Dec 29, 2007

သံလွင်အိပ်မက် ပြန်လာပြီ

သံလွင်အိပ်မက်ကို စောင့်နေကြတဲ့ ပရိသတ်ကိုလည်း အတော်လေး အားနာမိပါတယ်။ သံလွင်အိပ်မက် အမှတ်(၁၂) ကို ပုံမှန်ထွက်ရမယ့် အောက်တိုဘာမှာ မထုတ်ဖြစ်ဘူး။ အဲဒီကာလက အားလုံးသိကြတဲ့အတိုင်း စက်တင်ဘာရဲ့ ရွှေဝါရောင် တော်လှန်ရေးလှိုင်းအရှိန်နဲ့ ကျွန်တော်တို့ အားလုံးရဲ့စိတ်တွေ ညိုညစ်ညစ်သန်းနေခဲ့တယ်။ ပြီးတော့ သံလွင်ဝက်ဆိုက်ဒ်ကို တင်ထားတဲ့ ဆာဗာကလည်း အချိန်ကိုက်ဒေါင်းသွားခဲ့တယ်။ နောက်ပြီး ဆာဗာအသစ်ကို domain transfer လုပ်ဖို့ အခက်အခဲတချို့ ရှိခဲ့တဲ့အတွက် မမျှော်လင့်ဘဲ သံလွင်ဝက်ဆိုက်ဒ်တစ်ခုလုံးကို လုံးဝပိတ်ထားလိုက်ရတယ်။ အခုတော့ သံလွင်အိပ်မက် အမှတ် (၁)ကနေ (၁၁) အထိကို ဆာဗာအသစ်မှာ တင်ထားလိုက်ပြီးပါပြီ။ www.thanlwin.com ကနေ တိုက်ရိုက် ဖတ်ရှုနိုင်ပါတယ်။ အမှတ် (၁၂)ကို ဇန်န၀ါရီလကုန်ပိုင်း (သို့) ဖေဖော်ဝါရီလဆန်းပိုင်းမှာ ထွက်နိုင်အောင် ကြိုးစားနေပါတယ်။ ခုဆိုရင် သံလွင်အယ်ဒီတာအဖွဲ့ထဲကို ဇင်ကိုလတ်(ခ) စည်သူ(သံလွင်)၊ နေဘုန်းလတ် (ခ) နေမျိုး(သံလွင်)နဲ့ ကျွန်တော် ညီညီ(သံလွင်) တို့ အပြင် မောင်ပွတ်လည်း ပါဝင်လာပြီဖြစ်လို့ လူအင်အားများလာသလို ကျွန်တော်တို့ရဲ့ မိတ်ဆွေသူငယ်ချင်း ဘလော့ဂ်ဂါတွေသာမက အခြားသော စာပေ၀ါသနာပါသူ တွေကိုလည်း ၀ိုင်းဝန်းကူညီတဲ့ အနေနဲ့ စာမူတွေ ပေးပို့ကြဖို့ ဖိတ်ခေါ်ပါတယ်။ စာမူတွေကို အရင်က ၀င်းဖွန့်နဲ့သာ ပေးပို့နိုင်ကြပေမယ့် အခုတော့ ဘလော့ဂ်ရေးသူ၊ ဖတ်သူတွေ များလာတာနဲ့အမျှ မြန်မာဘလော့ဂ်တွေ အားလုံးလိုလိုမှာ သုံးနေကြတဲ့ ဇော်ဂျီဖွန့်နဲ့လည်း ပေးပို့နိုင်ကြောင်း သတင်းကောင်း ပါးလိုက်ပါတယ်။ စာမူတွေကို ပေးပို့ရမယ့် လိပ်စာကတော့ thanlwinainmat@gmail.com ပါ။

Read More...

နှစ်ရက်အလို

ကျွန်တော် ဘလော့ဂ်မရေးဖြစ်တာ မနက်ဖြန်ဆို ၁လ ရှိပါပြီ။ ရေးချင်စိတ်ရှိပေမယ့် စကားလုံးတွေ ဖြစ်မလာခဲ့တဲ့ အတွက် အသစ်တွေ တစ်ခုမှ မတင်ဖြစ်တာပါ။ အခုတလောမှာတော့ ရုံးမှာ အလုပ်တွေကလည်း နှစ်ကုန်ပိုင်းမှာမှ အရင်ထက်ပိုများတာရယ်၊ အားလပ်ချိန်တွေကျတော့လည်း ဓာတ်ပုံတွေရိုက်၊ ရိုက်ထားတာတွေကို ဟိုပြင်ဒီပြင် ဒီဇိုင်းလုပ်၊ နောက်ပြီးတော့ ဗီစီဒီလုပ်နဲ့ ဘလော့ဂ်ဘက်ကို မလှည့်ဖြစ်တော့ဘူး။ လမ်းပြကြယ် စာကြည့်တိုက် အတွက် ရေးပေးနေတဲ့ ဆော့ဝဲလ်ကတော့ First Release လုပ်နိုင်ဖို့ အတော်လေး နီးစပ်လာပါပြီ။ နောက်မှပဲ အဲဒီ ဆော့ဝဲလ်ရဲ့ Screenshot တွေ တင်တော့မယ်။ အခုတော့ နှင်းတွေအစား မိုးတွေရွာနေတဲ့ စင်္ကာပူရဲ့ ဒီဇင်ဘာနောက်ဆုံးရက်တချို့ (သို့) နှစ်သစ်ရောက်ဖို့ နှစ်ရက်အလိုမှာ ရေးဖြစ်ခဲ့တဲ့ ကဗျာလေးကို တင်ပေးထားပါတယ်။

“နှစ်ရက်အလို”

လမ်းမတွေက လူတွေပေါ်ကို ဖြတ်သွားကြတယ်
လမ်းအသစ်ဖွင့်ဖို့ နှစ်ရက်အလို။

ဘ၀တွေက သုညတွေပေါ်ကို ဖြတ်သွားကြတယ်
ဘ၀အသစ်စဖို့ နှစ်ရက်အလို။

မျှော်လင့်ချက်တွေက ယုံကြည်ချက်တွေပေါ်ကို ဖြတ်သွားကြတယ်
အိပ်မက်လမ်းဆီ နှစ်ရက်အလို။

ဒီဇင်ဘာက မိုးစက်တွေပေါ်ကို ဖြတ်သွားကြတယ်
ဇန်န၀ါရီဖို့ နှစ်ရက်အလို။

ပြက္ခဒိန်တွေက သက္ကရာဇ်တွေပေါ်ကို ဖြတ်သွားကြတယ်
နှစ်သစ်သို့ နှစ်ရက်အလို။

ခေလွန်း
ဒီဇင်ဘာ ၂၉၊ ၂၀၀၇
( ဒီကဗျာက ၂၀၀၇ ခုနှစ်အတွက် နောက်ဆုံးရေးဖြစ်တဲ့ ကဗျာပါ။ )

Read More...

Nov 30, 2007

ကျေးဇူးတင်လွှာ

၂၈ရက် နိုဝင်ဘာလမှာ ကျင်းပခဲ့တဲ့ ကျွန်တော့်ရဲ့ မင်္ဂလာလက်မှတ်ထိုးပွဲကို အွန်လိုင်းကနေ တက်ရောက်ချီးမြှင့်ပြီး ကွန်မန့်များရေးပေးသွားကြတဲ့ သူငယ်ချင်း မိတ်ဆွေများ၊ ဆီဗုံးကနေ အားပေးဆုတောင်းသွားကြတဲ့ အွန်လိုင်းက ညီအစ်ကိုမောင်နှမများ အားလုံးကို ကျေးဇူး အထူးတင်ရှိပါတယ်။ ဘယ်မှာ လုပ်သွားတာလဲ.. မသိတောင် မသိလိုက်ပါလား.. စားတောင် မစားလိုက်ရဘူးဆိုပြီး စိတ်မကောင်း မဖြစ်ပါနဲ့ဗျာ။ ဘယ်မှာ ကျွေးရင် ကောင်းမလဲ စဉ်းစားနေတုန်းပါ။ ပြီးတော့ အခြေအနေ တစ်ခုပေးရင်တော့ မြန်မာပြည်ပြန်ဖြစ်ဦးမှာပါ။ မပြန်ဖြစ်ရင်တော့ စင်္ကာပူမှာပဲ ဧည့်ခံပွဲလေးလုပ်ဖို့ စိတ်ကူးထားပါတယ်။ အကြံကောင်း ဥာဏ်ကောင်းလေးများရှိရင်လဲ ကြိုဆိုပါတယ်။ Sponsor ပေးချင်သူများ အမြန်ဆက်သွယ်ပါ။ စင်္ကာပူထုံးစံအတိုင်း တန်းစီစနစ် ကျင့်သုံးပါမယ်။ :) First come first serve ပါ။ အားလုံးပဲ ပျော်ရွှင်ကြပါစေ။



အသိသက်သေများအဖြစ် လက်မှတ်ထိုးပေးဖို့ အလုပ်ကနေ ခွင့်တစ်ရက်ယူပြီး လာပေးခဲ့တဲ့ မမေထား၊ ညက Night Shift အလုပ်လုပ်ထားလို့ ဖုန်းဆက်ပြီး မနည်းနှိုးယူတော့မှ ဆိုင်ကယ်တစ်စီးနဲ့ ရောက်ချလာတဲ့ ဗိုလ်တထောင်(၅)ကတည်းက ငယ်သူငယ်ချင်း စောမြင့်အောင်၊ ကားမောင်းပြီးလည်း လိုက်ပို့ပေး.. မှတ်တမ်းဓာတ်ပုံရော ဗီဒီယိုပါ တစ်ယောက်တည်း ဇယ်ဆက်သလို ရိုက်ပေးခဲ့တဲ့ ကိုဇင်ကိုလတ်(ခ) စည်သူ (သံလွင်) တို့အားလည်း အထူးပဲ ကျေးဇူးတင်ရှိပါကြောင်း။

ကိုဖြိုး said...

ဘ၀ကို မိုက်ရဲ တိုက်ရဲ လိုက်ရဲသော ချစ်သူငယ်ချင်း ညီညီနှင့် စကားပန်းကလေးတို့အတွက် ...

မောင်ဂလာဆင်တော့ နောင်အခါတွင် ပြင်ရန်ခက်တာမို့
ငါကလည်း ဖျက်မရဲသူပါကွယ်
ချစ်သူရယ် ..
နင့်ကိုငါယုံလို့ ဘ၀ကို ပုံအပ်ခဲ့ပါတယ်
နင်ကလည်း နင် ငါကလည်း ငါ
ဒါပေမယ့် ငါတို့က ဘာလို့များ
နှစ်ကိုယ့်တစ်စိတ်ဖြစ်
နှစ်ယောက်တစ်ဘ၀ဖြစ်
နှစ်အိပ်မက် တစ်အိပ်မက်ဖြစ်
အဲဒီ အချစ်ဆိုတာကြီးကို ဖက်အိပ်ပစ်ခဲ့မိပါလိမ့်ကွယ်

ဒီတော့ကာ နင်သာငါ့ကို မတွန့်တိုဘူးဆိုပါလျှင်
ဒီသံသရာတွင် .. နောင်သံသရာတွင် ..
ဖောင်ရှိတောင် ပြန်မကူးဘူး
ထူးထူးမထူးထူး ငါရူးရတဲ့ အချစ်ဆူးကလေးကိုပဲ
ရင်ထဲမှာ ထိုးစိုက်ချလိုက်တယ်
မင်းက ငါခေါ်ရာလိုက်မယ်လို့ ပြောခဲ့တာကိုး။

(ဒီအချိန်မှာ ကျွန်တော်က ကိုညီထွဋ်ရဲ့ သူများကို အားကျမိတယ် အချစ်ကလေးရယ် သီချင်းကို အာဗြဲကြီးနဲ့ အော်ဆိုနေပါတယ်) :-)

သူများကိုချည်း အားမကျနဲ့။ မင်းအလှည့်ရော ဘယ်တော့လဲ။ ကဲ.. ကိုညီထွဋ်သီချင်းထဲကလို.. ဘယ်တော့လဲပြော...

နိုင်းနိုင်းစနေ said...

ကဗျာထဲက စကားပန်းတစ်ပွင့်
စကားပန်းထဲက ကဗျာလေးတစ်ပုဒ်
ကဗျာနဲ့ စကားပန်း
စကားပန်းနဲ့ ကဗျာ
ချစ်ခြင်းတွေ ထပ်တူပေါင်းစပ်
အေးအတူ ပူအမျှ
တူညီလက်တွဲ ရဲရဲလျှောက်မယ်
ဘ၀အဆုံး သက်ဆုံးထိတိုင်
ကဗျာဆရာရဲ့ စကားပန်းနဲ့အတူ...

