ဒီစာအုပ်ဟာ ပထမမျိုးဆက် iPhone အတွက် ရေးထားတာ ဖြစ်လို့ 3G iPhone ကိုင်ဆောင်သူတွေ အတွက်တော့ အနည်းငယ်ကွဲလွဲနေပါလိမ့်မယ်။ 3G iPhone မှာ သုံးထားတဲ့ iPhone 2.0 software မှာ ကျွန်တော် သိသမျှ ထပ်တိုးလာတဲ့ Feature အသစ်တွေက ဖုန်းကို လှည့်လိုက်ရင် Calculator က Scientific Calculator ပြောင်းသွားတယ်။ ပြီးတော့ backspace ပါလာတယ်။ Push Mail ပါလာတဲ့အတွက်ကြောင့် အီးမေးလ်ကို Microsoft Exchange Server နဲ့ Sync လုပ်လို့ ရတယ်။ Mobile Me ဆိုတာ ပါလာတယ်။ GPS ပါတယ်။ အရင်သုံးတဲ့ EDGE 2.5G (GPRS) အစား ပိုမြန်တဲ့ 3G (Broadband speed) ဖြစ်လာတယ်။ Apple account နဲ့ ဆော့ဝဲလ်တွေ ၀ယ်နိုင်၊ အလကား ဒေါင်းလုပ် လုပ်နိုင်တဲ့ App Store ပါလာတယ်။ ကျန်တဲ့ Feature တွေကတော့ အတူတူပါပဲ။
ဒီစာအုပ်မှာ iPhone ရဲ့ အခြေခံသုံးစွဲနိုင်ပုံတွေကို ရှင်းလင်းထားပါတယ်။ iPhone နဲ့ ပတ်သက်တဲ့ Tutorial တွေကို www.iClarified.com မှာ ဖတ်နိုင်ပါတယ်။
iPhone for Dummies စာအုပ်ကို ဒီကနေ ရယူနိုင်ပါတယ်။
Aug 30, 2008
iPhone for Dummies
Aug 6, 2008
iPhone ရဲ့ အားသာချက်နှင့် အားနည်းချက်များ
3G iPhone လို့ ခေါ်ကြတဲ့ မကြာသေးမီကမှ ထုတ်ဝေလိုက်တဲ့ iPhone ဟာ မူလပထမ iPhone နည်းတူ Unlock လုပ်ထားပြီးရင်3G Support လုပ်သော မည်သည့် SIM Card နဲ့ မဆို သုံးလို့ ရပါတယ်။ iPhone ရဲ့ အားသာချက်တွေနဲ့ အားနည်းချက်တွေကို စာရင်းလုပ်ပေးထားပါတယ်။ တတ်သိနားလည်သူများ ထပ်မံဖြည့်စွက် အကြံပေးနိုင်ပါတယ်။
iPhone ရဲ့ အားသာချက်များ
- Touch Screen ဖြစ်ခြင်း
- Apple product တွေရဲ့ ထုံးစံအတိုင်း သုံးစွဲရလွဲကူခြင်း
- Multi Touch Techonology ကို အသုံးပြုထားခြင်း ( ဓာတ်ပုံများကို လက်ချောင်း နှစ်ချောင်းဖြင့် ချုံ့နိုင် ချဲ့နိုင်ခြင်း)
- iPod တွဲလျက် ပါလာခြင်း
- iTunes မှ သီချင်းများ နားထောင်နိုင်ခြင်း
- Pod Cast များကို စိတ်ကြိုက် ရွေးချယ် ထည့်သွင်းနိုင်ခြင်း ( ဥပမာ- iTunes U မှ Lecture များ၊ ဘာသာရပ်ဆိုင်ရာ သင်ခန်းစာများ၊ Pod Cast ရေဒီယို အစီအစဉ်များ စသဖြင့်)
- Wi-Fi အသုံးပြုနိုင်သဖြင့် Wireless Hot Spot ရှိသည့် မည်သည့်နေရာတွင် မဆို အင်တာနက် အသုံးပြုနိုင်ခြင်း
- Jailbreak လုပ်ပြီး သုံးစွဲပါက အခြားသော အသုံးဝင်သည့် application များကို အခမဲ့ Install လုပ်နိုင်ခြင်း (ဥပမာ - Dictionary, eBook Reader, RSS Reader, S'pore Bus Guide, YouTube Video များ Download လုပ်နိုင်သည့် MxTube)
- Google Map ဖြင့် နေရာ ဒေသများ ကြည့်နိုင်ခြင်း ( 3G iPhone ကို အသုံးပြုပါက မိမိရောက်နေသည့် နေရာကို GPS မှ တဆင့် ကြည့်နိုင်ခြင်း)
- You Tube မှ ဗီဒီယိုများအား ကြည့်နိုင်ခြင်း
- Theme ပြောင်းနိုင်ခြင်း (မူလထက် ပိုမို ကောင်းမွန်သည့် Theme များ ပြောင်းလဲပြီး မိမိ စိတ်ကြိုက် Customized လုပ်နိုင်ခြင်း)
- Video Call ပြုလုပ်နိုင်ခြင်း (3G iPhone အတွက်သာ)
- Gtalk ဖြင့် Chat နိုင်ခြင်း ( Fring ဟု ခေါ်သည့် ဆော့ဝဲလ်ကို သီးခြား သွင်းရန် လိုသည်)
- Apple App Store မှ လိုချင်သည့် Application များကို ၀ယ်ယူ ထည့်သွင်းနိုင်ခြင်း သို့မဟုတ် အခမဲ့ သွင်းနိုင်ခြင်း ( version 2.0 အသုံးပြုသည့် iPhone အတွက်သာ)
iPhone ရဲ့ အားနည်းချက်များ
- 2.5G EDGE Technology ကို အသုံးပြုထားသဖြင့် GPRS Network များတွင် အင်တာနက် အသုံးပြုပါက အလွန် နှေးကွေးခြင်း ( 3G iPhone ကို အသုံးပြုလျှင်တော့ Wi-Fi Speed နီးပါး အင်တာနက်ကို လျင်မြန်စွာ သုံးနိုင်သည်)
- 2 mega pixel ကင်မရာသာ ပါခြင်း
- ကင်မရာတွင် Zoom မပါခြင်း ( Zoom ပါသည့် ဆော့ဝဲလ်ကို သီးခြား သွင်းရန်လိုသည်)
- ရေဒီယို နားထောင်၍ မရခြင်း
- ဗီဒီယို ရိုက်ကူး၍ မရခြင်း ( Video ရိုက်နိုင်သည့် ဆော့ဝဲလ်ကို သီးခြား သွင်းရန်လိုသည်)
- အီးမေးလ်များကို ဖျက်လိုလျှင် တစ်ခုစီ ဖျက်နေရခြင်း
