Showing posts with label My Poems. Show all posts
Showing posts with label My Poems. Show all posts

Mar 10, 2010

ကစားပွဲ

"ကစားပွဲ"

ဝင်တိုးမလား
လူစုခွဲမလား
အင်အားပြမလား
အကွက်ရွေ့မှားရင် အစားခံရမယ်
ဘ၀ / နှစ်ထောင့်တစ်ဆယ်။

(ခေလွန်း)

("/" = မျဉ်းစောင်းဟု ဖတ်ပါ)

Read More...

Mar 19, 2009

စေတသိက်

“စေတသိက်”

စိတ်လိုလက်ရ မရှိမှတော့
စိတ်အချဉ်ပေါက်တာ ဘာဆန်းသလဲ
စိတ်လိုက်မာန်ပါ စကားလုံးတွေအကြောင်း
စိတ်ဆိုးမာန်ဆိုး မှတ်ချက်တွေ အကြောင်း
စိတ်မပါ လက်မပါ မနက်ခင်းတွေ အကြောင်း
စိတ်ပျက်လက်ပျက် ညနေခင်းတွေ အကြောင်း
စိတ်ပေါင်းကိုယ်ခွာ လုပ်ရတဲ့ လူတချို့နဲ့
စိတ်ခွာကိုယ်ပေါင်းလုပ်ရတဲ့ လူတချို့အကြောင်း
အိမ်အပြန်လမ်းပျောက်နေတဲ့ အလုပ်လက်မဲ့ တစ်ယောက်အကြောင်း
ဘလော့ရေးချင်စိတ် ကုန်ခမ်းနေတဲ့ ဘလော့ဂါ တစ်ယောက်အကြောင်း*
နေ့ဆိုအိပ်ပြီး ညဆို မအိပ်တဲ့ ဂျစ်ပစီ တစ်ယောက်အကြောင်း**
ရေးပြီးသားတွေကို Save မလုပ်ဘဲ စိတ်ထဲမှာပဲ လွှင့် လွှင့်ပစ်တတ်တဲ့ ကွန်ပျူတာသမား ကဗျာရူး တစ်ယောက်အကြောင်း
မိုးအကြောင်း လေအကြောင်း
ခင်ဗျားအကြောင်း ကျွန်တော့်အကြောင်း
လောကကြီးအကြောင်း
သတ်ပုံမှားနေတဲ့ ဘ၀တွေအကြောင်း
ဘာဆိုဘာအကြောင်းမှ မတွေးတော့ဘူး
စိတ်လွတ်ကိုယ်လွတ် အိပ်လိုက်တော့မှ
ကောင်းကင်တခွင်လုံး အလင်းတွေ ပွင့်ကျလာ...။

ခေလွန်း

*ဘလော့မရေး၍ ဘလော့ဂါဟု မသတ်မှတ်တော့လျှင် ဘလော့ဂါ အစား “လူ” ဟု ပြင်ဆင်ဖတ်ပါ
**အိမ်ပိုင်ရာပိုင် ရှိသည့်အခါ ဂျစ်ပစီ ဟု ခေါ်ရန် မလိုတော့ပါ

Read More...

Feb 4, 2009

ယောနသံနဲ့ တွေ့ဆုံခြင်း

“ယောနသံနဲ့ တွေ့ဆုံခြင်း”

ပျံသန်းမှုကို တတ်မြောက်ဖို့
ပျံသန်းမှုက လွတ်မြောက်ဖို့
ငါတို့ ပျံသန်းကြတယ်

ရှေ့က ကျောက်ဆောင်ကို ၀င်တိုးဖို့
အောက်က ချောက်နက်ထဲ ထိုးဆင်းဖို့
ငါတို့ ပျံသန်းကြတယ်

ပျံသန်းမှုကို အဓိပ္ပာယ်ဖွင့်ဖို့
ပျံသန်းမှုက ဖောက်ထွက်ဖို့
ငါတို့ ပျံသန်းကြတယ်

သွားလိုရာကို တမဟုတ်ချင်းရောက်ဖို့
နာမ်နဲ့ရုပ်နဲ့ ကွဲပြားအောင် ရှုမှတ်သိမြင်ဖို့
ငါတို့ ပျံသန်းကြတယ်

လောကဓမ္မကို နားလည်ဖို့
သောင်ပြင်ပေါ်က ဌက်တွေထက် အမြင့်ကြီးပျံဖို့
ငါတို့ ပျံသန်းကြတယ်။

သောင်ပြင်ပေါ်မှာ ခြေရာတွေ များပေမယ့်
တိမ်တွေပေါ်မှာ ခြေရာတွေ နည်းတယ်
သာမန်လောက် ပျံကြတာ များပေမယ့်
စိတ်စေရာအတိုင်း ပျံကြတာ နည်းတယ်
ယောနသံရဲ့ စကားသံအဆုံးမှာ
ငါတို့ ပျံသန်းကြတော့တယ်။

ခေလွန်း

Read More...

Jan 30, 2009

မီးစာ

“မီးစာ”

ပရမ်းပတာ ၀ါကျတွေကြားမှာ
မီးပွင့်တွေ ဖွာနေတာ သတိမထားမိလိုက်ဘူး
ဘ၀ဖယောင်းတိုင်ကို
ဖူးကနဲ မှုတ်လိုက်တဲ့အခါ
ငါ .. ပြာ ဖြစ်သွားတယ်။

ခေလွန်း

Read More...

Jan 20, 2009

အသက်ရှူနေသေးပေမယ့် မျက်လုံးတွေက သေ

ဒီကဗျာကို မကြာခင်ထွက်မယ့် သံလွင်အိပ်မက် အတွဲ(၃) အမှတ်(၁)မှာ ထည့်သုံးဖို့ ရည်ရွယ်ခဲ့ပေမယ့် နောက်ဆုံးတော့ တခြားကဗျာကောင်းတွေ ရှိနေတဲ့အတွက် မသုံးတော့ဘဲ ဘလော့ဂ်မှာပဲ တင်ဖို့ ဆုံးဖြတ်လိုက်တယ်။

"အသက်ရှူနေသေးပေမယ့် မျက်လုံးတွေက သေ"

အချိန်လွဲ
နေရာလွဲ
အားလုံးနဲ့ လွဲပြီးမှ မင်္ဂလာပါလို့ ထ နှုတ်ခွန်းဆက်
ဟောဒီကောင်ရဲ့ မျက်လုံးသေတွေ အောက်မှာမှ
ညဉ့်က နက်လွန်းတယ်။

အနေကြပ်
အသေခက်ပြီး
ငွေမက်လှတဲ့ လူတွေအကြား
မျက်လုံးအသေတွေနဲ့ပဲ ဟိုဟိုဒီဒီ လမ်းသလားနေခဲ့။



မြင်တာကို မမြင်သယောင်ပြုရ
မမြင်တာကို မြင်သယောင်ပြုရ
မြင်ယောင်လာရင် မျက်လုံးကို မှိတ်ပစ်ရ
မျက်လုံးကို မှိတ်ပစ်ရတဲ့အခါ မျက်ရည်ကျရ
မျက်လုံးတွေ သေပေမယ့် ခံစားမှုက အရောင်းထိုင်းမသွားဘူး
အကျဉ်းအကျယ်ဟာ ဘောင်အတူတူ ဖြစ်သလို
အလင်းအမှောင်ဟာလည်း အရောင်အတူတူ ဖြစ်လေရဲ့။

အရေးမကြီးတာတွေ ထားခဲ့ဖို့ ကောင်းပြီဆိုတာ
ရေးကြီးခွင်ကျယ်လုပ်ပြီး ပြောမနေပါနဲ့တော့
လျှော့လိုက် တင်းလိုက်..
ဘ၀ကို စိန်ပြေနပြေ မျှားခဲ့ပြီးမှ
မျက်လုံးအသေတွေချည်း တခုတ်တရ မိခဲ့တယ်။

ခေလွန်း



မကြာခင်ထွက်မယ့် သံလွင်အိပ်မက် အသစ်မှာ ပါဝင်ဖို့ ရွေးချယ်ထားတဲ့ ကဗျာ (၉) ပုဒ်ကတော့
(၁)ခေါင်းစဉ်မရှိ စောင့်စားခြင်း - ခန့်နေ
(၂)ရင်ထဲက ဒီဇင်ဘာ - ချိုဧပရယ်
(၃)ချစ်လမ်းရယ်ခေ - မွန်းသက်ပန်(ဆေး ၁)
(၄)သွေးစုပ်ဖုတ်ကောင် - ပန်ဒိုရာ
(၅)အင်စတော်လေးရှင်းဝါကျများ - မိုးလှိုင်ည
(၆)သင်ရိုးမရှိတဲ့ကျောင်း - နေဘုန်းလတ်
(၇)သဒ္ဓါပေါက်လို့ လာရောက်လှူဒါန်းတယ်ဆိုလည်း - သိုးထိန်း
(၈)ငတုံးတစ်ကောင်ရဲ့ ပရမ်းပတာ - ဇေသန်း
(၉)စေ - ညနေဥာဏ်

Read More...