ကွန်ဂရက်ကျုလေးရှင်း..
ညီညီ နဲ့ ပိုးး)

နိုင်းနိုင်းရေ.. ကဗျာအတွက် ကျေးဇူး။

N3 said...

Nyi Nyi and Poe ...
May your wedding be a new beginning
to a married life
full of Love , Luck and Happiness!!!
Congratulation !!!!!!

N2 .. ညီညီ အလှည့်တော့ပြီးပြီ.. N3 နေနေနိုင်အလှည့် ဘယ်တော့လဲဗျို့။

Mr.Pooh @ မောင်ပွတ် said...

ချစ်သူတွေရဲ့ ရည်းမှန်းချက် အမြောက်အများထဲက အရေးအပါဆုံးနဲ့ ကြည်နူးစရာ အကောင်းဆုံးတစ်ခုကို ကိုညီနဲ့ မပိုးတို့ ပြည့်မြောက်ဖြတ်သန်းနိုင်တော့မယ်။ ဖြတ်သန်းလာခဲ့တဲ့ ခရီးလမ်းတလျှောက်မှာလည်း ပျော်စရာတွေနဲ့ ပြည့်နေခဲ့သလို နောင်အတူလက်တွဲ ဖြတ်သန်းဦးမယ့် ရတုပေါင်းများစွာမှာလည်း ပျော်စရာအတိပြီးနေစေဖို့ ဒီအချိန်ကတည်းက ကျွန်တော် ကြိုပြီးဆုတောင်းပေးပါတယ်။ ပြည့်မယ့်ဆု ဆိုတာလည်း သိပြီးသားပါ။

Congratulation Bro & Sis !

ခင်တဲ့
မောင်ပွတ်

မောင်ပွတ်နဲ့ ခြူကလေးအတွက်လည်း ကြိုဆုတောင်းပေးထားလိုက်မယ်။ ရှေ့မှတ်တိုင်က စောင့်နေမယ်။

demo said...

Congratulation Bro ညီ & Sis ပိုး !

အမြဲတမ်း ပျော်ရွှင်နိုင်ပါစေ..

ခင်တဲ့
ဒီမို

ပေးတဲ့ဆုနဲ့ ပြည့်ပါစေ..ညီမ ဒီမို

Wai Phyo said...

ကျွန်တော်ကတော့ ကဗျာတွေကာရံတွေ မပိုင်ဘူး အကိုရေ။ ဒါပေမယ့် ဆုတော့တောင်းပေးမယ်ဗျာ။

ဆန်းကြယ်မှုတွေပြည့်နေတဲ့ ချစ်ခြင်းတရားတွေကိုကျော်ဖြတ်ပြီး အင်မတန်ခက်ခဲလှတဲ့ ဘ၀နှစ်ခု ပေါင်းစပ်ခြင်းဆိုတဲ့ နက်နဲတဲ့ State ၁ခု ကို ကျွန်တော့် အကိုကြီး အောင်အောင်မြင်မြင် ဆိုက်ကပ်သွားတာ အတိုင်းထက်အလွန် ၀မ်းမြောက်မိပါတယ်။

အနာဂတ်မှာ သာယာတဲ့ ဘ၀လေး၁ခု (၂ယောက်လည်း ၁ခုလို့ မှတ်လိုက်တော့ဗျာ) လှပစွာ ဆီးကြိုနေပါစေလို့ ဆုတောင်းပေးပါတယ်။

Rgds,
-Wai
(p/s: စောစော Comments ပေးထားတာ၊ သူများတွေ သိပ်မများခင်)

ခုလို မမေ့မလျော့ လာဆုတောင်းပေးတဲ့အတွက် ကျေးဇူးပါ ဝေဖြိုး။

MELODYMAUNG said...

Congratulations! ပါ ညီညီ နဲ့ စကားပန်းရေ

နှစ်ယောက်တစ်ဘ၀ အပြန်အလှန် နားလည်မှုတွေနဲ့ အောင်မြင်ပျော်ရွှင်သော ကိုယ်ပိုင် မိသားစုဘ၀လေး သက်ဆုံးတိုင် ပိုင်ဆိုင်နိုင်စေကြောင်း ဆုမွန်ကောင်းလည်း တောင်း၏။

ကျန်းမာ ချမ်းသာ အားလပ်ချိန်များစွာနဲ့ အများ လေးစား အားကျရတဲ့ အိမ်ထောင်ရှင် စုံတွဲလေး ဖြစ်ပါစေလို့ နော်။

မယ်လိုဒီမောင်: Wedding က ဘယ်မှာလုပ်တာလဲ ညီညီရ Congratulations! နော် :) (ဆီဗုံးထဲမှ ရယူသည်)

ဟုတ်ကဲ့.. ပေးတဲ့ဆုနဲ့ ပြည့်ရပါလို၏။ မမီ.. လက်မှတ်ပဲ ထိုးရသေးတာပါ။ ဧည့်ခံပွဲက နောက်မှ။ ဒီမှာတော့ ဒီလိုပဲ လုပ်ကြတာပဲလေ။

Kay said...

ပျော်ရွှင်ပါစေ..သံလွင် ကဗျာ ဆရာ ရေ..
ခင်မင်လျက်..

ပျော်ရွှင်ကြည်နူးလျက်။

Maung Maung Hla Win said...

Congrats dude..
Welcome to the club. :)

Thanks bro. Guide me as you're a senior member (not senior general) of the club :)

စိုးဇေယျထွန်း said...

ဒီလင်နဲ့ ဒီမယား အိုအောင် မင်းအောင် ပေါင်းသင်းရပါစေ .........

ပေးတဲ့ဆုနဲ့ ပြည့်ပါစေ ဘလိုင်းတုတ်သတင်းထောက်ကြီးရေ။

PeTi said...

ကိုညီညီ နဲ့ မစကားပန်း တို့ ပျော်ရွှင်ချမ်းမြေ့စွာ ရာသက်ပန် ပေါင်းသင်းနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

ဆုတောင်းအတွက် ကျေးဇူးပါ ကိုပီတိ

Khaing Thet Aung said...

Nyi Nyi and Poe,

"Love at first-sight is easy to understand; it's when two people have been looking at each other for a life time that it becomes a Miracle." (A Marriage Quote)

Since I missed your wedding treat, treat me next time when I come back. :)

Sincere Congrats to you both!!!

Sure. We owe you a treat when you come back. Thank you.

Tesla said...

သံလွင်မြစ်ထဲက စကားပန်းလေးများ ထာဝရ လန်းဆန်းစွာ စီးဆင်းကြပါစေ..။

ခုလို လာရောက်ပြီး ဆုမွန်ကောင်းတောင်းပေးတဲ့အတွက် ကျေးဇူးပါ ကိုတက်စလာနတ်ရေ။

pandora said...

ချစ်သူနှစ်ဦး တို့ ပန်းခင်းသောလမ်းမှာ တသက်လုံး ပျော်ပျော်ရွှင်ရွှင် အတူတကွ လျှောက်လှမ်းနိုင်ကြပါစေ။ အပြန်အလှန် နားလည်လေးစားမှုများနဲ့အတူ ခိုင်ခိုင်မြဲမြဲ လက်တွဲနိုင်ကြပါစေ။

ဆုတောင်းလေးအတွက် ကျေးဇူးပါ မပန်။ ပေးတဲ့ဆုနဲ့ ပြည့်ပါစေ။


ဆုဝေ: ကိုညီညီရေ...Congratulation နော်...ယနေ့မှစ နှစ်ပေါင်းများစွာတိုင်အောင် တွဲလက်တွေ ခိုင်မြဲပါစေ...

အစ်ကို့ဘလော့ရော ပိုးဘလော့မှာပါ လာပြီး ဆုတောင်းပေးသွားတဲ့အတွက် ကျေးဇူးပါ ညီမရေ။


နိုင်လင်းထွန်း: ဝမ်းသာပါတယ် ကိုညီ...။ မင်္ဂလာနှစ်ပေါင်း ရာချီနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်...။

ဆုတောင်းအတွက် ကျေးဇူးပါ ညီရေ။


မိုးလှိုင်ည: ဟားဟား သူမ၏ကဗျာဆရာတော့ပါသွားရှာပြီ ဂုဏ်ယူပါတယ် အစ်ကို ကျွန်တော် ကိုဖြိုးကိုပါ မြောက်ပေးလိုက်မယ်

မြှောက်ပေးလိုက်ပါ မိုးလှိုင်။ အစ်ကို့သူငယ်ချင်းမော်ဒန်ဘလော့ဂါကြီး ကောင်းရာသုဂတိရောက်အောင်.. (အဲ.. မှားကုန်ပြီ)


zyh: Congratulation သူငယ်ချင်း.. ။ ပျော်ရွှင်တဲ့ ကမ္ဘာသစ်တစ်ခုကို ဖန်တီးနိုင်ပါစေ...။

ကျေးဇူးပဲ သူငယ်ချင်း။ ရွှေထိုက်သီချင်းထဲကလို.. ကမ္ဘာငယ်လေးတစ်ခုကို တည်ဆောက်မယ်.. ဒီမှာ သူရယ် ကိုယ်ရယ် ငြိမ်းချမ်းစွာနေထိုင်ကြမယ်.. :)


NayNay: Congratulation ko nyi nyi..
Thank you NayNay

mitoe: congratulation par! ko nyi nyi and mama poe pyaw shwin par zay! "HAVE A NICE TIME!"
Thanks so much for your wish mitoe!


NYC: COOL PIX....HAVEA GOOD MARRIAGE TILL NEXT SO MANY YEARS......( OO AUNG MIN AUNG PAUNG YA BAR ZAY)S
NYC: WHERE IS THANLWIN EINMAT WEBSITE? NO MORE...............ANY HINT

Thanks for the wish NYC. I know most people are asking the whereabout of Thanlwin Ainmat. Well, there're some problems with our hosting company and the company where we bought the domain name. We're trying to figure out the best possible solution and i promise we'll make it happen soon. Thanlwin Ainmat will still go on. Again, thanks for your concern.


မွန်းသက်ပန်: congratulation ပါ ညီညီနဲ့ ညီမလေး ရေ...

ဖျားနာတဲ့အခါ မေးသမျှကို မညည်းမညူ ဖြေပြီး အကြံပေးတတ်တဲ့ ခင်စရာကောင်းတဲ့ ဆရာဝန်မကြီး မဇင်ကို ကျေးဇူး အထူးတင်ပါတယ်။

Read More...

Nov 28, 2007

လက်ထပ်ပွဲ

ဒီဓာတ်ပုံက ရန်ကုန်ပြန်တဲ့အချိန်ကတည်းက စိုင်းဘုန်းထူး ဓာတ်ပုံစတူဒီယိုမှာ သွားရိုက်လာတာပါ.. ပုံအသစ်တွေကိုတော့ ဓာတ်ပုံဆရာ ဇင်ကိုလတ် လက်စွမ်းပြပြီး ရိုက်ပေးမယ်လို့ ပြောထားပါတယ်..


"With new dreams, new hopes, new aspirations and a desire to achieve new horizons, we are stepping into a new beginning of wedded life.."

ညီညီ (သံလွင်) + စကားပန်း


လက်ထပ်ပွဲ

အကြင်နာဟာ
ဖိတ်စာကို ကမ်းပြီး
တစ်လှမ်းချင်း လာနေတယ်။

ပြောင်ပြောင်လက်လက်တွေ မလိုဘူး
ပြိုးပြိုးပြက်ပြက်တွေ မလိုဘူး
အဆောင်အယောင်တွေ
အယောင်ဆောင်တွေ မလိုပါဘူးကွယ်။

ဟိုပုဂ္ဂိုလ်ကြီး စွပ်ပေးမယ့်ပန်းကုံးမှ မဟုတ်ဘူး
ဟိုကတော်ကြီး စွပ်ပေးမယ့် လက်စွပ်မှ မဟုတ်ဘူး
ဟို ခမ်းခမ်းနားနား ..
ဟိုတယ်ခန်းမကြီးမှ မဟုတ်ပါဘူးကွယ်။

လက်ထပ်တယ်ဆိုတာ
ဘ၀နှစ်ခု တစ်ခုထဲ ထပ်လိုက်တာ
လက်ထပ်တယ်ဆိုတာ
အသက်ရှူသံ တစ်ခုထဲ ထွက်တော့တာ
ပြီးတော့..
လက်ထပ်တယ် ဆိုတာ
နှစ်ကိုယ်ကြား နားလည်မှုဘာသာဗေဒနဲ့
ယုံကြည်သက်ဝင်စွာ
တိမ်းမူးရူးသွပ်စွာ
ချစ်မက်မြတ်နိုးစွာ
ကမ္ဘာသစ်တစ်ခုကို ဖန်တီးကြခြင်းသာ ဖြစ်တယ်။

ခေလွန်း
စက်တင်ဘာ ၁၁ရက်၊ ၂၀၀၇



ဒီပုံကတော့ ဘလော့တိုင်းမ်အယ်ဒီတာကြီး မောင်ပွတ် လက်စွမ်းပြပြီး ဒီဇိုင်းလုပ်ပေးထားတာပါ.. ကျေးဇူး မောင်ပွတ်!