- Zawgyi Font Support မလုပ်သဖြင့် ဇော်ဂျီဖြင့် ရေးထားသည့် အင်တာနက်စာမျက်နှာများ၊ ဘလော့များကို ဖတ်လျှင် လေးထောင့်စာလုံးများသာ မြင်နေရခြင်း
ရေးသူ-
ညီညီ(သံလွင်)
၊ ရေးသည့်အချိန်-
11:41 PM
4
comments
May 2, 2008
အိုင်ဖုန်းနှင့် ကျွန်တော် (၂)


မျှော်တလင့်လင့်နှင့် စောင့်နေရသော အိုင်ဖုန်းသည် ရောက်မည်ဟု မျှော်လင့်ထားသောရက်ထက် နှစ်ရက်လောက် နောက်ကျပြီးမှ စင်္ကာပူသို့ ရောက်လာသည်။ လူကြုံသွားယူပြီးနောက် လေဆိပ်သို့ သွားရန်ရှိသဖြင့် လေဆိပ်တွင် စောင့်ဆိုင်းနေရင်း အသင့်ယူလာသော လက်ကိုင်ကွန်ပျူတာမှ တဆင့် လိုအပ်သည့် ဆော့ဝဲလ် (iLiberty+) ကို လေဆိပ်တွင်ရှိသော Free Public Wireless စနစ်နှင့် ချိတ်ဆက် ထည့်သွင်းကာ အိုင်ဖုန်းကို အသုံးပြုနိုင်ရန် စတင်လုပ်ဆောင် ရတော့သည်။ အိုင်ဖုန်းကို စပြီး ဖွင့်လိုက်သည်နှင့် Apple ဆော့ဝဲလ်ဖြစ်သော iTunes မှတဆင့် ချိတ်ဆက်ရန် အချက် ပြနေသည်။ ပုံမှန် အတိုင်းဆိုရင်တော့ iTunes ကို ဖွင့် AT & T ဖုန်းကုမ္ပဏီနှင့် ဆက်သွယ်အသုံးပြုနိုင်ရန် ၂ နှစ် စာချုပ် ချုပ်ကာ Activate လုပ်လိုက်ရုံပင် ဖြစ်သည်။ သို့သော် စင်္ကာပူတွင် AT & T မရှိ။ ကျွန်တော် သုံးသည့် မိုဘိုင်း SIM Card က Starhub ကုမ္ပဏီမှ ဖြစ်သည်။ အင်တာနက် စာမျက်နှာများ ဖိုရမ်များတွင် ကြိုတင်လေ့လာထားပြီး ဖြစ်သည့်အလျှောက် လိုအပ်သည်တို့ကို ဆက်တိုက်လုပ်လိုက်သည်။ iLiberty+ ကို လက်ကိုင်ကွန်ပျူတာထဲသို့ ထည့်သွင်း၊ iTunes ကို ဖွင့်ထား၊ အိုင်ဖုန်းကို USB Cable မှ တဆင့် လက်ကိုင်ကွန်ပျူတာသို့ ချိတ် အဆင့်ဆင့် လုပ်ပြီးသည့်နောက် iLiberty+ တွင် လိုအပ်သည်များကို ရွေးချယ်ကို အိုင်ဖုန်းအတွင်းသို့ ထည့်သွင်းလိုက်သည်။ ထိုသို့ မထည့်ခင် ပျက်သွားရင် ဒုက္ခပဲဟူသည့် အသိက ၀င်လာသေးသည်။ သို့သော် ပျက်စရာ အကြောင်း မရှိပါဘူးဟု တွေးကာ စိတ်ဒုံးဒုံးချရင်း ဘာဆက်ဖြစ်မလဲ စောင့်ကြည့်ရသည်။ အိုင်ဖုန်းကို hack မလုပ်ခင် သုံးလေးရက်လောက်ကပဲ ကိုဖြိုး၏ iPod Touch ကို အောင်မြင်စွာ hack နိုင်ရန်အတွက် ဘာလုပ်ရမယ် ညာလုပ်ရမယ်ဆိုကာ ဂျီတော့ခ်မှတဆင့် ဆရာကြီး လုပ်လိုက်သေးသည်။ 

ထိုသို့ ထည့်သွင်းနေစဉ် ကွန်ပျူတာ၏ Dos Prompt ထဲ ရောက်နေသလို အိုင်ဖုန်း ဖန်သားပြင်၏ အမည်းရောင် နောက်ခံတွင် အဖြူရောင် စာများ ဟိုပြေး ဒီလွှားဖြစ်နေသည်။ Activation Completed... Jail break successful... YouTube Fix Done.. Installer App installed စသဖြင့် ရွေးချယ်ထားသမျှများကို ဆော့ဝဲလ်က တစ်ခုပြီးတစ်ခု ထည့်သွင်းနေသည်။ အားလုံးပြီးသွားတော့ ဖုန်းက သူ့အလိုလို ပိတ်သွားသည်။ ထို့နောက် ကမ္ဘာလုံးပုံနှင့်အတူ Slide To Unlock ဆိုတာ ပေါ်လာသည်။ အိုကေမှာ စိုပြေသွားပြီ။ SIM Card မထည့်ရသေးသဖြင့် ဖုန်းပြောလို့ မရသေးတာက လွဲရင် ကျန်သည့် Function များ အကုန် သုံးလို့ ရနေပြီ။ သို့သော် အိမ်ပြန်ရောက်ရောက်ခြင်း ဒုက္ခတွေ့တော့သည်။ ဖုန်းကို မည်သည့် SIM Card နှင့် မဆို သုံးနိုင်စေရန် unlock လုပ်နည်း၊ Activate လုပ်နည်း၊ Jailbreak လုပ်နည်း စသဖြင့် အကုန် ကြိုတင်လေ့လာထားသော်လည်း SIM Card ကို ဘယ်က ဘယ်လို ထည့်ရမလဲ မသိသဖြင့် ရွာပတ်နေခြင်း ဖြစ်သည်။ နောက်တော့ အိုင်ဖုန်းသုံးနေသည့် ယောက်ဖဆီ လှမ်းမေးလိုက်မှပဲ ဘယ်လို ထည့်ရမလဲ သိသွားသည်။ ဒါနဲ့ paper clip တစ်ခု ရှာ.. ဖွင့်ပြီး ထည့်လိုက်တော့ အိုကေ သွားသည်။ အဟား.. ထိုသို့ဖြင့် အိုင်ဖုန်းတစ်လုံးနှင့် ၂ ရက် ၃ ရက် အလုပ်ရှုပ်နေတော့သည်။ ဟို application လေး ထည့်လိုက် ဒီ application လေး ထည့်လိုက်နှင့် ကစားစရာတစ်ခု ရသလို လက်က မချနိုင် ဖြစ်နေတော့သည်။ ဖုန်းရပြီး တစ်ပတ်အတွင်း ကလိလွန်းသောကြောင့် ၁ ခေါက် crush သွားသဖြင့် သံလွင်အိပ်မက်ထွက်ခါနီး အလုပ်များနေသည့်ကြားက အကုန် ပြန်ပြီး restore လုပ်လိုက်ရသေးသည်။ အတွေ့အကြုံရတာပေါ့ဟု ဖြေသိမ့်ရသည်။ 

