Dec 31, 2008

၂၀၀၉ မနိုးသေးခင် ရေးတဲ့ကဗျာ

အလန့်တကြား အိပ်ပျော်နေရာက
နှစ်နှစ်ခြိုက်ခြိုက် နိုးထလာခဲ့
အညောင်းအညာပြေ လမ်းလျှောက်ထွက်လာတဲ့ ငှက်တွေကို
အတောင်ခပ်ပြင်းပြင်းခတ် ပျံရင်းနဲ့ နှုတ်ဆက်ခဲ့
မဖတ်ဖြစ်လိုက်တဲ့ မနက်စာအစား
သတင်းစာ တစ်စောင်ကိုပဲ မျိုချဖြစ်ခဲ့
အရာအားလုံး ငြိမ်သက်သွားတဲ့အခါ
အဆူညံဆုံး အသံဟာ ငြိမ်သက်ခြင်း ဖြစ်မလား
အငြိမ်သက်ဆုံး အသံဟာ ဆူညံခြင်း ဖြစ်မလား။

သင်္ကေတတွေ ၀ါးထားလိုက်
နိမိတ်ပုံတွေ မေ့ပစ်လိုက်
အစ်ဇင်တွေ အကုန် နားထားလိုက်
ကဗျာတစ်ပုဒ်လောက် ရှိုက်ရင်း
ဆေးလိပ်တစ်လိပ်လောက် ချရေးကြည့်တယ်
Jack Daniel လက်ကျန်တွေ တီးခတ်ရင်း
ဂစ်တာတစ်လက်နဲ့ သီချင်းတွေ တစ်ပုဒ်ပြီး တစ်ပုဒ် သောက်
အဲဒီဂစ်တာ မူးပြီး မှောက်သွားတဲ့အထိ။

ပြီးခဲ့တဲ့နှစ်သစ်ကူးညက ရိုက်ဖြစ်တဲ့ ပုံကို ပြန်ကြည့်ဖြစ်တဲ့အခါ
ခုတော့
တစ်ယောက်က ကွန်ဂိုမှာ
တစ်ယောက်က ဆန်ဖရန်မှာ
တစ်ယောက်က ဘားအံထောင်မှာ
တစ်ယောက်က ...
တစ်ယောက်က ...
တစ်ယောက်က ... ။

hapPY neW yeAR !!!
အော်သံတွေ ရုတ်တရက် ထွက်လာတယ်
နယူးရီးယားတဲ့လား
Cheers! ပါ သူငယ်ချင်းတို့ရေ .. ။ ။

ခေလွန်း
ဒီဇင်ဘာလ ၃၁ ရက်၊ ၂၀၀၈
နံနက် ၂ နာရီ ၃၀ မိနစ်

(၂၀၀၈ ခုနှစ်အတွက် နောက်ဆုံး ရေးဖြစ်တဲ့ ကဗျာ)

Read More...

Dec 9, 2008

ခြင်္သေ့အတုများနှင့် ရင်ဆိုင်ခြင်း

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက အရင်ကျင်းပနေကျ တိုက်ဂါးဖလားကို ဆူဇူကီးဖလား လို့ နာမည်ပြောင်းထားတဲ့ အာဆီယံချန်ပီယံလုပွဲရဲ့ အုပ်စု ပွဲစဉ်အဖြစ် မြန်မာ ဘောလုံးအသင်းနဲ့ စင်္ကာပူအသင်းတို့ ကစားခဲ့ကြတယ်။ ပွဲအပြီးမှာ မြန်မာက စင်္ကာပူကို ၃-၁ နဲ့ အရေးနိမ့်သွားတယ်။ အဲဒီပွဲကို ကြည့်ချင်ပေမယ့် ကျွန်တော်တို့ သံလွင်အဖွဲ့သားတွေ မလေးရှားကို ခေတ္တအလည်အပတ် ရောက်နေချိန်ဖြစ်လို့ မကြည့်ဖြစ်ခဲ့ဘူး။ တည်းခိုတဲ့ ဟိုတယ် ပြန်ရောက်ရောက်ချင်း မြန်မာရှုံးသွားတဲ့ သတင်းရယ်၊ ဂိုးသမားအောင်အောင်ဦးကို အနီကတ်ပြခံလိုက်ရတဲ့ သတင်းရယ်ကို အင်တာနက်က တဆင့် ဖတ်ရပြီး စိတ်မကောင်းဖြစ်ရသလို ဒေါသလည်း ထွက်မိတယ်။ ဟိုအရင် တခါက စင်္ကာပူမှာ ကန်ခဲ့တဲ့ တိုက်ဂါးဖလားမှာလည်း သမာသမတ်မရှိတဲ့ ဒိုင်လူကြီးအားကိုးနဲ့ စင်္ကာပူအသင်း ညစ်တာကို ကိုယ်တိုင်ကိုယ်ကျ မြင်ခဲ့ရလို့ ဒီပွဲကို မကြည့်ဖြစ်ခဲ့ပေမယ့် စလုံးအသင်း ညစ်ပြန်ပြီလို့ တွေးမိတယ်။