ဇင်ကိုလတ်ရိုက်ပေးတဲ့ပုံတချို့ကို သူငယ်ချင်းကိုဖြိုးနဲ့ မောင်ပွတ်တို့ လက်စွမ်းပြထားတဲ့ ဒီဇိုင်းတချို့လည်း ကျန်ပါသေးတယ်.. နောက်များမှပဲ ဘလော့မှာတင်ပါတော့မယ်..။

Read More...

Nov 3, 2007

ဒီကျောင်းဝင်းထဲမှာ

ကျွန်တော့်အမေ ကျောင်းတက်ဖူးခဲ့တဲ့ ကျောင်းရဲ့ နှစ်တစ်ရာပြည့်ပွဲအတွက် ကဗျာတစ်ပုဒ်ရေးပေးဖို့ အမေက အပ်ထားတာတော့ ကြာပါပြီ။ ဧပြီလ ရန်ကုန်ပြန်ကတည်းက ရေးခိုင်းထားတာ ဒီနေ့မှပဲ ရေးဖြစ်ပါတော့တယ်။ အဓိက ကတော့ ဘာရေးရမှန်း မသိတာကြောင့်ပါ။ ကိုယ်တိုင် တက်ခဲ့တဲ့ ကျောင်းလည်း မဟုတ်တော့ ဘာမှ အမှတ်တရ မရှိတာကြောင့်လည်းပါပါတယ်။ ဘာပဲဖြစ်ဖြစ် လုပ်ပေးမယ်ပြောထားတဲ့ အကြွေးတစ်ခု ဆပ်ပြီးသွားတဲ့အတွက် ၀မ်းသာပါတယ်။ ဒီရက်ပိုင်းတော့ စေတနာသက်သက်နဲ့ ရေးပေးနေတဲ့ ဆော့ဝဲလ်ပရောဂျက်တစ်ခုနဲ့ အလုပ်များနေမှာဖြစ်လို့ ဘလော့ခ်ကို အရင်လို ပုံမှန်ရေးဖြစ်ဦးမှာ မဟုတ်ပါဘူး။ ကျွန်တော့်ဘ၀အတွက် အရေးကြီးတဲ့ နေ့စွဲတစ်ခုဖြစ်တဲ့ နိုဝင်ဘာ ၂၈ ရက်နေ့မှာတော့ အရင်က ရေးဖူးတဲ့ ကဗျာတစ်ပုဒ်ကို တင်ဖို့ စိတ်ကူးထားပါတယ်။ အခုလောလောဆယ်တော့ “ဒီကျောင်းဝင်းထဲမှာ” ကဗျာကိုပဲ တင်ပေးထားပါတယ်။

“ဒီကျောင်းဝင်းထဲမှာ”

ဒီကျောင်းဝင်းထဲမှာ
အသားအရောင်မခွဲခြားဘူး
ဘာသာတရားမခွဲခြားဘူး
အဆင့်အတန်းမခွဲခြားဘူး
အဖြူအစိမ်းဆင်တူဝတ်
ခေတ်တစ်ခေတ်စီအတွက်
အနာဂတ်မျိုးဆက် မပြတ်ဖို့
မျှော်လင့်ချက် တပုံတပင်နဲ့
မင်းတို့ငါတို့ စာသင်ခဲ့ကြတယ်
ဒီကျောင်းဝင်းထဲမှာလေ.. ။

ဒီကျောင်းဝင်းထဲမှာ
ငါတို့လိုပဲ အဖြူအစိမ်းတွေ အမြဲဝတ်
ဝါသနာ၊ စေတနာ၊ အနစ်နာ
နာသုံးနာနဲ့ သင်ပြခဲ့တဲ့ အနန္တဂိုဏ်းဝင်ဆရာ၊ဆရာမတွေ
သို့မဟုတ်
စုန်ရေသက်သက် စီးဆင်းရင်း ကျန်ရစ်ခဲ့တဲ့ မြစ်တွေ
မင်းတို့ငါတို့ အောင်မြင်မှုတွေကို ဂုဏ်ယူနေရှာမယ်
ဒီကျောင်းဝင်းထဲမှာလေ.. ။

ဒီကျောင်းဝင်းထဲမှာ
မင်းတို့ငါတို့ ခြေရာတွေရှိတယ်
မင်းတို့ငါတို့ စာအံသံတွေရှိတယ်
မင်းတို့ငါတို့ ဆော့ကစားသံတွေရှိတယ်
မင်းတို့ငါတို့ ကမ္ဘာမကြေရွတ်သံတွေရှိတယ်
မင်းတို့ငါတို့ကို စာသင်ပြခဲ့တဲ့ ဆရာ၊ဆရာမတွေရှိတယ်
ဒီကျောင်းဝင်းထဲမှာလေ.. ။

ဒီကျောင်းဝင်းထဲမှာ
နှစ်တစ်ရာပြည့်မွေးနေ့ပွဲလုပ်တဲ့အခါ
မင်းတို့ငါတို့ မျက်နှာဖုံးတွေခွာချပြီး
အရင်လို မခွဲမခြားဘဲ တသားတည်းပျော်ချင်တယ် သူငယ်ချင်း
ဒီကျောင်းဝင်းထဲမှာလေ.. ။

ခေလွန်း
နိုဝင်ဘာ ၃ ရက်၊ ၂၀၀၇

Read More...

Oct 27, 2007

နတ္ထိ

ဒီရက်ပိုင်း ဘာကဗျာမှ အသစ်မရေးဖြစ်တာကြောင့် ဟိုးအရင်ကာလတစ်ခုက ရေးခဲ့ဖူးတဲ့ ကဗျာတစ်ပုဒ်ကို ပြန်တင်ပေးလိုက်ပါတယ်။

နတ္ထိ

“အလွမ်း” တဲ့ ကျွမ်းသွားတဲ့ မီးလုံးတစ်လုံးပါပဲ
ကျပျောက်ခဲ့တဲ့ အိပ်မက်တို့လည်း
တခါတရံ မှော်လို ပြန်ဖန်ဆင်းပြ
ငါ့ဘက်မှာ နေ့ရောညပါ မရှိဘူး...။

အထူးပြုဝိသေသများ
မြူလိုဝါးနေခဲ့
မဲ့ခြင်းရဲ့ကဏ္ဍ
တစစပေါ်လွင်တော့မှ
ကိုယ့်ကိုယ်ကိုဝှက်ရင်း
ခရီးပြင်းနှင်နေမှန်း သတိရတယ်...။

ဘာလဲ...
မပြောနဲ့...
ဒဲ့ပစ်လိုက်တဲ့ မြားတွေ
ပစ်မှတ်အဖျောက်ခံလိုက်ရတဲ့နောက်
လမ်းမလျှောက်ချင်တော့တာ မဆန်းဘူးမဟုတ်လား...။

“အချစ်” ဆိုတာလည်း
ပြောပြလို့ ကောင်းရုံ ပုံပြင်တစ်ပုဒ်လေ
ရပ်တည်ဖို့ မြေမရှိဘူး
အသက်ရှူဖို့ လေမရှိဘူး
ပျံသန်းဖို့ အတောင်မရှိဘူး
သကြားခဲနည်းနည်း ဖြူးရုံနဲ့တင်
သေသေရှင်ရှင် အဲဒီထောင်ချောက်ထဲ တိုးဝင်နေကြပေါ့...။ ။

ခေလွန်း

Read More...

Oct 14, 2007

ဧရာဝတီရဲ့ အဝေးရောက်သားသမီးတွေ

မျှော်လင့်ချက်ကိုယ်စီနဲ့
အဝေးတစ်နေရာစီမှာ ရောက်နေပေမယ့်
ဧရာဝတီက မွေး
ဧရာဝတီရဲ့ သွေးတွေ
ကျွန်တော်တို့ ရင်ထဲ စီးဆင်းနေဆဲပါ အမေ.. ။

မေမေရယ်
အာဏာရှင်ကို ဖြုတ်ချဖို့ မလွယ်ဘူး ဆိုပေမယ့်
ဧရာဝတီရဲ့ အရုဏ်ဦးနဲ့အတူ
သေနတ်ပြောင်းဝအောက်
အနှစ်နှစ်အလလ ကြောက်စိတ်တွေပျောက်ပြီး
သံဃာတော်တွေ ဦးဆောင်မှုအောက်မှာ
ဧရာဝတီက ညီအစ်ကိုမောင်နှမတွေ မေတ္တာကိုယ်စီပို့နေကြတယ် တဲ့
မိနစ်တိုင်း အသစ်တက်လာတဲ့ အင်တာနက် သတင်းတွေ
ဧရာဝတီရဲ့ ရာသီဥတုကို အချိန်နဲ့ အမျှ ကြေညာပေးနေတဲ့ ဘလော့ဂ်တွေ
အဝေးရောက်နေပေမယ့်
ကျွန်တော်တို့ အားလုံးလည်း အတူ လျှောက်နေခဲ့ကြတယ် အမေ..။

မေမေရယ်
ဒီတစ်ခါတော့
ကျွန်တော်တို့ ညီအစ်ကိုမောင်နှမတွေ ညီညွတ်မှုနဲ့
ဒီအာဏာရှင်ကို မောင်းထုတ်နိုင်တော့မလားရယ်လို့ တွေးရင်း
ကျွန်တော်တို့ အဝေးရောက်သားသမီးတွေ အတွက်
ဧရာဝတီကို ပြန်ပြီး
ဒီမိုကရေစီနိုင်ငံ အတူဆောက်ကြရမယ့် ရက်တွေကို
ရင်တခုန်ခုန်နဲ့ ကျွန်တော်တို့ အားလုံး စိတ်လှုပ်ရှားနေခဲ့ကြတယ် အမေ..။

မေမေရယ်
ဘုရားမသိ တရားမရှိ သံဃာကို ဖိနှိပ်တဲ့ ကောင်တွေ
ယုတ်မာမှုသရဖူဆောင်း
အ၀ီစိကို ခေါင်းနဲ့ ဆင်းမယ့် လူမဆန်တဲ့ ကောင်တွေ
ရိုက်နှက်ပစ်ခတ် လုပ်ရက်ကြတာများ .. ဗျာ..
မြင်ရ ကြားရ တဲ့ ကျွန်တော်တို့ အဝေးရောက် သားသမီးတွေက
မျက်ရည်ကျရရုံကလွဲလို့ ဘာများလုပ်ပေးနိုင်ကြမှာလဲ အမေ..။

မေမေရယ်
ဒီကောင်တွေ လိမ်နေတုန်းပဲ
ဒီကောင်တွေပြောတဲ့ ဒိုင်ယာလော့ခ်ဆိုတာ ဘယ်မှာလဲ
ဒီကောင်တွေ ညာနေတုန်းပဲ
ဒီကောင်တွေ ပြောတဲ့ အမျိုးသားသွေးစည်းညီညွတ်ရေးဆိုတာ ဘယ်မှာလဲ
ဒီကောင်တွေ မျက်နှာပြောင်တိုက်နေတုန်းပဲ
ဒီကောင်တွေ ပြောတဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီး ဘယ်မှာလဲ
ဒီကောင်တွေ ကြောက်ကန်ကန်နေတုန်းပဲ
ဒီကောင်တွေ ပြောတဲ့ သမိုင်းစာမျက်သစ်တွေ ဘယ်မှာလဲ
ဒီကောင်တွေ လူရိုင်းတွေဆိုတာ တစ်ကမ္ဘာလုံး သိသွားကြပြီ .. အမေ။

မေမေရယ်
ကမ္ဘာတလွှားရဲ့ မီဒီယာတွေမှာ
ဧရာဝတီက ညီအစ်ကိုတွေရဲ့ သတင်းတွေ
နေ့စဉ်လိုလို နေရာယူနေခဲ့ပေမယ့်
ခမောက်ပြာတပ်တွေ ၀င်ဖို့နေနေသာသာ
ဒါဟာ ပြည်တွင်းရေးသက်သက် လို့
လူကြားကောင်းအောင် အော်နေတဲ့ အိမ်နီးချင်းကောင်းတွေရဲ့
အဆင်သင့် စောင့်နေတဲ့ ဗီတိုတွေ အောက်မှာ
ကျွန်တော်တို့ တစ်မျိုးလုံးပျောက်ရတော့မယ်
ကမ္ဘာ့အင်အားကြီးတွေရဲ့ ပါဝါလွန်ဆွဲမှုအောက်မှာ
စတေးခံလိုက်ရတဲ့ ကျွန်တော့်ညီအစ်ကိုမောင်နှမတွေအတွက်
အခုအချိန်မှာ ချက်ချင်းလိုအပ်နေတာက
နိုင်ငံတကာတပ်တွေရဲ့ အကူအညီ အစောင့်အရှောက်ပါ.. အမေ။

မေမေရယ်
ကမ္ဘာကြီး ဘယ်လို ပြောင်းလဲ ပြောင်းလဲ
စစ်အာဏာရှင်အမိုက်အမဲတွေက
သေနတ်ကို လက်က မချဘူး..
မိုးပေါ်ပဲရောက်နေသလိုလို
စကားလုံးတွေကလည်း အောက်တန်းကျလွန်းတယ် အမေ..။

မေမေရယ်
ဖက်ဆစ်အစွယ်ထွက်ပြီး
အာဏာမြဲဖို့ တစ်ခုတည်းအတွက်
ကိုယ့်လူမျိုးကိုယ်နှိပ်စက်
ဘီလူးသဘက်စီးနေတဲ့ကောင်တွေရဲ့
ကျည်ဆန်မိုးတွေ အောက်
အသက်ပျောက်ခဲ့ရတဲ့
ဧရာဝတီက ညီအစ်ကိုမောင်နှမတွေ အတွက်
ကျွန်တော်တို့ အဝေးရောက်သားသမီးတွေ အားလုံး
တစ်သက်မကြေရုံမက ကမ္ဘာမကြေဘူး အမေ.. ။

ညီမင်းနိုင်

Read More...