အရင်က ရုံးရောက်မှ အီးမေးလ်စစ်သည်။ မနက်နိုးနိုးချင်း ကွန်ပျူတာဖွင့်နေလျှင် ကြာနေမည် စိုးသောကြောင့် ဖြစ်သည်။ အခုတော့ မနက် နိုးနိုးချင်း အိုင်ဖုန်းကနေ တဆင့် အရေးတကြီး အီးမေးလ်ဝင်မ၀င် စစ်တတ်နေပြီ။ ညက ညဥ့်နက်နက်ကန်သဖြင့် မကြည့်ဖြစ်လိုက်သည့် ဘောလုံးပွဲများရှိလျှင်လည်း ပွဲရလဒ်ကို Safari Browser မှ တဆင့် ကြည့်ဖြစ်ပြီ။ အလုပ်သွားခါနီး ရေချိုးနေတုန်း ဖုန်းကို ဘက်ထရီအားသွင်းရင်း တခါတည်း Subscribe လုပ်ထားသည့် Pod Cast များကို Sync လုပ်ထားလိုက်သည်။ ရုံးအသွား ရထားပေါ်တွင် သီချင်းနားထောင်ချင်ထောင် Sync လုပ်ထားသည့် Pod Cast အသစ်များကို နားထောင်ဖြစ်သည်။ မြန်မာသတင်းဆိုလျှင် RFA Pod Cast ကနေ တဆင့် နားထောင်ရန် အသင့်။ BBC Pod Cast... CNN News Pod Cast များကလည်း နားထောင်ရန် ဖုန်းအတွင်းသို့ သူ့အလိုလို ၀င်နေပြီ။ ကမ္ဘာကြီးသည် အရင်ကထက် ပိုမို နီးကပ်လာသလို ခံစားရသည်။ သတင်းများ၊ Pod Cast များ နားမထောင်ချင်ရင် သီချင်းများ နားထောင်ချင် နားထောင်၊ YouTube ကနေတဆင့် Offline ကြည့်နိုင်ရန် MxTube Application နှင့် Download လုပ်ထားသည့် MTV တွေ ကြည့်၊ ဒါမှ မဟုတ် Chess ထိုးချင်ထိုး၊ Sudoku ဆော့ချင်ဆော့ လုပ်နေတတ်ပြီ။ Project Gutenberg မှ ဖန်တီးပေးထားသည့် copy rights ကျော်လွန်ကာ public domain သို့ ရောက်နေပြီဖြစ်သည့် စာအုပ်များကလည်း eBook Viewer နှင့် ဖတ်ရန် အသင့်။ လောလောဆယ်တော့ Napolean Hill ၏ စာအုပ် ဖြစ်သည့် Think & Grow Rich ကို ဖတ်နေသည်။ ကက်ဖ်ကာ၏ ၀တ္ထုတိုများ၊ ဆွန်ဇူး၏ Art of War၊ ဂျက်လန်ဒန်၏ အရိုင်းခေါ်သံ၊ လီယိုတော်စတွိုင်း၏ စစ်နှင့်ငြိမ်းချမ်းရေး စသဖြင့် အလကားရတိုင်း ထည့်ထားသော စာအုပ်တွေ များနေပြီ။ အရင်က ညအိပ်ခါနီး အိပ်ရာပေါ်နေရာယူတတ်သော လက်ကိုင်ကွန်ပျူတာလေး အခုတလော အနားရနေတာ ကြာပြီ။ ညအိပ်ခါနီးလျှင် အိုင်ဖုန်းလေး တကိုင်ကိုင်ဖြင့် ၀ယ်နိုင်တာလည်း မဟုတ်ဘဲ လျှောက်ထည့်ထားသော ကုမ္ပဏီအချို့၏ စတော့ခ်အတက်အကျကို ဘာရယ်မဟုတ်ကြည့်သည်။ သြော်.. Google ရှယ်ယာတွေ တက်ပြီးရင်း တက်နေပြန်ပြီ။ ပြီးတော့ မိုးလေ၀သအခြေအနေ ကြည့်သည်။ ရန်ကုန်မှာ ဒီနေ့ မိုးရွာတာပဲ။ ၂၅ ဆိုတော့ အေးမှာပေါ့။ စင်္ကာပူကတော့ နာမည်နဲ့ လိုက်အောင် ပူနေတာပဲ။ ၀ါရှင်တန်ဒီစီဘက်တော့ အေးတုန်းပဲ စသဖြင့် အားအားယားယား ကြည့်နေတတ်ပြီ။ မြန်မာဘလော့တွေ ဖတ်ကြည့်တော့ လေးထောင့်တွေချည်း ပေါ်နေသဖြင့် ခုထိဖတ်လို့ မရသေးပါ။ ဇော်ဂျီကို အင်္ဂလိပ်စာလုံးရှိသမျှ နေရာတိုင်းမှာ လိုက်ထည့်သော်လည်း မအောင်မြင်သေး။ ဇော်ဂျီရိုးရိုးသာမက ဇော်ဂျီ Arial ကိုလည်း စမ်းပြီးပြီ။ မရ။ တခါတလေတော့ အိုင်ဖုန်းကနေတဆင့် ဂျီတော့ခ်ထဲ ၀င်ပြီး ချက်ချင်လည်း ချက်နေတတ်သည်။ အိုင်ဖုန်းတွင် လွယ်လွယ်ကူကူ Ringtone ကို သီချင်းထည့်လို့ မရအောင် ဘာလို့များ လုပ်ထားမှန်းတော့ မသိ။ အင်တာနက်ထဲ ဟိုဖတ်ဒီဖတ်လုပ်ပြီး ရအောင် လုပ်လိုက်တော့လည်း ရသွားသည်။ သိသွားတော့လည်း လွယ်လွယ်လေးပဲ။ Install လုပ်ထားသည့် application တွေ များလွန်းသဖြင့် လေးမျက်နှာလောက် ဖြစ်နေပြီ။ နဂိုအတိုင်း ပါတာမှ application က ဆယ်ခုလားပဲ ပါသည်။ အခုတော့ တစ်မျက်နှာကို ၁၆ခုနှုန်းနှင့် အခု လောလောဆယ်ထည့်ထားတာ ၅၅ခု ရှိသည်။ အဟဲ.. သိပ်မများပါဘူး။ Nitendo Emulator ထည့်ပြီး ဂိမ်းတွေ ထည့်ကာ ကစားကြည့်သေးသော်လည်း သိပ်လက်မတွေ့သဖြင့် ပြန်ဖြုတ်လိုက်သည်။ သူ့နဂိုအတိုင်း ပါသည့် built-in ကင်မရာက Digital Zoom မရသဖြင့် Digital Zoom ရသည့် application တစ်ခု ထပ်ထည့်ထားသည်။ နဂိုက ဗီဒီယိုရိုက်လို့ မရ.. အသံဖမ်းလို့ မရ .. Screenshot ရိုက်ချင် ရိုက်လို့မရ။ ရအောင် ဖန်တီးလိုက်တော့လည်း ရနေပြန်သည်။ ဒါပဲ .. နည်းပညာခေတ်ကြီးမှာ ဘာဆိုဘာမှ တားဆီးလို့ မရ။ ကြိုက် ကြိုက် မကြိုက်ကြိုက် နည်းပညာလှိုင်းလုံးကြီးတွေကတော့ တစ်လုံးပြီး တစ်လုံး ၀င်ရိုက်မှာ အသေအချာပင်။ ဒါကို ကိုယ်က