Jul 31, 2008

ကဗျာဆရာနဲ့ စကားစမြည်

ရင်ဘတ်ထဲမှာက
တကယ်တမ်း ကဗျာ.. ။
ကာရန် မဖွဲ့ချင်တဲ့အခါ
ဂစ်တာတစ်လက်ပေါ် ထားလို့ဖြစ်တယ်။
သံစဉ် မဖွဲ့ချင်တဲ့အခါ
ကွန်ပျူတာကီးဘုတ်ပေါ် ထားလို့ဖြစ်တယ်။
ပရိုဂရမ် မရေးချင်တဲ့အခါ
အိပ်မက်တွေထဲ ထားလို့ဖြစ်တယ်။
မအိပ်စက်ချင်တဲ့အခါ
အတွေးတွေထဲ ထားလို့ဖြစ်တယ်။
မတွေးချင်တဲ့အခါ
ဗလာနယ်ထဲ ထားလို့ဖြစ်တယ်။
ဘာဆိုဘာမှမရှိတဲ့အခါ
လူ့ဘ၀ရဲ့ အဓိပ္ပာယ်ဆိုတဲ့ ခေါင်းစဉ်အောက်ထဲ ထားလို့ဖြစ်တယ်။
ခေါင်းစဉ် ဘယ်လိုမှ တပ်မရတဲ့အခါ
“ကဗျာ”လို့ပဲ ထားလို့ဖြစ်တယ်။

ကာရန် မဖွဲ့ချင်တဲ့အခါ
သံစဉ် မဖွဲ့ချင်တဲ့အခါ
ပရိုဂရမ် မရေးချင်တဲ့အခါ
မအိပ်စက်ချင်တဲ့အခါ
မတွေးချင်တဲ့အခါ
ဘာဆိုဘာမှ မရှိတဲ့အခါ
ခေါင်းစဉ်ဘယ်လိုမှ တပ်မရတဲ့အခါ
ဘ၀ထဲမှာက တကယ်တမ်း ဗလာ
ရင်ဘတ်ထဲမှာက တကယ်တမ်း ကဗျာ.. ။ ။

ခေလွန်း
ဇူလိုင် ၃၁၊ ၂၀၀၈
မွန်းလွဲ ၂ နာရီ ၂၀ မိနစ်

Read More...

