြီးစလွယ်လုပ် ကြုံသလိုစခန်းသွား
ခပ်ပါးပါးလေး ပြုံးပြပြီး
ကူညီပါရစေ လို့ လောကွတ်ချော်
ပျော်ပျော်နေသေခဲတဲ့
ရူးချင်ယောင်ဆောင်
ကြောင်တောင်တောင်မျက်နှာပေးနဲ့
မပြီးနိုင် မစီးနိုင် မဟာဇာတ်တော်ကြီးကို အားပေးဖို့
ငိုက်မြည်းရာက ကမန်းကတန်းထပြီး လက်ခုပ်တဖြောင်းဖြောင်းတီးလိုက်တယ်
တစ်နိုင်ငံလုံး ဆူညံပွက်လောကို ရိုက်ရော .. ။ ။

ညီမင်းနိုင်

Read More...