Feb 27, 2007

ပတ်ဝန်းကျင်

ဟိုးတစ်နေ့က ရန်ကုန်က ပြန်လာတဲ့သူငယ်ချင်းတစ်ယောက်ပေးတာနဲ့ “ဟဲ့ကား” ဆိုတဲ့ အခွေကို နားထောင်ဖြစ်တယ်။ အဲဒီအခွေထဲက “ပတ်ဝန်းကျင်”ဆိုတဲ့ သီချင်းက ပုံပြင်လေးတစ်ပုဒ်ကို အခြေခံပြီးရေးထားတာပါ။ အိုင်ဒီယာလေးကောင်းပါတယ်။ အချစ်သီချင်းတွေချည်းပဲ အမြဲနားထောင်ရတာ ရိုးအီနေတဲ့လူတွေကတော့ ဒီသီချင်းလေးကို သဘောကျကြမယ်ထင်ပါတယ်။

ဟုတ်တော့လည်းဟုတ်ပါတယ်။ လူတွေလူတွေ တစ်ခါတစ်ခါ တော်တော်စကားရှုပ်ကြတာပဲ။ ဟိုဟာလုပ် လုပ်ပြန်ပြီ.. ဒီဟာလုပ် လုပ်ပြန်ပြီ။ သူတို့ ကယောက်ကယက်စကားတွေကို ကြားကြားနေရတော့ ဒီပုံပြင်ထဲက နွားက တင်းမယ်ဆိုလည်း တင်းစရာပါပဲလေ...

“ပတ်ဝန်းကျင်”

ဟိုးရှေးရှေးတုန်းက နွားစီးတဲ့သားအဖ
ခရီးထွက်တဲ့အခါ အတူတူနွားစီးလို့သွား
အားလုံးဝိုင်းတားကြ နွားကြီးတော့သနားပါ
သတ္တ၀ါအချင်းချင်း မညှင်းဆဲနဲ့ကွာ

ဒီလိုဆို ငါ့သား လမ်းလျှောက်လို့ဆက်သွား
နွားကြီးကိုတော့ အဖေစီးခဲ့မှာ
ဒါကိုတောင် အလျော့မပေး အပြောကတော့မလွတ်သေး
ကလေးလေးကိုမှ နှိပ်စက်သတဲ့ကွာ

ကြားရတဲ့စကားတကာ နားကြားပြင်းကပ်လာ
လမ်းဆင်းလျှောက်ကာ အတူတူနွားဆွဲလို့သွား
မကြားတကြားထပ်ပြောကြ တုံးလိုက်တဲ့သားအဖ
နွားရှိရဲ့သားနဲ့ မစီးဘူးတဲ့ကွာ

ဒီလိုဆို ငါ့သား နွားစီးပြီးဆက်သွား
နောက်ကနေပဲ အဖေလိုက်ခဲ့မှာ
ဒါကိုတောင် အလျော့မပေး အပြောကတော့မလွတ်သေး
မင်းရဲ့အဖေကြီးကို ပေးမစီးဘူးကွာ

ကြားရတဲ့စကားမှာ နွားကြားကတင်းလာ
စကားများကြတာကွာ လူတွေရူးများနေလား
ဒီလောက်ဖြစ်တဲ့သားအဖ ရှင်းမရတဲ့ဒုက္ခ
ဒီနှစ်ယောက်လုံးပဲ ငါစီးသွားမတဲ့ကွာ..

Read More...

Feb 24, 2007

တစ်ခါက...အိမ်

တစ်ခါက “အိမ်”ဆိုတဲ့ အက်ဆေးတစ်ပုဒ်ကို ကျွန်တော် တစ်ခါက ရေးခဲ့ဖူးတယ်...
တစ်ခါက အိမ်က ကျွန်တော်ပြန်အလာကို ခုထိ စောင့်နေတုန်းပါပဲ...




“တစ်ခါက...အိမ်”

အိမ်ပြန်ချင်တယ်။ အိပ်တန်းပျံငှက်တွေကို ကြည့်ရင်းအားကျမိတယ်။ ဘ၀မှာ မသေချာခြင်းတွေသာ စနစ်တကျသေချာနေတာပဲမဟုတ်လား။ မျှော်လင့်ချက်ဆိုတာ လမ်းလျှောက်နေတဲ့အိပ်မက်တွေပဲ တဲ့။ လျှောက်လိုက်ရတဲ့လမ်း၊ မက်လိုက်ရတဲ့အိပ်မက်တွေ။ လမ်းတွေက ဆိုး အိပ်မက်တွေက သိုးနဲ့ ဒီလိုမျိုး ၀ိုးတိုးဝါးတားလမ်းမထက် နိုးတ၀က် အိပ်မက်မက်ရင်း ငါအိမ်မပြန်နိုင်ခဲ့တာ ၆နှစ်၆မိုး ရှိခဲ့ပြီ။

တစ်ခါကအိမ်ကို တမ်းတမိတယ်။ တစ်ခါကအိမ်ရဲ့ညမှာ ဖယောင်းတိုင်ဟာ အသက်။ တစ်ခါကအိမ်ရဲ့ညမှာ ခြင်ဆိုတာ ဗီလိန်။ တစ်ခါကအိမ်ရဲ့ညဟာ ခွေးအူသံတွေကို သံချောင်းခေါက်သံပြင်းပြင်းနဲ့ ရောမွှေထားတယ်။ တစ်ခါကအိမ်ရဲ့ညမှာ လမင်းကို ငေးရင်း တွေးချင်ရာတွေး ရေးချင်ရာရေးခဲ့ဖူးတယ်။ တစ်ခါကအိမ်ရဲ့ညဟာ ဆရာထင်လင်းဘာသာပြန်တဲ့ စာရေးဆရာ ကမူးရဲ့ စည်းအပြင်ကလူ လိုပဲ။

တစ်ခါကအိမ်မှာ အကြွေးဝယ်ကတ်မရှိဘူး။ အေတီအမ်မရှိဘူး။ ကွန်ပျူတာမရှိဘူး။ အင်တာနက်မရှိဘူး။ မရှိခြင်းတွေသာ အပြည့်အသိပ်ရှိတယ်။ တစ်ခါကအိမ်ကို သွားတဲ့လမ်းဟာ ဖုန်ထူတယ်။ ချိုင့်ပေါတယ်။ တစ်ခါကအိမ်ဟာ ဘေးပတ်ဝန်းကျင်က အိမ်တွေနဲ့စာရင် အတော်လေးကြီးတာကို ဂုဏ်ယူရမလိုပါပဲ။ တစ်ခါကအိမ်ကို အိမ်ငှားတွေက အတင်းအကြပ်အပိုင်စီးခဲ့တယ်။ တစ်ခါကအိမ်မှာ ငါ့အဘိုးနေခဲ့တယ်။ ငါ့အဘွားနေခဲ့တယ်။ တစ်ခါကအိမ်မှာ ငါ့အဖေနေခဲ့တယ်။ ငါ့အမေနေခဲ့တယ်။ တစ်ခါကအိမ်မှာ ငါဘာလို့ မနေဘဲ အဝေးပြေးထွက်ခဲ့ရတာလဲ။ ဒီမေးခွန်းကို မမေးနဲ့။ တချို့မေးခွန်းတွေဟာ ပြန်ဖြေဖို့မလိုအပ်ဘူး။ တချို့မေးခွန်းတွေဟာ နတ်ကြီးတယ်။ တချို့မေးခွန်းတွေက အန္တရာယ်ကြီးတယ်။

တစ်ခါကအိမ်မှာ မမြင်ချင်တဲ့သူတွေ မဖယ်မချင်း မပြန်ချင်ဘူး။ တစ်ခါကအိမ်ကို ငါစွန့်ပစ်ခဲ့တာ မဟုတ်ဘူး။ တစ်ခါကအိမ်ကို ငါထားပြီးထွက်ခဲ့တာ မဟုတ်ဘူး။ တစ်ခါကအိမ်ကို ပြန်ပြင်ဆောက်ဖို့ အိပ်မက်တွေနောက်ကို တကောက်ကောက်လျှောက်လိုက်ခဲ့တာ ငါတစ်ယောက်တည်း မဟုတ်ဘူး။ ငါ့ညီအစ်ကို မောင်နှမတွေအားလုံး။ တစ်ခါကအိမ်ကို ဘယ်တော့ပြန်ဖြစ်မလဲမေးရင် ဖြစ်နိုင်ရင်ချက်ချင်းပြန်ချင်တာပေါ့လို့ ဖြေမိမယ်။ ဒါပေမယ့် မဖြစ်နိုင်တာ သိနေတော့ ခက်တယ်။ ပညာမတတ်ရင်အန္ထရာယ်ရှိသလို ပညာတတ်လွန်းရင်လည်း အန္တရာယ်ရှိတယ် ဆိုပြီး ကြားဖူးတယ်။ မသိမမြင်မကြားခြင်းဒုက္ခထက် သိမြင်ကြားခြင်းဒုက္ခက ပိုဆိုးလိမ့်မယ်။ အမှန်တရားဆိုတာ မျက်စိမှိတ်ပြီး စွတ်အော်နေလို့ရတဲ့အရာ မဟုတ်ဘူး။ အမှား (သို့မဟုတ်) အမှန်ကို ရွေးပါဆိုတာ ဟိုးပဝေသဏီက အတွေးအခေါ်အဟောင်းကြီးပါ။ တစ်ခါကအိမ်ဟာ အဲဒီလို အတွေးအခေါ်ဟောင်းကြီးတွေကြားမှာ ပျော်မွေ့နေပုံမရဘူး။ မတတ်သာလို့သာပေါ့။

အမေကပြောဖူးတယ်။ သားတို့လက်ထက်မှာ တစ်ခါကအိမ် ကို ပြန်ပြင်ဆောက်ဖို့ ကြိုးစားပါတဲ့။

တစ်ခါကအိမ်ကတော့
ပိန်းပိတ်နေတဲ့အမှောင်ထုအောက်မှာ
မလှုပ်မယှက်
ငြိမ်သက်စွာ...။

၂၅ မတ်လ၊ ၂၀၀၅

+++တစ်ခါကအိမ်ကို လွမ်းဆွတ်ကြသူများအားလုံးကို ရည်ရွယ်ပါသည်။+++

Read More...

Feb 21, 2007

အနုပညာဘာသာစကား

အဝေးကြီးမခွဲခွာခင် နှုတ်ဆက်နေကြတဲ့ ချစ်သူနှစ်ဦးရဲ့ ပုံရိပ်ကို
သီချင်းတစ်ပုဒ်ထဲမှာ တွေ့ရမယ်..
ကဗျာတစ်ပုဒ်ထဲမှာ တွေ့ရမယ်..
ပြီးတော့ ဖန်တီးမှုဒီဇိုင်းတစ်ခုထဲမှာတွေ့ရမယ်..

သီချင်း၊ ကဗျာ၊ ဖန်တီးမှုဒီဇိုင်း..
အနုပညာတစ်ခုစီတိုင်းရဲ့ ကိုယ်ပိုင်ဘာသာစကားကို ခင်ဗျားနားစွင့်ကြည့်တဲ့အခါ..