Dec 31, 2008

၂၀၀၉ မနိုးသေးခင် ရေးတဲ့ကဗျာ

အလန့်တကြား အိပ်ပျော်နေရာက
နှစ်နှစ်ခြိုက်ခြိုက် နိုးထလာခဲ့
အညောင်းအညာပြေ လမ်းလျှောက်ထွက်လာတဲ့ ငှက်တွေကို
အတောင်ခပ်ပြင်းပြင်းခတ် ပျံရင်းနဲ့ နှုတ်ဆက်ခဲ့
မဖတ်ဖြစ်လိုက်တဲ့ မနက်စာအစား
သတင်းစာ တစ်စောင်ကိုပဲ မျိုချဖြစ်ခဲ့
အရာအားလုံး ငြိမ်သက်သွားတဲ့အခါ
အဆူညံဆုံး အသံဟာ ငြိမ်သက်ခြင်း ဖြစ်မလား
အငြိမ်သက်ဆုံး အသံဟာ ဆူညံခြင်း ဖြစ်မလား။

သင်္ကေတတွေ ၀ါးထားလိုက်
နိမိတ်ပုံတွေ မေ့ပစ်လိုက်
အစ်ဇင်တွေ အကုန် နားထားလိုက်
ကဗျာတစ်ပုဒ်လောက် ရှိုက်ရင်း
ဆေးလိပ်တစ်လိပ်လောက် ချရေးကြည့်တယ်
Jack Daniel လက်ကျန်တွေ တီးခတ်ရင်း
ဂစ်တာတစ်လက်နဲ့ သီချင်းတွေ တစ်ပုဒ်ပြီး တစ်ပုဒ် သောက်
အဲဒီဂစ်တာ မူးပြီး မှောက်သွားတဲ့အထိ။

ပြီးခဲ့တဲ့နှစ်သစ်ကူးညက ရိုက်ဖြစ်တဲ့ ပုံကို ပြန်ကြည့်ဖြစ်တဲ့အခါ
ခုတော့
တစ်ယောက်က ကွန်ဂိုမှာ
တစ်ယောက်က ဆန်ဖရန်မှာ
တစ်ယောက်က ဘားအံထောင်မှာ
တစ်ယောက်က ...
တစ်ယောက်က ...
တစ်ယောက်က ... ။

hapPY neW yeAR !!!
အော်သံတွေ ရုတ်တရက် ထွက်လာတယ်
နယူးရီးယားတဲ့လား
Cheers! ပါ သူငယ်ချင်းတို့ရေ .. ။ ။

ခေလွန်း
ဒီဇင်ဘာလ ၃၁ ရက်၊ ၂၀၀၈
နံနက် ၂ နာရီ ၃၀ မိနစ်

(၂၀၀၈ ခုနှစ်အတွက် နောက်ဆုံး ရေးဖြစ်တဲ့ ကဗျာ)

Read More...

Nov 26, 2008

လွဲနေတဲ့ကဗျာ

၈ နာရီခွဲကနေ ၆ နာရီ အထိ
ဦးနှောက်ကို ချရောင်း
ခံစားချက် ဟောင်းလောင်းနဲ့
မန်နေဂျာရဲ့ သေနတ်ပြောင်းဝရှေ့မှာ ရပ်
ဘာဆိုဘာမှ
အာမခံချက် မရှိတဲ့ နေ့ရက်တွေထဲ။

မနေ့ကလည်း ဒီနေ့အတိုင်း
ဒီနေ့လည်း မနေ့က အတိုင်း
မနေ့ကလည်း မနက်ဖြန်အတိုင်း
မနက်ဖြန်လည်း ဒီနေ့အတိုင်း
ဒီနေ့လည်း မနက်ဖြန်အတိုင်း
မနက်ဖြန်လည်း မနေ့ကအတိုင်း
ကမ္ဘာကြီးဟာ ဦးတည်ရာမဲ့ လည်နေသလိုလိုနဲ့ ရပ်တန့်နေ။

တန်ဖိုးဆိုတာ
ရောင်းသူသက်သက်
ဝယ်သူသက်သက် ဆုံးဖြတ်နိုင်တဲ့ ကိစ္စမဟုတ်ဘူး
ပညာ၊ ဥစ္စာ၊ အောင်မြင်မှုရဲ့ တန်ရာတန်ဖိုးဟာ
ခင်ဗျား ဘယ်လောက်လိုချင်သလဲဆိုတာ၊
ခင်ဗျား ဘယ်လောက်ပေးနိုင်သလဲဆိုတာနဲ့ စကားပြောတယ်
ဝယ်လိုအား ရောင်းလိုအား မမျှတဲ့ အနေအထားမှာ
လကုန်ရင် ၀င်လာမယ့် ကိန်းဂဏန်းတွေ
လကုန်ရင် ထွက်သွားမယ့် ကိန်းဂဏန်းတွေကို
နေ့စဉ်ရက်ဆက်ဆိုသလို
တွက်ရချက်ရ တိုင်းရထွာရ ချိန်ရဆရ
တကယ်တော့ ငွေဆိုတာ အတ္တစက္ကူပါး တစ်မျိုးပဲ
ဘ၀ကတော့ ကာရန်လွဲနေတဲ့ ကဗျာတစ်ပုဒ်ပေါ့
အစီအစဉ်မကျစွာ အစီအစဉ်ကျနေတာကလွဲရင်
လွဲနေတဲ့ကဗျာကိုချည်း တောက်လျှောက် ရွတ်နေမိခဲ့တယ်။

ခေလွန်း
ညနေ ၄ နာရီ ၆ မိနစ်
၂၆ ရက် နိုဝင်ဘာလ၊ ၂၀၀၈

Read More...

Nov 3, 2008

အိပ်မက်တွေ လက်တွေ့မဖြစ်မချင်း

ကဗျာဆရာက ပြောတယ်
လေးလုံးစပ်ကဗျာတစ်ပုဒ်လောက်နဲ့
ဟတ်မထိတော့ဘူး တဲ့။

စကားလုံးဆန်းဆန်းတွေက
စမ်းတ၀ါးဝါးနဲ့ ဟိုဝင်တိုက် ဒီဝင်တိုက်
ဘာလဲ.. မောလွန်းလို့ ဟိုက်နေသလား
ခဏ နားပြီးတဲ့အခါ
အရင်အတိုင်းပဲ ဒုန်းစိုင်းသွားတာပေါ့။

ရောက်.. ရောက်လုပြီလား
ရောက်.. ရောက်လုနိုးလား
ရောက်.. ရောက်လုခင်လား
ပျောက်.. ပျောက်နေတုန်းပဲ။

ဒီလိုနဲ့ အိပ်မက်တွေ
ဝေး
လွှင့်
ကွယ်
ပျောက်။

ကံကြမ္မာအလှည့်အပြောင်းမှာ
မှောက်ထားတဲ့ ဖဲတစ်ချပ်ကို လှန်လိုက်တဲ့အခါ
မျှော်လင့်ထားသလို ဗလာမဲ ဖြစ်နေပြီး
ကံစမ်းမဲ တစ်ခုကို ဖွင့်လိုက်တဲ့အခါ
မျှော်လင့်ထားသလို စပိတ်တစ် ဖြစ်နေခဲ့
ဟက်ဟက်ပက်ပက် ရယ်လိုက်ပါ
သံပရာသီးတွေ ချိုပြီး ပျားရည်တွေ ချဉ်သွားတဲ့အထိ
ဘ၀ဆိုတဲ့ အရသာကို ခံတွင်း မတွေ့မိသေးဘူး။

ခေလွန်း
3:36 PM
Nov 3, 2008

Read More...