Oct 7, 2007

လမ်းပေါ်မှာစီးတဲ့ ဧရာဝတီ


-ကျွန်တော် မငိုဘူး အမေ …
အခန်းတံခါးတွေကို အလုံပိတ်
မီးပွင့်တွေ အကုန်မှိတ်ပြီး
တိတ်တဆိတ် အိပ်ခဲ့ရတဲ့ညတွေမှာ ငါဘာတွေမှားခဲ့လို့လဲဆိုတဲ့ မေးခွန်းတစ်ခုနဲ့
သက်ပြင်းတွေကို မှုတ်ထုတ်နေခဲ့ရတယ် …။

-ပထမနေ့ …
မေတ္တာတရားရဲ့ပဲ့တင်သံတွေ
လမ်းမတွေပေါ်ကိုလွှမ်း
သံဃာတော်တွေခင်းနေတဲ့လမ်းဘေးမှာ
လက်အုပ်ချီ မျက်ရည်ဝဲ
ကျွန်တော့်ရဲ့ခြေထောက်တွေကို
ကြောက်စိတ်တွေက ဆွဲထားတုန်းပဲ … အမေ။

-ဒုတိယနေ့ …
မိုးထဲရေထဲ
ခြေဗလာနဲ့ မေတ္တာဝေကြတဲ့ပွဲမှာ
လူငယ်တွေ ပြည်သူတွေ
ရွှေဝါရောင်စီးကြောင်းဘေးကခြံရံ
ဧရာဝတီအသစ်တစ်ခု လမ်းပေါ်ကိုလျှံထွက်ကျ
မေမေရေ …
အဲဒီ့နေ့ကတော့
ကျွန်တော်ကိုယ်တိုင် ဧရာဝတီဖြစ်ခဲ့ရပေါ့ …။

-နောက်တစ်နေ့ …
ရိုးရိုးလေးပါပဲ … အမေ
နေရဲ့အပူကို အံတု
ညောင်းညာကိုက်ခဲမှုတွေကို မမှုတဲ့
သံဃာအာဇာနည်တို့အတွက်
အုတ်တစ်ချပ် သဲတစ်ပွင့်
ကျွန်တော် … အသေအချာကိုဖြစ်ခဲ့တယ် … အမေ။
ဗုဒ္ဓဘာသာထွန်းကားတဲ့ နိုင်ငံက
ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်တဲ့ အမေ
ကျွန်တော်ရဲ့လုပ်ရပ်တွေအတွက်
သာဓုခေါ် ကျေနပ်နေမှာ သေချာပါတယ် …။

-ကျွန်တော့်စိတ်နဲ့ မတန်တဲ့ အချို့သောသူတွေရဲ့အကြောင်း
အမေ့ကို စာလုံးပေါင်းပြမနေတော့ပါဘူး …
အရူးတကာ့အရူးထဲမှာမှ
အဆိုးဆုံးဆိုတဲ့အာဏာရူး …
ပြီးတော့
သူ့နှုတ်မှာက အမိန့်ပေးခွင့်
သူ့လက်အောက်မှာက ငရဲနဲ့တောင်မတန်တဲ့မိစ္ဆာတွေ
သူတို့လက်ထဲမှာက လူသတ်လက်နက် …
မေမေရေ …
ဒီနိုင်ငံရဲ့အနာဂတ်
သူတို့ လက်ထဲကို ဘယ်လိုစိတ်နဲ့ ကျွန်တော်တို့အပ်ရမလဲ …။

-မေမေရေ …
ရိုက်နှက်ခံဒဏ်ရာ ဗလပွနဲ့
ပျံလွန်တော်မူခဲ့ကြရှာတဲ့
သံဃာတော်အချို့ရဲ့ ၀ိညာဉ်တွေ
ကျွန်တော့်ကို စကားလာပြောနေတယ် … `အရှေ့အရပ်၌ရှိသော
အနန္တစကြ၀ဌာ အနန္တ သတ္တ၀ါတို့
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ
ဒေါသခပ်သိမ်း ငြိမ်းကြပါစေ
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ …´
ငါတို့ … မေတ္တာတရားဆိုတဲ့ အလင်းနဲ့
ငြိမ်းချမ်းခြင်းကို ထွန်းညှိခဲ့ကြတယ် … တဲ့ …။
ဟုတ်တယ် … အမေ
အားလုံးဟာ
တကယ်ကို ငြိမ်းငြိမ်းချမ်းချမ်းပါပဲ …
ဒိုင်းတွေကို နံပါတ်တုတ်နဲ့ တဒုံးဒုံးတီးပြီး
ညာသံပေးချီတက်လာသံတွေ
မျက်ရည်ယိုဗုံးခွဲသံတွေ
သေနတ်ပစ်သံတွေ
အော်ဟစ်ဆဲဆိုသံတွေ
နောက် …
ကြိမ်းမောင်းရိုက်နှက်သံတွေ
အဲဒီအသံတွေ ရောက်မလာခင်အချိန်အထိ
တစ်နိုင်ငံလုံးဟာ သံဃာတော်တွေရဲ့ မေတ္တာတရားတွေနဲ့
ငြိမ်းချမ်းခြင်းအတိပြီးနေခဲ့ပါတယ် … အမေ။

-မေမေရေ …
မိစ္ဆာတို့ရဲ့ကျည်ဆံတစ်တောင့်ကို
နှလုံးသားထဲ ထိုးဖောက်ဝင်ရောက်ခွင့်ပြုလိုက်ရတဲ့
ကျောင်းသားတစ်ယောက်ရဲ့ဝိညာဉ်က
ကျွန်တော့်ကို စကားတွေလာပြောတယ် …
`သံဃာတော်တွေကို ကျွန်တော်ရှိခိုးတယ်
သံဃာတော်တွေလိုအပ်သမျှကို ကျွန်တော်လှူဒါန်းတယ်
သံဃာတော်တွေနဲ့ အတူ သတ္တ၀ါအားလုံးကို ကျွန်တော်မေတ္တာပို့တယ် …
ကျွန်တော် ဘာအမှားမှမလုပ်ခဲ့ပါဘူး …
ကျွန်တော် အဖြူစင်ဆုံးစိတ်တစ်ခုနဲ့
အလုပ်သင့်ဆုံးအလုပ်တွေကိုပဲလုပ်ခဲ့တာပါ …´ တဲ့ …။
ဟုတ်တယ် … အမေ
ကျောင်းသားတွေ လူငယ်တွေ ပြည်သူတွေ
သံဃာတော်တွေဖောက်တဲ့လမ်းနောက်ကို ပျော်လို့လျှောက်လိုက်နေတာမဟုတ်ပါဘူး
အမျိုး ဘာသာ သာသနာကို နားလည်လို့
အမှန်နဲ့ အမှားဆိုတာကို ခွဲခြားတတ်လို့
အမှန်တရားဘက်ကရပ်တည်ရမယ်ဆိုတဲ့ အသိရှိခဲ့လို့
နောက်ပြီး …
တတ်နိုင်တဲ့အားလေးတစ်ခုနဲ့
နိစ္စဓူဝ ဘ၀တွေထဲက
ဖြစ်ဖြစ်နေတဲ့
မဖြစ်သင့်တာတွေကိုလျှော့ပစ်နိုင်ဖို့
သိပ်မသေချာတဲ့ မျှော်လင့်ချက်လေး မစို့မပို့နဲ့
လမ်းပေါ်ကိုထွက်ခဲ့ကြတာပါ …
အမှားအယွင်းဆိုတာနဲ့ဝေးတဲ့ အဖြူရောင်လူငယ်လေးတွေရဲ့ ရင်ဘတ်ကို
အနီရောင်သွေးတွေလွှမ်းအောင် ပစ်ခတ်
သူတို့တွေ လုပ်ရက်ခဲ့ကြတယ် … အမေ။

-မေမေရေ …
အဲဒီတော်လှန်ရေးမှာ …
ဘုရားရင်ပြင်တော်တွေကအစ
စစ်မြေပြင်ဖြစ်ခဲ့ရတယ် …
သံဃာတော်တွေရဲ့သွေးကစလို့
ကျောင်းသားလူငယ်တွေရဲ့ သွေးအဆုံး
မိစ္ဆာတွေ မြိန်ရည်ယှက်ရည်သောက်သုံးခဲ့ကြတယ်
မေမေရေ …
အပြောင်းအလဲတစ်ခုအတွက်
အသက်ဝိညာဉ်တွေစတေးဖို့လိုအပ်တယ်တဲ့
ငြိမ်းချမ်းခြင်းအတွက်
တရားမျှတမှုအတွက်
အမှန်တရားအတွက်
ဒီထက်ပိုပြီး …
ဘယ်လောက်အထိတောင်
ထပ်ပေးဆပ်ရဦးမှာလဲဆိုတဲ့အမေး
ဖြေနိုင်သူတွေကို မေးကြည့်ပေးပါဦး မေမေ …။

မိုးပေါ်ထောင်ဖောက်ဖို့မဟုတ်တဲ့ သေနတ်တွေ
အလှပြထားတာမဟုတ်တဲ့ ၀ါးရင်းတုတ်တွေ
အဲဒါတွေထားလိုက်ပါ … မေမေ …
သေချာတာတစ်ခုကတော့
ဘယ်လောက်သတ်သတ် …
ဘယ်လောက်သေသေ …
လမ်းပေါ်က ဧရာဝတီဟာ …
ကျွန်တော်တို့ရဲ့ ရင်ဘတ်ထဲမှာ
ထာဝရစီးဆင်းနေဦးမယ်ဆိုတာပါ …။ ။

ဘုန်းမင်းဇွန်
၂၈.၀၉.၂၀၀၇ (သောကြာနေ့)

Read More...

Sep 26, 2007

ဗန်းမော်တင်အောင်


“မကောင်းတဲ့ ခေတ်စနစ်တစ်ခု ဆိုတာ အနှစ်၂ဝ လောက်ဆိုရင် ပျက်စီးသွားလေ့ ရှိတယ်”

(ဗန်းမော်တင်အောင်)


Read More...