+သီချင်းတစ်ပုဒ်ထဲမှာ..

“သစ္စာရှိကြေး”

တေးရေး၊ တေးဆို - မျိုးကျော့မြိုင်

နှုတ်ဆက်တဲ့စကားလေး စလို့ပြောတယ်
ခေါင်းကလေးငုံ့လို့ မျက်ရည်စများရယ်
သူ့လက်ကလေးကို ဆုပ်ကိုင်ရင်းနဲ့
ရင်ခုန်သံတွေ ကျယ်လောင်စေခဲ့
ခဏအကြာလေးကို မတွေးဘူးအချစ်ရယ်
မင်းထွက်မသွားခင် အချိန်ရယ်ခဏလေး
ကြင်နာသူလေးရယ် ကိုယ်ပြောပြမယ်
တို့နှစ်ယောက်အမြဲ သစ္စာရှိကြေး..

ဝေးပြီးတဲ့တစ်နေ့ ပြန်တွေ့ကြမယ်
ပြန်တွေ့ကြတဲ့အခါ သိပ်ချစ်ကြမယ်
ဒါတွေကို ကိုယ်တစ်ကယ်သိလည်း ဒီအချိန်မှာ ကိုယ်မခံစားရဲ
အရင်လိုလေ ပြောဦးကတိတွေ ကိုယ်ပျော်အောင် ပြုံးတဲ့အပြုံးလေး
ကြင်နာသူလေးရယ် ဘယ်လိုရှိဦးမယ် ဒီအချိန်မှာ ကိုယ်တစ်ကယ်လွမ်းဆွေး..

အချိန်တွေ ကုန်ဆုံးလို့နေလဲကွယ်
ရာသီတွေပြောင်းလဲနေလဲကွယ်..

သိပ်ချစ်တဲ့မင်းနဲ့ ဘယ်လောက်ပဲဝေးဝေး
ကိုယ့်စိတ်က အမြဲနီးနီးလေး
သိပ်ချစ်တဲ့မင်းနဲ့ ဘယ်လောက်ပဲဝေးဝေး
တို့နှစ်ယောက်အမြဲ သစ္စာရှိကြေး..

သူရေးတဲ့စာလေး ကိုယ်ဖတ်ကြည့်ရင်းကွယ်
ရင်မှာ မျက်ရည်လည်လာမိတယ်
အချိန်တွေရယ် ဘယ်လိုပဲပြောင်းပြောင်း
အရင်လိုလေ သူဘာမှ မပြောင်းလဲ
ကြင်နာသူလေးရယ် ကိုယ်သိပ်ချစ်မိတယ်
ပြန်ဆုံမယ့်နေ့ရက် အချိန်လေး
ကိုယ်မျှော်လင့်လို့ အမြဲပဲစောင့်မယ်
တစ်ချိန်မှာ တို့နှစ်ယောက် သိပ်ချစ်ကြကြေး..


+ကဗျာတစ်ပုဒ်ထဲမှာ ..

“ရှင်ကွဲ”

ငါတို့ရှေ့မှာ
ရထားဟာ ခါတိုင်းထက် ပိုမိုရှည်လျား
ဥသြဆွဲသံများကလည်း
ဖွာရရာ ထစ်ချုန်းပြတ်တောက်ကျနေခဲ့..

နှုတ်မဆက်မိရင်လည်း အကောင်းသား
နှုတ်ဆက်လိုက်ကြတော့
ဘူတာဟာ
အ၀ါဖျော့ဖျော့နဲ့
ဂူသင်္ချိုင်းဆန်လာ..

ကံကြမ္မာက
မျဉ်းတစ်ကြောင်းတည်းပေါ်မှာ
ခွာလေးဘက် မရပ်နိုင်ခဲ့ဘူး..

ဘယ်သူ့ကိုမှ မပြောနဲ့
ဘယ်သူ့စကားကိုမှ နားမထောင်ဘူး
မြေလို၊ ပင်လယ်လို အက္ခရာတစ်လုံးနဲ့
ငါတို့ ဆက် “ချစ်” နေကြဦးမယ်..

မမေ့ဘူးကွယ်
ဘယ်တော့မှ မမေ့ပါဘူး
ရက်စက်သွယ်ပြောင်းတဲ့
မီးခိုးလက်ချောင်းတွေက
ငါတို့ကို အပွင့်ခူးချိန်..

ရထားဟာ
လောက လူရိုင်းရဲ့ မှုတ်ပြောင်းဝကနေ
အဆိပ်တွေနဲ့
တုန်ယင်စွာ လူးလွန့် ထွက်ခွာခဲ့ရပေါ့..။

တာရာမင်းဝေ


+ဖန်တီးမှုဒီဇိုင်းတစ်ခုထဲမှာ ..

Read More...

Feb 19, 2007

သတ်ပုံမှားတဲ့ည


ဒါဟာ ချစ်ကောင်း သီချင်းကြော်ငြာမဟုတ်ပါဘူး။ နေရာတကာမှာ သတ်ပုံတွေမှား မှားနေတာကို မြင်ရတွေ့ရလွန်းလို့ပါ။ တရုတ်နှစ်ကူးဆိုတော့ မနေ့ညတုန်းက ဘာမှ သေသေချာချာလုပ်စရာမရှိလို့ ရန်ကုန်က ထည့်ပေးလိုက်တဲ့ မြန်မာကာရာအိုကေ အခွေတွေ ဖွင့်ကြည့်ဖြစ်တယ်။ အဲဒီမှာ တွေ့ပါလေရော.. မှားလိုက်တဲ့ သတ်ပုံတွေ။ တစ်ခါမှ မတွေ့ဖူး မဖတ်ဖူးတဲ့ မြန်မာစာလုံးအသစ်တွေ တော်တော်များများက လာပြီး ပြုံးပြရယ်ပြ လှောင်ပြနေသလိုပဲ။ တကယ်ပါဗျာ.. ဆင်ဆာဘုတ်က တာဝန်ရှိသူများလည်း မြန်မာစာလုံးပေါင်းသတ်ပုံ ကောင်းကောင်းကြေခဲ့ပုံ မရဘူးဗျ။ သူတို့က ဆင်ခြေပေးချင်ပေးမှာပေါ့လေ။ “ငါတို့က စာလုံးပေါင်းစစ်တာ မဟုတ်ဘူး တခြားအရေးပါတဲ့ဟာတွေ (အမှန်ကတော့ အရေးမပါတာတွေ) စစ်တာ” ဆိုပြီး။ မြန်မာကာရာအိုကေ သီချင်းတွေကတော့ သတ်ပုံအမှားကြီးတွေနဲ့ အိပ်မက်ဆိုးတွေ မက်နေခဲ့တာ ကြာခဲ့ပါရောလား...

နောက်တစ်ခါ .. မြန်မာဘလော့ခ်တချို့ လိုက်ဖတ်ကြည့်တဲ့အခါ သတ်ပုံအမှားလေးတွေ ဟိုနားက ပေါ်လာလိုက် ဒီနားက ပေါ်လာလိုက်ပေါ့ဗျာ။ ကျွန်တော် တစ်ခါတစ်ခါ စဉ်းစားတယ်။ ဒါ သူတို့ မြန်မာစာလုံးပေါင်းအမှန်ကို တကယ်မသိတာလား။ သိသိနဲ့ ဖြစ်ကတတ်ဆန်းရေးချလိုက်တာလား ဆိုတာကို။ ကျွန်တော် အဆိုးမြင်တဲ့စိတ်နဲ့ လိုက်ပြီး အပြစ်လိုက်ပြောနေတာ မဟုတ်ကြောင်းကိုတော့ ကြိုပြောထားပါရစေ။ တချို့တချို့သော စာလုံးပေါင်း အမှားတွေကြောင့် မှားယွင်းတဲ့ဖွင့်ဆိုချက်တွေ ထွက်လာနိုင်ပါတယ်။ ကိုယ်ရေးထားတာလေးတွေ မတင်ခင် သတ်ပုံလေးတော့ အသေအချာ ပြန်စစ်ကြဖို့ မြန်မာဘလော့ခ်ဂါတွေကို တိုက်တွန်းချင်ပါတယ်။ ခေတ်မီဆန်းသစ်တဲ့ မြန်မာဝေါဟာရ အသစ်တွေ ထွင်ချင်ကြတယ်ဆိုရင်တော့ လှိုက်လှဲစွာ ကြိုဆိုပါတယ်။

သံလွင်အိပ်မက် အယ်ဒီတာတစ်ယောက်အနေနဲ့ ရောက်လာတဲ့ စာမူတွေထဲက သင့်တော်တာရွေး မသင့်တော်ဘူး ထင်တာတွေကို ပယ်ရပါတယ်။ သံလွင်အိပ်မက်ထွက်ခါနီးညတွေမှာတော့ ရွေးချယ်ထားတဲ့ စာမူတွေထဲက စာတွေကို စာလုံးပေါင်း သတ်ပုံ လိုက်စစ်ရတာဟာ အလုပ်တစ်ခု ဖြစ်ပါတယ်။ အကုန်လုံးကို စေ့စေ့စပ်စပ် မစစ်နိုင်ခဲ့ရင်တောင်မှ တတ်နိုင်သမျှ သတ်ပုံအမှားတွေ မပါအောင် ကြိုးစားရှာဖွေစီစစ်ရပါတယ်။ အဲဒါ ဘာကြောင့်လဲ။ မြန်မာလို ထုတ်ဝေတဲ့ အင်တာနက် မဂ္ဂဇင်းတစ်ခုမှာ မြန်မာစာလုံးပေါင်းသတ်ပုံတွေ မှားမနေသင့်ဘူးလို့ ယုံကြည်ယူဆလို့ပါ။

ကျွန်တော်တို့ကြုံခဲ့ရတဲ့ သတ်ပုံမှားတဲ့ညတွေ ဘယ်လောက်တောင် များနေပြီလဲ.. ။ မြန်မာလူမျိုး တစ်ယောက်အနေနဲ့ မြန်မာစာလုံးပေါင်း သတ်ပုံတွေကို မှန်မှန်ကန်ကန် သိထားသင့်ပါတယ်။ ကိုယ်မသိတဲ့ မသေချာတဲ့ စာလုံးပေါင်းတွေ ရှိရင်လည်း သိသူတွေကို ချဉ်းကပ်ပြီး မေးမြန်းပါ။ အဲဒီလို မေးဖို့ အဆင်မပြေဘူးဆိုရင် မြန်မာစာအဖွဲ့က ထုတ်ဝေတဲ့ “မြန်မာစာလုံးပေါင်း သတ်ပုံကျမ်း” ကို လေ့လာကြည့်နိုင်ပါတယ်။

သတ်ပုံမှားတဲ့ညတွေ လွန်ပါစေ ...


[မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း]

Read More...