အလိုက်အထိုက် လိုက်သွားဖို့သာ ရှိတော့သည်။ အခုတလော ဟစ်ဖြစ်နေသည့် အဆိုတော် Leona Lewis ၏ Bleeding Love ကို Ringtone ပြောင်းထားသဖြင့် ဖုန်းသံမြည်လျှင် Keep Bleeding .. Keep Bleeding ဟု မြည်နေသည်။ ကျွန်တော်ကတော့ ထိုအသံကြားတိုင်း Keep Dreaming .. Keep Dreaming လို့ပဲ ကြားနေသည်။ သိပ္ပံဇာတ်ကားတွေထဲ မြင်ဖူးတွေ့ဖူးသည့်အရာတွေသည် အိပ်မက်သက်သက် မဟုတ်ဘဲ လက်တွေ့ဖြစ်လာနေတာတော့ အသေအချာပဲ ဖြစ်သည်။ တစ်နေ့ကျရင်တော့ ဒီမိုကရက်တစ် မြန်မာနိုင်ငံတွင် ပြန်နေကို နေဦးမည်။ ထိုအိပ်မက်သည် လက်တွေ့ဖြစ်မလာနိုင်ဘူးဟု ပြောမလား။ ကျွန်တော်တို့ အားလုံး ညီညွတ်ဖို့သာ လိုပါသည်။ 



ရေးသူ-
ညီညီ(သံလွင်)
၊ ရေးသည့်အချိန်-
4:33 PM
2
comments
Apr 8, 2008
အိုင်ဖုန်းနှင့် သက်ဆိုင်သည့် အသုံးများသော ဝေါဟာရများ
Activation
အိုင်ဖုန်းကို ၀ယ်ယူပြီးနောက် ကွန်ပျူတာနှင့် ချိတ်ဆက်ကာ Apple ၏ မီဒီယာဆော့ဝဲလ် တစ်ခု ဖြစ်သည့် iTunes နှင့် ဖွင့်ပြီး Activation လုပ်ပြီးမှသာလျှင် အိုင်ဖုန်းကို စတင် သုံးစွဲနိုင်သည်။ ယေဘုယျအားဖြင့် ထိုသို့ ပြုလုပ်နိုင်ရန် AT & T သို့ Apple နှင့် သဘောတူညီမှုရယူထားသည့် ဆက်သွယ်ရေးကုမ္ပဏီနှင့် ကန်ထရိုက်ရှိရန် လိုအပ်သည်။ ကန်ထရိုက်မရှိသူများ အနေဖြင့် အိုင်ဖုန်းကို အလိုလို activate လုပ်ပေးနိုင်သည့် ဆော့ဝဲလ်များ (ဥပမာ-ZiPhone, iPlus, iLiberty Plus) ဖြင့် ပြုလုပ်ရန်လိုသည်။
Unlock
အိုင်ဖုန်းကို သုံးစွဲရာတွင် AT & T သို့ Apple နှင့် သဘောတူညီမှုရယူထားသည့် ဆက်သွယ်ရေးကုမ္ပဏီမှ ထုတ်ပေးသည့် SIM ကတ်များဖြင့်သာ အသုံးပြုနိုင်ရန် အထူးစီမံပြုလုပ်ထားသည်။ ထိုသို့ ပြုလုပ်ထားခြင်းကို ကျော်ဖြတ်ပြီး မည်သည့် ဆက်သွယ်ရေးကုမ္ပဏီမှ ထုတ်ပေးသည့် SIM ကတ်ဖြင့် မဆို ဆက်သွယ်ပြောဆိုနိုင်အောင် ပြုလုပ်ခြင်းကို Unlock လုပ်ခြင်းဟု ခေါ်သည်။
Jailbreak
အိုင်ဖုန်းတစ်လုံးတွင် စ၀ယ်ကတည်းက built-in ထည့်ပေးထားသော Google Map, Stock, Weather, You Tube, iTunes အစရှိသည့် ဆော့ဝဲလ်များ ပါဝင်သော်လည်း အခြားသော 3rd party vendor များမှ ရေးသား ထားသည့် native application များကို (ယခု စာရေးနေစဉ် အချိန်အထိ)ထည့်သွင်းခွင့် မပေးထားပါ။ ထိုသို့ ထည့်သွင်းနိုင်အောင် ပြုလုပ်ခြင်းကို jailbreak လုပ်ခြင်းဟု ခေါ်သည်။
3rd Party iPhone application
Apple မဟုတ်သည့် အခြားသော ဆော့ဝဲလ်ကုမ္ပဏီများမှ ရေးသားသည့် ဆော့ဝဲလ်များ၊ ဂိမ်းများကို ခေါ်ဆိုခြင်းဖြစ်သည်။ ဥပမာ - Nitendo Emulator (အိုင်ဖုန်းကို Nitendo Game သဖွယ် ဖြစ်အောင် ပြောင်းလဲပေးနိုင်သည့် ဆော့ဝဲလ်)၊ Chess (သို့) Sudoku အစရှိသည့် ဂိမ်းများ
iPhone Web Application
Apple မဟုတ်သည့် အခြားသော ဆော့ဝဲလ်ကုမ္ပဏီများမှ ရေးသားသည့် အင်တာနက်နှင့်ချိတ်တ်ဆက် အသုံးပြုရသော ဆော့ဝဲလ်များ၊ ဂိမ်းများကို ခေါ်ဆိုခြင်းဖြစ်သည်။
Baseband
အိုင်ဖုန်းတစ်လုံးတွင် ပါဝင်သည့် စက်ပစ္စည်းများနှင့် အိုင်ဖုန်း အသုံးပြုသည့်စနစ်တို့ အပြန်အလှန် ဆက်သွယ်နိုင်အောင် ကူညီပေးသော ပရိုဂရမ်တစ်ခု ဖြစ်သည်။ အိုင်ဖုန်းမှတဆင့် အသံ (သို့) အချက်အလက်များကို ဖုန်းတာဝါများသို့ ဆက်သွယ်ရန်လိုအပ်သည့် အခါတိုင်း baseband က အထောက်အကူ ပေးသည်။ ထို့အပြင် လက်ရှိ အသုံးပြုနေသော Sim Card သည် အသုံးပြုနိုင်ခြင်းရှိမရှိ၊ ဖုန်းအချိတ်အဆက်မိ မမိ စသည်တို့ကို စစ်ဆေးပေးသည်။ အိုင်ဖုန်းကို unlock လုပ်ခြင်းသည် baseband ကို မည်သည့် ဖုန်းဆက်သွယ်ရေးကုမ္ပဏီမှ ထုတ်သည့် Sim Card နှင့် မဆို အသုံးပြုနိုင်စေရန် ပြင်ဆင်ပေးလိုက်ခြင်း ဖြစ်သည်။ နောက်ဆုံး ထုတ်ဝေထားသည့် baseband version သည် 04.04.05_G ဖြစ်ပြီး Firmware version 1.1.4 အတွက် ဖြစ်သည်။
Firmware