Sep 21, 2007

မျိုးဆက်များ၏ ပေါင်းစပ်ခြင်း


အနာဂတ်မျိုးဆက် မြန်မာလူငယ်များ (Myanmar Future Generations [MFG]) လို့ အမည်ပေးထားပြီး ခေတ်လူငယ်တွေရဲ့ ရင်ဖွင့်သံ တေးဂီတတွေကို အစဉ်တစိုက် စုစည်း ဖန်တီးခဲ့တဲ့ မြန်မာလူငယ်တစ်စုဟာ “မျိုးဆက်များ၏ ပေါင်းစပ်ခြင်း” လို့ အမည်ရတဲ့ သီချင်းအသစ် တစ်ပုဒ်ကို စက်တင်ဘာ ၂၀ရက်နေ့မှာ ထပ်မံ ထုတ်ဝေလိုက်ပြန်ပါပြီ။

~~ငါတို့ လူငယ်လေးတွေပါ ~~ အတောက်ပဆုံးဖြစ်သင့်ချိန်မှာ မွန်းကျပ်လို့ နေရတယ်~~
~~ငါတို့ ၀န်းကျင်ဘ၀ထဲမှာ ~~ အတက်ကြွဆုံး ရှိသင့်ချိန်တွေမှာ လမ်းပိတ်လို့ နေရတယ်~~
~~ငါတို့ တိုင်းပြည်ရဲ့ ကံကြမ္မာ ~~ အငြိမ်းချမ်းဆုံး လွတ်လပ်မှုတွေကို ငတ်မွတ်လို့ နေရတယ်~~
~~ငါတို့ အားလုံးရဲ့ လက်ထဲမှာ ~~ အရှိသင့်ဆုံး ရပိုင်ခွင့်တွေကိုသာ ဆုံးရှုံးလို့ နေရတယ်~~

သီချင်းရယူရန် (6.42MB)
သီချင်းစာသား ရယူရန်

ပြည်တွင်းမှာရှိနေနေ ပြည်ပမှာရှိနေနေ တိုင်းပြည်ကို တကယ်ချစ်တဲ့ မြန်မာလူငယ်တွေကတော့ သူတို့ရဲ့ နိုင်ငံချစ်စိတ်ကို အပြောချည်းသက်သက်မဟုတ်ဘဲ ကျရာကဏ္ဍကနေ အလုပ်နဲ့ သက်သေပြနေကြတာကို ဂုဏ်ယူပါတယ်...။

Read More...

သံဃာအာဇာနည်



သံဃာအာဇာနည် - သပိတ်မှောက် ကံဆောင် သံဃာတော်များသို့ ဂုဏ်ပြုသီချင်း
ပြည်တွင်းက အနုပညာရှင်များကိုယ်စား မိုးမခက တင်ဆက်သည်။

အထက်ပါသီချင်းကို mp3 ဖိုင်သို့ ပြောင်းပေးထားပါတယ်။ တတ်အားသမျှ မျှဝေကြခြင်းဖြင့် ကူညီပါ။
ဒီမှာ ရယူပါ (4.5MB)

Read More...

ရာဇ၀င်များရဲ့သတို့သမီး


ကွယ်လွန်သူ ထူးအိမ်သင်(ခ)ကိုငှက် ရေးသားသီဆိုခဲ့တဲ့ ရာဇ၀င်များရဲ့ သတို့သမီး သီချင်းက ကျွန်တော်တို့ကို စကားတွေ အများကြီး ပြောပြနေတယ်ဗျာ... မြန်မာနိုင်ငံအတွက် သမိုင်းဝင်နေ့စွဲတွေမှာ ဧရာဝတီနဲ့အတူ ကျွန်တော်တို့တွေ လက်ချင်းချိတ်ပြီး ဖြတ်သန်းစီးဆင်းနေတယ်...


Source : Irrawaddy News


သီချင်းကို ဒီမှာရယူပါ (4.54MB)

ကွယ်လွန်ပြီးသော အိပ်မက်များ
ထာဝစဉ်လဲလျောင်းအိပ်စက်ရာ
ဣနြေ္ဒကြီးမားလွန်းတဲ့ ဒီမြေမှာ တို့ရဲ့သွေးတွေ
ဖြတ်သန်းရင်းနဲ့ စီးဆင်း
သူဟာ ရာဇ၀င်များရဲ့
လျှို့ဝှက်ချက်တို့ သိမ်းဆည်းထား.. ဧရာဝတီ..

ရွှေအတိပြီးသော မြို့ပြများ
အစဉ်အလာကြီးမားခဲ့ကြရာ
ရာဇ၀င်ဟောင်းရဲ့ အမှတ်တရ
ဒီမြေဟာ တို့ရဲ့အမိမြေ
ယဉ်ကျေးမှုရဲ့ နှလုံးသား
ရှင်သန်စေသူ တန်ခိုးရှင်
အခမ်းနားဆုံးသော သက်ရှိကဗျာ.. ဧရာဝတီ..

ရာဇ၀င်များရဲ့ သတို့သမီး ငါတို့ရဲ့မိခင် (ဧရာဝတီ)
ရာဇ၀င်များရဲ့ သတို့သမီး ငါတို့ရဲ့ဝိညာဉ် (ဧရာဝတီ)
ရာဇ၀င်များရဲ့ သတို့သမီး.. ဧရာဝတီ

ပိုင်ဆိုင်မှုအတွက် စစ်မက်များ
ရင်ဆိုင်တိုက်ခိုက်ခဲ့ကြရာ
ဂန္ထ၀င်မြောက်တဲ့ အချစ်နဲ့
ကာကွယ်သူ တို့ရဲ့ ဓားတွေ
သူရဲကောင်းတို့ မွေးဖွား
ဒါဟာာ ငါတို့ သမိုင်းရဲ့
တောက်ပခဲ့တဲ့ နေ့ရက်များ.. ဧရာဝတီ ...

solo:

ရာဇ၀င်ဟောင်းရဲ သင်္ချိုင်းရာ
ရာဇ၀င်သစ်တို့ မွေးမွားရာ
ရွှေရောင် နေ့သစ်များအတွက်
ရင်ခုန်သူ တို့ရဲ့ သီချင်းတွေ
ပျိုမျစ် စိမ်းလမ်းရေးအတွက်
ယုံကြည်သူတွေ အသက်နဲ့
ထုဆစ်ခဲ့တဲ့ အိပ်မက်များ .. ဧရာဝတီ..

ရာဇ၀င်များရဲ့ သတို့သမီး ငါတို့ရဲ့မိခင် (ဧရာဝတီ)
ရာဇ၀င်များရဲ့ သတို့သမီး ငါတို့ရဲ့ဝိညာဉ် (ဧရာဝတီ)
ရာဇ၀င်များရဲ့ သတို့သမီး.. ဧရာဝတီ ...

ဧရာဝတီ .. ရာဇ၀င်များရဲ့ သတို့သမီး..
ဧရာဝတီ .. ရာဇ၀င်များရဲ့ သတို့သမီး..
ဧရာဝတီ .. ရာဇ၀င်များရဲ့ သတို့သမီး..
ဧရာဝတီ .. ရာဇ၀င်များရဲ့ သတို့သမီး..

Read More...

Sep 19, 2007

ထွက်ပေါက်(၇)


ငယ်စဉ်က အမေ တိုင်ပေးခဲ့တဲ့ “ဘုရား.. တရား.. သံဃာ.. ရတနာသုံးပါး.. ဦးထိပ်ထား၍ ရှိခိုးပူဇော် ဖူးမျှော်မာန်လျော့ ကန်တော့ပါ၏” ဆိုတဲ့ သြကာသ ဘုရားရှိခိုးကို ပြန်ကြားယောင်မိသည်။ “သံဃံ သရဏံ ဂစ္ဆာမိ” ရမည့် အစား “အာဏာရှင် သရဏံ ဂစ္ဆာမိ” လုပ်ပြီး မာန်မလျော့ဘဲ အဂါဝရပြုရဲ ပြုရက်ကြတာကိုတွေကို ကြားရမြင်ရတော့ အံ့အားသင့်မိသည်ထက် စက်ဆုပ်ရွံရှာမိသည်။ သူ ၈နှစ်သားအရွယ်ကတည်းက အနိုင်ကျင့် ဗိုလ်ကျအုပ်ချုပ်ခဲ့သော လူရမ်းကားများ၏ အာဏာရှင်စနစ်သည် သူ့အသက် ၂၇နှစ် ပြည့်ခါနီးအချိန် အထိ သက်ဆိုးရှည် နေခဲ့သည်။ အချိန်တွေ ကုန်တာ မြန်လွန်းလား။ ငရဲကောင်တွေနဲ့ ၁၉နှစ်တာကတော့ ကြာလွန်းပါသည်။ ဓမ္မနှင့် အဓမ္မ၏ အားပြိုင်ပွဲကနေ သံသရာ မကြောက်သူတွေရဲ့ အစွယ်တွေကို တဖွေးဖွေး တွေ့ရသည်။ နေရာတကာ အာဏာအထိမခံ ကိုက်မည်တကဲကဲနှင့် မာန်ဖီနေသူများ၏ လည်ပင်းတွင် စာတန်းလေး တစ်ခု သွားချိတ်ဆွဲ ပေးကြပါ။ “သတိ ခွေး.. ရူး.. ကိုက်တတ်သည်”။

ရပ်ကွက်ထဲ ဟောင်ဖွာဟောင်ဖွာလုပ်ပြီး ရန်စောင်တတ်သော ခွေးရူးတစ်ကောင် စင်္ကာပူတွင် ဒီနေ့ သေသည်ဟု သတင်းထွက်နေသည်။ ဟိုကိုက်ဒီကိုက် လုပ်နေမည်စိုး၍ ယမမင်းက စောစောစီးစီး ဗီဇာထုတ်ပေးလိုက်ပုံ ရသည်။ ရပ်ကွက်ထဲရှိ အချို့ ခွေးရူးများ ကတော့ ဟောင်ရုံနှင့် အားမရ။ အာဏာကို မလွတ်တမ်းခဲထားသည်။ ထို သားရေပေါ်အိပ် သားရေနားစားများအား ယမမင်းက သူ့ကိုပါ ကိုက်မည်စိုးသဖြင့် ဘလက်လစ်ထဲထည့်ပြီး ဗီဇာထုတ်မပေးသေးကြောင်း၊ ခေါ်ရကောင်းနိုးနိုး မခေါ်ရကောင်းနိုးနိုးဖြင့် ဆုပ်လည်းစူး စားလည်းရူးဖြစ်နေသော ယမမင်းသည် အကြံအိုက်နေကြောင်း ဒီငရဲစထရိတ်တိုင်းမ် သတင်းစာ၏ ခေါင်းကြီးပိုင်းတွင် ဖော်ပြထားသည်။ ဒီငရဲစထရိတ်တိုင်းမ်သတင်းစာတွင် ညာဖြီး အာရွှီးဆောင်းပါးများ ရေးသားရန် အတွက် မြန်မာ့အတင်းနှင့် ဝေးမှုန် သတင်းစာများတွင် ပုံမှန်ရေးသားနေသော အမည်မဖော်ရဲသည့် ဆောင်းပါးရှင် လောက်ဖား များအား ခန့်ထားရန် လျာထားလျက်ရှိသည်။ လောက်ဖားများသည် မြောင်းမြမြို့စား လောက်ဖျား၏ အဆက်အနွယ်မဟုတ်ပါ။ အသားထဲက လောက်ထွက်သည့် ကပ်ဖားရပ်ဖား အာဏာရှင်လက်ပါးစေများသာ ဖြစ်သည်။