Oct 20, 2008

အသင့်အနေအထား




မနက်ဖြန်ကို ရောက်ဖို့
စောင့်ရတာ ကြာခဲ့ပြီရော။

ဒီအလျော်အစားအတွက်
ဘ၀နှစ်ခုစာ လောင်းကြေးထပ်ခဲ့တယ်။

ထောင့်စုံအောင် မေးမယ့် မေးခွန်းတွေထက်
အဆုံးအဖြတ်တစ်ခုပဲ လိုချင်ခဲ့တာ။

ဒီတော့ .... တစ်ခွန်းထဲ ရဲရဲ ပြောလိုက်ပါ
ငါ .......... အဖြေကို နားစွင့်ထားတယ်။

ခေလွန်း

Read More...

Oct 7, 2008

အတောင်ပံခတ်သံများ ၂၈ ခါတိတိ

၂၀ + ၈ ဖြစ်ဖြစ်
၃၀ - ၂ ဖြစ်ဖြစ်
မျှော်လင့်ချက်အသစ်နဲ့အတူ ၂၈ ရောက်လာတယ်။

၁၉၈၀ ၁၀လပိုင်း ၇ ရက်နေ့ဟာ အင်္ဂါနေ့ ဖြစ်သလို
၂၀၀၈ ၁၀လပိုင်း ၇ ရက်နေ့ဟာ အင်္ဂါနေ့ ဖြစ်တယ်။

(၁၉၈၀-၁၉၉၉)
မိသားစုထဲ နောက်ဆုံးမှ ရောက်လာတဲ့ သားကို
ဘယ်သူနဲ့ ယှဉ်ယှဉ်
အမြဲရှေ့ဆုံးမှာ ရောက်ချင်ခဲ့ပေမယ့်
ကျရှုံးတိုင်း နားလည်တတ်တဲ့ အဖေနဲ့ အမေ
အောင်မြင်တိုင်း ဂုဏ်ယူတတ်တဲ့ အဖေနဲ့ အမေ။

(၁၉၉၉)
ဦးသုံးကြိမ်ချပြီး ခပ်မြန်မြန် ခတ်လိုက်တဲ့ မျက်တောင်တွေ အောက်
ငိုမဲ့မဲ့ဟန် မပေါက်အောင် ကြိုးစား..
"သား .. သွားတော့မယ်" လို့ နှုတ်ဆက်
နယ်မြေသစ်တွေ ရှာဖို့ထွက်ခဲ့ရ
စင်္ကာပူရဆိုတဲ့ ကျွန်းကလေးထဲ ၉ နှစ်တာ။

(၂၀၀၈)
၉ နှစ်ကြာ ရှာတာတောင် အခြေချစရာ နေရာ စိတ်တိုင်းကျ မတွေ့
အရိုးများသလေး ချီးခါးသလေး ပြောတတ်တဲ့ သား
ကမ္ဘာတဘက်ခြမ်းမှာ ထပ်ရှာဖို့ ကြိုးစားမယ်။

အဝေးကြီးသွားတာ အနီးဆုံးပြန်ဖို့
အဝေးကြီးသွားတာ အနီးဆုံးပြန်ဖို့
အဝေးကြီးသွားတာ အနီးဆုံးပြန်ဖို့
ဒီလိုပဲ ကိုယ့်ဟာကိုယ် ဖြေသိမ့်
နိမ့်ဆင်းလိုက် မြင့်တက်လိုက်
လေဟုန်စီးဆဲ ငှက်တစ်ကောင်
ကမ္ဘာဆိုတဲ့ လှောင်ချိုင့်ထဲ ၂၈ နှစ်တာ။

ခေလွန်း
၇၊ ၁၀၊ ၂၀၀၈

Read More...

Oct 3, 2008

စည်းအပြင်ကလူ

အဲလ်ဘတ်ကမူးရေးတဲ့ စည်းအပြင်ကလူ (Outsider) အကြောင်းရေးမှာ မဟုတ်သလို ကျွန်တော့်သူငယ်ချင်း ကိုဖြိုးရဲ့ စည်းအပြင်ကလူ ဆိုတဲ့ ဘလော့နဲ့လည်း မသက်ဆိုင်ပါဘူး။ လက်ရှိ အလုပ်က အကြောင်းအရာလေး တချို့ကို ရေးချင်တာပါ။ တခါက စီဘောက်စ်မှာ အလုပ်အကြောင်းတွေ ရေးပါလားဆိုပြီး တစ်ယောက်က အကြံပေးဘူးတယ်။ ရေးဖို့ စိတ်ကူးရှိခဲ့ပေမယ့် အကြောင်းမတိုက်ဆိုင်လို့ မရေးဖြစ်ဘူး ဆိုပါတော့။

၂၀၀၇ ဇူလိုင်လ ၁၁ ရက်မှာ ဒီအလုပ်ကို စ၀င်ခဲ့တော့ အခုဆို ဘာလိုလိုနဲ့ တစ်နှစ်ကျော် ရှိပါပြီ။ Job Title ကတော့ System Analyst ပေါ့။ ၆ နှစ်လောက် စင်္ကာပူမှာ အလုပ် လုပ်ဖူးခဲ့သမျှ အတွေ့အကြုံအရတော့ Software Developer ဖြစ်ဖြစ်၊ Software Engineer ဖြစ်ဖြစ်၊ System Analyst ဖြစ်ဖြစ် သံတူကြောင်းကွဲ အမည်သာကွဲပေမယ့် လုပ်ရတာကတော့ သိပ်မကွာလှပါဘူး။ လုပ်သက်များရင် ကုမ္ပဏီ ခပ်သေးသေးမှာ လုပ်တဲ့အခါ Senior ရာထူး ရတတ်ပြီး ကုမ္ပဏီကြီးတွေမှာတော့ တော်ရုံနဲ့ Senior ပေးလေ့ မရှိပါဘူး။ အခုအလုပ်မှာလည်း စင်္ကာပူက အိုင်တီအလုပ်တို့ ထုံးစံအတိုင်း ကန်ထရိုက် (contract) နဲ့ လုပ်ရတာပါ။ အလုပ်မ၀င်ခင်ကတော့ ၆လ ကန်ထရိုက်မို့ မလုပ်ချင်ပါဘူး။ ဒါပေမယ့် အေးဂျင့်က ၆လလောက် လုပ်ပြီးရင် အမြဲတမ်းဝန်ထမ်း (Permanent Staff) ပြောင်းချင် ပြောင်းလိမ့်မယ်လို့ မက်လုံးပေးတာရယ် ရမယ့် လခက ကိုယ်မှန်းထားသလောက် ဖြစ်နေတာရယ်ကြောင့် ၀င်လုပ်ဖြစ်ခဲ့တယ်။

ကျွန်တော့်ကို အင်တာဗျူးလုပ်ခဲ့တဲ့ ပရောဂျတ်မန်နေဂျာနဲ့ကလည်း အတော်လေး အဆင်ပြေပါတယ်။ သူက မလေးရှားမှာ မွေးတဲ့ တရုတ်အမျိုးသားပါ။ ကျွန်တော်တို့က Client ရဲ့ ရုံးမှာ အဖွဲ့လိုက်လာပြီး လုပ်ရတာပါ။ ကျွန်တော်တို့လိုပဲ HP ၊ Accenture ၊ Avanade ၊ NCS စတဲ့ အခြား IT Vendor တွေလည်း ရှိပါတယ်။ ပရောဂျတ် မန်နေဂျာကတော့ ကိုယ့်ကို ကန်ထရိုက်နဲ့ လုပ်နေတဲ့လူဆိုပြီး ခွဲခြား ဆက်ဆံတာမျိုး မရှိပါဘူး။ အဲဒီတုန်းက ကျွန်တော်ရယ်၊ အဖွဲ့ထဲမှာ အတူ အလုပ်လုပ်တဲ့ အိန္ဒိယအမျိုးသမီး နှစ်ယောက်ရယ်က ကန်ထရိုက်နဲ့ လုပ်ကြတဲ့သူတွေပါ။ နောက်တော့ ပရောဂျတ် မန်နေဂျာက OCBC ဘဏ်ကို အလုပ်ပြောင်းသွားတယ်။ အတူ လုပ်ခဲ့တဲ့ အိန္ဒိယအမျိုးသမီးကလည်း JP Morgan မှာ အမြဲတမ်းဝန်ထမ်း အနေနဲ့ အလုပ်ရသွားတော့ ပြောင်းသွားတယ်။