Firmware ဆိုသည်မှာ ကွန်ပျူတာရှိ Windows စနစ်နှင့် အလားသဏ္ဍာန်တူသည်။ ကွန်ပျူတာတွင် Windows XP သုံးနေရာမှ Windows Vista ထွက်လာသည့်အခါတွင် ပြောင်းလဲ အသုံးပြုနိုင်သကဲ့သို့ ပိုမို ကောင်းမွန်ပြည့်စုံသည့် Firmware အသစ်ထွက်ပါက iTunes မှ တဆင့် အဆင့်မြှင့်ခြင်း ပြုလုပ်နိုင်သည်။ ယခု လက်ရှိအသုံးပြုနေသည့် Firmware version မှာ 1.1.4 ဖြစ်သည်။ မကြာခင် Firmware 2.0 ထွက်လာတော့မည် ဟုလည်း သိရသည်။
Bootloader
အိုင်ဖုန်းတွင် bootloader နှစ်ခုပါဝင်သည်။ တစ်ခုမှာ Arm Core bootloader ဖြစ်ပြီး အိုင်ဖုန်း အသုံးပြုသည့် စနစ်နှင့် သက်ဆိုင်သည်။ နောက်တစ်ခုမှာ baseband bootloader (အထက်တွင် ဖော်ပြပြီး) ဖြစ်သည်။ အိုင်ဖုန်းကို ပိတ်ထားရာမှ စပြီး ဖွင့်လိုက်သည့် အခါတွင် အစီအစဉ်တကျနှင့် အသုံးပြုနိုင်စေရန် ၎င်းက ဆောင်ရွက်ပေးသည်။ လတ်တလော အသုံးပြုနေကြသည့် အိုင်ဖုန်းများသည် bootloader version 3.9 နှင့် 4.6 ကို အသုံးပြုထားသည်။ 3.9 သည် စနစ်အဟောင်းဖြစ်ပြီး အထူးဆော့ဝဲလ်များမှ တဆင့် ထို bootloader version 3.9 ကို ကျော်ဖြတ်ကာ unlock လုပ်ခြင်း jailbreak လုပ်ခြင်းတို့ကို ပြုလုပ်နိုင်သည်။ ထိုသို့ အထူးဆော့ဝဲလ်များမှ တဆင့် ထို bootloader ကို ကျော်ဖြတ်ခြင်း မပြုနိုင်စေရန် Apple ကုမ္ပဏီမှ အသစ်ထုတ်သော ဖုန်းများတွင် version 4.6 ကို ထပ်မံ ထည့်သွင်းခဲ့သည်။ သို့ရာတွင် အထူးဆော့ဝဲလ်များထပ်မံထွက်ရှိလာပြီး version 4.6 ကို ဖယ်ရှားပြီး version 3.9 fakeblank bootloader ဟု ခေါ်သည့် ပြင်ဆင်မွမ်းမံထားသည့် bootloader မှ တဆင့် unlock လုပ်ခြင်း jailbreak လုပ်ခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။ သို့သော် ၎င်းကို ပြုလုပ်ရာတွင် မိမိ အသုံးပြုသည့် အထူးဆော့ဝဲလ်ကို လိုက်ပြီး အချို့ဆော့ဝဲလ်များမှာ လက်ရှိပါလာသည့် version 4.6 ကို လုံးဝ ဖျက်ပစ်ခြင်း၊ သို့မဟုတ် version 3.9 မှ တဆင့် version 4.6 သို့ ပြန်လည် ပြောင်းလဲမရခြင်းစသည့် ဘေးထွက်ဆိုးကျိုးများ ရှိသည့်အတွက် အသေအချာလေ့လာပြီးမှသာ Unlock လုပ်ခြင်း jailbreak လုပ်ခြင်းတို့ကို ပြုလုပ်သင့်သည်။ version 4.6 ဖြင့် ထုတ်ဝေထားသော ဖုန်းကို version 4.6 သို့ ပြန်လည်ပြီး ပြောင်းမရခဲ့ပါက warranty မရတော့ပါ။ ထို့အပြင် firmware အသစ်ထွက်လျှင်လည်း အဆင့်ြှမှင့်ခြင်း လုပ်နိုင်တော့မည် မဟုတ်သည်ကို သတိပြုပါ။
installer.app
၎င်းသည် အိုင်ဖုန်းကို jailbreak လုပ်ပြီးနောက် ထည့်သွင်းရသည့် ပရိုဂရမ်တစ်ခုဖြစ်သည်။ အချို့ဆော့ဝဲလ်များက jailbreak လုပ်ရာတွင် installer.app ကို တပါတည်း ထည့်သွင်းနိုင်ရန် ရွေးချယ်ခွင့်ပေးထားတတ်သည်။ ၎င်းသည် Wi-Fi မှတဆင့် အိုင်ဖုန်းထဲသို့ အခြားသော 3rd party application များကို ထည့်သွင်းခြင်း၊အဆင့်မြှင့်ခြင်း၊ ထုတ်ပယ်ခြင်းတို့ကို ပြုလုပ်နိုင်သည်။
Recovery Mode
အိုင်ဖုန်းထဲတွင် ရှိသမျှကို ဖျက်ပစ်ကာ မူလ၀ယ်ယူစဉ်က အတိုင်း အခြေအနေသို့ ပြန်လည်ပြုလုပ်လိုပါက ၎င်းကို အသုံးပြုပြီး iTunes မှ တဆင့် Firmware ပြန်လည် ထည့်သွင်းခြင်းဖြင့် ပြုလုပ်နိုင်သည်။ Recovery Mode သို့ သွားရန် Sleep/Wake ခလုတ်နှင့် Home ခလုတ်တို့ကို အိုင်ဖုန်း ပြန်လည်စတင်သည် အထိ ဖိထားပါ။ ပန်းသီးလိုဂိုလေးကို တွေ့ပါက ဖိထားသော Sleep/Wake ခလုတ်ကို လွှတ်ပြီး Home ခလုတ်ကို iTunes လိုဂိုပေါ်လာသည် အထိ ဖိထားပါ။ ၎င်းနောက် iTunes ကို အသုံးပြုပြီး Frimware ကို ပြန်လည် ထည့်သွင်းနိုင်ပါသည်။
DFU (Device Firmware Update) Mode
အိုင်ဖုန်းထဲတွင် ရှိသမျှကို ဖျက်ပစ်ကာ မူလ၀ယ်ယူစဉ်က အတိုင်း အခြေအနေသို့ ပြန်လည်ပြုလုပ်ရာတွင် recovery mode ဖြင့် ပြန်လည်မပြုလုပ်နိုင်ခဲ့ပါက DFU mode ဖြင့် ပြုလုပ်နိုင်သည်။ DFU mode သို့ ရောက်ရှိသွားပါက restore မလုပ်မချင်း အိုင်ဖုန်း၏ အသုံးပြုသည့် စနစ် (Operating System) ကို ပြန်လည် တင်ပေးလိမ့်မည် မဟုတ်ပါ။ Sleep/Wake ခလုတ်နှင့် Home ခလုတ်တို့ကို ၁၀ စက္ကန့်မျှ ကြာသည်အထိ ဖိထားပါ။ ပန်းသီးလိုဂိုလေးကို မတွေ့ရမီ ဖိထားသော Sleep/Wake ခလုတ်ကို လွှတ်ပြီး Home ခလုတ်ကို iTunes မှ recovery mode ထဲသို့ ရောက်ပြီဟု မဖော်ပြသရွေ့ ဖိထားပါ။ DFU mode ထဲသို့ ရောက်ပြီဆိုလျှင် အိုင်ဖုန်း ဖန်သားပြင်တစ်ခုလုံးတွင် မည်သည့်အရာမျှ လာပြတော့မည် မဟုတ်ပါ။ ထိုသို့ DFU mode ထဲသို့ ၀င်ရန်မှာ အချိန်ကိုက် လုပ်နိုင်ရန် လိုအပ်ပါသည်။