သံဃာများ စီတန်းလမ်းလျှောက်လာသည်။ သံဃာများက သပိတ်ကို မှောက်ပြီးကိုင်လာသည်။ လူအများက ကြောက်ပြီး ငေးကြည့်နေသည်။ ပြည်သူတွေပါမှာ ကြောက်နေသော သံဃာအတုများကို ရောထည့်လိုက်သည်။ ထို့နောက် “ပြည်သူတွေ မပါနဲ့ သံဃာ့ကိစ္စ သံဃာရှင်းမယ်…” ဟု နားစွန်နားဖျား ကြားလိုက်သည်။ ဒါ ဇာတ်ပွဲ မဟုတ်ပါ။ ရပ်မကြည့်နေပါနှင့်။ “အခွင့်သာဆဲမှ မခဲချင်လျှင် အလွဲနင့်ပြင် ရှိဦးမလား၊ အခွင့်သာခိုက်မှ မလိုက်ချင်လျှင် အမိုက်နင့်ပြင် ရှိဦးမလား။ အခွင့်သာတုန်းမှ မရုန်းချင်လျှင် အရှုံးနင့်ပြင် ရှိဦးမလား”ဟူသော ဆုံးမကဗျာတစ်ပုဒ်ကို ကြောက်စိတ်ပျောက်သည်အထိ မမောမချင်း ဌာန်ကရိုဏ်းကျကျ ရွတ်ပါ။ ပါဝင်ပါ။ ပူးပေါင်းပါ။ ပြည်သူ့ ဆန္ဒ ခံယူပွဲ အစစ်အမှန်များ လုပ်ပါ။ “ရပ်ကြည့်လို့ အမြတ်မရှိဘူး” ဆိုတဲ့ စကားက တစုံတရာကို စောင်းပါးရိပ်ခြည် ပြောပြနေသည်။ ထိုစဉ် ကားတစ်စင်း ဖြတ်သွားသည်။ မောင်းသွားသူကို ကြည့်လိုက်တော့ မြေခွေးတစ်ကောင်။ ကားပေါ်တွင် မြေခွေးများ ငြိမ်ဝပ်စွာ ပါသွားသည်။ တသွေး တသံ တမိန့် ဟူသည့် နဖူးစည်းများ ပတ်ထားသည်။ ရေကြည့်လိုက်တော့ စုစုပေါင်း “၄၄” ကောင်။ ခြံဝန်းတစ်ခုရှေ့တွင် ဓူဝံကြယ်ကို မြေခွေးတချို့ စောင့်နေသည်။ အိမ်နံပါတ်ကို ဖျတ်ကနဲ ကြည့်လိုက်တော့ “၅၄”။ လေးဖြူ၏ ပါဝါ ၅၄ သီချင်းစာအုပ်များကို ထွက်ထွက်ပြီးချင်း လိုက်သိမ်းတာ သတိရသည်။ သေချာတာက အဖိနှိပ်ခံရော ဖိနှိပ်သူများပါ နှစ်ဘက်လုံး ကြောက်နေကြသည်။ နောက်ဆုံး တိုက်ပွဲအတွက် ဘာကိုမှ မရင်းမနှီးဘဲ အလကားရဖို့ လက်ခုပ်လက်ဝါးတီးရင်း မျှော်တလင့်လင့် နေကြပြန်ရင်တော့ ရွှေပြည်တော် မျှော်တိုင်းဝေး သီချင်းကို အဖန်တလဲလဲ နားငြီးအောင် ကြားရဦးမည်။ “ဒို့ခေတ်ကို ရောက်မှ ညံ့ကြတော့မှာလား” ဟူသော မေးခွန်းကို မေးလိုက်တော့ ဘာဖြေရမှန်းမသိ အကြောင်သားငေးကြည့် နေကြသည်။ ဘယ်သူဆိုဆို မဆိုဆို သူကတော့ သူ့ဆန္ဒနှင့်သူ မတ်တပ်ရပ်ပြီး “ဒို့ဗမာ” သီချင်းကို ထဆိုလိုက်သည်။ “…ဒါဒို့ပြေ.. ဒါဒို့မြေ.. ဒါ ငါတို့ပြည်.. ဒို့ဗမာ”။ နောက်တစ်နေ့ နံနက်ခင်း မြန်မာ့အတင်း သတင်းစာတွင် ကဗျာဆရာသည် အမေကျော် ဒွေးတော်လွမ်းသည့် အနောက်တိုင်း လက်ဝေခံ မြန်မာ့နိုင်ငံရေး အမြတ်ထုတ်လိုသူ ပြည်ပြေးတစ်စု၏ သွေးထိုးလှုံ့ဆော်မှုကို နားယောင်ကာ အကြမ်းဖက်သမားတို့၏ လုပ်ရိုးလုပ်စဉ်အတိုင်း “ဒို့ဗမာ” သီချင်းကို အကျယ်ကြီး သီဆိုခဲ့သည်ဟူသည့် ဆောင်းပါး ပါလာတော့သည်။

Read More...

Sep 18, 2007

အနန္တဂိုဏ်းဝင် ကျေးဇူးရှင်သို့

ဆရာသခင်သို့
ကျွန်တော် ပန်ကြားပါရစေခင်ဗျား...

ခေါင်းလောင်းသံလွင့် ကျောင်းတွေဖွင့်ရင်
ပန်းသစ်ပွင့်ဖူး နေခြည်ဦးမှာ
ကျွန်တော် ပျော်ချင်သည်ပေါ့ ဆရာ...

“ကျောင်းမှန်မှန်တက် စာမခက်” တဲ့
မပျက်နှစ်စဉ် ပန်းတိုင်ဝင်ရန်
ကျွန်တော်..
အတန်းတက်ချင်ပြီပေါ့ ဆရာ...

ဒါပေမယ့် ဆရာရယ်
မဝေးသေးတဲ့ သမိုင်းသစ်
ရှစ်လေးလုံး ၀ိညာဉ်အစစ်က
ကျွန်တော့်ရင်ထဲ မီးလောင်နေဆဲပါ ဆရာ...

မားမားစွင့်စွင့် ဒေါင်းအလံဝင့်ရင်း
ဒီမိုကရေစီပေးပါ ငြိမ်းချမ်းရေးပေးပါ
တောင်းတာက တခြား ရတာက ကျည်ဆံမိုး
ဇီဝန်ကြွေ အဖြစ်ဆိုးတွေ
သွေးပင်လယ်ဝေခဲ့ရတယ် ဆရာ...

ယနေ့တိုင်လည်း ဆူပူတာ ဗကသ လို့
သေနတ်နဲ့ စွဲချက်တင်
မထင်ရင် တစ်ကျွန်း
မွန်းလွဲည ဖမ်းခေါ်
ဒီမိုကရေစီ ရဲဘော်တွေ
စစ်ခုံရုံးမှာ အကျဉ်းထောင်မှာ
ငရဲခံနေရရှာတယ်...

စာနာပေးပါဆရာရယ်..
အပြစ်ကင်းတဲ့ ကျောင်းတော်မြေ
ကျွန်တော်ချစ်တဲ့ ကံ့ကော်မြေမှာ
လူသတ်ကောင်တွေရဲ့ အာဏာစက်က
အသက်တာရှည်နေခဲ့ပြီ
ပညတ်ချက်တွေနဲ့ အတန်းထဲဝင်
ကျွန်တော်တို့ စာဆက်သင်သင့်ပါသလား ဆရာ...

အသေကျပ် အနေကျပ် ဘောင်ခတ်ထားတဲ့ ပညာရေး
ခေတ်အတွက်လည်း ဘာမှမပါဘူး
ကွန့်မြူးလာမယ့် အတွေးအခေါ်သစ်တွေဟာ
အာဏာရှင်စနစ်ရဲ့ အပြစ်အညစ်တွေကြားမှာ
မှုန်ဝါးနေတာကို လက်ပိုက်ကြည့်နေရမလား ဆရာ...

ခွင့်လွှတ်ပါဆရာရယ်..
ကျောင်းအလာ ပေတရာလမ်းပေါ်က
ယမ်းညှော်နံ့ သွေးညှီနံ့တွေက
ယနေ့ထိ ရဲနေဆဲမို့
တိုက်ပွဲက မပြီးသေးဘူး
အာဏာရူးတွေနဲ့ တိုက်ပွဲဆင်နွှဲရဦးမယ်...

ကျောင်းအပြန်မှာ ဒေါင်းအလံမတင်ရရင်တော့ဖြင့်
နေပါစေ ဆရာရယ်
“ ဆယ်ကမ္ဘာမကြေဘူး...! ”
ထူးတဲ့သမိုင်းတစ်ရပ်
သွေးနဲ့ ဆက်ရေးလိုက်မယ်
အမှန်တရား ပုရပိုဒ်ပေါ်
“တပြည့်မိုက်များ” ရယ်လို့
ကင်ပွန်းတပ်ထိုက်ပါသလား .. ဆရာခင်ဗျား... ။ ။

ညီတော်

မှတ်ချက်။ ။ ဗမာနိုင်ငံ ကျောင်းသားသမဂ္ဂ (ဗကသ)မှ ထုတ်ဝေသော အိုးဝေဂျာနယ်တွင် ဖော်ပြခဲ့သည့် ညီတော်၏ ကဗျာအား ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်။

Read More...

Sep 16, 2007

ထွက်ပေါက်(၆)


ကြားချင်မှန်းမသိ မကြားချင်မှန်းမသိ လာလာအော်နေတာ ခက်သည်။ အမှန်တရား.. အမှန်တရားဟု ပါးစပ်ကမချ တဖွဖွ ရေရွတ်ရင်း သက်စေ့ပုတီးစိတ်သူတွေ များလာသည်။ အပုပ်အသိုးများကို လှလှပပထုပ်ပိုးပြီး အမှန်တရားတံဆိပ်ကပ်ထားသော ဈေးကွက်ဝင်ကြော်ငြာများ ဘလော့ဂ် စာမျက်နှာတွေမှာပါ တွေ့လာသည်။ အမှန်တရား လက်လီလက်ကား ရောင်းရန်ရှိသည်။ “ပ” စောက် ဟု အပေါ်စီးက ကြည့်သူက ပြောသည်။ အောက်က လူက “ဂ” ငယ် ဟု ငြင်းသည်။ အရှေ့ကသွားသူက ဒါ “င” မဟုတ်လားဟု စောဒကတက်သည်။ နောက်က လူက .. သေချာတယ် ဒါ “၁” ပဲ ဟု အော်လိုက်သည်။ သူတို့ အားလုံးကို ခင်ဗျားတို့ ဒီမှာကြည့်ဆိုပြီး “၀” ဆွဲပြလိုက်သည်။ တစ်ယောက်က “သုည” ဟု ပြောသည်။ နောက်တစ်ယောက်က မဟုတ်ဘူး.. အဲဒါ “၀လုံး” တဲ့။ ကျန်တစ်ယောက်က ဒါ “စက်ဝိုင်း” ဖြစ်ရမယ် ဟု ပြောပြန်သည်။ နောက်ဆုံး တစ်ယောက်က ဘာမှ မပြောတော့ ပါးစပ်အ၀ိုင်းသားနဲ့ တွေးနေသည်။ အမှန်ခပ်ပြင်းပြင်း တစ်ပက်ကို အမှားခပ်များများရောပြီး ခပ်သွက်သွက်မော့သောက်လိုက်သည်။ ပုလင်းကို ကြည့်လိုက်တော့ အမှန်ပါဝင်မှုရာခိုင်နှုန်း ၄၀။ အမှန်ပါဝင်မှု အနည်းအများ ပေါ်လိုက်ပြီး ကိုယ့်အတိုင်းအတာနှင့်ကိုယ် ရေချိန်မလွန်အာင် သောက်ဖို့ လိုမည်။ တကယ်တော့ အမှန်အမှားသည် အချိန်ကာလ၊ အယူအဆ၊ အတွေးအခေါ်ပေါ်လိုက်ပြီး ကွဲပြားတတ်သည် ဆိုသည့်အကြောင်း ပြောမပြဖြစ်တော့။ အမှားဟု ပြောပြီး သူတို့ လွှင့်ပစ်ထားတာတွေထဲကို မွှေနှောက်ရှာဖွေလိုက်တော့ အမှားတွေ ကြားမှာ အမှန်တွေ ဟိုတပိုင်း ဒီတစ။ သူတို့အားလုံးကို သူတို့၏ အမှန်တရားများနှင့်အတူ ထားရစ်ခဲ့သည်။

လမ်းတွင် ကျားတစ်ကောင်နှင့် တွေ့တော့ သူ သတ်သတ်လွတ်စားနေသည်ဟု ပြောသွားသည်။ သာဓု မခေါ်ဖြစ်။ ကျားသည် ကျားအလုပ် မလုပ်ဘဲ သူတော်ကောင်းယောင်ဆောင်နေခြင်းသည် ပိုပြီး အန္တရာယ်ကြီးသည်။ လောကတွင် အဆောင်အယောင်တွေများသည်။ အယောင်ဆောင်တွေ များသည်။ ကျားအတုက သတ်သတ်လွတ်စားသည်။ လွတ်လပ်ရေးအတုက သံတိုင်တွေကို ရိုက်ချိုးပြသည်။ ပြည်သူအတုက အင်္ကျီအဖြူ ပုဆိုးအစိမ်းဝတ်ပြီး လက်သီးလက်မောင်းတန်းကာ ထောက်ခံကြသည်။ သံဃာအတုက ခေါင်းကို ပြောင်နေအောင် ရိတ်ထားသည်။ ဒီမိုကရေစီအတုက အော်တိုကရေစီကို ဒီမိုကရေစီ အရေခွံ လဲပစ်လိုက်သည်။ ပိုက်ဆံအတုတွေက စက္ကူစုတ်တွေလို ခြင်္သေ့ခေါင်းစွပ်ပြီး တဝေါဝေါ ထွက်ကျလာသည်။ ကျစ်လျစ်မှု မရှိသောကြောင့် ဖောင်းပွသည့်အရာကို ကျပ်ငွေ ဟု အမည်တပ်လိုက်သည်။ ငွေတန်ဖိုးကျခြင်းသည် ရွှေ တန်ဖိုးတက်ခြင်းကြောင့် မဟုတ်။ “ရွှေ” ၏ အသုံးမကျသော လုပ်ပုံကိုင်ပုံများကြောင့်သာ ဖြစ်သည်။ “ရွှေဘ” က ငါ့ကြောင့် ဖြစ်တာ မဟုတ်ဘူးနော် ဟု ထပြောသည်။ ဟုတ်တယ်။ “နေ” ဖျက်လိုက် “ရွှေ” ဖျက်လိုက် လုပ်နေသောကြောင့် အားလုံးက နေပူရွှေပူဒဏ်ကြောင့် ရေ “ငတ်” နေကြပြီ။