ပရောဂျတ် မန်နေဂျာအသစ်က အမျိုးသမီးပါ။ လူမှုရေးနားမလည်သလို အလိုက်ကန်းဆိုးလည်း မသိပါဘူး။ သူ့အတွက် အလုပ်ပြီးဖို့က လိုရင်းပါ။ တခြား ကိစ္စ တွေကို လူသားဆန်ဆန် သိပ်မတွေးပါဘူး။ သူရောက်လာပြီးကတည်းက တစ်ဖွဲ့လုံးဟာ အဖွဲ့ငယ်လေးတွေ ကွဲသွားတယ်။ ပရောဂျတ် မန်နေဂျာ အသစ်က စလုံး (စင်္ကာပူနိုင်ငံသား) ဆိုတော့ အခြား စလုံး အမျိုးသမီး နှစ်ယောက်နဲ့ပဲ အဖွဲ့ကျလေ့ရှိတယ်။ သူ ပြောင်းလာကာစက နေ့လည်စာကို တစ်ဖွဲ့လုံး အတူသွားစားကြတဲ့အခါ ဘာစကားမှ မပြောဘဲ ငြိမ်နေပါတယ်။ သူက ဘာမှ မပြောဘဲနေနေတော့ ကျန်တဲ့သူတွေက ဘာအသံမှ မထွက်တော့ဘူး။ ပြောင်းလာကာစ နည်းနည်းရှိန်နေသေးလို့လားလို့ ထင်မိပေမယ့် နောက်ပိုင်းလည်း အဲလိုပါပဲ။ ဒီလိုနဲ့ တစ်ဖွဲ့လုံးအတူ နေ့လည်စာ သွားစားတယ် ဆိုတာ အတော့်ကို နည်းသွားပြီး ကျွန်တော်လည်း ကိုယ့်ဟာကိုယ် သွားစားဖြစ်တာ များလာတယ်။ နောက်ပိုင်းမှာ နေ့လည်စာကို ကျွန်တော်တို့နဲ့ ကုမ္ပဏီတူပေမယ့် အခြား အဖွဲ့တစ်ခုက အိန္ဒိယအမျိုးသား တစ်ယောက်နဲ့ တစ်ပတ်ကို တစ်ခါ နှစ်ခါလောက် သွားစားဖြစ်တယ်။ သူကလည်း နိုင်ငံရေး စိတ်ပါတော့ သူနဲ့ နေ့လည်စာ အတူစားကြတဲ့အခါ စားရင်းသောက်ရင်း နိုင်ငံရေး အကြောင်းတွေ၊ ကမ္ဘာ့ရေးရာတွေချည်း ပြောနေမိတာပဲ များတယ်။

ကျွန်တော်တို့ အဖွဲ့မှာ ရှိတာမှ လူ ၇ ယောက်ထဲကို အိန္ဒိယအုပ်စု ၊ စလုံးအုပ်စုနဲ့ ကျွန်တော် တစ်ယောက်တည်း မြန်မာ ဆိုပြီး သုံးစု ကွဲသလို ဖြစ်လာတယ်။ အိန္ဒိယအမျိုးသား နှစ်ယောက်ကလည်း အားအားရှိ ဆေးလိပ်ဆင်းသောက်မယ် ဆိုတာချည်းပဲ။ ကျွန်တော့်မှာ ဆေးလိပ်လည်း မသောက်တတ် နေ့လည်စာလည်း အတူ ထွက်မစားဖြစ်ကြတော့ အလုပ်ကိစ္စက လွဲရင် စကားအပို မပြောဖြစ်တော့ဘူး။ တခါတခါ အလုပ်ပါးတဲ့ ရက်၊ ရေးထားတဲ့ ပရိုဂရမ်တွေကို User တွေ အဆင်ပြေမပြေ စစ်နေတုန်း စောင့်နေရတဲ့ရက်တွေမှာဆို မနက် ရုံးလာ၊ သတင်းဖတ်၊ အီးဘွတ်ခ်လေး ဘာလေးဖတ်၊ နေ့လည်စာ တစ်ယောက်တည်း သွားစား၊ ဘလော့ဂ်တွေ ဖတ်၊ ဘလော့ဂ်ရေး၊ ကွန်ပျူတာနဲ့ ပတ်သက်တာလေးတွေ လေ့လာစရာ ရှိတာ လေ့လာ၊ ညနေ အိမ်ပြန်နဲ့ တစ်နေ့လုံး ဘယ်သူနဲ့မှ စကားတစ်ခွန်းတောင် မပြောဖြစ်ဘူး။ ပရောဂျတ် မန်နေဂျာကလည်း လုပ်စရာရှိရင် အီးမေးလ် ပို့ထားသေးတယ်။ အဲဒီ အီးမေးလ်ကို မစစ်မိရင် သူခိုင်းထားတာကို မလုပ်သေးဘူးလား ဘာလုပ်နေလဲ ဆိုပြီး ရစ်ဦးမယ်။ အမှန်က သူထိုင်တဲ့ နေရာနဲ့ ကျွန်တော် ထိုင်တဲ့ နေရာက ၁ ကိုက်လောက်ပဲ ကွာမယ်။ အဲဒါကို လှမ်းပြောရင် ရသားနဲ့ မပြောဘူး။ ဒီအလုပ်မှာ လုပ်ရတာ အတော့်ကို စိတ်ပျက်မိတယ်။

အဲဒီလို စည်းအပြင်ကို ရောက်နေသလို ခံစားမိစေတဲ့ အဖြစ်အပျက်တစ်ခုလည်း ရှိသေးတယ်။ အလုပ်ဝင်ပြီး ၄ လ လောက်အကြာမှာ ကျွန်တော့် မွေးနေ့ ရောက်လာပါတယ်။ ကျွန်တော်တို့ အဖွဲ့မှာ တစ်ယောက်ယောက် မွေးနေ့ရှိတယ် ဆိုရင် မွေးနေ့ကတ်တစ်ခု အပေါ်မှာ အားလုံး ဆုတောင်းတွေ ရေး နာမည်တွေ ထိုးနဲ့ လုပ်လေ့ ရှိတယ်။ မှတ်မှတ်ရရ ကျွန်တော့်လိုပဲ အောက်တိုဘာထဲမှာ မွေးတဲ့သူ နှစ်ယောက်အတွက် ဆုတောင်း ရေးခိုင်းလို့ ရေးပေးခဲ့ရသေးတယ်။ သူများတွေအတွက် ဆုတောင်းတွေ ကတ်ပေါ်မှာ ရေးပေးခဲ့ရပေမယ့် ကျွန်တော့် မွေးနေ့မှာ ဘာတစ်ခုမှ မရခဲ့ဘူး။ ဘာလဲ။ ကန်ထရိုက်နဲ့ လုပ်တဲ့ လူမို့ ဒီလို လုပ်တာလား။ ဒီကတ်လေး တစ်ခု ပိုသုံးလိုက်လို့ သူတို့ ဘယ်လောက်များ ကုန်ကျသွားမလဲ။ စိတ်ထဲမှာတော့ ဒဏ်ရာ ခပ်ပြင်းပြင်း တစ်ခု ရလိုက်တယ်။ ဘာမှတော့ မပြောဖြစ်ဘူး။

အလုပ်မှာက အပတ်စဉ် ကြာသပတေးနေ့တိုင်း မနက် ၉ နာရီမှာ အဖွဲ့အစည်းအဝေးလုပ်တယ်။ အဖွဲ့ရဲ့ နည်းပညာပိုင်း ခေါင်းဆောင်က အလုပ်ကို အမြဲ နောက်ကျမှ လာတတ်တယ်။ ကြာသပတေးနေ့ လုပ်တဲ့ အစည်းအဝေးတွေမှာ တခြားသူတွေ အထူးသဖြင့် စလုံးတွေ မရောက်သေးရင် ၉ နာရီမှာ မစဘူး။ သူတို့ ရောက်မှ စတယ်။ နည်းပညာပိုင်း ခေါင်းဆောင် အိန္ဒိယအမျိုးသား နောက်ကျတဲ့အခါ ပရောဂျတ် မန်နေဂျာက မသိချင်ယောင်ဆောင်နေတယ်။ အဲ.. ကျွန်တော်များ နောက်ကျလို့ကတော့ အစည်းအဝေး မပြီးခင်မှာ "အခုတလော တချို့အဖွဲ့သားတွေ အလုပ်ကို နောက်ကျမှ လာတယ်။ အလုပ်ချိန်က ၈ နာရီခွဲ ဖြစ်လို့ အားလုံး အချိန်မီ ရောက်အောင် လာကြပါ" ဘာညာနဲ့ စောင်းမြောင်းပြီး ပြောတော့တာပဲ။ တခါကတော့ အမြင်ကတ်လို့ တစ်ပတ်လုံး ၈ နာရီခွဲ အတိ ရုံးရောက်အောင် သွားပစ်လိုက်တယ်။ ဘယ်သူမှဖြင့် မရောက်သေးဘဲနဲ့။ ပရောဂျတ် မန်နေဂျာက ၈ နာရီ ၄၀ .. ၄၅ မိနစ်လောက်မှ လာတယ်။ သူ မရောက်ခင် ကျွန်တော် ရောက်နေတာ သိသားပဲ။ ဒါပေမယ့် ဘာမှ အသိအမှတ်ပြုတာမျိုး မလုပ်ဘူး။ ရတယ်လေ။ အဲဒီ နောက်ပိုင်း ကျွန်တော် ရုံးကို ကြာသပတေးနေ့က လွဲရင် အရင်ကအတိုင်းပဲ ၉ နာရီနဲ့ ၉ နာရီခွဲကြားပဲ ရောက်အောင် သွားတော့တယ်။ မကျေနပ်ဘူးလား။ မတတ်နိုင်ဘူး။ ဆောရီးပါပဲ။