Wi-Fi (Wireless Fidelity)
အိုင်ဖုန်းတွင် အင်တာနက်နှင့် ဆက်သွယ်ရန် အသုံးပြုရသည့် ကြိုးမဲ့ ကွန်ယက်ဆက်သွယ်ရေး စနစ်ဖြစ်သည်။ အိုင်ဖုန်း အသုံးပြုမည့် နေရာနှင့် အနီးအနားတွင် ကြိုးမဲ့ကွန်ယက်များရှိပါက အင်တာနက်ကို အိုင်ဖုန်းမှ တဆင့် အသုံးပြုနိုင်သည်။
Bluetooth
အိုင်ဖုန်းတွင် ပါဝင်သည့် အခြားသော bluetooth enabled ပစ္စည်းများနှင့် ချိတ်ဆက်အသုံးပြုနိုင်သည့် ဆက်သွယ်ရေးစနစ်တစ်ခု ဖြစ်သည်။ ဥပမာ - Bluetooth earpiece, Bluetooth headphone
Sync (acrnoym for synchronisation)
အိုင်ဖုန်းရှိ သီချင်းများ၊ ဗီဒီယိုများ၊ podcast များကို မိမိ ကွန်ပျူတာတွင် ထည့်သွင်းထားသော iTunes ဆော့ဝဲလ်မှ တဆင့် ထည့်သွင်းခြင်း ဖြစ်သည်။
အိုင်ဖုန်း အတွင်းသို့ အဆိုပါဖိုင် အသစ်များ ထည့်သွင်းလိုပါက မိမိကွန်ပျူတာရှိ iTunes တွင် ပထမဦးစွာ ထည့်သွင်းပြီးနောက် အိုင်ဖုန်းကို USB port မှတဆင့် ကွန်ပျူတာတွင် တပ်ဆင်ကာ sync လုပ်ခြင်းဖြင့် မိမိ ထည့်သွင်းလိုသော ဖိုင်များ အလိုလို ရောက်ရှိသွားမည်ဖြစ်သည်။ မလိုသည့် ဖိုင်များကို ပြန်လည် ထုတ်လိုပါကလည်း ကွန်ပျူတာရှိ iTunes တွင် ဖျက်ပစ်ကာ အိုင်ဖုန်းကို တပ်ဆင်ပြီး sync လုပ်ခြင်းဖြင့် မိမိ မလိုတော့သည့် ဖိုင်များကို ရှင်းလင်းပစ်နိုင်သည်။
BSD SubSystem
၎င်းသည် Unix-based အသုံးပြုသည့်စနစ်တစ်ခုဖြစ်သည်။ အိုင်ဖုန်း အသုံးပြုသူအချို့က ၎င်းကို Jailbreak လုပ်ပြီးနောက် အိုင်ဖုန်း အတွင်းသို့ ထည့်သွင်းလေ့ ရှိကြသည်။
PodCast
၎င်းသည် ရေဒီယိုအသံလွှင့်ချက်များ၊ တေးဂီတများ၊ သတင်းများ၊ သုံးသပ်ချက်များ၊ ဗဟုသုတဖြစ်ဖွယ်များ၊ ဘာသာရပ်ဆိုင်ရာများ၊ ဘာသာစကားသင်ခန်းစာများ အစရှိသည်တို့ကို မိမိနားထောင်လိုသည့် အခါတွင် နားထောင်နိုင်စေရန် ကွန်ပျူတာအတွင်းသို့ ဖြစ်စေ၊ iPod သို့ iPhone သို့ ဖြစ်စေ ထည့်သွင်း နိုင်စေရန် ပြုလုပ်ထားခြင်း ဖြစ်သည်။ Apple မှ ထုတ်ဝေသော iTunes ဆော့ဝဲလ်မှ တဆင့် PodCast ပေါင်းများစွာကို အခမဲ့ subscribe လုပ်နိုင်သည်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် မိမိ subscribe လုပ်ထားသော PodCast များ အသစ်တင်လိုက်တိုင်း iTunes ထဲလို့ အလိုလို download လုပ်ပြီးသား ဖြစ်နေမည်။ ထို့နောက် မိမိ iPod သို့ iPhone ဖြင့် sync လုပ်ခြင်းဖြင့် မိမိ အားလပ်ချိန်တွင် PodCast များကို နားဆင်နိုင်သည်။
iPhone SDK (Software Development Kit)
၎င်းကို အိုင်ဖုန်းအတွက် Mac Platform မှတဆင့် ဆော့ဝဲလ်များ ရေးသားနိုင်စေရန် Apple ကုမ္ပဏီက မကြာမီကမှ ပရိုဂရမ်မာများအတွက် ထုတ်ဝေပေးလိုက်သည်။
Reference: Dictionary of iPhone Terminology
ရေးသူ-
ညီညီ(သံလွင်)
၊ ရေးသည့်အချိန်-
12:54 PM
2
comments
Apr 4, 2008
အိုင်ဖုန်းနှင့် ကျွန်တော်
ပန်းသီးကုမ္ပဏီမှ ထုတ်လုပ်လိုက်သည့် အိုင်ဖုန်းတစ်လုံးကို ကျွန်တော် လိုချင်ခဲ့သည်မှာ အမေရိကန်နိုင်ငံတွင် စပြီး ထွက်ကာစ ၂၀၀၇ ခုနှစ်လယ် ဇွန် ၂၉ ကတည်းက ဖြစ်သည်။ ပန်းသီးကုမ္ပဏီ၏ အင်တာနက်စာမျက်နှာတွင် တင်ထားသော အိုင်ဖုန်းနှင့် သက်ဆိုင်သည့် ဓာတ်ပုံများ၊ ဗီဒီယိုများကို ကြည့်ရင်း အပိုင်ရလိုစိတ်များက တားမရ ဆီးမရ။ အိုင်ဖုန်းကို အမေရိကနှင့် ဥရောပတွင်သာ ရောင်းချဦးမည်ဆိုသောကြောင့် ကျွန်းနိုင်ငံသေးသေးလေးတွင် နေထိုင်သော ကျွန်တော့်အနေဖြင့် အိုင်ဖုန်းအလာ စင်္ကာပူကစောင့်ယုံသာ ရှိသည်။ အိုင်ဖုန်း မလာခင် အိုင်ပေါ့တက်ခ်ျ စင်္ကာပူကို ရောက်လာသည်။ အိုင်ပေါ့တက်ခ်ျသည် အိုင်ဖုန်းနှင့် အတော်လေး ဆင်တူပြီး ဖုန်းပြော မရသည်က လွဲလို့ အိုင်ဖုန်းနှင့် နင်လား ငါလားဖြစ်သည်။ အိုင်ပေါ့တက်ခ်ျကို orchard ရှိ ပန်းသီး အရောင်းဆိုင်တွင် သွားစမ်းကြည့်ပြီးတော့ အတော်လေး သဘောကျသည်။ သို့သော် အိုင်ပေါ့တက်ခ်ျက ဖုန်းပြောလို့ မရ။ မဖြစ်သေး။ အိုင်ဖုန်း လာသည့် အထိ စောင့်ဦးမည် ဟု တွေးကာ လှည့်ပြန်ခဲ့သည်။