နတ်ရေကန်ထဲ ဆင်းလိုက်တာနှင့် ပျိုမြစ်နုနယ် လှပသွားသည် တဲ့။ မီးလျှံထဲခုန်ဝင်လိုက်တာနှင့် ဖီးနစ်ငှက်က ရှင်ပြန်ထမြောက်လာသည်တဲ့။ ဘုံခုနှစ်ဆင့်မှာ လွင့်တဲ့ တိမ်တိုက်ဟု တာရာမင်းဝေက ၀တ္ထုတစ်ပုဒ်ရေးခဲ့ဖူးသည်။ အဆင့်ခုနှစ်ဆင့်နှင့် ဖျားယောင်းပြီး ချွေးသိပ်ထားတဲ့ တိမ်တိုက်တွေကိုတော့ Propaganda မြေပုံ တိမ်တိုက်ဟု အမည်တပ်လိုက်သည်။ ကိုယ်နဲ့ မတူ ကိုယ့်ရန်သူဟု တရားသေ ယူဆထားတာတော့ အတော့်ကို ဆိုးသည်။ ကွန်ဆာဗေးတစ်အတွေးအခေါ်တွေ ခေတ်ကောင်းချိန်မှာ လစ်ဘရယ် ခေတ်ပြောင်း တော်လှန်ရေး လုပ်ရဦးမည်။ အီဗော်လူးရှင်းနှင့် မရလျှင် ရီဗော်လူးရှင်း လုပ်ရမည်။ ဗိုလ်ချုပ်အောင်ဆန်းက အသာတကြည် တောင်းဆိုလို့ မရရင်တော့ ကျုပ်က အတင်းလုပ်ရမှာပဲဟု ဆိုသည်။ ကဲ .. ထွက်ပေါက်မပေးရင်တော့ အတင်းလုပ်ဖို့ လိုလိမ့်မည်။ ခဏတာ ရင်းဖို့ကြောက်နေရင် တစ်ဘ၀စာမက မျိုးဆက်တစ်ခုလုံး သုံးစားမရအောင် ဖြစ်သွားမှာကတော့ သေချာသည်။

Read More...

Sep 14, 2007

ထွက်ပေါက်(၅)

ဒိုင်လူကြီး၏ ပွဲပြီးကြောင်းအချက်ပြသည့် ၀ီစီမှုတ်သံက မြွေတစ်ကောင်လို ရွှီကနဲ ထွက်လာသည်။ မိနစ်ကိုးဆယ်မှ မပြည့်သေးဘဲ။ ကဲပါလေ။ ဆက်ကန်လည်း ရှုံးဦးမှာပဲ မဟုတ်လား။ ကံကြမ္မာသည် အစကတည်းက လူမမျှသည့်ပွဲကို ကန်ခိုင်းထားခြင်းဖြစ်သည်။ ဒိုင်ကလည်း ညစ်သည်။ တစ်ဖက်အသင်းက ကောင်တွေက လူချသည်။ ဒိုင်မမြင်အောင် ရိုက်သည်။ ဆိုးဆိုးရွားရွား လူအချခံလိုက်ရသည့် ဘောလုံးသမားတစ်ယောက်က ဆက်မကန်ချင်တော့ဘူးဟု ပြောကာ ဘေးထွက်ထိုင်နေသည်။ ပွဲကြည့်ပရိသတ်ကတော့ စိတ်ထဲက အော်ဟစ်ပေါက်ကွဲနေသည်။ အသံက မထွက်။ တစ်ဖက်အသင်းမှ အားပေးသူ လူမိုက်တချို့ကတော့ “ကဲ ငါမပြောဘူးလား.. ငကြောက်တွေပါကွာ” ဟု ပြောပြီး မဏ္ဍပ်တိုင် တက်ပြသည်။ သို့သော် လူပီသသည့် အကျင့်စရိုက်မရှိသောကြောင့် ခွေးကျဝက်ကျ ပြုတ်ကျသည်။ ကြည့်ရတာ အော့နှလုံးနာသည်။ တော်ပြီ.. ဒီပွဲကို ဆက်မကြည့်ချင်တော့။ ရေခဲသေတ္တာထဲမှာ မစားရသေးသည့် ပန်းသီး ၂လုံးကျန်သေးသည်။ ကြော်ငြာထဲကလို တစ်လုံးက မီးထွန်းဖို့ .. တစ်လုံးက ကတ်ဆက်ဖွင့်ဖို့ မဟုတ်ပါ။ နယူတန်ရှာမတွေ့ခဲ့သည့် နိယာမကို သူရှာတွေ့ခဲ့သည်။ ပန်းသီးစားချင်လျှင် ကိုယ့်ဘာသာခွဲစားမှ ရသည်ဟူသည့် နိယာမ ဖြစ်သည်။ သူများက ပါးစပ်ထဲ လာခွံ့ပေးသည့်အချိန်ကို နှစ်ပေါင်း ၄၀ကျော် ထိုင်စောင့်နေတာနဲ့ပဲ ပန်းသီးများ ပုပ်ကုန်သည်။ မနေ့ညကတော့ ဒီမိုကရေစီ နည်းလမ်းနှင့်အညီ ရွေးကောက်ပွဲများ မကြာမီဆောင်ရွက်သွားမည်ဟု လော်စပီကာနှင့်အော်နေသည်။ အိပ်မက်လား တကယ်လား မသေချာပါ။ အိပ်မက်ဆိုလည်း တကယ်ဖြစ်ချင်ဖြစ်နိုင်ပြီး တကယ်ဆိုပေမယ့် အိပ်မက်လည်း ဖြစ်ချင်ဖြစ်တတ်ပါသည်။

ဒေါက်.. ဒေါက်… အိမ်ရှေ့က တံခါးခေါက်သံကြားလို့ ထွက်ကြည့်တော့ ထောက်ခံပွဲလာမတက်ရင် ဒဏ်ငွေရိုက်မည်ဟု ရပ်ကွက်လူကြီးဆိုသူက ဟန်ပါပါမာန်ပါပါ ခါးထောက်ပြီး ပြောသည်။ ကြည့်ရင်းကြည့်ရင်း ရပ်ကွက်လူကြီးနှင့် စကားပြောရသည်မှာ အခြောက်ကြီးတစ်ယောက်နှင့် စကားပြောရသလို ဖြစ်လာသည်။ အခြောက်များကို သိပ်ကြည့်မရပါ။ ထို့ထက် သူများကို အာဏာပြလိုက် ပါဝါပြလိုက် ခြောက်လှန့် ဟိန်းဟောက်တတ်သူများကို ပိုရွံသည်။ အခြောက်ချင်းအတူတူ ပါဝါအခြောက်များက တမူးသာသည်။ မိမိကိုယ်တိုင် စိတ်မလုံသောကြောင့် သူများကို လိုက်လံခြောက်လှန့်လေ့ရှိခြင်း ဖြစ်သည်ဟု ဖတ်ဖူးသည်။ အခြောက်သည် သူ၏ စိတ်မလုံခြုံမှုကို ဖုံးကွယ်ရန် သူမှန်ကြောင်း လိုက်လိုက်အော်သည်။ ယိုသူမရှက် မြင်သူရှက်ဆိုသလို အရည်မရ အဖတ်မရ အော်အော်နေသည့် ထိုအခြောက်ကို Anonymous ဟု နာမည်ပေးလိုက်သည်။

အတင်းအကြပ်လုပ်ခြင်းကို မုန်းတီးသူ စာရင်းလုပ်လျှင် သူပါမည်။ ခင်ဗျား ကျုပ်ကို အမိန့်မပေးနဲ့။ “အမိန့်”သည် ဆိုလို့ကောင်းရုံ ကျော်ဟိန်း သီချင်းတစ်ပုဒ်သာ ဖြစ်သည်။ ငယ်ငယ်က ကျောင်းအုပ်ကြီးအမိန့်အရ အတန်းပိုင်ဆရာမက ကြံ့မရ ဖွတ်မရ အသင်းထဲ တစ်တန်းလုံး အတင်းဝင်ခိုင်းတာကို သတိရသည်။ ဆရာမကို အမေက မ၀င်ခိုင်းဘူးဟု ခပ်တည်တည် သွားပြောလိုက်သောကြောင့် ၀င်စရာမလိုခဲ့။ အမေသည် ဆရာမ၏ တစ်ချိန်က ဆရာမဖြစ်ဖူးတာကြောင့် အမေ့ကို မလွန်ဆန်ရဲပါ။ ထို့ကြောင့် ဖွတ်မရ ဓားမဆုံးသွားသည်။ ခက်သည်။ တခါတလေ ဒီလိုပဲ Law of Jungle ကို မသုံးချင်ဘဲ သုံးရတာ ခက်သည်။ လိမ်ရညာရတာကို ထမင်းစားရေသောက်သလို လုပ်နေကြတာ ခက်သည်။ လူဦးရေက သန်း ၅၀။ ဖွတ်မရ ဓားမဆုံး အသင်းဝင်က သန်း ၂၀။ ဟုတ်မှလဲ လုပ်ပါ ကိုယ့်လူတို့ရယ်။ ဟားတိုက်ရယ်ရတာကြာတော့ အတော် စိတ်ပျက်လာသည်။ နေရာတကာ ရယ်စရာတွေချည်း တွေ့နေရသည်။ သတင်းစာ ကောက်ကိုင်လိုက်သည်။ ရယ်လိုက်သည်။ တီဗီကို ဖွင့်လိုက်တော့ သတင်းလာနေသည်။ ရယ်ရပြန်သည်။ ဒါနဲ့ ကာရာအိုကေ အခွေပဲ ကြည့်တော့မည် ဟူသော စိတ်ကူးကို အကောင်အထည် ဖော်လိုက်သည်။ မရယ်ချင်တော့လို့ ဖွင့်ပါတယ်ဆိုမှ ရယ်စရာက မှန်သားပြင်အပြည့် စာလုံးကြီး ပြူးတူးပြဲတဲနှင့် တက်လာသည်။ “ပြည်သူ့သဘောထား” တဲ့။ ထို့နောက် ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံကြီးပီသစွာ မီးက ပျက်သွားတော့သည်။ အမှောင်ထဲမှ ရယ်သံများက မဆုံးတော့.. ဟား.. ဟား….ဟား…။

Read More...

ခေတ္တ အလုပ်လက်မဲ့

ကောင်းကင်ကို မော့ကြည့်လိုက်တော့
အိပ်မက်တွေ မှိန်ပျနေတယ်။
မြေပြင်ကို ငုံ့ကြည့်လိုက်တော့
အဇ္ဈတ္တနဲ့ တစ်သားတည်းကျနေတယ်။
ဘ၀ဆိုတာ သုညက စသတဲ့လား
အနှုတ်ကိန်းဂဏန်းတွေကြားထဲ
အသံတိတ်နှုတ်ဆိတ်နေရတာ ကြာခဲ့ပေါ့ကွယ်။
လွယ်လွယ်နေ လွယ်လွယ်သေကြတဲ့ ခေတ်ထဲမှာ
မကြာခဏ လွတ်လွတ်ကျတတ်တဲ့
ကတိက၀တ် ၀တ်စုံပြည့်အနာဂတ်တွေ
ဟောဒီမှာ တပွေ့တပိုက်နေရာယူထားတယ်။
သက်ပြင်းရှိုက်သံတွေ အတုံးအရုန်းအောက်
အကြိမ်ကြိမ် နောက်ကောက်ကျခဲ့ရ
အကြိမ်ကြိမ် ရှင်ပြန်ထမြောက်ခဲ့ရ
အကြိမ်ကြိမ် ငါ့ကိုယ်ငါထိုးကျွေးခဲ့ရ
အကြိမ်ကြိမ် ငါးစာဖြစ်ခဲ့ရ
အကြိမ်ကြိမ် ငါးမျှားချိတ်ဖြစ်ခဲ့ရ
အကြိမ်ကြိမ် လိမ်လည်ခဲ့ရ
အကြိမ်ကြိမ် ရိုးသားခဲ့ရ
အကြိမ်ကြိမ် ဘ၀င်တစ်ခွဲသားဖြစ်ခဲ့ရ
အကြိမ်ကြိမ် သိမ်ငယ်ခဲ့ရ
ဒါ ဘ + ၀ လို့ ဟတ်ဟတ်ပက်ပက်
ရယ်မောလိုက်တယ်။
ဒါ ဘ + ၀ လို့ လှိုက်လှိုက်မောမော
ငိုကြွေးလိုက်တယ် ။
ကဲ အသက်မှန်မှန်ရှူ
မနက်ဖြန်မှာ “လူ” ဖြစ်ဖို့ မျက်နှာသစ်ရဦးမယ်။ ။

ခေလွန်း

အလုပ်မရှိဘဲ စိတ်လေနေတဲ့ ကာလတစ်ခုက ရေးဖြစ်တဲ့ ကဗျာ...