အခု ပရောဂျတ် မန်နေဂျာ လက်အောက်မှာ လုပ်နေရတာ အာဏာရှင်လက်အောက်မှာ နေ နေရသလိုပဲ။ ဘယ်လိုလုပ်လုပ် အလုပ်ထဲ မပျော်ဘူး။ သူ ရုံးမလာတဲ့ နေ့ရက်မျိုး၊ သင်တန်းသွားတက်နေရတဲ့ နေ့ရက်မျိုးဆို တစ်ဖွဲ့လုံး ဖရီးရိုက်တော့တာပဲ။ စိတ်လည်း အတော်လေး ပေါ့ပါးတယ်။ ဒီ ပရောဂျတ် မန်နေဂျာရဲ့ ပြဿနာက မချီးကျူးတတ်တာပဲ။ ဘယ်လောက်ခက်ခဲတာ ဖြစ်ဖြစ် ဖြေရှင်းပေးလိုက်တဲ့အခါ သြော်.. အင်း အင်းနဲ့ မသိချင်ယောင်ဆောင်တတ်တယ်။ အမှားများ လုပ်မိလို့ကတော့ ပြောမဆုံးတော့ဘူး။ ပြီးခဲ့တဲ့ လကလည်း ကျွန်တော့်ကို တာဝန်ပေးထားတဲ့ အလုပ်အပြင် တစ်ဖွဲ့လုံးက ရေးထားတဲ့ PL/SQL Script တွေကို ဆာဗာပေါ် မပြောင်းခင် စစ်ပေးပြီး ဘယ်မှာ မှားနေသလဲ ဆိုတာ ပြပေးတဲ့ Utility တစ်ခုကို ကျွန်တော် ထပ်ရေးရတယ်။ ခပ်လွယ်လွယ် မဟုတ်ဘူး။ အတော်လေး အားစိုက် ရေးခဲ့ရတယ်။ ဒါပေမယ့် ဘာမှ appreciate မလုပ်လာဘူး။ လုပ်စရာ အလုပ်တစ်ခုကို လုပ်တာ ဘာမှ ချီးမွမ်းစရာ မလိုဘူးထင်နေလား မပြောတတ်ဘူး။ ဟိုဟာလေး ထည့်ရင် ပိုကောင်းမယ် .. ဒီဟာလေး ထပ်လုပ်နိုင်ရင် ပိုကောင်းမယ် လုပ်သေးတာ။ တခြား အလုပ်တွေ ပိနေတဲ့ မလုပ်နိုင်သယောင် မသိချင်ယောင်ဘဲ ဆောင်နေလိုက်တယ်။ လုပ်ပေးလည်း ဘာထူးဦးမှာလဲ။ လခရလို့ အလုပ် လုပ်နေတယ် ဆိုတာ မှန်ပေမယ့် စေတနာ မပါအောင် လုပ်တာ ကျွန်တော်မှ မဟုတ်ဘဲလေ။

အလုပ် ကန်ထရိုက် ၆လ ပြည့်ခါနီးတော့ မေးတယ်။ ငါ့ကို ထပ်တိုးမှာလား။ ဘယ်တော့ အမြဲတမ်းဝန်ထမ်း ပြောင်းပေးမလဲဆိုတော့ ပရိုဂရမ်မန်နေဂျာက နောက်ထပ် ၆ လ ထပ်တိုးပြီး ကြည့်တာပေါ့တဲ့။ ၁ နှစ် မပြည့်သေးဘဲ အမြဲတမ်းဝန်ထမ်း မပြောင်းချင်သေးဘူးဆိုတော့ အိုကေပေါ့။ တစ်နှစ်ပြည့်အောင်တော့ လုပ်လိုက်ဦးမယ် ဆိုပြီး ၆လ ထပ်တိုး လိုက်တယ်။ အဲဒီအချိန်မှာ ကျွန်တော်နဲ့ အတူ အလုပ်လုပ်တဲ့ အိန္ဒိယအမျိုးသမီးက အမြဲတမ်းဝန်ထမ်း ဖြစ်သွားပြီ။ ဆိုတော့ ကျွန်တော် တစ်ဖွဲ့လုံးမှာ ကျွန်တော် တစ်ယောက်တည်း ကန်ထရိုက်နဲ့ လုပ်တဲ့သူပေါ့။ စည်းအပြင်မှာ ရောက်နေတာ သေချာနေပြီပေါ့လေ။ ကျွန်တော့် နောက် ၂ လ လောက် နောက်ကျပြီး အလုပ်ဝင်တဲ့ စလုံး အမျိုးသမီးကိုတော့ ဘယ်အချိန်က အမြဲတမ်း ၀န်ထမ်း ပြောင်းပေးလိုက်မှန်းတောင် မသိပါဘူး။ အဟား.. Foreign Talent ဆိုတော့ စိတ်က မလျော့သေးဘူး။ ကျွန်တော့်အလှည့်တော့ စောင့်ရဦးမှာပေါ့လေ။ အဲ.. ၁ နှစ် ပြည့်ပြန်တော့လည်း အမြဲတမ်းဝန်ထမ်း မပြောင်းသေးပြန်ဘူးတဲ့။ နောက်ထပ် ၆ လ ပဲ ထပ်တိုးမယ် လုပ်လာပြန်ရော။ ဒီတခါတော့ ပရောဂျတ်မန်နေဂျာရဲ့ စနက်ဆိုတော အတော်လေး သေချာသလောက် ရှိသွားပြီ။ သူ အကောင်းမပြောပေးလို့ကတော့ ပရိုဂရမ်မန်နေဂျာက ဘယ်လုပ်ပေးလိမ့်မလဲ။ အဲဒါနဲ့ အေးဂျင့်ကို အမြဲတမ်းဝန်ထမ်း ပြောင်းမပေးသေးတဲ့အတွက် လခ တိုးမပေးရင် ထွက်တော့မယ် ဘာညာ လုပ်တော့မှ လခ ၅ ရာခိုင်နှုန်းတိုးတယ်။ ဟူး.. တကယ့်ကို မလွယ်ဘူး။ ထွက်မယ်။ ကန်ထရိုက် သက်တမ်းပြည့်ဖို့ကလည်း မကြာတော့ပါဘူး။ ၃ လ လောက်ပေါ့။ ဇန်န၀ါရီ ၁၀ ရက်ဆိုရင် ကန်ထရိုက်သက်တမ်းလည်း ပြည့် ကန်ထရိုက်ပြီးအောင် လုပ်တဲ့ ဘောနပ်စ်လေးယူပြီး အမြန်ဆုံး စလုံးက ခွာနိုင်အောင် ကြိုးစားတော့မယ်။ ဒီနေ့ဟာ မနေ့ကထက်တော့ တစ်ရက် ပိုနီးလာတာပဲလေ။

အောက်တိုဘာရောက်လာပြန်ပြီဆိုတော့ မနေ့ကပဲ မွေးနေ့ကတ် နှစ်ခုမှာ ဆုတောင်း ရေးပေးလိုက်တယ်။ မကြာခင် ရောက်တော့မယ့် ကျွန်တော့် မွေးနေ့အတွက်ရော ဒီတစ်နှစ်မှာတော့ ပေးလိမ့်မယ် ထင်သလား။ အဟား .. မစဉ်းစားတာဘဲ ကောင်းပါတယ်။ စည်းအပြင်မှာပဲ တိတ်တိတ်လေး ဘလော့ဂ်ရေးနေလိုက်တယ်။

မှောင်ရတဲ့ကြားထဲ
စိတ်ဓာတ်တွေက
ခရမ်းရင့်ရင့် အေးခဲ
ခွေးဟောင်သံတွေ တိတ်အောင်စောင့်လိုက်ရတာ
စည်းအပြင်ကကောင်အတွက်
ခုထိ .. အလင်းဆိုတဲ့ အရောင် မလက်သေးဘူး။

နောက်ကို လည်ပြန်ကြည့်မိတိုင်း
ကိုယ့်ခြေရာတွေက ရုပ်ရှင်ထဲကလို
အဖြူအမည်းနဲ့ နောက်ကြောင်းပြန်တယ်
စိတ်မကောင်းပါဘူး ခုလို ကြားရတာ ၀မ်းသာပါတယ်
ကွယ်.. ဘ၀ဆိုတာ လမ်းတဲ့လား
ခြေသံပြင်းပြင်းထွက်အောင် နင်းလျှောက်ခဲ့တယ်
အသံတိတ် ဖိနပ်ကို စီးရင်း။

ခေလွန်း

Read More...