သို့နှင့် မကြာသေးမီက အိုင်ဖုန်းနှင့် ဖူးစာဆုံရန် အကြောင်းဖန်လာသည်။ တလောက အလုပ်သွားစဉ် ရထားပေါ်တွင် အိုင်ဖုန်းနှင့် ဖုန်းပြောနေသူ တစ်ယောက်ကို တွေ့ရသည်။ အိုင်ဖုန်းကို စင်္ကာပူတွင် သုံးလို့ရနေပြီလား။ အိုင်ဖုန်းကို အသုံးပြုရန်အတွက် AT & T ကုမ္ပဏီနှင့် နှစ် နှစ် စာချုပ် ချုပ်ရသည်။ အိုင်ဖုန်းကို အမေရိကရှိ AT & T နှင့် ဥရောပရှိ အချို့သော ဆက်သွယ်ရေးကုမ္ပဏီများမှ လွဲပြီး ပြင်ပရှိ အခြားသော ဆက်သွယ်ရေးကုမ္ပဏီများမှ Sim Card များနှင့် အသုံးပြုလို့ မရအောင် လုပ်ထားသည်။ အဲဒါကို သုံးလို့ရအောင် လုပ်နိုင်တဲ့ နည်းလမ်းတွေ ရှိနေပြီလား။ မေးခွန်းပေါင်းများစွာ ထွက်လာပြီးနောက် အင်တာနက်တွင် လိုက်ရှာကြည့်တော့ သုံးလို့ရအောင် လုပ်နိုင်သည့် နည်းလမ်းများစွာ တွေ့လာသည်။ စင်္ကာပူရှိ အွန်လိုင်းဖိုရမ် တချို့တွင် အိုင်ဖုန်း 8GB သို့ 16GB အမျိုးအစားကိုလိုက်ပြီး စင်္ကာပူဒေါ်လာ ၇၅၀ ၊ ၈၅၀ ခန့်နှင့် ရောင်းနေကြသည်။ အမေရိကတွင် အိုင်ဖုန်း ထုတ်ကာစက 4GB နှင့် 8GB များသာ ထုတ်ခဲ့ပြီး ရောင်းမလောက်ဖြစ်ကာ လူများ တန်းစီပြီး ခွဲတမ်းဖြင့် တစ်ဦးကို အိုင်ဖုန်း နှစ်လုံးကျသာ ၀ယ်ယူခွင့်ရခဲ့သည်ဟု ဆိုသည်။ မကြာသေးမီက 8GB အပြင် 16GB ကို ရောင်းချခဲ့ပြီး မူလ ဖုန်းဈေးများကို လျှော့ချပစ်ခဲ့သည်ဟု ဆိုသည်။
အမေရိကန်တွင် နေထိုင်သည့် ကျွန်တော့်ယောက်ဖဖြစ်သူက သူ အိုင်ဖုန်းတစ်လုံး ၀ယ်လိုက်သည်ဟု ဂျီတော့ခ်တွင် ပြောလာသည်။ ဒီကကောင်က လိုချင်ပါတယ်ဆိုမှ ငိုချင်လျက် လက်တို့ဖြစ်နေပြီ။ သူများတွေ ၀ယ်တော့ ကိုယ်လည်း လိုချင်သည်။ မကြာခင် အမျိုးတွေ ဆုံကြရန် ဘန်ကောက် လာဦးမည်ဟု သိထားသဖြင့် ဘန်ကောက်မလာခင် အိုင်ဖုန်းတစ်လုံး ၀ယ်လာပေးရန် တင်ကြို မှာကြားထားလိုက်သည်။ ဧပြီလ ၁၀ရက်ခန့်တွင် ဘန်ကောက်မှ စင်္ကာပူသို့ ပြန်လာမည့် လူကြုံရှိတော့ အတော်ပဲဖြစ်သည်။ US-BKK-SG .. Free Delivery ပေါ့။ 8GB အမျိုးအစား အိုင်ဖုန်းပဲ ၀ယ်ခဲ့ပေးဖို့ မှာလိုက်သည်။ အမေရိကန်ဒေါ်လာ ၃၉၉ တဲ့။ အခွန်အခများနဲ့ ဆိုတော့ စုစုပေါင်း ၄၂၄ ဒေါ်လာကျသည်။ အိုင်ဖုန်းကို AT & T ၏ ကန်ထရိုက်နှင့် မဟုတ်ဘဲ unlock လုပ်ပြီး သုံးစွဲပါက အကြောင်းတစုံတရာကြောင့် ပျက်စီးလျှင် အာမခံမရ နိုင်တော့ကြောင်း ပန်းသီးစတိုးမှ အရောင်းသမားတစ်ဦးက ကျွန်တော့် ယောက်ဖကို ပြောလိုက်သည်ဟုဆိုသည်။ ကိစ္စမရှိပါ။ အနာသိလျှင် ဆေးရှိပါသည်။ အင်တာနက်ခေတ်တွင် မရဘူးဆိုသည့် အဆိုများ မှားယွင်းကြောင်း သက်သေပြမည့် လူစွမ်းကောင်းများ အလျှိုအလျှိုပေါ်ထွက်လာနေသည်။ အထူးသဖြင့် ပန်းသီးများ အသစ်ထုတ်သမျှ အိုင်ဖုန်းနှင့်သက်ဆိုင်သည့် update များကို hack ဖို့ နည်းလမ်းများ ဖြန့်ဝေပေးနေသည့် iPhone Dev Team အားကိုးဖြင့် အာမခံ မရတော့လျှင်လည်း ကိစ္စမရှိဟု ပြောလိုက်သေးသည်။ အားကိုးရကျိုးလည်း နပ်ပါသည်။ Mac အတွက် Pwnage Tool ထွက်လာပြီ။ မကြာခင်အချိန်အတွင်း Windows version လည်း လာမည်ဟု ဆိုသည်။
တလောက နေ့လည်စာ ထမင်းစားအပြီး ဟိုကြည့်ဒီကြည့်လုပ်တော့ ဖုန်းဆိုင်တစ်ဆိုင်တွင် အိုင်ဖုန်း ကာဗာများ၊ သားရေ အိတ်များ၊ Screen Filter များ ရောင်းနေသည်ကို တွေ့သဖြင့် ဆိုင်ရှင်နှင့် လေနည်းနည်း ပစ်လိုက်သေးသည်။ ဈေးက ၄၀ အထက်တွေချည်း ဖြစ်နေသည်။ ထိုစဉ် သူ့ ခါးတွင်ထိုးထားသော အိုင်ဖုန်းမှ အသံမြည်လာသည်။ ဆိုင်ရှင်က တရုတ်လို နည်းနည်းပါးပါး ရွတ်ရင်း ဖုန်းပြောပြီးသည့်အခါ မင်း အိုင်ဖုန်း ဘယ်လောက်ပေးရသလဲ ၁၀၀၀ ကျော်မှာပေါ့ ဆိုပြီး စကား စသည်။ ဒါနဲ့ မဟုတ်ပါဘူး။ အမေရိကန်က