အဲဒီပွဲအကြောင်း ရေးထားတဲ့ သတင်းတွေကို သေသေချာချာ လိုက်ဖတ်ကြည့်တော့ ဖြစ်ပုံကို နားလည်လာတယ်။ စင်္ကာပူ အသင်းသား တစ်ယောက် အနာတရ ဖြစ်သွားလို့ မြန်မာအသင်း ဂိုးစည်းရှေ့မှာ စင်္ကာပူအသင်း အလွတ်တည်ကန်ဘောရတယ်။ မြန်မာအသင်းသားတွေက အနာတရ ဖြစ်နေတဲ့ စင်္ကာပူအသင်းသား ပြန်မထလာနိုင်သေးလို့ အေးအေးဆေးဆေးပဲ ရှိနေကြတယ်။ အဲဒီမှာ ဒိုင်က ကန်ဖို့အတွက် ခရာမှုတ်လိုက်တယ် ဆိုပြီး အာဖရိကနွယ်ဖွား စင်္ကာပူအသင်းသား Agu Casmir က လျှပ်တပြက် ဂိုးသွင်းယူ သွားခဲ့လို့ ၂-၁ နဲ့ အကျိတ်အနယ်ရှိနေတဲ့ ပွဲအဖြေဟာ ၃-၁ ဖြစ်သွားခဲ့တယ်။ မြန်မာဂိုးသမား အောင်အောင်ဦးက အဲဒီ ဂိုးကို ဗီယက်နမ်ဒိုင်လူကြီးက တရားဝင်တယ်လို့ ဆုံးဖြတ်တာကို မကျေနပ်လို့ ဒိုင်လူကြီးဆီ ပြေးသွားပြီး နောက်ကနေ ကိုယ်ကို ကိုင်လှုပ်ခဲ့တာကြောင့် အောင်အောင်ဦးကို အနီကတ် ပြလိုက်တယ်။ မြန်မာအသင်း နည်းပြနဲ့ အသင်းအုပ်ချုပ်သူတို့လည်း ကွင်းထဲကို ၀င်လာခဲ့တယ်။ အဲဒီနောက် မြန်မာအသင်းသားတွေ အားလုံး ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်ဘူးဆိုတာ ပြတဲ့အနေနဲ့ ၈ မိနစ်လောက် ကွင်းပြင်မှာ ထွက်ရပ်နေခဲ့တယ်။ ပွဲ ပြန်ကစားတဲ့အချိန်မှာ ဘယ်ဘက်ကမှ ဂိုးထပ်မသွင်းနိုင်ကြလို့ နောက်ဆုံး ရလဒ် ၃-၁ နဲ့ မြန်မာအသင်း အုပ်စုအဆင့်ကို မကျော်ဖြတ်နိုင်ဘဲ ပြည်တော်ပြန်ဖို့ သေချာသွားခဲ့တယ်။ မြန်မာအသင်းဟာ အုပ်စု ပထမပွဲစဉ်မှာ အင်ဒိုနီးရှားကို ၃-၀ နဲ့ ရှုံးခဲ့ပြီးဖြစ်လို့ နောက်ဆုံးပွဲစဉ် ဖြစ်တဲ့ ကမ္ဘောဒီးယားနဲ့ ပွဲမှာ နိုင်လည်း အုပ်စုကနေ မတက်တော့ပါဘူး။