ကလေးအတွေး


ကျွန်တော်တို့ ၀န်းကျင်မှာ ကလေးတစ်ယောက်လိုပဲ တွေးတတ်သူတွေကို တခါတရံမှာ ကြုံရတတ်တယ်။ ကလေးအတွေးဆိုတာကတော့ ခပ်လွယ်လွယ် ပြောရရင် တည်ငြိမ်ရင့်ကျက်မှုမရှိသေးတဲ့ အတွေးအခေါ်မျိုးကို ဆိုလိုတာပါ။ လူကတော့ လူကြီးတစ်ယောက်ဖြစ်နေပြီး စိတ်က ကလေးဆိုး တစ်ယောက်လို ပြောတတ် ပြုမူတတ်ကြတဲ့သူတွေ ကျွန်တော်တို့ ၀န်းကျင်မှာ ဘယ်လောက်တောင်များနေပြီလဲ။ တီဗီဖွင့်ကြည့်ပါ.. သတင်းစာ ဖတ်ကြည့်ပါ.. ကလေးတွေ ရန်ဖြစ်နေသလို အပြုအမူတွေ အပြောအဆိုတွေကို မျက်စိနောက်စရာကောင်းအောင် တွေ့ရမြင်ရကြားရမှာပါ။ မင်းခိုက်စိုးစန်ရဲ့ “ကလေးအတွေး” အက်ဆေးစာအုပ်က ခင်ဗျားတို့ကို တွေးစရာတွေ ပေးနိုင်ပါလိမ့်မယ်..



[Download here]

Read More...

Feb 17, 2007

I live my life for you

I live my life for you

By Firehouse

You know you're everything to me and I could never see
The two of us apart
And you know I give myself to you and no matter what you do
I promise you my heart

I've built my world around you and I want you to know
I need you like I've never needed anyone before

Chorus:
I live my life for you
I want to be by your side in everything that you do
And if there's only one thing you can believe is true
I live my life for you

I dedicate my life to you, you know that I would die for you
But our love would last forever
And I will always be with you and there is nothing we can't do
As long as we're together

I just can't live without you and I want you to know
I need you like I've never needed anyone before

Chorus

I live my life for you..

Read More...

ခရမ်းရောင်လ၀န်းအောက်ကည

အိပ်ပျော်နေတဲ့ စင်္ကာပူရဲ့ ကွန်ကရိတောကို မှတ်တမ်းတင်ရိုက်ကူးထားတဲ့ပုံပါ..




အထက်က ပုံကို Photoshop နဲ့ နည်းနည်း ဟိုပြင်ဒီပြင် လုပ်လိုက်တဲ့အခါမှာတော့ အောက်မှာ ပြထားတဲ့ ပုံကို ရပါတယ်..
Blackmore's Night ရဲ့ Under the Violet Moon သီချင်းထဲကလိုမျိုး ခရမ်းရောင်လ၀န်းအောက်က ညကို ဖန်တီးယူကြည့်လိုက်တာပါ..


Read More...

သံလွင်အိပ်မက် Desktop Wallpaper


Download Wallpaper [1024x768 pixels]


သံလွင်အိပ်မက်အတွက် Desktop Wallpaper လေး တစ်ခုကို သံလွင်အိပ်မက် အမှတ်(၉) ထွက်ကာစကာလက လုပ်ဖြစ်ခဲ့ပါတယ်။ ကြည့်ရတာ ရိုးရိုးလေးဖြစ်အောင် သိပ်ရှုပ်ရှုပ်ထွေးထွေးကြီး မလုပ်ဖြစ်ဘူး။ သံလွင်အိပ်မက်ကို ၂၀၀၄ မှာ စထုတ်ခဲ့တယ် ဆိုတာရယ်။ အတိအကျပြောရရင် သြဂုတ်လ ၁၇ရက် ၂၀၀၄ မှာပါ။ ပြီးတော့ သံလွင်အိပ်မက်ကို တစ်နှစ်လေးကြိမ် ပြောင်းလဲထုတ်ဝေပြီးတဲ့နောက် သံလွင်အိပ်မက် ထွက်မယ့်လတွေရယ်။ “သံလွင်ကို အိပ်မက်တဲ့အခါ ငါတို့ရဲ့ တေးသွားကိုကြားလိမ့်မယ်”ဆိုတဲ့ စာသားရယ်။ သံလွင်အိပ်မက်ရဲ့ အမှတ်တံဆိပ်ရယ်။ နောက်ခံကတော့ အသစ်ထွက်ရှိလာတဲ့ Windows Vista Theme ကို ယူထားတာပါ။

Read More...

ကျွန်တော်နှင့်ကွန်ပျူတာ


၂၀၀၅ သြဂုတ်လထုတ် သံလွင်အိပ်မက် အမှတ် (၄)မှာ ဖော်ပြခဲ့ဖူးပြီး ၂၀၀၅ စက်တင်ဘာလထုတ် ခေတ်မြန်မာဂျာနယ် အတွဲ ၂ အမှတ် ၁၆ မှာလည်း ဖော်ပြခြင်းခံခဲ့ရဖူးတဲ့ ကျွန်တော့် အက်ဆေးတစ်ပုဒ်ပါ။ ကျွန်တော် ရေးဖြစ်တဲ့စာတွေထဲက မြန်မာပြည်မှာ ပထမဆုံး ပုံနှိပ် ဖော်ပြခဲ့ဖူးတဲ့ အက်ဆေးလည်း ဖြစ်ပါတယ်။ အဲဒီမတိုင်မီ ပထမဆုံး ပုံနှိပ်ဖော်ပြခံရတဲ့စာမူကတော့ စင်္ကာပူနိုင်ငံထုတ် ရွှေမြန်မာ မဂ္ဂဇင်းမှာ ပါခဲ့ဖူးတဲ့ ကဗျာတစ်ပုဒ်ပါ။

ကိုယ်ရေးထားတဲ့စာတွေကို ပုံနှိပ်စာလုံးတွေအဖြစ်နဲ့ စပြီးမြင်ရတဲ့အချိန်ဟာ အတော်လေးပျော်ဖို့ကောင်းပါတယ်။ တကယ်တမ်းတော့ ရတဲ့ စာမူခက ဘာမှ မပြောပလောက်ပါဘူး။ အဓိက က ကိုယ်ပေးချင်တဲ့ message ကို လူတွေ ဖတ်မိရင် ကျေနပ်တယ်ဆိုတဲ့ ခံစားမှုပါ။

ကွန်ပျူတာဆိုတာ ကျွန်တော်တို့လို ပြည်ပမှာ နေထိုင်လုပ်ကိုင်သူတွေအတွက်တော့ နေ့စဉ်မရှိမဖြစ်ပေါ့ဗျာ။ အခုတော့ ပြည်တွင်းမှာ နေထိုင်သူ တချို့အတွက်လည်း မရှိမဖြစ်လို ဖြစ်နေပါပြီ။ ဒါပေမယ့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နှိုင်းယှဉ်လိုက်ရင်တော့ ဘာမှ မဟုတ်တဲ့ ပမာဏလေးပါ။ ရန်ကုန်မှာတောင် ကွန်ပျူတာကို အရမ်းတွင်တွင်ကျယ်ကျယ်မသုံးနိုင်ကြသေးတာ တွေ့ရပါတယ်။ ဒီတော့ ကွန်ပျူတာတွေရဲ့ အခန်းကဏ္ဍဟာ အခြားအခြားသောနိုင်ငံတွေမှာ ဘယ်လိုအခြေအနေတွေ ရောက်နေပြီဆိုတာ ဖော်ပြလိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီအက်ဆေးကို ရေးဖြစ်ခဲ့ပါတယ်။ ဒီတော့ ပြည်တွင်းပြည်ပက မြန်မာတွေအနေနဲ့ ဒီအက်ဆေးကို ဖတ်မိတဲ့အခါ .. “ငါတို့လည်း ခေတ်နောက်ကျ မကျန်ခဲ့အောင် ကွန်ပျူတာတော့ လေ့လာမှပဲ.. အင်တာနက်ဆိုတာကြီးကိုတော့ လေ့လာဦးမှပဲ” လို့ တွေးမိကြမယ်ဆိုရင် .. အဲဒီက တဆင့် ကိုယ်တိုင် စူးစမ်းလေ့လာ ကြည့်ကြမယ် ဆိုရင်တော့ဖြင့် ကျွန်တော် အချိန်ပေးပြီး ရေးထားခဲ့တာ အကျိုးမမဲ့ဘူး ထင်ပါရဲ့ဗျာ ..

သံလွင်အိပ်မက်
http://www.thanlwin.com/thanlwinainmat/issue4/essays/essay4.htm

ခေတ်မြန်မာ
http://www.thanlwin.com/nyinyiblog/khitmyanmarvol2no16-nyinyi.pdf

Read More...

Feb 16, 2007

လမ်းခွဲ


ဒီကဗျာကို ၁၉၉၉ မှာ ကျွန်တော် စင်္ကာပူကို ပထမဆုံး ကျောင်းတက်ဖို့ မလာခင်ကာလမှာ ရေးဖြစ်ခဲ့တာပါ။ ရေးဖြစ်တဲ့အထဲက ကျွန်တော့် အကြိုက်ဆုံးကဗျာတစ်ပုဒ်လို့ ဆိုနိုင်ပါတယ်။ ကျွန်တော် ဒီကဗျာကို ရေးတော့ စိတ်ကူးထဲက ချစ်သူနဲ့များ ခွဲခွာရတဲ့အခါ ဘယ်လိုနေမလဲ ဆိုတဲ့ ခံစားချက်ကို ဖန်တီးယူပြီး ရေးဖြစ်ခဲ့တာပါ။ ပြီးခဲ့တဲ့ ၂၀၀၆ ဒီဇင်ဘာ ၂၆ ရက်နေ့မှာ ရန်ကုန်ကို ခဏအလည်သွားရာကနေ ပြန်လာတော့ အဲဒီခံစားချက်ဟာ ဘယ်လောက် ပြင်းထန်သလဲ ဆိုတာကို အသေအချာ သိလိုက်ရတယ်။ အဲဒီနေ့က ကျွန်တော်တို့ နှစ်ယောက်လုံး အရင်လို စကားတွေ အများကြီး မပြောဖြစ်ကြဘူး။ ခွဲရတော့မယ်ဆိုတဲ့ အသိက အသံမဲ့ ပေါက်ကွဲနေတယ်။ လင်းကျော်ထင် (သိုးထိန်း) ရဲ့ ကဗျာတစ်ပုဒ်ထဲကလို “အပျော်တစ်ခြမ်း ၀မ်းနည်းခြင်းတစ်ဝက်နဲ့ နှုတ်မဆက်ခင် နောက်ဆုံးနေ့ရက်တွေ” ပေါ့။ တကယ်ပါပဲ.. အဲဒီနေ့ညကရော .. စင်္ကာပူကို ပြန်လာခဲ့ရတဲ့နေ့ကပါ အရာရာဟာ ဗလာ ဖြစ်နေခဲ့တယ်။




“လမ်းခွဲ”

ငါပျော်ဝင်ချင်တဲ့
စိုလဲ့လဲ့မျက်ဝန်းတစ်စုံ
မင်းလွမ်းနေမှာ ငါယုံတယ်..