Jul 22, 2008

သံလွင်ဒေါ့ကွန်းနဲ့ သံလွင်အိပ်မက် ထွက်ပါပြီ

အခက်အခဲတွေကြားကပဲ သံလွင်ဒေါ့ကွန်းနဲ့ သံလွင်အိပ်မက်ကို ကျွန်တော်တို့ ဇူလိုင်လ ၂၁ ရက် ယနေ့မှာ စောင့်မျှော်နေတဲ့ ပရိသတ်ဆီ အရောက်ပို့နိုင်ခဲ့ပါပြီ။ မနက်ကတည်းက ဒီပို့စ်ကို ရေးသင့်ပေမယ့် ကိုယ်တွေလက်တွေ ညောင်းကိုက်ပြီး ဘယ်လိုမှ မရေးနိုင်လို့ စီဘောက်စ်မှာ ထွက်ပြီဆိုတဲ့အကြောင်း ရေးထားခဲ့ပြီး ပို့စ်ကို အခုမှ ရေးဖြစ် ပါတယ်။ ဖျားနေတယ် ဆိုပါတော့။ တစ်နေ့လုံး အိပ်နေလိုက်တာ အတော် လန်းဆန်းသွားပါပြီ။ သံလွင်အိပ်မက် မထွက်သေးဘူး ဆိုရင် စောင့်နေတဲ့ ပရိသတ်တွေက မထွက်သေးဘူးလား လို့ တဖွဖွ မေးတတ်ကြတယ်။ “မကြာခင် ထွက်နိုင်အောင် လုပ်နေပါတယ်” လို့ ပြန် ဖြေရတိုင်း စောင့်နေတဲ့ သူတွေကို အားနာမိတာ အမှန်ပဲ။ ဒါပေမယ့် အဲဒီ “ထွက်ပါပြီ” ဆိုတဲ့ စကားတစ်ခွန်းကို ပီပီပြင်ပြင် ကြေညာနိုင်ဖို့ ကျွန်တော်တို့ နောက်ကွယ်မှာ ဘယ်လောက် effort စိုက်ထုတ်ခဲ့ရသလဲဆိုတာ သူတို့တတွေ သိချင်မှ သိမယ်။ အရင်းအနှီးကလည်း မသေးပါဘူး။ စိုက်ထုတ်ကြရတဲ့ အချိန်၊ လုပ်အား၊ ပျက်ကွက်ရတဲ့ လူမှုရေးကိစ္စတွေ၊ ကိုယ်ရေးကိုယ်တာကိစ္စတွေ .. ပြီးတော့ အိပ်ရေးပျက်ရတဲ့ ညတွေ။ အထူးသဖြင့် အခု သံလွင်အိပ်မက် အတွဲ ၂ အမှတ် ၂ လို portal တစ်ခုလုံးကို အသစ် ပြန်ဆောက်ရတဲ့အခါ ပုံမှန် ထုတ်နေကျထက် အားထုတ်မှု ၂ ဆ ပိုစိုက် ရပါတယ်။ Webmaster အနေနဲ့ရော.. အယ်ဒီတာအနေနဲ့ပါ Role နှစ်ခု ယူရတဲ့အတွက် ပို ပင်ပန်းပါတယ်။ သံလွင်ဝိုင်းတော်သားများ အားလုံးကသာ ညီညီညွတ်ညွတ်နဲ့ ၀ိုင်းမလုပ်ကြရင် အချိန်မီ ပြီးမှာ မဟုတ်ဘူး။

CMS (Content Management System) ဆိုတာ ဘာမှန်း သေချာမသိပေမယ့် သင်ယူချင်စိတ်ရှိပြီး လိုအပ်တာတွေကို တဖက်တလမ်းကနေ ကူညီခဲ့တဲ့ ကျွန်တော့် ဘ၀လက်တွဲဖော် စကားပန်း၊ မျက်နှာဖုံး ဒီဇိုင်းကို ဟိုဟာထည့်လိုက်ပါလား၊ ဒီလိုဆို ကောင်းမယ်ဆိုပြီး ကျွန်တော် တောင်းဆိုသမျှ မညည်းမညူလုပ်ပေးခဲ့တဲ့ မောင်ပွတ်၊ မာတိကာကို မထွက်ခင်ညမှာ မိုးအလင်း လုပ်ပေးသွားတဲ့ ဇင်ကိုလတ်၊ လိုအပ်မယ် ထင်တဲ့ အပိုင်းတွေကို ဖြည့်ရေးပေးတတ်တဲ့ ကိုငယ်၊ စာမူများကို ဘလော့မှာ မတင်ဘဲ သံလွင်အိပ်မက်အတွက် ချန်ထားပေးခဲ့ကြတဲ့ သူငယ်ချင်း ဘလော့ဂါ အစ်ကိုအစ်မများ၊ ဓာတ်ပုံများ ပေးပို့ခဲ့ကြသူများ၊ အိုင်ဒီယာချပေးရင် လက်မနှေးဘဲ ကာတွန်း ဆွဲပေးတတ်တဲ့ KNT၊ ကာတွန်း အသုံးပြုခွင့်ပေးခဲ့တဲ့ ဆရာအော်ပီကျယ်၊ လက်ရေးစာမူတွေကို ဇော်ဂျီဖွန့်နဲ့ ကူရိုက်ပေးခဲ့တဲ့ မမယ်လိုဒီမောင်နဲ့ KPZ အစရှိသူတွေ အားလုံး အားလုံးကို ကျေးဇူး အထူးတင်ပါတယ်။ သံလွင်အိပ်မက်ထွက်တိုင်း မပျက်မကွက် အားပေးတတ်တဲ့ စာဖတ်ပရိသတ်ကိုလည်း ကျေးဇူးတင်ရှိပါတယ်။