Jul 31, 2008

ကဗျာဆရာနဲ့ စကားစမြည်

ရင်ဘတ်ထဲမှာက
တကယ်တမ်း ကဗျာ.. ။
ကာရန် မဖွဲ့ချင်တဲ့အခါ
ဂစ်တာတစ်လက်ပေါ် ထားလို့ဖြစ်တယ်။
သံစဉ် မဖွဲ့ချင်တဲ့အခါ
ကွန်ပျူတာကီးဘုတ်ပေါ် ထားလို့ဖြစ်တယ်။
ပရိုဂရမ် မရေးချင်တဲ့အခါ
အိပ်မက်တွေထဲ ထားလို့ဖြစ်တယ်။
မအိပ်စက်ချင်တဲ့အခါ
အတွေးတွေထဲ ထားလို့ဖြစ်တယ်။
မတွေးချင်တဲ့အခါ
ဗလာနယ်ထဲ ထားလို့ဖြစ်တယ်။
ဘာဆိုဘာမှမရှိတဲ့အခါ
လူ့ဘ၀ရဲ့ အဓိပ္ပာယ်ဆိုတဲ့ ခေါင်းစဉ်အောက်ထဲ ထားလို့ဖြစ်တယ်။
ခေါင်းစဉ် ဘယ်လိုမှ တပ်မရတဲ့အခါ
“ကဗျာ”လို့ပဲ ထားလို့ဖြစ်တယ်။

ကာရန် မဖွဲ့ချင်တဲ့အခါ
သံစဉ် မဖွဲ့ချင်တဲ့အခါ
ပရိုဂရမ် မရေးချင်တဲ့အခါ
မအိပ်စက်ချင်တဲ့အခါ
မတွေးချင်တဲ့အခါ
ဘာဆိုဘာမှ မရှိတဲ့အခါ
ခေါင်းစဉ်ဘယ်လိုမှ တပ်မရတဲ့အခါ
ဘ၀ထဲမှာက တကယ်တမ်း ဗလာ
ရင်ဘတ်ထဲမှာက တကယ်တမ်း ကဗျာ.. ။ ။

ခေလွန်း
ဇူလိုင် ၃၁၊ ၂၀၀၈
မွန်းလွဲ ၂ နာရီ ၂၀ မိနစ်

Read More...

Apr 3, 2008

ဇာတ်ပွဲ

ငိုက်ချင်ယောင် ဆောင်နေလိုက်တယ်
မသိလိုက် မသိဘာသာပေါ့
ကြာတော့လည်း အကျင့်ပါလာတာ မဆန်းဘူး
အရပ်ကူပါ လူဝိုင်းပါ
ငါ လုပ်မလား သူ လုပ်မလား စောင့်ရင်း
ဟို လက်ညှိုးထိုး ဒီ လက်ညှိုးထိုး
မိုးခါးရေတွေက အလျှံအပယ်
ပြီးစလွယ်လုပ် ကြုံသလိုစခန်းသွား
ခပ်ပါးပါးလေး ပြုံးပြပြီး
ကူညီပါရစေ လို့ လောကွတ်ချော်
ပျော်ပျော်နေသေခဲတဲ့
ရူးချင်ယောင်ဆောင်
ကြောင်တောင်တောင်မျက်နှာပေးနဲ့
မပြီးနိုင် မစီးနိုင် မဟာဇာတ်တော်ကြီးကို အားပေးဖို့
ငိုက်မြည်းရာက ကမန်းကတန်းထပြီး လက်ခုပ်တဖြောင်းဖြောင်းတီးလိုက်တယ်
တစ်နိုင်ငံလုံး ဆူညံပွက်လောကို ရိုက်ရော .. ။ ။

ညီမင်းနိုင်

Read More...

Feb 14, 2008

တရေးနိုး .. ဟန်နီဖတ်ဖို့

တရေးနိုးကြယ်တွေ မျက်နှာသစ်တော့မှ
အိပ်ချင်စိတ်ကို ခဏအိပ်မွေ့ချထားမှန်း သတိရတယ်
ကဗျာတစ်ပုဒ်ကို အာရုံမှာ လွယ်ပိုးထားတာ လေးလို့ လေးမှန်းမသိ
အိကျလာတဲ့ ရင်ခုန်သံတွေထဲ
တစ်ချပ်မှောက်ဖဲတစ်ချပ်ကို နှစ်ထား
ပါးပါးလျလျ အနမ်းတွေ ရုံတင်နေပြီ ဟန်နီ..။

ဒါရိုက်တာ ကံကြမ္မာ စိတ်တိုင်းကျ ရိုက်ကူးတယ်ဆိုတဲ့
ဒီလို ဇာတ်ညွှန်းရေရေရာရာ မရှိတဲ့ ဘ၀ဇာတ်ကားမှာ
မင်းနဲ့ငါ သရုပ်ဆောင်နေတာ မေ့နေပြီလား
လင်နဲ့မယား လျှာနဲ့သွားတဲ့
အနုပညာကိုယ်ခံအားနည်းသေးတော့
အားပေးမယ့် ပရိသတ်က အဆင်သင့်မဖြစ်သေးဘူး
အကယ်ဒမီတော့ ဖြည်းဖြည်းပေါ့ ဟန်နီ..။

ချစ်သူများနေ့ဆိုတာ
တစ်နှစ်ပတ်လုံး ချစ်သူကို မေ့နေသူတွေအတွက်
လန်ကြုတ်ဇာတ် သက်သက်ဖြစ်တယ်
ဘေးမှာ မင်းအမြဲရှိနေမှတော့
နှင်းဆီတစ်ခင်း ချောကလက်မြစ်တစ်စင်းနဲ့
ချစ်သူများနေ့ကို အထူးတလည်ကျင်းပနေဖို့ လိုသေးလို့လား ဟန်နီ..။

ဘုရားသခင်ရဲ့ အပြောအရတော့
မင်းဟာ ငါ့ရဲ့ နံရိုးတစ်ချောင်း
ဒါဝင်ရဲ့ အပြောအရတော့
မင်းဟာ ငါ့ရဲ့အဆင့်ဆင့်ပြောင်းလဲခြင်းသီအိုရီပြယုဂ်တစ်ခု
ဒဏ္ဍာရီပုံပြင်လာ အရတော့
မင်းဟာ ငါ့ရဲ့ အခြားသော အခြမ်း
လက္ခဏာဆရာရဲ့ အပြောအရတော့
မင်းဟာ ငါရဲ့ အသက်လမ်းကြောင်းပဲ ဟန်နီ.. ။

ဟန်နီ .. မင်းကို ချစ်တယ်လို့ ငါ အခါခါ ဖွင့်မပြောပေမယ့် မင်းကြားဖို့ကောင်းတယ်
ချစ်တယ်ဆိုတဲ့ စကားကို
ကဗျာဘာသာဗေဒနဲ့ စာလုံးပေါင်းပြဖို့ ကြိုးစားနေတဲ့ ငါ့ရင်ခွင်ထက်
မှေးစက်ရင်း .. မင်းက အိပ်မောကျတုန်း
တရေးနိုးကြယ်တွေ မျက်နှာသစ်တော့မှ
ထုံးစံအတိုင်း သွားတက်ကလေးနဲ့ ပြုံးပြပေါ့ ဟန်နီ..။ ။

ခေလွန်း
၁၄ရက် ဖေဖော်ဝါရီ ၂၀၀၈

Read More...