ငါ “မှန်” ကြည့်တိုင်း
နှုတ်ဆက်ဖို့ သွေးပျက်နေတဲ့သူတစ်ယောက်
ပြိုလိုက်ဆောက်လိုက်နဲ့
ဖရိုဖရဲဖြစ်နေပုံများ
မြင်ရတာခါးတယ်..

တစ်ခါတစ်ခါစိတ်ပျက်
အိပ်မက်ကလည်း မကောင်း
ချောင်းကလည်း ဆိုး
ဘလက်ဟိုးထဲမှာ ငါ
“လွှတ်ကြ ဖယ်ကြ ချစ်သူဆီ သွားပါရစေ”

သေချာပါတယ်
အဲဒီနေ့မှာပဲ
ငါတို့ ခွဲရမှာလေ..

“သံယောဇဉ်” ဆိုတဲ့ ကြိုးတွေ
ငါ့ရင်မှာ မိုးစွေရော့မယ်
ကွယ်..
မှိုင်းညို့ညို့ပန်းချီးကားတစ်ချပ်လိုမျိုး
အသံတွေ တိုးတိုးလေးနဲ့ ကျယ်လောင်
“ဖောင်ဖျက်သံ” တဲ့လား
တင်းထားတဲ့ စိတ်တွေ
ပါးပြင်ပေါ် အရည်ပျော်ကျ
နှုတ်..ဆက်..ရ..တော့..မယ်..

“ရှင်ကွဲ” တဲ့လေ
စကားနှစ်လုံးနဲ့ပဲ
မိုးစဲခဲ့ရပေါ့
နှုတ်ခမ်းတွေ ဖျော့တော့သွေ့ခြောက်
ငါတစ်ယောက်ထဲ
ငါတစ်ယောက်ထဲ
ငါတစ်ယောက်ထဲ
အလဲလဲအပြိုပြို
အသိုသိုအ၀ှက်ဝှက်
မချစ်တတ်ရင် ကောင်းမယ်..

ရှိပါစေကွယ်
ငါ့ရင်ထဲ တစုံတရာပဲဖြစ်ဖြစ်
စူးဝင် နစ်မြုပ်ခဲ့ရင်..

ရှိပါစေကွယ်
ငါ့ထံက တစုံတရာပဲဖြစ်ဖြစ်
စွဲကျန် နေရစ်ခဲ့ရင်..

ကွယ်..
ဒီလိုပါပဲ
လမ်းခွဲဆိုတာ
မြူတွေပြာပြီး
အားလုံးက ဗလာချည်းပဲ မဟုတ်လား... ။ ။

ခေလွန်း

ဧပြီ ၅၊ ၁၉၉၉
မနက် ၂း၃၀

Read More...

Feb 15, 2007

ကျွန်တော်နှင့် သက်ဆိုင်သော (၂)

ကျွန်တော်နှင့် သက်ဆိုင်သော (၂)


နေ၀င်ချိန်ဆို ငိုနေခဲ့တာ မင်းမသိနိုင်ဘူး .. အကြိမ်ကြိမ်အခါခါ ကိုယ်မျှော်လင့်တာ နီးစပ်နိုင်ဖို့အတွက်ကို .. ပင်လယ်ပြင်ရယ် တိမ်တွေခြားပါစေ မဝေးခဲ့ပါဘူး အချစ်လေးရယ် ကိုယ့်အိပ်မက်မှာလည်း မင်းအကြောင်းတွေး ...

ရန်ကုန်မှာတစ်ယောက်တည်း ... ငါ့ကိုမင်းအခုလွမ်းနေသေးလား ... တိမ်တွေကို ကျော်ဖြတ် အရောက်လာခဲ့မယ် မင်းရှိရာကို ...

နှလုံးသားတစ်ခုတည်းပါ.. အခက်အခဲတွေ မမှုဘဲ ငါ.. နေ့နေ့ည ကြိုးစားနေတာ မိသားစုနဲ့ မင်းအတွက်ပါ..

တစ်ဘ၀လုံးလက်တွဲဖို့ စဉ်းစားထားတာ အသေချာဆုံးပါ.. ငါမေးတာ ဖြေပါဦးကွာ.. ဒီအချိန်မှာ လွမ်းနေခဲ့တာ မင်းပဲ အသေချာဆုံးပါ..

အချိန်ကို ကြည့်တော့ ည ဆယ့်နှစ်နာရီ.. မင်းကို လွမ်းတဲ့စိတ်က ဒီညလိုပဲ နက်နက်လာပြီ..

ခဏ ခဏ.. နင်ပေးတဲ့ စာတွေ ဖတ်ပြီးတော့.. ည ည .. ဆိုရင် အတွေးထဲကနေ မထွက် ပြီးတော့ အလှအပတွေလည်း နောက်ထပ် ငါမမက် စိတ်ချ..

မျှော်လင့်ခြင်းများနဲ့ ရှေ့အနာဂတ်မှာ ခရီးဆက်ရင်း ရောက်လာတော့မယ့် နီးစပ်ခြင်း...

Read More...

ကျွန်တော်နှင့် သက်ဆိုင်သော


ကျွန်တော်နှင့် သက်ဆိုင်သော

ဒီနေ့ ရဲလေးရဲ့ ကျွန်တော်နှင့် သက်ဆိုင်သောအခွေထဲက “ကျွန်တော်နှင့်သက်ဆိုင်သော” ဆိုတဲ့ သီချင်းလေးကို အခါခါ နားထောင်နေမိတယ်...






ဘာဖြစ်လို့ တွေ့ဆုံချိန်တွေ နည်းရတာလဲ.. တွေ့တာမှ မကြာသေးဘူး .. ဘာဖြစ်လို့တို့တတွေ ခွဲရမှာလဲ...

လွမ်းရတဲ့မနက်မျိုးဆို ဒီဇင်ဘာ ၁၉ကို ခေါင်းထဲမှာ မှတ်မိနေဆဲ .. နှစ်ယောက်အတူတူထွေးပိုက်ရင်းနဲ့ ဟစ်ဟော့ပ်ရှိုးကို ရပ်ကြည့်နေတဲ့ နေ့ရက်တွေကို
မမေ့သေးခဲ့ပါ ..

လေယာဉ်ကွင်း လိုက်မပို့နိုင်ဘဲ နှုတ်ဆက်ကြရင်း ဝေးသွားတာပဲ .. မင်းစာသင်ကျောင်းကို အပြေးအလွှားလာရင်း တွေ့ခဲ့ကြတာတွေကို သတိရပေးပါ..

ဝေးနေလည်း အချိန်တိုင်း ကိုယ်ညတိုင်း သတိရနေဆဲပါ.. ရင်မှာ မင်းပုံရိပ်တွေ မမေ့နိုင်အောင် ငါရိုက်နှိပ်ထားပြီး သိမ်းဆည်းထားခဲ့..

Read More...

ကိုယ်ပိုင်အမှတ်တံဆိပ်


မနေ့ညက ဒီဇိုင်းလေးဘာလေး လုပ်ချင်လာတာနဲ့ logo လေး တစ်ခု လုပ်ဖြစ်တယ်။ အဲဒါလေးကို တင်ထားတော့ သူငယ်ချင်းတစ်ယောက်က ဘာပုံကြီးလဲ။ ရှင်းပြပါဦးဆိုတာနဲ့ စိတ်ထဲရှိရာတွေ ပြောပြလိုက်တယ်။



“မျက်လုံးတွေဟာ စိတ်ရဲ့ ပြတင်းတံခါးပေါက်တွေ” တဲ့။ ဒါကြောင့် ကျွန်တော့်မျက်လုံးတွေကိုပဲ focus လုပ်ပြီး ပြလိုက်တာ။ မျက်နှာတစ်ခုလုံး ကြည့်ရင် ကျွန်တော့်ကိုပဲ မြင်မှာစိုးလို့။ မျက်လုံးတွေပဲ ပြထားတော့ ကျွန်တော့်စိတ်ကို ဖတ်ကြည့်ချင် ဖတ်ကြည့်လို့ ရအောင်ပါ။ မဖတ်ကြည့်ချင်ဘူးဆိုလည်း ဖြစ်ပါတယ်။ (အတင်းအကြပ်လုပ်ခိုင်းရတာကို ကျွန်တော်လည်း မကြိုက်ပါဘူး..)

နောက်တစ်ခုက ချိန်ခွင်ပုံလေး။ အဲဒါကတော့ ကျွန်တော်က အောက်တိုဘာ ၇ရက်နေ့မှာ မွေးတဲ့သူဆိုတော့ ရာသီခွင်အရ Libra မှာ မွေးတာဆိုတော့ အမှတ်တရ ချိန်ခွင်ပုံလေးထည့်ထားတာပါ။ နောက်ပြီး .. ချိန်ခွင်ဆိုတာ အမှန်တရားရဲ့ ဘက်တော်သား၊ တရားမျှတခြင်းရဲ့ ကိုယ်စားလှယ် မဟုတ်လား။
(အလေးခိုးတတ်တဲ့သူတချို့ကြောင့်သာ ချိန်ခွင်ခမျာ ရောယောင်ပြီး တစ်ခါတစ်ခါ မျက်နှာငယ်ရတာကိုး...)

နောက်ပြီးတော့ .. “NYI” လို့ ရေးထားတယ်။ ဒါကတော့ ရှင်းပါတယ်။ ကျွန်တော့် နာမည်က ညီညီလေ။ ချစ်သူက တစ်ခါတစ်ခါလည်း “ညီ” လို့ ခေါ်ချင်ခေါ်တတ်ပါတယ်။ ကျွန်တော်က ပြတ်သားရတာကို ကြိုက်လို့ အနီရောင်သုံးပြီး ရေးထားတယ်။

နောက်ခံအရောင်ကိုတော့ အနက်ရောင်သုံးထားတယ်။ ဒါကတော့ လူငယ်တိုင်းလိုလိုလည်း အနက်ရောင်ကို ကြိုက်ကြပါတယ်။ ကျွန်တော်လည်း ကြိုက်ပါတယ်။ လူကြီးတွေကတော့ အနက်ရောင်ဝတ်ရင် သိပ်မကြည်ဘူး။ အနက်ရောင်က နက်ရှိုင်းခြင်း အမှောင်ကို ရည်ညွှန်းတယ်။ အမှောင်ထဲမှာ အရာရာဟာ ပျောက်ဆုံးသွားတယ်ဗျ။ အမှောင်ကို ခဏဖြစ်ဖြစ် ခံစားကြည့်ပါ။ အရာရာတိုင်းရဲ့ မတည်မြဲခြင်း သဘောကို အဲဒီမှာ သွားတွေ့ရလိမ့်မယ်။

နောက်ဆုံးကတော့ သုညတွေရယ် တစ်တွေရယ်။ binary digits တွေဆိုပါတော့။ အဲဒါတွေက ကွန်ပျူတာရဲ့ အခြေခံပဲ မဟုတ်လား။ ပရိုဂရမ်မာတစ်ယောက်အတွက် ကွန်ပျူတာဆိုတာ မရှိမဖြစ် လိုအပ်တယ်လေ။ အဲဒီ သုညတွေ တစ်တွေနဲ့ ရေးထားတဲ့ စာလုံးတွေက ကွန်ပျူတာ ဘာသာစကားပဲဗျ။ ခင်ဗျားတို့ ကျွန်တော်တို့ အလွယ်တကူ ဖတ်လို့ နားမလည်ဘူး။ အဲဒီလိုပဲ ကျွန်တော်ဟာ တစ်ခါတစ်ခါ နားလည်ရခက်တဲ့ သူဆိုတာ ပြောချင်တာပါ။

ဒါပါပဲ .. အမှန်အတိုင်းပြောရရင်တော့ အဲဒီလိုမျိုး ရှင်းလင်းပြရတာမျိုးကို ကျွန်တော် မကြိုက်ဘူး။ ဘောင်တစ်ခု မခတ်ပစ်လိုက်ချင်လို့ပါ။ အခုလို ရှင်းပြလိုက်တဲ့အခါ ကျွန်တော့် logo ကို အဲဒီ ဘောင်ကြီးထဲ ဆွဲသွင်းပြီး ဟုတ်မဟုတ် တိုက်ကြည့်ကြမှာ ကျွန်တော် မလိုလားဘူး။ ဒီတော့ ကျွန်တော် ရှင်းပြခဲ့တာတွေ အားလုံးကို မေ့လိုက်ပါ။

ကျေးဇူးပြုပြီး ကျွန်တော့်ကို ဘောင်တစ်ခုခတ်ပြီး မကြည့်ပါနဲ့။ မွန်းကျပ်လွန်းလို့ပါ...