အတွဲ ၂ အမှတ် ၃ ကျရင်တော့ ဒီ Thanlwin.com portal ငြိမ်သွားပြီ ဖြစ်တဲ့အတွက် အခု တစ်စောင်လောက် ပင်ပန်းတော့မယ် မထင်ပါဘူး။ ပြောစရာ ရှိတာက သံလွင်အိပ်မက်မှာ ဒီတခါ သီချင်းကဏ္ဍ မပါဘူး။ မြန်မာ mp3 သီချင်းတွေ ပေးနေတဲ့ ဘလော့တွေ ၀က်ဆိုက်တွေ အများအပြား ပေါ်ထွက်လာတာကြောင့် ဒီကဏ္ဍကို ဖြုတ်လိုက်တဲ့အတွက် ဘာမှ ဆုံးရှုံးမှု ကြီးကြီးမားမား ဖြစ်မယ် မထင်လို့ ကျွန်တော်တို့ မထည့်တော့ဘူး။ နောက် သံလွင်စကားဝိုင်း ကိုတော့ ပြီးခဲ့တဲ့ စကားဝိုင်းရဲ့ တုံ့ပြန်မှု အားနည်းခဲ့တာကြောင့် ကျွန်တော်တို့ review ပြန်လုပ်ဖို့ လိုမယ်ဆိုပြီး ဖြုတ်ထားလိုက်ပါတယ်။ နောင် အသစ်ထွက်မယ့် သံလွင်အိပ်မက်မှာတော့ စကားဝိုင်းကဏ္ဍ ပြန်ပါကောင်း ပြန်ပါလာပါမယ်။

သံလွင်.com မှာ ကျွန်တော် Subdomain သုံးခု ဖန်တီးထားတယ်။

၁) thanlwinainmat.thanlwin.com
အဲဒီကို သွားလိုက်ရင် သံလွင်အိပ်မက် မျက်နှာဖုံး စာမျက်နှာကို တန်းရောက်သွားပါမယ်။ သံလွင်.com ကို နှိပ်ပြီး အဲဒီကတဆင့် သံလွင်အိပ်မက်ကို ဖတ်ရတာနဲ့ အတူတူပါပဲ။

၂) blogs.thanlwin.com
အဲဒီမှာ ကျွန်တော် လက်လှမ်းမီသလောက် သူငယ်ချင်း ဘလော့ဂါတွေရဲ့ ဘလော့ Feed တွေကို Subscribe လုပ်ထားပါတယ်။ ဆိုတော့ သူတို့ ဘလော့တွေမှာ ပို့စ်အသစ်တင်တိုင်း အဲဒီက တဆင့် တထိုင်ထဲ ဖတ်နိုင်ပါတယ်။ မိမိ ဘလော့ Feed ကို တင်ချင်တဲ့ သူငယ်ချင်းများ thanlwinainmat@gmail.com သို့မဟုတ် nyinyiprogrammer@gmail.com ကို ဆက်သွယ် စာရင်းပေးနိုင်ပါတယ်။

၃) news.thanlwin.com
ဒါကတော့ Yahoo, Google က News မှာ Keywords "Myanmar, Burma" စသဖြင့် ရိုက်ရင် ထွက်လာမယ့် သတင်းတွေ၊ ပြီးတော့ Mizzima, ဒေါက်တာလွဏ်းဆွေ , မိုးမခ စတဲ့ မြန်မာ့သတင်းမီဒီယာတွေ သတင်းအသားပေး ဘလော့တွေက Feed တွေကို တထိုင်ထဲ ဖတ်နိုင်ပါတယ်။ ဟိုသွားဖတ်လိုက် ဒီသွားဖတ်လိုက် အလုပ်မရှုပ်တော့ပါဘူး။