Feb 6, 2008

မရှိဘူး Remix


မရှိဘူး ... မရှိဘူး ... မရှိဘူး
ဖတ်စရာပါတဲ့ သတင်းစာ မရှိဘူး
လူ့အခွင့်အရေး လေးစားတာ မရှိဘူး
မီး ၂၄ နာရီလာတဲ့ မြို့သစ်ကြီးတွေ မရှိဘူး
မိုးလုံးပြည့် မုသာဝါဒနဲ့ ကင်းတဲ့နေရာ မရှိဘူး
မြန်မာ့အားကစား ကမ္ဘာလွှမ်းရမယ်ဆိုတာ မရှိဘူး
လူကြားကောင်းအောင် ဟစ်ပြီး စိတ်မလုံတာ မရှိဘူး
ဒီမိုကရေစီကျကျ စဉ်းစားတွေးခေါ်တတ်တာတွေ မရှိဘူး
မပြီးနိုင်မစီးနိုင် ညီလာခံကို အားပေးထောက်ခံတာ မရှိဘူး
နေ့ခင်းကြောင်တောင် ဘာမှန်းညာမှန်းမသိ အဖမ်းခံရတာ မရှိဘူး
လူတစ်စုကောင်းစားရေးကြောင့် လူထုကောင်းစားရေးဆိုတာ မရှိဘူး
ခေတ်မီသာယာပြီး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ်ကြီးဆိုတာ မရှိဘူး
ခင်ဗျား အခုဖတ်နေတဲ့ “မရှိဘူး Remix” ကဗျာဟာ တကယ်တော့ မရှိဘူး။

ညီမင်းနိုင်

Read More...

Jan 30, 2008

အမှတ်မထင်လွတ်ကျသွားတဲ့ကဗျာ

ကွန်ပျူတာ ဖန်သားပြင်မှာ ပေါ်လာတဲ့ စကားတွေ
နားနဲ့ ဆတ်ဆတ်ကြားခဲ့တယ်
ဒီနေ့က နတ်ဆိုးတွေ ဂျိုတလွှားလွှားနဲ့ လမ်းသလားတဲ့နေ့
မျက်လှည့်ဆရာလို အစွမ်းမထက်ရင်တောင်
ကိုယ်ပျောက်ဆေးလေးဘာလေး ဆောင်ထားဖို့လိုမယ်
ရှာဟယ် ဖွေဟယ်ဆို အသာလေးချိုနေရုံပေါ့
ခုတော့ ပြောကြတယ်
ပြန်သွားတာ မင်းမှားတယ်တဲ့
လာနေတာ ငါလည်း မှားတာပဲ
ကမ္ဘာပေါ်မှာ ရှိသမျှ ဘာသာစကားနဲ့ ဆဲရေးပစ်လိုက်ချင်တယ်
လူမဆန်တဲ့လူတွေ လူဆန်ချင်လာတာ ဒုက္ခတစ်မျိုး မဟုတ်လား
ဘလော့ဂ်ရေးချင်တဲ့ လက်ကို ခွေးတွေ လိုက်လိုက်ဆွဲတယ်
ရင်ထဲက အနုပညာကို တံဆိပ်တွေ လိုက်လိုက်ကပ်တယ်
ပြီးတော့ နေ့ခင်းကြောင်တောင် သူရဲခြောက်တယ်
အလင်းထဲမှာ အမှောင်ကောင်တွေ နှောင့်ယှက်တုန်းပဲ
သူငယ်ချင်း .. မင်းရော..
အမှောင်ထဲမှာ အလင်းအိပ်မက်တွေ မက်နေတုန်းလား..
ဘာပဲဖြစ်ဖြစ်
အိပ်မက် (၈) ကို စောင့်နေမယ် .. ။ ။

ခေလွန်း

Read More...

Dec 29, 2007

နှစ်ရက်အလို

ကျွန်တော် ဘလော့ဂ်မရေးဖြစ်တာ မနက်ဖြန်ဆို ၁လ ရှိပါပြီ။ ရေးချင်စိတ်ရှိပေမယ့် စကားလုံးတွေ ဖြစ်မလာခဲ့တဲ့ အတွက် အသစ်တွေ တစ်ခုမှ မတင်ဖြစ်တာပါ။ အခုတလောမှာတော့ ရုံးမှာ အလုပ်တွေကလည်း နှစ်ကုန်ပိုင်းမှာမှ အရင်ထက်ပိုများတာရယ်၊ အားလပ်ချိန်တွေကျတော့လည်း ဓာတ်ပုံတွေရိုက်၊ ရိုက်ထားတာတွေကို ဟိုပြင်ဒီပြင် ဒီဇိုင်းလုပ်၊ နောက်ပြီးတော့ ဗီစီဒီလုပ်နဲ့ ဘလော့ဂ်ဘက်ကို မလှည့်ဖြစ်တော့ဘူး။ လမ်းပြကြယ် စာကြည့်တိုက် အတွက် ရေးပေးနေတဲ့ ဆော့ဝဲလ်ကတော့ First Release လုပ်နိုင်ဖို့ အတော်လေး နီးစပ်လာပါပြီ။ နောက်မှပဲ အဲဒီ ဆော့ဝဲလ်ရဲ့ Screenshot တွေ တင်တော့မယ်။ အခုတော့ နှင်းတွေအစား မိုးတွေရွာနေတဲ့ စင်္ကာပူရဲ့ ဒီဇင်ဘာနောက်ဆုံးရက်တချို့ (သို့) နှစ်သစ်ရောက်ဖို့ နှစ်ရက်အလိုမှာ ရေးဖြစ်ခဲ့တဲ့ ကဗျာလေးကို တင်ပေးထားပါတယ်။

“နှစ်ရက်အလို”

လမ်းမတွေက လူတွေပေါ်ကို ဖြတ်သွားကြတယ်
လမ်းအသစ်ဖွင့်ဖို့ နှစ်ရက်အလို။

ဘ၀တွေက သုညတွေပေါ်ကို ဖြတ်သွားကြတယ်
ဘ၀အသစ်စဖို့ နှစ်ရက်အလို။

မျှော်လင့်ချက်တွေက ယုံကြည်ချက်တွေပေါ်ကို ဖြတ်သွားကြတယ်
အိပ်မက်လမ်းဆီ နှစ်ရက်အလို။

ဒီဇင်ဘာက မိုးစက်တွေပေါ်ကို ဖြတ်သွားကြတယ်
ဇန်န၀ါရီဖို့ နှစ်ရက်အလို။

ပြက္ခဒိန်တွေက သက္ကရာဇ်တွေပေါ်ကို ဖြတ်သွားကြတယ်
နှစ်သစ်သို့ နှစ်ရက်အလို။

ခေလွန်း
ဒီဇင်ဘာ ၂၉၊ ၂၀၀၇
( ဒီကဗျာက ၂၀၀၇ ခုနှစ်အတွက် နောက်ဆုံးရေးဖြစ်တဲ့ ကဗျာပါ။ )

Read More...

Nov 28, 2007

လက်ထပ်ပွဲ

ဒီဓာတ်ပုံက ရန်ကုန်ပြန်တဲ့အချိန်ကတည်းက စိုင်းဘုန်းထူး ဓာတ်ပုံစတူဒီယိုမှာ သွားရိုက်လာတာပါ.. ပုံအသစ်တွေကိုတော့ ဓာတ်ပုံဆရာ ဇင်ကိုလတ် လက်စွမ်းပြပြီး ရိုက်ပေးမယ်လို့ ပြောထားပါတယ်..


"With new dreams, new hopes, new aspirations and a desire to achieve new horizons, we are stepping into a new beginning of wedded life.."