Read More...

Feb 14, 2007

ဗယ်လင်တိုင်းဒေး အမှတ်တရ


ဒီနေ့ ချစ်သူရဲ့ အနားမှာ ရှိနေခွင့်မရခဲ့ဘူး။ ဒါပေမယ့် ဒီနှစ် ချစ်သူများနေ့ဟာ ကျွန်တော်နဲ့ ချစ်သူအတွက် အမှတ်တရပါပဲ။ ဘာလို့လဲဆိုတော့ .. ကျွန်တော် ဟိုးအထက်တန်း ကျောင်းသားဘ၀ကတည်းက မြတ်မြတ်နိုးနိုး တိတ်တခိုးချစ်ခဲ့ရတဲ့ချစ်သူကို ပိုင်ဆိုင်ခွင့်ရခဲ့ပြီးနောက် ပထမဆုံးကြုံခွင့်ရတဲ့ ချစ်သူများနေ့ဖြစ်လို့ပါပဲ။

ချစ်သူများနေ့ကို အဝေးရောက်နေကြတဲ့ အခြား အခြားသော ချစ်သူတွေ ဘယ်လိုများ ကျင်းပကြပါသလဲ။ ကျွန်တော်ကတော့ ချစ်သူပို့ပေးလိုက်တဲ့ စာရယ်၊ ပို့စကတ်ဒ်ရယ်၊ ဂျူးစာအုပ်တွေရယ်နဲ့ အဝေးက ချစ်သူကို တမ်းမက်တသ သတိတရရှိနေပါတယ်။ ချစ်သူကရော .. ကျွန်တော် ပို့ပေးလိုက်တဲ့ စာရယ်၊ ကဗျာရယ်၊ ပို့စကတ်ဒ်ရယ် .. ပြီးတော့ နှင်းဆီနီ ၁၀၁ပွင့်ပါတဲ့ ပန်းစည်းတစ်စည်းရယ်ကြောင့် ကျွန်တော့်ကိုများ လွမ်းမောတောင့်တ သတိတရရှိနေမလား။



“အချစ်ဆိုတာ ကြိုးနဲ့သီဖို့ မလိုတဲ့ ပန်းပွင့်လေးတွေ” တဲ့။ ချစ်သူ သိပ်ကြိုက်တဲ့ ဂျူး ဇာတ်လမ်းတစ်ပုဒ်ရဲ့ ခေါင်းစဉ်လေ။ ကျွန်တော်နဲ့ ချစ်သူရဲ့ အချစ်တွေက ကြိုးနဲ့ သီဖို့မလိုဘူးတဲ့လား။ ချစ်သူပြောသလိုဆိုရင်တော့ နားလည်မှုတွေနဲ့ သီရမယ်တဲ့လေ။

ကျွန်တော်နဲ့ ချစ်သူ အတူတူခဏရှိခွင့်ရစဉ်က နှစ်ယောက်အတူ အမြဲနားထောင်လေ့ရှိတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ ပြီးတော့ ကျွန်တော် ကိုယ်တိုင်လည်း ချစ်သူအတွက် အဲဒီသီချင်းကို မတောက်တစ်ခေါက်နဲ့ ဂစ်တာတီးရင်း အကြိမ်ကြိမ် ဆိုညည်းပြခဲ့ဖူးပါတယ်။ လေးဖြူရဲ့ “ခရီးအဆုံးထိ” ဆိုတဲ့ သီချင်းပါ။ ကျွန်တော်နဲ့ ချစ်သူရဲ့ အချစ်ခရီးလမ်းက တချို့တချို့သော ကံကောင်းလှတဲ့ ကျွန်တော့်သူငယ်ချင်းများလို မချောမွေ့ခဲ့ပါဘူး။ ကျွန်တော်တို့ နားလည်မှုတွေ၊ ယုံကြည်မှုတွေနဲ့ နှစ်ယောက်တစ်အိပ်မက်ကို အတူမက်ဖို့ ကြိုးစားပြီးကျော်ဖြတ်ခဲ့ရတာပါ။ အခုတော့ မုန်တိုင်းတချို့လည်း စဲခဲ့ပါပြီ။ လေပြင်းတချို့လည်း အားနည်းခဲ့ပါပြီ။ အရှေ့ဆီမှာလည်း အလင်းရောင်သဲ့သဲ့ နိုးထခဲ့ပါပြီ။

သူငယ်ချင်းတချို့က ပြောဖူးပါတယ်။ ကိုယ်ချစ်ကို မရှာနဲ့ သူချစ်ကိုရှာတဲ့။ ဟုတ်ပါ့မလား။ ကျွန်တော့်အတွက် အဲဒါတွေ မလိုအပ်တော့ပါဘူး။ သူချစ်ရော ကိုယ်ချစ်ကိုပါ ကျွန်တော့် နတ်သမီးက ဖန်ဆင်းပေးနိုင်ခဲ့ပြီပဲလေ။

တာရာမင်းဝေရဲ့ စာတစ်ပုဒ်မှာ ဖတ်ဖူးတာက “ချစ်မိတဲ့သူဟာ လောကမှာ စစ်အရှုံးဆုံးလူပါပဲ” တဲ့။ ကျွန်တော် ကျေနပ်စွာပဲ ချစ်သူကို အရှုံးပေးလိုက်ပါမယ်။

ကျွန်တော်နဲ့ ချစ်သူရဲ့ ပထမဆုံးသော ချစ်သူများနေ့က စလို့ ကျွန်တော်တို့ နှစ်ယောက်အတွက် လှပတဲ့ အနာဂတ်တွေ သာယာတဲ့ မနက်ဖြန်တွေကို ဖြတ်သန်းရင်း ခရီးလမ်းအဆုံးထိ လက်တွဲမဖြုတ်စတမ်း မခွဲတမ်းအတူ ရှေ့ဆက်လျှောက်နိုင်ကြဖို့ ကျွန်တော် ဆုတောင်းပါတယ်။

ကဗျာတွေကို ချစ်တဲ့သူမနဲ့ သူမကို ချစ်တဲ့ ကဗျာဆရာ ထာဝရအမြဲ လက်တွဲရပါစေသား...။ ။








“ပထမဆုံး ဗယ်လင်တိုင်းဒေး”

လွမ်းနေတဲ့မိုးတိမ်တွေ မအိပ်သေးဘူး
အမှန်က
အရင်လို မထူးခြားလှတဲ့နေ့တစ်နေ့ပါပဲ
ဒါပေမယ့်
ဒီနေ့မှာမှ ထူးထူးခြားခြားကို သတိရနေတယ်
ဗယ်လင်တိုင်းဒေး တဲ့
သက်ပြင်းသံသဲ့သဲ့ထွက်လာတယ်
ဂစ်တာသံသဲ့သဲ့ထွက်လာတယ်
သီချင်းဆိုသံသဲ့သဲ့ထွက်လာတယ်
ပုံပြင်ထဲက နတ်သမီးက အပြင်ထွက်မလာဘူး
ဒီပုံပြင်ကိုပဲ အစအဆုံး သုံးခေါက်ပြန်ဖတ်တယ်
ဇာတ်သိမ်းခန်း မရေးရသေးတာ သေချာရဲ့လား
ဖြစ်နိုင်ရင် အိပ်ရာက မနိုးတဲ့အခါ
နတ်သမီး လာလှုပ်နှိုးရင် ကောင်းမယ်
သနပ်ခါးနံ့တွေ ရတယ်
စကားပန်းရနံ့တွေ ရတယ်
အပြုံးရနံ့တွေ ရတယ်
ခက်တာက
မုန့်ခွံ့ကျွေးတာ မရဘူး
အနမ်းတစ်ရှိုက် မရဘူး
လက်ဖ၀ါးတစ်ဖက် မရဘူး
တခြားအိပ်မက်တွေလက်မဦးခင်
နတ်သမီးပုံပြင်လေးပဲ လိုချင်မိတယ်
ကွယ်..
အချစ်တဲ့
ဒီရင်ဘတ်ကြီးထဲ အပြည့်အသိပ်ရှိတယ်
အလွမ်းတွေကို မော့လိုက်မိတာ
နင်ရောငါရောနှစ်ယောက်လုံးပဲ
ဒီလိုနဲ့ ငါတို့တွေ
လွမ်း .. ဆွတ်.. တမ်း .. တ
တိုက်ဆိုင်တိုင်း သတိတွေရလို့ပေါ့... ။ ။

ခေလွန်း

Read More...

Feb 13, 2007

ခရီးအဆုံးထိ

သီချင်းနားထောင်ရန်

တေးရေး - လင်းလင်း
တေးဆို - လေးဖြူ

မင်းရဲ့ အနမ်းတစ်ရှိုက်နဲ့
ငါ့ရဲ့ အနမ်းတစ်ရှိုက်နဲ့ ခံစားချက်တူညီ
ရှိခဲ့တဲ့နောက်
မင်းရဲ့ အတွေးများနဲ့ ငါ့ရဲ့အတွေးများနဲ့
အနာဂတ်သစ် တူညီ
ထားခဲ့တဲ့နောက်တော့
ခမ်းနားခြင်းကင်းမဲ့ အရိုးသားဆုံး ခရီးတစ်ခု
ငါတို့နှစ်ယောက် ကိုယ်တိုင် ရွေးထားခဲ့ပြီး
သဘောထားများအပြည့်နဲ့ ဆူးလမ်းများ နင်းဖြတ်
ဘာဖြစ်ဖြစ်ပါကွယ် ခရီးများအဆုံးထိလျှောက်


(Chorus)

အဆိုးများကြုံကြိုက်တုန်းမှာ
ဒုက္ခတွေဟာ ခဏပါ
အနမ်းများကို အသက်သွင်းကာ ခရီးများ အဆုံးထိလျှောက်
လက်တွေ့ဟာ ရင်ဘတ်မှာ လမ်းဆုံးဟာ ခဏလေးပါ
အနမ်းများကို အသက်သွင်းကာ
ခရီးများ အဆုံးထိလျှောက်
ခရီးများ အဆုံးထိလျှောက် ဟူး
ခရီးများအဆုံးထိလျှောက်


Guitar Chord ယူရန်

Read More...