၂၀၀၆ တိုက်ဂါးဖလားမှာ စင်္ကာပူအသင်းနဲ့ အငြင်းပွားပြီး မြန်မာအသင်းသား ၃ ဦးကို အနီကတ်ပြပြီး ထုတ်ပယ်တာ ခံခဲ့ရတယ်။ ၂၀၀၇ မှာ ကစားခဲ့တဲ့ ထိုင်းနဲ့ စင်္ကာပူ ဖိုင်နယ်ပွဲမှာ ဒိုင်လူကြီးက အငြင်းပွားဖွယ် ပင်နယ်တီကို ပေးလိုက်တဲ့အတွက် ထိုင်းအသင်းသားတွေဟာ ကွင်းပြင်ကို အတော်ကြာအောင် ထွက်ပြီး ဆန္ဒပြခဲ့တယ်။ အခုတခါ မြန်မာအသင်းနဲ့ အရင်လို ထပ်ဖြစ်ပြန်တယ်။ ဒီဖြစ်ရပ်တွေကို သုံးသပ်ကြည့်မယ်ဆိုရင် စင်္ကာပူအသင်းဟာ တဘက်အသင်းကစားသမားတွေရဲ့ စိတ်ဆတ်မှုအပေါ် အခွင့်ကောင်းယူပြီး ကစားလေ့ရှိတယ်ဆိုတာ ပေါ်လွင်စေတယ်။ နောက်ဆုံးဖြစ်ခဲ့တဲ့ အဖြစ်အပျက်မှာ စင်္ကာပူအသင်းဟာ ကိုယ့်အသင်းက ကစားသမား တစ်ဦး ဒဏ်ရာရနေတာကိုတောင် ဂရုမစိုက်ဘဲ အနိုင်ဂိုးရလိုတဲ့ ဘယ်သူသေသေ ငတေမာပြီးရောစိတ်ထား ရှိတယ်ဆိုတာ ပြတယ်။