ညီညီ (သံလွင်) + စကားပန်း


လက်ထပ်ပွဲ

အကြင်နာဟာ
ဖိတ်စာကို ကမ်းပြီး
တစ်လှမ်းချင်း လာနေတယ်။

ပြောင်ပြောင်လက်လက်တွေ မလိုဘူး
ပြိုးပြိုးပြက်ပြက်တွေ မလိုဘူး
အဆောင်အယောင်တွေ
အယောင်ဆောင်တွေ မလိုပါဘူးကွယ်။

ဟိုပုဂ္ဂိုလ်ကြီး စွပ်ပေးမယ့်ပန်းကုံးမှ မဟုတ်ဘူး
ဟိုကတော်ကြီး စွပ်ပေးမယ့် လက်စွပ်မှ မဟုတ်ဘူး
ဟို ခမ်းခမ်းနားနား ..
ဟိုတယ်ခန်းမကြီးမှ မဟုတ်ပါဘူးကွယ်။

လက်ထပ်တယ်ဆိုတာ
ဘ၀နှစ်ခု တစ်ခုထဲ ထပ်လိုက်တာ
လက်ထပ်တယ်ဆိုတာ
အသက်ရှူသံ တစ်ခုထဲ ထွက်တော့တာ
ပြီးတော့..
လက်ထပ်တယ် ဆိုတာ
နှစ်ကိုယ်ကြား နားလည်မှုဘာသာဗေဒနဲ့
ယုံကြည်သက်ဝင်စွာ
တိမ်းမူးရူးသွပ်စွာ
ချစ်မက်မြတ်နိုးစွာ
ကမ္ဘာသစ်တစ်ခုကို ဖန်တီးကြခြင်းသာ ဖြစ်တယ်။

ခေလွန်း
စက်တင်ဘာ ၁၁ရက်၊ ၂၀၀၇



ဒီပုံကတော့ ဘလော့တိုင်းမ်အယ်ဒီတာကြီး မောင်ပွတ် လက်စွမ်းပြပြီး ဒီဇိုင်းလုပ်ပေးထားတာပါ.. ကျေးဇူး မောင်ပွတ်!

ဇင်ကိုလတ်ရိုက်ပေးတဲ့ပုံတချို့ကို သူငယ်ချင်းကိုဖြိုးနဲ့ မောင်ပွတ်တို့ လက်စွမ်းပြထားတဲ့ ဒီဇိုင်းတချို့လည်း ကျန်ပါသေးတယ်.. နောက်များမှပဲ ဘလော့မှာတင်ပါတော့မယ်..။

Read More...

Nov 3, 2007

ဒီကျောင်းဝင်းထဲမှာ

ကျွန်တော့်အမေ ကျောင်းတက်ဖူးခဲ့တဲ့ ကျောင်းရဲ့ နှစ်တစ်ရာပြည့်ပွဲအတွက် ကဗျာတစ်ပုဒ်ရေးပေးဖို့ အမေက အပ်ထားတာတော့ ကြာပါပြီ။ ဧပြီလ ရန်ကုန်ပြန်ကတည်းက ရေးခိုင်းထားတာ ဒီနေ့မှပဲ ရေးဖြစ်ပါတော့တယ်။ အဓိက ကတော့ ဘာရေးရမှန်း မသိတာကြောင့်ပါ။ ကိုယ်တိုင် တက်ခဲ့တဲ့ ကျောင်းလည်း မဟုတ်တော့ ဘာမှ အမှတ်တရ မရှိတာကြောင့်လည်းပါပါတယ်။ ဘာပဲဖြစ်ဖြစ် လုပ်ပေးမယ်ပြောထားတဲ့ အကြွေးတစ်ခု ဆပ်ပြီးသွားတဲ့အတွက် ၀မ်းသာပါတယ်။ ဒီရက်ပိုင်းတော့ စေတနာသက်သက်နဲ့ ရေးပေးနေတဲ့ ဆော့ဝဲလ်ပရောဂျက်တစ်ခုနဲ့ အလုပ်များနေမှာဖြစ်လို့ ဘလော့ခ်ကို အရင်လို ပုံမှန်ရေးဖြစ်ဦးမှာ မဟုတ်ပါဘူး။ ကျွန်တော့်ဘ၀အတွက် အရေးကြီးတဲ့ နေ့စွဲတစ်ခုဖြစ်တဲ့ နိုဝင်ဘာ ၂၈ ရက်နေ့မှာတော့ အရင်က ရေးဖူးတဲ့ ကဗျာတစ်ပုဒ်ကို တင်ဖို့ စိတ်ကူးထားပါတယ်။ အခုလောလောဆယ်တော့ “ဒီကျောင်းဝင်းထဲမှာ” ကဗျာကိုပဲ တင်ပေးထားပါတယ်။

“ဒီကျောင်းဝင်းထဲမှာ”

ဒီကျောင်းဝင်းထဲမှာ
အသားအရောင်မခွဲခြားဘူး
ဘာသာတရားမခွဲခြားဘူး
အဆင့်အတန်းမခွဲခြားဘူး
အဖြူအစိမ်းဆင်တူဝတ်
ခေတ်တစ်ခေတ်စီအတွက်
အနာဂတ်မျိုးဆက် မပြတ်ဖို့
မျှော်လင့်ချက် တပုံတပင်နဲ့
မင်းတို့ငါတို့ စာသင်ခဲ့ကြတယ်
ဒီကျောင်းဝင်းထဲမှာလေ.. ။

ဒီကျောင်းဝင်းထဲမှာ
ငါတို့လိုပဲ အဖြူအစိမ်းတွေ အမြဲဝတ်
ဝါသနာ၊ စေတနာ၊ အနစ်နာ
နာသုံးနာနဲ့ သင်ပြခဲ့တဲ့ အနန္တဂိုဏ်းဝင်ဆရာ၊ဆရာမတွေ
သို့မဟုတ်
စုန်ရေသက်သက် စီးဆင်းရင်း ကျန်ရစ်ခဲ့တဲ့ မြစ်တွေ
မင်းတို့ငါတို့ အောင်မြင်မှုတွေကို ဂုဏ်ယူနေရှာမယ်
ဒီကျောင်းဝင်းထဲမှာလေ.. ။

ဒီကျောင်းဝင်းထဲမှာ
မင်းတို့ငါတို့ ခြေရာတွေရှိတယ်
မင်းတို့ငါတို့ စာအံသံတွေရှိတယ်
မင်းတို့ငါတို့ ဆော့ကစားသံတွေရှိတယ်
မင်းတို့ငါတို့ ကမ္ဘာမကြေရွတ်သံတွေရှိတယ်
မင်းတို့ငါတို့ကို စာသင်ပြခဲ့တဲ့ ဆရာ၊ဆရာမတွေရှိတယ်
ဒီကျောင်းဝင်းထဲမှာလေ.. ။

ဒီကျောင်းဝင်းထဲမှာ
နှစ်တစ်ရာပြည့်မွေးနေ့ပွဲလုပ်တဲ့အခါ
မင်းတို့ငါတို့ မျက်နှာဖုံးတွေခွာချပြီး
အရင်လို မခွဲမခြားဘဲ တသားတည်းပျော်ချင်တယ် သူငယ်ချင်း
ဒီကျောင်းဝင်းထဲမှာလေ.. ။

ခေလွန်း
နိုဝင်ဘာ ၃ ရက်၊ ၂၀၀၇

Read More...

Oct 27, 2007

နတ္ထိ

ဒီရက်ပိုင်း ဘာကဗျာမှ အသစ်မရေးဖြစ်တာကြောင့် ဟိုးအရင်ကာလတစ်ခုက ရေးခဲ့ဖူးတဲ့ ကဗျာတစ်ပုဒ်ကို ပြန်တင်ပေးလိုက်ပါတယ်။

နတ္ထိ

“အလွမ်း” တဲ့ ကျွမ်းသွားတဲ့ မီးလုံးတစ်လုံးပါပဲ
ကျပျောက်ခဲ့တဲ့ အိပ်မက်တို့လည်း
တခါတရံ မှော်လို ပြန်ဖန်ဆင်းပြ
ငါ့ဘက်မှာ နေ့ရောညပါ မရှိဘူး...။

အထူးပြုဝိသေသများ
မြူလိုဝါးနေခဲ့
မဲ့ခြင်းရဲ့ကဏ္ဍ
တစစပေါ်လွင်တော့မှ
ကိုယ့်ကိုယ်ကိုဝှက်ရင်း
ခရီးပြင်းနှင်နေမှန်း သတိရတယ်...။

ဘာလဲ...
မပြောနဲ့...
ဒဲ့ပစ်လိုက်တဲ့ မြားတွေ
ပစ်မှတ်အဖျောက်ခံလိုက်ရတဲ့နောက်
လမ်းမလျှောက်ချင်တော့တာ မဆန်းဘူးမဟုတ်လား...။

“အချစ်” ဆိုတာလည်း
ပြောပြလို့ ကောင်းရုံ ပုံပြင်တစ်ပုဒ်လေ
ရပ်တည်ဖို့ မြေမရှိဘူး
အသက်ရှူဖို့ လေမရှိဘူး
ပျံသန်းဖို့ အတောင်မရှိဘူး
သကြားခဲနည်းနည်း ဖြူးရုံနဲ့တင်
သေသေရှင်ရှင် အဲဒီထောင်ချောက်ထဲ တိုးဝင်နေကြပေါ့...။ ။

ခေလွန်း

Read More...