ချစ်သူကို ပန်းပေးမယ်ဆိုရင်


မနက်ဖြန်ဆိုရင် ချစ်သူများနေ့ (ဗယ်လင်တိုင်းဒေး) ရောက်ပါပြီ။ ခင်ဗျားတို့ရဲ့ ချစ်သူ ကောင်မလေးတွေကို ဘယ်လို ပန်းစည်းမျိုးပေးဖို့ စိတ်ကူးထားကြပါသလဲ။ ချစ်သူများနေ့မှာတော့ နှင်းဆီပန်းကို အများဆုံးပေးတတ်ကြတယ်ဆိုပဲ။ နှင်းဆီပန်းကလည်း အရောင်အမျိုးမျိုးပေါ်မူတည်ပြီး အဓိပ္ပာယ်အမျိုးမျိုးကွဲပါတယ်။ ဒီတော့ နှင်းဆီပန်းတွေကနေ တဆင့် ခင်ဗျားပြောချင်တာတွေကို ပြောပြမယ်လို့ စိတ်ကူးထားရင် ဟောဒီမှာ စိတ်ကြိုက်အရောင်ကိုသာ ရွေးပြီးပေးလိုက်ပါတော့ ...



Burgundy Rose
Unconscious beauty

Coral Rose
Desire

Lavender Rose
Enchantment, love at first sight

Leaves of a Rose
Hope

Moss Rose
Confession of love

Orange Rose
Fascination

Pale Colored Rose
Friendship

Pink, Dark Rose
Admiration, thankfulness

Pink, Light Rose
Perfect happiness, joy and grace

Red Love, Rose
passion, respect

Red Bud
Pure and lovely

Tea Roses
I still love you

White Rose
Innocence, purity, secrecy

White Bud
Too young for love, girlhood

Yellow Rose
Friendship, joy, in Victorian times, jealousy

ပြီးတော့ ပန်းဘယ်နှစ်ပွင့်ဆိုတာကလည်း သူ့အဓိပ္ပာယ်နဲ့သူ ရှိပါသေးတယ်။ ဘာမှန်း ညာမှန်း သေချာမသိဘဲ ချစ်ခွင့်ပန်တဲ့ အဓိပ္ပာယ်ကို လက်ထပ်ခွင့် တောင်းတဲ့ အဓိပ္ပာယ်နဲ့ မှားပေးလို့ကတော့ ... ဟဲဟဲ ..


1 Rose
Exceptional love all concentrated on you.

2 Roses
Two of us deeply in love.

3 Roses
I love you.

6 Roses
I want to be yours.

9 Roses
Love each other eternally.

11 Roses
You are the one I love most in my life.

12 Roses
Satisfactory union and mutual affinity.

13 Roses
Secret admirer.

24 Roses
Remember fondly every moment
(24 hours cannot forget you).

33 Roses
Saying "I love you" with PROFOUND LOVE.

36 Roses
Feeling romantic attachment because you come to me.

44 Roses
Constant unchangeable pledge.

50 Roses
This is "Regretless Love".

56 Roses
My love.

66 Roses
Successful love affair.

99 Roses
Love with understanding makes love eternal.

100 Roses
Harmonious union in a century, remain a devoted couple 'till ripe-old age.

101 Roses
No other love but you. You're the one and only love for my whole life.

108 Roses
Please marry me!

111 Roses
Eternal love.

123 Roses
Free love.

144 Roses
Loving you day and night eternally.

365 Roses
Thinking of you everyday, love you everyday.

999 Roses
Everlasting and eternal love.

1001 Roses
Faithful love, 'till forever

ဒီတော့ နှင်းဆီပန်းဘယ်အရောင် ဘယ်နှစ်ပွင့်ပေးမလဲဆိုတာ အမြန်စဉ်းစားပြီး မနက်ဖြန် ပြေးဝယ်ကြပေတော့ ...

ကျွန်တော်ကတော့ အားလုံး ကြိုတင်စီစဉ်ပြီးပါပြီ။ အဲဒီလို ကူညီစီစဉ်ပေးတဲ့ ရန်ကုန်က ချစ်သူငယ်ချင်းကြီး LKK သူချစ်တဲ့ကောင်မလေးနဲ့ အမြန်ဆုံး နီးစပ်ပါစေဗျား...

Read More...

အဓိကနဲ့သာမည

do bamar: ကျွန်တော် ဘလောက်တွေကို လိုက်ကြည့်တယ်ဗျ.. ဘယ်သူများ ပြည်ထောင်စုနေ့ကို မှတ်မှတ်ရရ တင်ထားမလား…အလုပ်ပဲရှုပ်နေကြလို့လား.. … အင်း.. မနက်ဖြန်ဆိုရင် ဗိုလ်ချုပ်မွေးနေ့ရောက်ပြန်ပြီ… မေ့ပဲမေ့နေကြလို့လား ……

do bamar: ချစ်သူများနေ့ကိုတော့ လူတော်တော်များများသတိတရရှိကြသားပဲ..
12 Feb 07, 23:16


ကျွန်တော့် ဘလော့ခ်ရဲ့ Shout Box မှာ ဒီလိုမျိုး တစ်ယောက်က အော်ထားတာကို တွေ့လို့ ဒီ Post ကို ရေးဖြစ်တာပါ။ ဖေဖော်ဝါရီ ၁၂ရက် ပြည်ထောင်စုနေ့ဆိုတာ မြန်မာတွေ အားလုံး သိကြပါတယ်ဗျာ။ အထူးတလည် ပြောနေဖို့မလိုဘူးထင်ပါတယ်။ ဒါပေမယ့် ဘလော့ခ်တွေမှာ အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး မရေးကြလို့ အဲဒီဘလော့ခ်ရေးသူတွေကို အပြစ်လိုက်တင် နေမယ်ဆိုရင်တော့ ဒါတစ်ခုခု လွဲချော်နေပါပြီ။ ဘလော့ခ်တစ်ခုဆိုတာ ဘလော့ခ်ရေးသူရဲ့ စိတ်ပါဝင်စားရာတွေ၊ ခံစားချက်တွေ၊ အတွေးအခေါ် အယူအဆတွေ၊ နောက်ပြီး ပုံမှန် လာရောက်ဖတ်ရှုသူတွေ အတွက် စိတ်ဝင်စားဖွယ်ရာတွေကို ဝေမျှပေးတဲ့နေရာတစ်ခုလို့ ကျွန်တော်မြင်ပါတယ်။ ဘလော့ခ်တစ်ခုဟာ သတင်းစာတစ်စောင်၊ ဂျာနယ်တစ်စောင် မဟုတ်ပါဘူး။ ထို့အတူ သတင်းဝက်ဘ်ဆိုက်တစ်ခုလည်း မဟုတ်ပါဘူး။ ဒါကြောင့် ပြည်ထောင်စုနေ့အကြောင်း၊ ဗိုလ်ချုပ်မွေးနေ့အကြောင်း မတင်ရကောင်းလားလို့ ဂရုဏာဒေါသောနဲ့ဖြစ်ဖြစ် ပြောလာမယ်ဆိုရင် မရင့်ကျက်သေးတဲ့ အပြုအမူတစ်ခုကို “ဒို့ဗမာ” ဆိုတဲ့သူက ပြုလုပ်လိုက်တာပဲလို့ ကျွန်တော်ပြောပါရစေ။ “ဒို့ဗမာ” ဆိုတဲ့ နာမည်ခံထားတဲ့ အတွက်ရော အခုလိုမျိုး ပြောလာတဲ့အတွက်ပါ ထိုသူဟာ တိုင်းပြည်ကိုချစ်သူလို့ ပြသချင်ပုံ ရပါတယ်။ ပြည်ထောင်စုနေ့ကို အထိမ်းအမှတ်ပြုလုပ်မှ ဗိုလ်ချုပ်မွေးနေ့ကို အထိမ်းအမှတ် ပြုလုပ်မှ တိုင်းပြည်ကို ချစ်တတ်သူလို့ သတ်မှတ်မယ်ဆိုရင်တော့ ဒါဟာ အာဏာရှင်ဆန်ဆန် တယူသန် အတွေးအခေါ်ပါပဲ။

ကျွန်တော်ကတော့ တိုင်းပြည်ကို ဘယ်နည်းဘယ်ပုံ ချစ်တဲ့အကြောင်း ဟိုအော်ဒီအော် လုပ်နေသူတွေထက် အလုပ်နဲ့ သက်သေပြတဲ့လူတွေကိုပဲ အထင်ကြီးလေးစားပါတယ်။ ကျွန်တော် ဗိုလ်ချုပ်အောင်ဆန်းကို လေးစားပါတယ်။ အဲဒါဟာ သူ့ကို ဖေဖော်ဝါရီ (၁၃)မှာ အဖဦးဖာ၊ အမိဒေါ်စုတို့က မွေးခဲ့လို့ မဟုတ်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အလုပ်နဲ့ သက်သေပြခဲ့တဲ့ လုပ်ရပ်တွေအတွက်ပါ။ ပင်လုံစာချုပ်ကို အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ခဲ့တဲ့သူတွေကို လေးစားပါတယ်။ ဒါဟာ အဲဒီစာချုပ်ကို ဖေဖော်ဝါရီ (၁၂) မှာ ရေးထိုးခဲ့လို့ မဟုတ်ပါဘူး။

“ဒို့ဗမာ” ရေ... ဒီတော့ .. အဓိကနဲ့ သာမညကို ခွဲခြားမြင်တတ်ပါစေလို့ ...

Read More...

Feb 12, 2007

ပုဂံနေ၀င်ချိန်

၂၀၀၆ ဒီဇင်ဘာရဲ့ ဆောင်းနေ့ရက်တွေမှာ ပုဂံကို အလည်ရောက်ခဲ့စဉ်က ရိုက်ကူးဖြစ်တဲ့ ဓာတ်ပုံတွေထဲက တစ်ပုံပါ။ မှိုင်းပျရီဝေနေတဲ့ ပုဂံနေ၀င်ချိန်ဟာ ကမ္ဘာလှည့်ခရီးသည်တွေ တကူးတက လာကြည့်ရလောက်အောင် တကယ့်ကို လှပါတယ်။ ဒီဓာတ်ပုံကို ရွှေဆံတော်ဘုရားပေါ်ကနေ ရိုက်ယူခဲ့တာပါ။




စကားပန်းရနံ့တွေ သင်းပျံ့နေတဲ့ အမှတ်တရ ပုဂံညနေဟာ
အခုထိ ကျွန်တော့်ကို ဖမ်းစားနေဆဲ ...
ပြန်တွေးမိတိုင်း ရင်ခုန်နေဆဲ ...

Read More...