တိုက်ရိုက်မှာတာ.. ယူအက်စ် ၄၀၀ ကျော်ရုံပဲ ပေးရသည် .. ဖုန်းက မကြာခင် ရောက်လာမည် ဟု ပြောလိုက်သည်။ အဲဒါနဲ့ မင်း အိုင်ဖုန်းရောက်တဲ့အခါ Unlock လုပ်ဖို့ အကူအညီလိုရင် ပြောတဲ့။ ဒီလူ တယ်သဘောကောင်းပါလားလို့ စိတ်က ထင်မိသည်။ ဘယ်လောက် service fees ယူသလဲ မေးတော့မှ အိုင်ဖုန်း တကားကားနှင့်ဖြစ်သည့် တောင်ပို့ကြီးထံမှ ဖွတ်က ထွက်လာသည်။ သက်သက်သာသာဆိုရင် အပင်ပန်းမခံချင်လို့ မေးမိတာပါ။ အခုတော့ စင်္ကာပူဒေါ်တာ ၁၀၀ တဲ့။ အံမယ်.. လူကို အချဉ်များ မှတ်နေသလား။ နေပါစေတော့။ အင်တာနက်မှာ လုပ်စရာ နည်းလမ်းတွေ တပုံတပင်ရှိသည်။ ပိုက်ဆံတပြားမှ မပေးရသည့် ဆော့ဝဲလ်တွေက ကူညီရန် အသင့်ရှိသည်။ အမှန်တော့ သိသိကြီးနှင့် သွားမေးသည့် ကိုယ့်အပြစ်သာ ဖြစ်သည်။ အိုင်ဖုန်းရမှ ပြန်လာတော့မည်ဟု ပြောကာ လှည့်ထွက်ခဲ့သည်။
အမေရိကန်တွင် ၀ယ်ရသည်က စင်္ကာပူတွင် ၀ယ်ရသည်ထက်စာလျှင် အပုံကြီး သက်သာသည်။ ၂ နှစ် ၃ နှစ်လောက် သုံးလာခဲ့သည့် Sony Ericsson w550 walkman ဖုန်းကလေးကို မကြာခင် အနားပေးတော့မည်။ ကျွန်တော် မှာလိုက်သည့် အိုင်ဖုန်း ဘန်ကောက်သို့ ရောက်ပြီး မကြာခင်မှာပဲ စင်္ကာပူတွင် စက်တင်ဘာလမှ စပြီး အိုင်ဖုန်းများကို ဖြန့်ရန် Singtel မှ ကန်ထရိုက်ရသွားပြီဟူသော သတင်းကို ဖတ်လိုက်ရသည်။ ဘာပဲဖြစ်ဖြစ် ခြောက်လလောက် စောသုံးလို့ ရသည်။ သို့သော် အိုင်ဖုန်း အမျိုးအစားသစ် ထပ်ပြီး ထွက်ရန်အတွက် တာစူနေပြီဖြစ်သည်။ ယခုလက်ရှိ အိုင်ဖုန်း အမျိုးအစားသည် EDGE Technology ကို သုံးထားသည့် 2.5 G အမျိုးအစားဖြစ်သည်။ အသစ်ထွက်လာမည့် အိုင်ဖုန်းများကတော့ 3G ဖုန်းများ ဖြစ်နေမည် ဖြစ်သည်။ 3G ဖြစ်တော့ ဘာဖြစ်သလဲဟု မေးစရာရှိသည်။ 3G ဖြစ်တော့ video call လုပ်လို့ ရမည်။ ထို့အတွက် အိုင်ဖုန်းတွင် ပါပြီးသား 2 Mega pixel ကင်မရာအပြင် video call လုပ်နိုင်ရန် အတွက် ကင်မရာအသေးစားလေးတစ်ခု ထပ်မံပြီး ပါလာမည်။ အင်တာနက်ကို Wi-Fi (Wireless Fiedelity) မှ သုံးရာတွင် broadband နီးပါး မြန်ဆန်မှုရှိမည်။ နောက်ပြီး အခြား အခြားသော အသစ်တွေ ပါလာဦးမည်ဟု ကောလဟလ သတင်းတွေ ဖတ်နေရသည်။ ဘာပဲဖြစ်ဖြစ် လက်ရှိသုံးနေသည့် ဖုန်းထက် အများကြီး သာလွန်ပြီး ဖုန်း၊ ကင်မရာ၊ အင်တာနက်၊ အိုင်ပေါ့၊ ဓာတ်ပုံ၊ ဗီဒီယိုများ ကြည့်နိုင်သည့် အိုင်ဖုန်းသည် 3G ဖြစ်မနေလို့ ကိစ္စမရှိပါ။ 3G ဖုန်းကိုင်သူအများစုပင် 3G ၏ စွမ်းရည် အပြည့်အ၀ကို အသုံးချခြင်း မရှိကြဟု စစ်တမ်းများက ဆိုသည်။
အိုင်ဖုန်းရောက်လာလျှင် လက်ရှိဖုန်းရှိ 1.3 mega pixel ထက် သာလွန်ပြီး 2.0 mega pixel camra built-in ပါလာမည်။ လက်ရှိသုံးနေသည့် အိုင်ပေါ့ကို ရုံးအသွားတွင် ထည့်သွားစရာ မလိုတော့ ။ PodCast တွေကို အိုင်ပေါ့အစား အိုင်ဖုန်းထဲသို့ Synchronise လုပ်ရဦးမည်။ အမှတ်တရဓာတ်ပုံများ၊ ဗီဒီယို အပိုင်းအစများကို အိုင်ဖုန်းထဲ ပြောင်းထည့်ရမည်။ Wi-Fi ရသမျှ နေရာတိုင်းတွင် အင်တာနက်သုံးရင်း ဘလော့ခ်များဖတ်လိုက် အီးမေးလ်များ ပို့လိုက် ဖြစ်နေမည်။ ဂျီတော့ခ် ရမရတော့ မသေချာပါ။ Web Chat Client ဖြစ်သည့် meebo နှင့်ကတော့ အဆင်ပြေမည် ထင်သည်။ ရုံးအသွား အပြန် တစ်နာရီ နီးပါး ကုန်ဆုံးနေသည့် အချိန်များကို အိုင်ဖုန်း အကူအညီဖြင့် ချုံ့ပစ်ရမည်။ သို့နှင့် အိုင်ဖုန်းသည် မကြာခင်ကာလအတွင်းမှာပင် ကျွန်တော့်အတွက် လက်စွဲတော် revolutionary gadget လေးတစ်ခု ဖြစ်လာဦးမည်မှာ သေချာသည်။
ညီညီ(သံလွင်)
(လေ့လာထားသမျှ Jailbreak, Unlock, Pwnged, Activate, installer.app, baseband, bootloader အစရှိသည့် အိုင်ဖုန်း ဝေါဟာရများ၊ မည်သည့် ဖုန်းဆက်သွယ်ရေးကုမ္ပဏီမှ ထုတ်သည့် Sim Card ကို မဆို အိုင်ဖုန်းတွင် ထည့်သုံးနိုင်ရန် ပြုလုပ်လို့ ရသည့် ဆော့ဝဲလ်များနှင့် ထိုဆော့ဝဲလ်များ၏ အကျိုးအပြစ် သုံးသပ်ချက်များကို မကြာမီကာလတွင် ပို့စ်တစ်ခု အဖြစ် တင်ပေးသွားပါမည်။ )
ရေးသူ-
ညီညီ(သံလွင်)
၊ ရေးသည့်အချိန်-
3:17 PM
1 comments