မြန်မာအသင်းကို အကြံပြုချင်တာကတော့ စင်္ကာပူအသင်းနဲ့ ရင်ဆိုင်ရတဲ့အခါတိုင်း စင်္ကာပူအသင်းသားတွေ၊ စင်္ကာပူအသင်းအပေါ် ဘက်လိုက်တဲ့ ဒိုင်တွေ ဆွပေးတဲ့ အပေါ် လိုက်နင်းပြီး သူ့အမှားက ကိုယ့်အမှား မဖြစ်အောင် သတိဝီရိယနဲ့ ကစားဖို့ပါပဲ။ အောင်အောင်ဦးက ဒိုင်ကို သွားရန်ရှာတော့ ကစားသမား တစ်ဦးက ဒိုင်ကို ရန်လုပ်တယ် ဆိုတာပဲ လူတွေက မြင်ကြပြီး ဒီကစားသမား အခုလို ဖြစ်အောင် ဘယ်လို အကြောင်းချင်းရာတွေက တွန်းအားပေးခဲ့သလဲဆိုတာ မမြင်ကြတော့ဘူး။ ဒါမှ မဟုတ် မမြင်ချင်ယောင်ဆောင် နေကြတယ်။ သေချာတာကတော့ တနင်္လာနေ့ထုတ် The New Paper သတင်းစာနဲ့ The Straits Times သတင်းစာတွေရဲ့ ခေါင်းကြီးမှာ ဒီဖြစ်ရပ်က ပါလာမှာပဲ။ ဘာတွေ ရေးထားမလဲ ဆိုတာတော့ ဖတ်မကြည့်ဘဲ ကြိုပြောလို့ ရနေပြီ။ “မြန်မာ အသင်းဟာ စည်းကမ်း မရှိဘူး။ အားကစားသမားစိတ်ဓာတ် မရှိဘူး။ အရှုံးကို ၀န်မခံဘူး။ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို စောဒကတက်တယ်။ မြန်မာအသင်း စည်းကမ်း မရှိတာ လူချတာ ခပ်ကြမ်းကြမ်းကစားတာတွေဟာ အခုလည်း အရင်ကအတိုင်း မပြောင်းလဲသေးဘူး ” စသဖြင့် ရေးပြီး စင်္ကာပူ အသင်း တော်ပုံ၊ ကစားကွက် ကောင်းပုံတွေကို ရေးထားကြပါလိမ့်မယ်။ ဒါပေမယ့် စင်္ကာပူ မီဒီယာတွေ သိထားဖို့က မြန်မာဘောလုံးအသင်းဟာ မြန်မာဘောလုံးကစားသမားတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပြီး စင်္ကာပူအသင်းကတော့ အနောက်တိုင်းသားနဲ့ အာဖရိကနွယ်ဖွားတွေနဲ့ ဖွဲ့စည်းထားတယ်ဆိုတာပါပဲ။ ခြင်္သေ့အသင်းလို့ ဂုဏ်ယူဝင့်ကြွားလေ့ရှိတဲ့ စင်္ကာပူအသင်းမှာ ခြေစွမ်းပြနေတဲ့ ခြင်္သေ့တွေဟာ စင်္ကာပူကနေ မွေးထုတ်လိုက်တဲ့ ခြင်္သေ့စစ်စစ်တွေ မဟုတ်ဘူးဆိုတာရယ်၊ ဒီခြင်္သေ့တွေရဲ့ အောင်မြင်မှုဟာ စင်္ကာပူနိုင်ငံရဲ့ ဘောလုံးလောက တိုးတက်မှုလက္ခဏာလား ဆုတ်ယုတ်မှုပြယုဂ်လား ဆိုတာရယ်ကိုတော့ စဉ်းစားဆင်ခြင်ဥာဏ်ရှိသူတိုင်း သိကြပါလိမ့်မယ်။

ညီညီ(သံလွင်)

Read More...

Dec 5, 2008

ဘောလုံးပွဲ

ကြည့်ရမယ်
အားသာချက်ကဘာလဲ
သူတို့က ဂိုးရဖို့
ဘောလုံးကို ရှေ့တန်းဆီတိုက်ရိုက်ကန်ပို့တယ်။

ကျနော်တို့က
ဘောလုံးကိုခြေထဲမှာ
ပိုပြီးထားကစားကြတယ် မဟုတ်လား။

ဘ၀မှာဒီလို
မတူကွဲပြားတဲ့ ကစားဟန်တွေရှိပါရဲ့
ဒါပေမယ့်
ကျနော်တို့မှာ
တိုက်စစ်မှူးကောင်းကောင်းမရှိဘူး
နောက်ပိုင်း ခံစစ်သမားတွေလည်း အားနည်းခဲ့။

ပြီးတော့
သူ့လူ ကိုယ့်လူနဲ့
ဒဏ်ရာရစာရင်း ခပ်များများ
တန်းဆင်းဇုန်ထကြ အဟောင်းတွေနဲ့
အပြောင်းအရွှေ့စာချုပ် ခပ်များများ
ဖာဂူဆန်လို
မော်ရင်ညိုလို
စွမ်းရည်ပြည့် နည်းပြမျိုးရှားတယ်။

ဒီလိုနဲ့
တစ်သင်းလုံး တက်လိုက်ဆင်းလိုက်
တိုင်ထိပြီး ပြန်ထွက်လိုက်
ဘေးချော်လိုက်နဲ့
အိမ်ကွင်းမှာရော အဝေးကွင်းမှာပါ
ကျနော်တို့
အခုထိ ဂိုးမရသေးဘူး။ ။

မင်းချမ်းမွန်
(စင်္ကာပူထုတ် Shwe Myanmar Magazine မှ ကဗျာဆရာ မင်းချမ်းမွန်၏ ကဗျာကို ကူးယူဖော်ပြပါသည်)

Read More...