Feb 10, 2007

ကျွန်တော်ကြိုက်သော ပန်းချီကားများ (၂)

ကျွန်တော် အရမ်းကြိုက်တဲ့ နောက်ထပ်ပန်းချီကားတစ်ခုကတော့ နော်ဝေပန်းချီဆရာ မွန့်ခ်ျ (Edvard Munch) ရဲ့ ငိုညည်းသံ (The Scream) ဆိုတဲ့ ပန်းချီကားပါ။ အဲဒီ ပန်းချီကားကို ၁၈၉၃ မှာ ရေးဆွဲခဲ့တာပါ။



The Scream by Edvard Munch


ဒီပန်းချီကားကို ရုတ်တရက်ကြည့်လိုက်မယ်ဆိုရင် လူတစ်ယောက် ကြောက်လန့်တကြား အော်နေသလိုမျိုး မြင်ရမှာပါ။ ပန်းချီကားနာမည်ကလည်း The Scream လို့ ပြောထားတာကိုး။ အမှန်က ပန်းချီဆရာပြောချင်တဲ့ The Scream ဟာ လူတစ်ယောက် အော်နေတဲ့ ငိုညည်းသံ မဟုတ်ပါဘူး။ သဘာဝတရားရဲ့ ငိုညည်းသံ ဖြစ်ပါတယ်။ အသေအချာကြည့်မယ်ဆိုရင် သဘာဝတရားရဲ့ ငိုညည်းသံကြောင့် ကြောက်အားလန့်အားနဲ့ နားပိတ်ထားရတဲ့ လူတစ်ယောက်ကို တွေ့ရမှာပါ။

ဒီပန်းချီကားနဲ့ ပတ်သက်ပြီး ပန်းချီဆရာက ဒီလိုရေးထားပါတယ်..

"I was walking along a path with two friends—the sun was setting—suddenly the sky turned blood red—I paused, feeling exhausted, and leaned on the fence—there was blood and tongues of fire above the blue-black fjord and the city—my friends walked on, and I stood there trembling with anxiety—and I sensed an infinite scream passing through nature."

၁၈၈၃ သြဂုတ်လမှာ အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ Krakotoa မီးတောင် ပေါက်ကွဲမှုရဲ့ သက်ရောက်မှုဟာ အဲဒီကာလက ဥရောပအထိရိုက်ခတ်ခဲ့တာကြောင့် ၁၈၈၃-၈၄ ၀န်းကျင်မှာ ဥရောပမှာရှိတဲ့နိုင်ငံတွေရဲ့ နေ၀င်ချိန်တွေမှာ ဆိုရင် မွန့်ခ်ျပန်းချီကားထဲက ကောင်းကင်အတိုင်း ဖြစ်နေခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီ ပန်းချီကားကို ဆွဲတဲ့အချိန်မှာ မွန့်ခ်ျဟာ အဲဒီကောင်းကင်မျိုးကို ရေးချလိုက်တယ်လို့ ယူဆလို့ရနိုင်ပါတယ်။

ဒီပန်းချီကားမှာ နားနှစ်ဘက်ပိတ်ထားတဲ့လူတစ်ယောက်ရယ် (မွန့်ခ်ျရဲ့ဖော်ပြချက်အရ အဲဒီလူဟာ သူကိုယ်တိုင်ဖြစ်နိုင်ပါတယ်)၊ ပြီးတော့ သူနဲ့ မလှမ်းမကမ်းက လူနှစ်ယောက်ရယ်၊ နော်ဝေနိုင်ငံအရှေ့တောင်အရပ်က Oslofjord ဆိုတဲ့ နောက်ခံဒေသရယ်၊ နောက်ပြီး .. ထူးခြားလှတဲ့ အနီရောင်စုတ်ချက်တွေနဲ့ ဖွဲ့စည်းထားတဲ့ နေ၀င်ချိန်ကောင်းကင်ရယ်ကို တွေ့ရမှာပါ။

ခင်ဗျားတို့လည်း မွန့်ခ်ျရဲ့ ပန်းချီကားကနေတဆင့် သဘာဝတရားရဲ့ ငိုညည်းသံကို ခံစားကြည့်လိုက်ပါဦး ..

Read More...

အရုဏ်ရဲ့အရောင်များ


အရုဏ်တက်နေထွက်ချိန်ရှုမျှော်ခင်းကို အဝေးက ၀ိုးတ၀ါးတောင်တန်းတွေရယ်၊
မှိန်ပျပျ ပုဂံစေတီပုထိုးတွေရယ်၊ အိပ်ရာနိုးကာစ တိမ်တွေရယ်၊
လူးလွန့်စ ဧရာဝတီမြစ်ကြီးရယ်၊ ပြာလွင်လွင်ကောင်းကင်ကြီးရယ်
အားလုံးတစ်သားတည်း ပေါင်းစပ်ပြီး
အရုဏ်ရဲ့အရောင်တွေအဖြစ် ဘောင်ခတ်ကြည့်တဲ့အခါ ...



(မှတ်ချက်။ ။ nyinyithanlwin.blogspot.com ဟု အမည်တပ်ထားသော ပုံများမှာ ကျွန်တော်ကိုယ်တိုင် မတောက်တခေါက်ဖြစ်ကတတ်ဆန်း ရိုက်ယူထားသော ပုံများ ဖြစ်ပါတယ်။ သူငယ်ချင်းတွေက “အဲဒါ မင်းရိုက်ထားတဲ့ပုံလား” လို့ ခဏခဏ မေးကြလွန်းလို့ပါ။)

Read More...

Feb 9, 2007

အတွေးဆန့်ခြင်း

Street Smart နဲ့ Book Smart ဆွေးနွေးခန်းဆိုပြီး The Voice ဂျာနယ်မှာ ဖတ်ဖူးခဲ့တာကို ခင်ဗျားတို့လည်း ဖတ်သင့်တယ်ထင်လို့ ပြန်ဝေမျှလိုက်ပါတယ်။

ဒီ ဆွေးနွေးခန်းက ကျွန်တော့်ကို တွေးစရာတွေ တော်တော်ပေးလိုက်ပါတယ်။ ပြီးတော့ အဖြေတစ်ချို့လည်း သွယ်ဝိုက်ပြီး ပေးလိုက်ပါတယ်။

++++++++++++++++++++++++++++++++++
SS: မှန်တော့မှန်ပါတယ်ဗျာ .. ဒါပေမယ့် သူတို့အတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းကို ခင်ဗျားတို့ အာမခံနိုင်လို့လား .. သူတို့ကို ကျွန်တော်တို့ဆီမှာ အသုံးမချနိုင်ဘူးထင်တယ်နော်။

BS: ကျွန်တော်ကတော့ဗျာ .. သူတစ်ပါးက အသုံးချမှ ကိုယ့်ဘ၀အသုံးဝင်မယ်ဆိုတဲ့အယူအဆကို လက်မခံဘူးဗျ။
++++++++++++++++++++++++++++++++++

အပြည့်အစုံကို ဖတ်ရန်

Read More...

ကျွန်တော်ကြိုက်သော ပန်းချီကားများ (၁)

ဗန်ဂိုးလို့ လူသိများကြတဲ့ ဗင်းဆင့်ဗန်ဂိုးဟာ ပန်းချီလောကရဲ့ နတ်ဘုရားတစ်ပါးသဖွယ် လေးစားကြရတဲ့သူတစ်ယောက်ပါ။ ဒါပေမယ့် ဗင်းဆင့်ဗန်ဂိုးဟာ သူမသေခင်အချိန်အထိ သူ့ပန်းချီကားတစ်ကားကိုသာ ၀ယ်မယ့်သူပေါ်ခဲ့တာကတော့ စိတ်မကောင်းစရာပါပဲ။ ဒီကြယ်စုံတဲ့ည ပန်းချီကားကို ဗင်းဆင့်ဗန်ဂိုး မကွယ်လွန်ခင် ၁၃လ အလို ၁၈၈၉ခုနှစ်မှာ ရေးဆွဲခဲ့တာပါ။



Starry Night by Vincent Vangogh


ကျွန်တော်ကြိုက်တဲ့ ပန်းချီကားတွေအကြောင်းရေးမယ် စိတ်ကူးမိတော့ ပထမဆုံးတွေးမိတာ ဒီပန်းချီကားပါပဲ။ ဒီ ပန်းချီကားမှာ ကြယ်တွေရယ် .. လခြမ်းဝါကွေးကွေးရယ် .. ဝှေ့ဝိုက်ပြီးတိုက်နေတဲ့လေတွေရယ် .. ကြယ်စုံတဲ့ညမှာ အိပ်မောကျနေတဲ့ အိမ်ကလေးတွေရယ် .. အားလုံးက အဲဒီညအကြောင်းကို အသံတိတ်ပြောပြနေကြတယ်။

တစ်ခါက gtalk status မှာ ကျွန်တော် ဒီလို ရေးထားဖူးပါတယ်။
“when i die, bury me in starry night sky”

အဲဒါကို မြင်သွားတဲ့ သူငယ်ချင်းတစ်ယောက်က “မင်း သေတဲ့အခါ အဲဒီပန်းချီကားကို အခေါင်းထဲထည့် မီးရှို့ပေးမယ်” လို့ နောက်ဖူးတာ သတိရပါတယ်။

တစ်ခါက အိပ်မက်မက်တော့ အိပ်မက်ထဲမှာ ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက် ဒီလို အပြန်အလှန်ပြောကြတယ်။

ကောင်လေး- “when i die, bury me in starry night sky”

ကောင်မလေး - “ဒါဆို ကြယ်တွေငိုမှာပေါ့”

ကောင်လေး - “နင် ငါ့ကို သတိတရရှိတဲ့အခါ ကောင်းကင်ကြီးကို မော့ကြည့်လိုက်ရုံပဲလေ”

ကောင်မလေး - “နင်က အရင်သေမလို့လား”

ကောင်လေး - “ကြယ်တွေပဲငိုမှာလား .. နင်ကရော”

ကောင်မလေး - “ငါကအရင်သေချင်တာ .. ငါအရင်သေတော့ နင်ငိုမငို ကြည့် လို့ ရတာပေါ့ ”

ကောင်လေး - “ငါ့ကဗျာတွေ ငိုကြလိမ့်မယ်”

.....
.....

တကယ်ပါ.. ကျွန်တော် သေဆုံးသွားတဲ့အခါ အဲဒီ ပန်းချီကားလေးကို ကျွန်တော့်အခေါင်းထဲ ထည့်ပေးလိုက်ဖို့ မမေ့ပါနဲ့ ...

Read More...

Feb 7, 2007

Curtain Call

နာမည်ကျော် ရက်ပ်အဆိုတော် Eminem ရဲ့ အခွေဒီဇိုင်းလေးကို နည်းနည်းပြင်ကြည့်တာပါ။ ဘာမှတော့ မဟုတ်ပါဘူး။





ဒါကတော့ မူရင်းပုံပါ ...

Read More...