သံလွင်ဒေါ့ကွန်းနဲ့ သံလွင်အိပ်မက်မှာ အားနည်းချက်တွေ၊ လိုအပ်ချက်တွေ အများကြီး ရှိမှာပါ။ ဒါကို နားလည်ပေးကြဖို့နဲ့ အားနည်းချက်တွေ လိုအပ်ချက်တွေကို ထောက်ပြဝေဖန် အကြံပေးကြဖို့ ပန်ကြားလိုပါတယ်။

သံလွင်အိပ်မက်ကတော့ မရပ်မနား တသွင်သွင်စီးဆဲပါ။ ခင်ဗျားတို့ စူးစူးစိုက်စိုက် နားစွင့်ကြည့်တဲ့အခါ “သံလွင်ကို အိပ်မက်တဲ့အခါ ကျွန်တော်တို့ရဲ့ တေးသွားကို ကြားရပါလိမ့်မယ်.... ”

Read More...

Jul 3, 2008

သံလွင်ဒေါ့ကွန်း၊ သံလွင်အိပ်မက်နဲ့ ကျွန်တော်

ဒီရက်ပိုင်း ကျွန်တော် အလုပ်များနေလို့ ဘလော့ဂ်ဘက်ကို သိပ်မလှည့်ဖြစ်တဲ့ အတွက် ဘလော့ဂ်ကို လာတဲ့သူတွေ အတွက် အသစ်ဖတ်စရာ ရှားပါးနေရတာကို အားနာမိပါတယ်။ လတ်တလော ကျွန်တော် ပရောဂျတ် သုံးခု တပြိုင်တည်း လုပ်နေပါတယ်။ သံလွင်ဒေါ့ကွန်း၊ သံလွင်အိပ်မက်နဲ့ နောက်တစ်ခုပါ (ဒါကတော့ သိပ်ပီပီပြင်ပြင်မလုပ်ရသေးတဲ့အတွက် ထုတ်မပြောသေးပါဘူး။ သြဂုတ် သို့ စက်တင်ဘာလောက်တော့ ပြီးမယ် မှန်းပါတယ်)။ ဟိုးအရင်က သံလွင်ဒေါ့ကွန်းကို SG based Web Portal အနေနဲ့ အရင် စလုပ်ခဲ့ပြီး သံလွင်အိပ်မက်ကို သံလွင်ဒေါ့ကွန်းရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ပြုလုပ်ခဲ့ရာက နောက်ပိုင်းမှာ သံလွင်အိပ်မက်ကိုပဲ အားစိုက်လုပ်ဖြစ်ခဲ့ပါတယ်။ အဲဒီမှာ သံလွင်ဒေါ့ကွန်း မှေးမှိန်သွားပြီး ခဏတာ ပိတ်ထားခဲ့ပါတယ်။ အခုတော့ သံလွင်ဒေါ့ကွန်းကို သွားတာနဲ့ သံလွင်အိပ်မက်ကို ရောက်သွားမှာပါ။ မကြာခင်ကာလမှာတော့ သံလွင်ဒေါ့ကွန်း ပြန်လာပါမယ်။ သံလွင်ဒေါ့ကွန်းကို မကြာခင်ထွက်မယ့် သံလွင်အိပ်မက် အတွဲ ၂ အမှတ် ၂ နဲ့အတူ သို့မဟုတ် အနည်းငယ်စောပြီး release လုပ်ပါမယ်။