Feb 6, 2007

လွမ်းသူရဲ့ပွဲ


မြေချစ်သူကဗျာများဆိုတဲ့ ကဗျာစာအုပ်လေးထဲမှာပါတဲ့ ဒီကဗျာလေးကို ပြန်ဖတ်မိတယ်။ တကယ့်ကို မှတ်မှတ်ရရပါပဲ။ ကျွန်တော့်ကို ရန်ကုန်ပြန်တုန်းက ဒီကဗျာလေးရွတ်ပြဖူးတဲ့ ချစ်သူကို သွားသတိရတယ်။ ကျွန်တော့်မှာ ကဗျာတွေကို ဒီလိုစိတ်လိုလက်ရရွတ်ပြတတ်တဲ့ ချစ်သူတစ်ယောက်ရှိတာ ဘုရားပေးတဲ့ ဆုတစ်ဆုပါပဲ။ “လွမ်းသူရဲ့ပွဲ” တဲ့။ ဒီကဗျာက ကျွန်တော့်ထက် အသက် ၉လကြီးပါတယ်။ ကျွန်တော် လူ့လောက မရောက်ခင်ကတည်းက ရေးခဲ့တဲ့ ဒီကဗျာကို ကျွန်တော့်ချစ်သူက ရွတ်ပြတဲ့အချိန်အထိ ရင်ခုန်လို့ရသေးတာကတော့ ကဗျာဆရာ မြေချစ်သူရဲ့ မှော်အစွမ်းပဲ ဖြစ်ပါလိမ့်မယ်။ ခံစားကြည့်ပါ ... နှလုံးသားပါရင် ခင်ဗျားလည်း လွမ်းကြည့်လို့ရပါတယ်။


“လွမ်းသူရဲ့ပွဲ”

ခုတလော
နာရီနဲ့အမျှ
လွမ်းနေရတယ်။

ကမ္ဘာပေါ်မှာ
လွမ်းရတာလောက်
သိက္ခာရှိတဲ့
အစားအစာ
မရှိပါဘူး။

လွမ်းနေချိန်မှာ
လွမ်းသူဟာ
ကမ္ဘာကြီးအတွက်
နှလုံးသားတာဝန်ကို
တစ်ဦးတည်းတင်ဒါဆွဲပြီး
ကြီးမားစွာ လွမ်းသူဖြစ်တယ်။

လွမ်းချိန်မှာ
သဘာဝနဲ့မိမိတို့ဟာ
အလွမ်းရေထုရဲ့
လာရောက်မှုကို
ဂုဏ်ပြုပူဇော်ပြီး
အတူတကွ
ပျော့ပျောင်းအိကျနေကြတယ်။

လွမ်းသူဟာ
လူယောက်ျား၊ လူမိန်းမ
ကြယ်၊ လ၊ ကဗျာ
ကာလသုံးပါး
ငှက်များပျံခြင်း
နှင်းဆီခင်းရသ
ဒေါသတရား
စကားမေတ္တာ
ခန္ဓာကိုယ်
အို ဘာကိုမှ သတ်သတ်မှတ်မှတ်
ရွေးချယ်ပညတ်ခြင်းမရှိဘဲ
လွတ်လပ်စွာ လွမ်းသူဖြစ်တယ်။

နေညိုချိန်မှာ
လွမ်းတတ်သူဟာ
ကျန်းမာရေးအရ
ပထမရဘူးသူလည်းဖြစ်တယ်။

ကဲ.. လွမ်း
အလွမ်းရဲ့ဟိုဘက်မှာ
သတ္တ၀ါတို့ရဲ့ ရင်ခုန်သံ
သန်မာစွာ ကခုန်နေတဲ့
အ၀ိဇ္ဇာဇာတ်ခုံ
မိုးလုံလေလုံရှိလေသတဲ့
ဇာတ်ခုံက ဗုံအရိုက်မှာ
တရှိုက်မက်မက်လွမ်း
အဝေးဆုံးထိလွမ်း
စောင်ကလေးခြုံလွမ်း
လွမ်း .. ။ ။

မြေချစ်သူ
မိုးဝေ၊ ဇန်န၀ါရီ၊ ၁၉၈၀

Read More...

ဧရာဝတီသက်သေ



ကဗျာဆရာရဲ့သူမအတွက် ဧရာဝတီကို
သူမရဲ့ကဗျာဆရာက ကတိတစ်ခုပေးဖူးတယ်..
ဒါကြောင့် ဒီဓာတ်ပုံကို “ဧရာဝတီသက်သေ” လို့ နာမည်ပေးထားတယ်..
ငြိမ်ငြိမ်လေး ကြိုးစားနားထောင်ကြည့်တဲ့အခါ အဲဒီကတိအကြောင်း ဒီဓာတ်ပုံကနေ တဆင့် ဧရာဝတီက ပြန်ပြောပြပါလိမ့်မယ်..

Read More...

ချစ်သူသိလေ

(၁)
ပန်းပွင့်ရှိမှ၊ ရနံ့ရတာ
မဟုတ်ပါဘူး၊ ဖူးသည့်ဝတ်ငုံ
ထုံသည့်တစ်ပွင့်၊ နမ်းခွင့်တစ်ရှိုက်
ရသည့်ခိုက်မှ၊ ထာဝရတည်
ကာလရှည်လျား၊ နှလုံးသားမှာ
စွဲမြဲစွာဖြစ်၊ ထုံနံ့ယစ်ဝေ
ပျံ့ဆွတ်စေ၏၊ ချစ်သူသိလေ...။

(၂)
မျက်နှာတွေ့မှ၊ မြင်ခွင့်ရတာ
မဟုတ်ပါကွယ်၊ ဘယ်ကိုသွားသွား
ဘယ်နားရောက်ရောက်၊ ဘယ်လောက်ဝေးဝေး
အတွေးမှာရှိ၊ အကြည့်မှာမြင်
သူပဲထင်တယ်၊ ကောင်းကင်လိုပဲ
မော့ကြည့်ဆဲမှာ၊ တွေ့နိုင်ပါ၏
ချစ်သူသိလေ...။

(၃)
အသံကြားမှ၊ နားမှာဆတ်ဆတ်
ကြားလာတတ်တာ၊ မဟုတ်ပါလေ
စမ်းရေသံကြား၊ သူ့စကားရှိ
ငှက်၏တေးမှာ၊ သူ့သံသာတွေ
နှုတ်ခြွေစကား၊ နားမှာတီးတိုး
ဟိုး .. အရင်လို၊ ရွှင်ချိုကြည်မြ
ကြားနေရ၏၊ ချစ်သူသိလေ...။

(၄)
ချစ်သူသိလေ...
သတိရလျှင်၊ ဒေသအကွာ
နေရတာကွဲ၊ ဘယ်လိုခွဲခွာ
ဘယ်လောက်ကွာမလဲ
ဘယ်မှာဖြစ်ဖြစ်၊ တွယ်တာရစ်ငင်
ထာဝရထင်သော၊ ရင်ထဲအရိပ်
စွဲလမ်းစိတ်ဖြင့်
အိပ်မက်တိုင်းမှာ ရှိနေသူ...။ ။

မောင်စိန်ဝင်း(ပုတီးကုန်း)

Read More...

Feb 5, 2007

အတုနဲ့အစစ်

ကျွန်တော်တို့ဝန်းကျင်မှာ အတုတွေရှိသလို အစစ်တွေလည်းရှိတယ်။



ဒီပုံထဲကလိုတော့ လွယ်လွယ်နဲ့ခွဲလို့ မရဘူး။
အစစ်ဆိုတာလည်း တကယ်တမ်းတော့ အစစ်ယောင်ဆောင်ထားတဲ့ အတုအယောင်သာ ဖြစ်တယ်။
အတုဆိုတာလည်း တကယ်တမ်းတော့ အတုယောင်ဆောင်ထားတဲ့ အတုအယောင်သာ ဖြစ်တယ်။
ပညတ်ချက်တွေကို ဖယ်လိုက်ပြီး ဖွင့်ဆိုချက်တွေကို ခွာချလိုက်တဲ့အခါ ခင်ဗျားတွေ့ရမှာ ဗလာနယ်သက်သက် ဖြစ်တယ်။

Read More...

Feb 4, 2007

အဆုံးမဲ့အချစ်


ဒီနေ့ Peninsula Plaza ရောက်တော့ သူငယ်ချင်းစုံတွဲ သုံးစုံတိတိတွေ့တယ်။ နောက်ဆို ဘယ်သူနဲ့မှ မတွေ့အောင် အိမ်မှာပဲ အိပ်နေပြီး အပြင်မထွက်ဘဲနေရင်တောင် ကောင်းမလားပဲ။ အခုတော့ သတိတရ ဖြစ်ရပြန်ပြီ။ ထူးအိမ်သင်သီချင်းထဲကလို “အမြန်လာပါ .. အိပ်မက်ကလေးရယ်” လို့ ဆိုရမလို ဖြစ်နေပြီ။

ဒါနဲ့ အိမ်ပြန်ရောက်တော့ The Myth ရုပ်ရှင်ကားထဲမှာ ပါပြီး ဂျက်ကီချန်းဆိုထားတဲ့ ဒီ “အဆုံးမဲ့အချစ်” သီချင်းလေးကို ဘယ်နှစ်ခါမှန်းမသိ နားထောင်နေမိတယ်။ ကျွန်တော့်ကို တရုတ်လို ကိုရီးယားလို နားမလည်ဘဲ ဘာလို့ နားထောင်နေသလဲလို့ မေးမနေနဲ့ဦး။ ဒီ ဘာသာပြန်လေးကြည့်ပြီး ခံစားတာပေါ့ဗျာ...

Jackie Chan & Kim Hee-Seon - Endless Love - MP3

Read More...

Feb 2, 2007

ဖေဖော်ဝါရီ ၂ရက် ညနေ


အခု စင်္ကာပူမြစ်ကမ်းဘေးနားလေးမှာ ထိုင်နေတယ်။



ခင်ဗျား ပြုံးနေမလား။ အထင်မကြီးပါနဲ့ဗျာ။ ကျွန်တော့် ဘေးမှာ ဘယ်ကောင်မလေးမှ မပါပါဘူး။ မရှိမဲ့ရှိမဲ့ ခြစ်ခြုတ်ဝယ်ထားရတဲ့ laptop လေးတစ်လုံးပဲ ပါတာပါ။ တခြားတခြားသောသူများကတော့ အတွဲကိုယ်စီနဲ့ပေါ့။ တကယ်တော့ စင်္ကာပူမြစ်ကမ်းဘေး ဆိုတာ စင်္ကာပူရဲ့ အင်းလျားပဲလေ။ ပြောရင်းနဲ့ အင်းလျားကို သတိရလာပြန်ရော။

အင်းလျားက ဘယ်တော့မှ ထိုင်စရာနေရာမရတဲ့ ခုံတန်းတွေရယ် ..
စိမ်းလန်းစိုပြေရဲ့ ညနေခင်းတွေရယ် ..
ပြီးတော့ ကျွန်တော် ရင်ခုန်တဲ့ စကားပန်းတစ်ပွင့်ရယ် ..

ရေးဖူးတဲ့ ကဗျာတစ်ပိုဒ်ထဲကလို ဆိုရင်တော့.. အဲဒီလိုမျိုး ပန်းကို တိုးတိုးလေး လွမ်းနေတယ်...

Read More...