သံလွင်ဒေါ့ကွန်းမှာ ဘာတွေပါလာမလဲဆိုရင် ပုံမှန် web portal တွေမှာ ပါနေကျအတိုင်း ဖိုရမ်ပါမယ်။ သံလွင်စကားဝိုင်းကို သံလွင်အိပ်မက်ဘလော့ကနေ ဖိုရမ်ကို ရွေ့ပါမယ်။ ဧည့်စာအုပ် (Guestbook) ပါမယ်။ သတင်းတွေ ပါမယ်။ အဆင်သင့်ရင် သင့်သလို သတင်းတွေကို update လုပ်သွားမှာပါ။ ပြီးတော့ News Feed ပါမယ်။ အဲဒါက မြန်မာပြည်နဲ့ ပတ်သက်တဲ့ သတင်းတွေကို RSS Feed ပေးတဲ့ နေရာတွေကနေ အလိုလို လှမ်းဆွဲပြီး ပြမှာပါ။ သဘောက Google News သွားလိုက် Yahoo News သွားလိုက် လုပ်ပြီး Myanmar, Burma စတဲ့ Keyword တွေနဲ့ တကူးတက သွားဖတ်စရာ မလိုတော့ပါဘူး။ အဲလိုသတင်းတွေကို ဖတ်လို့ ရအောင် http://news.thanlwin.com ဆိုပြီး sub-domain တစ်ခု ဖန်တီးပေးသွားမှာပါ။ ဒီ News Feed မှာ ပါမယ့် နောက်တစ်ခုက Myanmar Blog Feed ပါ။ ကျွန်တော်တို့ကို စာရင်းပေးထားမယ့် မြန်မာဘလော့ရဲ့ ပို့စ်တွေကို ပို့စ်အသစ်တင်တာနဲ့ သူ့အလိုလို ဖော်ပြပေးပါမယ်။ စိတ်ပါဝင်စားသူ ဘလော့ဂါများ ဒီပို့စ်ရဲ့ ကွန်မန့်မှာ ဘလော့လိပ်စာ ထားခဲ့ပေးပါ။ လောလောဆယ်တော့ သတင်းတွေနဲ့ ဘလော့တွေကို ရောထားပါတယ်။ နောက်ပိုင်းမှာတော့ ဘလော့တွေ သိပ်များလာရင် သက်သက်စီခွဲထားဖို့ စဉ်းစားထားပါတယ်။ subdomain ကိုလည်း http://blogs.thanlwin.com ဆိုပြီး လုပ်မယ်လို့ တွေးထားပါတယ်။ နောက်တစ်ခုက Today in History ဆိုတဲ့ စိတ်ဝင်စား စရာ ကဏ္ဍပါ။ ဒီနေ့ဟာ သမိုင်းက ဘယ်လိုနေ့စွဲမျိုးလဲ ဆိုတာ ကြည့်လို့ရပါတယ်။ ကမ္ဘာပေါ်က အထင်ကရနေ့စွဲတွေနဲ့အတူ မြန်မာပြည်နဲ့ သက်ဆိုင်တဲ့ အထင်ကရ နေ့စွဲတွေကို တဖြည်းဖြည်းချင်း update လုပ်သွားပါမယ်။ ဥပမာ - ၇ ဇူလိုင်၊ ၁၉ ဇူလိုင်၊ ဖေဖော်ဝါရီ ၁၂၊ သြဂုတ် ၈ စသဖြင့်ပေါ့။ နောက်ကဏ္ဍတစ်ခုက Web Links ပါ။ ဒါကတော့ စိတ်ဝင်စားဖို့ကောင်းတဲ့ web site တွေ၊ ပညာရေး၊ ဘာသာရေး၊ ဂီတ၊ သတင်း စသဖြင့် အသုံးဝင်နိုင်မယ့် web site တွေကို Web Directory တစ်ခု ဖန်တီးထားမှာပါ။ နောက်ဆုံး ကဏ္ဍကတော့ မြန်မာတွေအတွက် Yellow Pages ပါ။ ဒေါ်သန်းသန်းနုဆိုင် ဖုန်းနံပါတ်ပေးပါဦး။ စင်းမြန်မာ လိပ်စာသိလား။ မော်လမြိုင်ကို ငွေလွှဲနှုန်းမေးမလို့ ဖုန်းနံပါတ်ရှိလား စတဲ့ မေးခွန်းတွေအတွက် ပြည်ပရောက် မြန်မာတွေရဲ့ စီးပွားရေး လုပ်ငန်းတွေကို Yellow Pages မှာ ဖော်ပြပေးပါမယ်။ လောလောဆယ်တော့ စင်္ကာပူကို အဓိကထားပြီး နောက်ပိုင်း တဖြည်းဖြည်း တိုးချဲ့သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။

သံလွင် အတွဲ ၂ အမှတ် ၂ ကိုတော့ ဂျူလိုင်လထဲမှာ ထုတ်ဝေနိုင်ဖို့ ကျွန်တော်တို့တွေ ကြိုးစားနေကြပါတယ်။ စာမူပေးပို့သူများ အားလုံးကို ကျေးဇူးတင်ပါတယ်။ ထပ်မံပြီး စာမူပေးပို့လိုသူတွေ အနေနဲ့ ဇူလိုင် ၇ ရက်နေ့ နောက်ဆုံးထားပြီး thanlwinainmat@gmail.com ကို ပေးပို့နိုင်ပါတယ်။ သံလွင်ကို အသွင်ပြောင်းတဲ့အနေနဲ့ အတွဲ ၂ အမှတ် ၁ ဆိုပြီး ကျွန်တော်တို့ လုပ်ခဲ့တာကို မှတ်မိကြမှာပါ။ အခု သံလွင် အတွဲ ၂ အမှတ် ၂ .. (ကျွန်တော်တို့ ခေါ်ကြတဲ့ Code name ကတော့ သံလွင် 2.2 ) ကိုတော့ သံလွင်ဒေါ့ကွန်းမှာ တပါတည်း ထည့်သွင်းမှာပါ။ ဘလော့တွေမှာလိုပဲ စာဖတ်သူတွေရဲ့ အမြင်တွေကို ဖော်ပြနိုင်မယ့် ကွန်မန့်တွေပါလာမယ့်အပြင် အယ်ဒီတာတွေရဲ့ ကွန်မန့်တွေ သီးခြားပါလာမယ်။ Vote/Rating ပေးလို့ ရမယ်။ Favourite အနေနဲ့ ပေးလို့ရမယ်။ ဖတ်ပြီး ကြိုက်နှစ်သက်ရင် Del.icio.us မှာ သိမ်းလို့ ရမယ်။ ဒါမှ မဟုတ် သူငယ်ချင်းမိတ်ဆွေတွေဆီကို အီးမေးလ်ပို့ပြီး ဝေငှနိုင်မယ်။ Printer Friendly Version နဲ့ Print ထုတ်ပြီး သိမ်းထားလို့ရမယ်။ အဲလိုမဟုတ်ဘဲ soft copy နဲ့ လိုချင်ရင် Pdf version ထုတ်လို့ ရမယ်။ Rate အများဆုံး၊ လူအဖတ်အများဆုံး၊ ကွန်မန့်အများဆုံး စတဲ့ statistics တွေကိုလည်းကြည့်နိုင်မယ်။ ဒီတော့ လာမယ့် သံလွင် အတွဲ ၂ အမှတ် ၂ ဟာ ကျွန်တော်တို့ သံလွင်အိပ်မက် အဖွဲ့အတွက် တကယ့်ကို breakthrough ပါ။ အတတ်နိုင်ဆုံး ကြိုးစားထားပါတယ်။ မကြာခင်တော့ စာဖတ်သူတွေ ရှေ့မှောက်ကို အရောက်ပို့ပေးနိုင်မှာပါ။

ည ၂ နာရီ ၃ နာရီအထိ မအိပ်ဖြစ်ဘဲ ဒီပရောဂျတ်တွေထဲ နစ်နေလို့ အိပ်ရေးပျက်တဲ့ ရက်တွေ များနေပါပြီ။ ဒါပေမယ့် သံလွင်ဒေါ့ကွန်းရဲ့ အောင်မြင်မှု၊ သံလွင်အိပ်မက်ရဲ့ အောင်မြင်မှုကို မဝေးတော့တဲ့ အချိန်မှာ တွေ့ရတော့မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ... ။

Read More...