Read More...

Sep 13, 2007

ဘလော့ဂ်ဂါနှင့် သူ့ဝန်းကျင်ရှိအရာများ

ပိတ်ထားတဲ့ပါးစပ်ထဲမှာ အနီရဲရဲ စကားလုံးတွေ ရှိတယ်
(၃) ခုန်ပေါက် လှုပ်ရွ။

မှိတ်ထားတဲ့ မျက်လုံးထဲမှာ မြင်နေကျ အနိငှာရုံတွေ ရှိတယ်
(၆) ဟန်ရေး တပြပြ။

ချုပ်တည်းထားတဲ့ လက်ထဲမှာ မှိုတက်နေတဲ့ အိပ်မက်တွေရှိတယ်
(၁) အိပ်ရေး မ၀တ၀။

ရပ်နေတဲ့ ခြေထဲမှာ ပက်လက်မျောနေတဲ့ စိတ်ဓာတ်တွေရှိတယ်
(၅) တားမရ ဆီးမရ။

တွေးနေတဲ့ အာရုံထဲမှာ မင်းမဲ့စရိုက်နဲ့ လူမိုက်သူမိုက်တွေရှိတယ်..
(၂) အံဝင်ခွင်ကျ။

ရှူလိုက်တဲ့ လေထဲမှာ ညှီစို့စို့ အကုသိုလ်တွေရှိတယ်
(၄) တုတ်ပြဓားပြ။

သူ့မှာ လှောင်ချိုင့်ကို
(၇) မဲ့ပြုံး
ပြုံးပြ တတ်တဲ့ အတောင်ပံတစ်စုံရှိတယ်။

(၁) ထကြည့်တော့
(၂) စွာ
(၃) ပြီး
(၄)
(၅) နဲ့
(၆) လုပ်နေသူတွေ တွေ့တော့
(၇) တစ်ချက်ပြုံးပြလိုက်တယ်။

ညီမင်းနိုင်
စက်တင်ဘာ ၁၃ရက်၊ ၂၀၀၇

Read More...

Sep 12, 2007

ဘလော့ဂ်ဂါ၏ သစ္စာ၊ ဘလော့ဂ်ခြင်းနှင့် အမှန်တရား

ဘလော့ဂ်များသည် ပုံနှိပ်မီဒီယာ၏ နေရာကို အစားထိုးရန်ထက် မီဒီယာ၏ အားနည်းချက်ကို ထပ်မံဖြည့်စွက်နိုင်ခြင်း၊ ဘလော့ဂ်ဖတ်သူများထံသို့ သတင်းကို အချိန်နှင့်အမျှ လျင်မြန်စွာ ပေးနိုင်ခြင်း၊ ဘလော့ဂ်ဂါ၏ အတွေးအမြင်များကို ဝေမျှနိုင်ခြင်း၊ လာရောက် ဖတ်ရှုသူများမှ ဝေဖန်အကြံပေးဆွေးနွေးနိုင်ခြင်း တို့ကြောင့် ယနေ့ခေတ်မီဒီယာလောကတွင် မျက်ကွယ်ပြုထားခြင်းငှာ မစွမ်းသာအောင် အရေးပါလာခဲ့သည်။ ယခင်က မီဒီယာများက ထုတ်ပြန်သမျှကိုသာ ဖတ်ရှုခဲ့ရသူများ အဖို့ မီဒီယာများ မသိလိုက်သော သိသိနှင့် အခြေအနေ အရပ်ရပ်ကြောင့် ထုတ်ဖော်ရေးသားခြင်း မပြုရသော ခွင့်မပြုသော သတင်းအချက်အလက် သုံးသပ်မှုများကို ဘလော့ဂ်ဂါများက မိမိအမြင်နှင့် ပေါင်းစပ်ကာ ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် ရေးသား တင်ပြလာကြသည်။ မိမိကိုယ်တိုင် အယ်ဒီတာ၊ မိမိကိုယ်တိုင် ထုတ်ဝေသူလုပ်ကာ အင်တာနက်သုံးစွဲသူ ဘလော့ဂ်ဖတ်သူများအတွက် အကျိုးရှိစေမည်ဟု ယူဆသည်များကို တင်ပြကြသည်။ ဆွေးနွေးကြသည်။ ဝေဖန်သုံးသပ် ကြသည်။ ထိုသို့ ရေးသားရာတွင် မိမိနေထိုင်ရာရှိ အာဏာပိုင်များကို မဝေဖန်ရ။ မည်သူ့ အကြောင်းကိုတော့ဖြင့် လုံးဝ ရေးသားခြင်း မပြုရဟု ပိတ်ပင်တားဆီးလို့ မရနိုင်ပါ။

မင်းတုန်းမင်းလက်ထက်ကတည်းက “ငါမကောင်းလျှင် ငါ့ကိုရေး၊ ငါ့မိဖုရား မကောင်းလျှင် ငါ့မိဖုရားကိုရေး” ဟု သတင်းစာကို လွတ်လပ်ခွင့် အပြည့်အ၀ပေးထားပြီးဖြစ်သည်။ မိမိကိုယ်တိုင် ကောင်းအောင်နေပြလျှင် ဘယ်သူကမှ လာပြီး ဒီကောင် မကောင်းဘူးဟု လာမပြောပါ။ ပြောလာခဲ့လျှင်လည်း ထိုသူသည် မနာလိုစိတ်ဖြင့် ပုတ်ခတ်ခြင်းသာ ဖြစ်ပါလိမ့်မည်။ မိမိက ကောင်းပါလျှက်နှင့် မဟုတ်မမှန် လုပ်ကြံပြောဆိုသည်ဟု ထင်လျှင်လည်း တရားဥပဒေရှိပါသည်။ ဥပဒေအတိုင်း မှန်မှန်ကန်ကန် ဆောင်ရွက်ပါ။ သတိပေးသလိုနှင့် အသာတကြည် ချော့မော့ခြင်း၊ မရလျှင် ခြိမ်းခြောက်ခြင်း၊ ထိုသို့မှ မရလျှင် မွန်းလွဲသန်းခေါင်ဖမ်းဆီးခြင်း ပြုလုပ်နေသည် များသည် ဥပဒေ၏ ပြင်ပမှ လုပ်ရပ်များသာဖြစ်သည်။ ဘလော့ဂါ စစ်မှန်လျှင် ဘလော့ဂ်ဖတ်သူ၏ အချိန်ကို လေးစားသည်။ ကိုယ်ကျိုးတစ်ခုထဲကြည့်ပြီး အထက်လူကြီး မျက်နှာရဖို့ ပေါက်ကရ ရေးနေသူကိုလည်း ဘလော့ဂါဟုပင် နာမည် မတပ်ထိုက်ပါ။ မြန်မာ ဘလော့ဂါများသည် တိုင်းပြည်နှင့်လူမျိုးကို ချစ်သည်ဟု တစာစာအော်ပြီး နှိပ်စက်ကလူ ပြုနေသူများထက် ကိုယ့်တိုင်းပြည်ကို ချစ်ကြသည်။ ထို့ကြောင့် ဝေဖန်သည်။ ထောက်ပြသည်။ ဒါကို မလုပ်ရ မရေးရ ဟု တားဆီးပိတ်ပင်ခြင်းသည် တရားမျှတမှု ရှိရဲ့လား။ “ငါတို့ကတော့ တစ်သက်လုံး ဘယ်တော့မှ မျှမျှတတ လုပ်ခဲ့တာ မဟုတ်ဘူး” ဟု ပြောလာမည် ဆိုရင်တော့ အမှန်တရားကို ဘယ်တော့မှ ဖုံးကွယ်ထားလို့ ရမည် မဟုတ်ပါ။

အခုတလော မြန်မာများအကြားဝယ် ဘလော့ဂ်ရေးခြင်း ဘလော့ဂ်ဖတ်ခြင်းများ ခေတ်စားလာသည်နှင့်အမျှ အမျိုးမျိုး အစားစားသော ဘလော့ဂ်များကို တွေ့လာရသဖြင့် ၀မ်းသာမိပါသည်။ ဘလော့ဂ်ရေးသူအများစုမှာ ခေတ်ပညာတတ် လူငယ်များဖြစ်သဖြင့် လူငယ်အချင်းချင်း ကူညီကြသည်။ အသိပညာ၊ အတတ်ပညာများ မျှဝေကြသည်။ ဆွေးနွေးတိုင်ပင် ခြင်းများ၊ ဝေဖန်အကြံပေးခြင်းခြင်းများ ပြုကြသည်။ ဘယ်နေရာမဆို စုန်းပြူးများ ပါလာစမြဲဖြစ်ကြောင်းကို မေ့လျော့ထားလို့ မရကြောင်း ထပ်မံပေါ်ပေါက်လာသော လူမိုက်အားပေး ဘလော့ဂ်အချို့က အချက်ပြခဲ့ကြသည်။ လမ်းလျှောက်ဆန္ဒပြသူ တွေက ပိုက်ဆံ ၂၀၀၀ ကျပ်ရလို့ လိုက်လျှောက်တာလို့ ပြောတဲ့သူက ပြောသည်။ အစိုးရကို ဆန့်ကျင်သည့် မီဒီယာသတင်းငှာနများမှ သတင်းများကို အမှားကြီးတွေဟု ပြောတဲ့သူက ပြောသည်။ အချိန်နှင့်အမျှ ထုတ်ပြန်ရသောကြောင့် တခါတရံ အမှားအယွင်းတစုံတရာ ရှိကောင်းရှိပေမည်။ ထိုသို့သော စေတနာအမှားအတွက် အပြစ်တင်စရာ မလိုပေ။ အစိုးရမီဒီယာ တီဗီ၊ ရေဒီယို၊ သတင်းစာတို့မှ ထုတ်လွှင့်နေသော သတင်းများကရော ရာခိုင်နှုန်း ဘယ်လောက် ဘယ်ရွေ့ဘယ်မျှ မှန်နေပြီး ဘယ်လိုစေတနာရည်ရွယ်ချက်တွေနဲ့ ထုတ်ပြန်နေလို့လဲ ဆိုသည့် မေးခွန်းကို ကိုယ့်ဘာသာ ပြန်မေးခွန်းထုတ်ကြည့်ပါ။

သူ့လူကိုယ့်ဘက်သားယောင်ဆောင်ကာ စေတနာ သဘောရိုးနှင့် ကွန်မန့် ရေးသလိုနှင့် နောက်ကွယ်က ပြနေသော လက်သီးကို မမြင်ရဘူးဟု ထင်လျှင်၊ လက်ရှိအခြေအနေအရပ်ရပ်အရ အစစငဲ့ကွက်ပြီး မတရား လုပ်ခံနေရမှုကို ငြိမ်ခံနေရခြင်းကို “ငါတို့ လုပ်လိုက်တာ ကြောက်လန့်ကုန်ပြီ၊ ငါတို့ ခြိမ်းခြောက်တာနဲ့ ငြိမ်ကျသွားတာပဲ” ဟု ထင်နေလျှင် မှန်ထဲကို ရဲရဲကြည့်ပြီး ငါလုပ်တာ မှန်ရဲ့လား ကိုယ့်လိပ်ပြာကိုယ်လုံပါရဲ့လားဟု မေးကြည့်ပါ။ သေချာတာက အမှန်တရား ဘက်တော်သား ဘလော့ဂ်ဂါများ၊ ဘလော့ဂ်ဖတ်ပရိသတ်များသည် ပြောသမျှယုံ၊ လှည့်သမျှယုံမည့်သူများ မဟုတ်ပါကြောင်း။

Read More...

Sep 11, 2007

အရေးတကြီးကိစ္စ

ကမ္ဘာကြီး ပူနွေးလာပြီ
ကမ္ဘာကြီး အေးခဲလာပြီ
အိုဇုန်းလွှာကြီး ပေါက်ပြဲနေပြီ
သစ်တောတွေ ပြုန်းတီးနေပြီ
သဘာဝပတ်ဝန်းကျင် ပျက်စီးနေပြီ
အေအိုင်ဒီအက်စ်
ကြက်ငှက်တုပ်ကွေး
ရပ်ကွက်ထဲက အေးဒီးစ်ခြင်တွေ ..
ဒါတွေ ဂရုမစိုက်အားဘူး
နက်သထက်နက်လာတဲ့ ဆင်းရဲတွင်းမှာ
ဘာသိဘာသာ နေထိုင်ရင်း
ဂလိုဘယ်လိုက်ဇေးရှင်းကို
အယ်လ်ဇေးရှင်းလို ထင်လိုထင်
အင်တာနက်ကို
အင်တာနတ် ထင်လိုထင်
သမုဒ္ဒရာ ၀မ်းတစ်ထွာကို
ကြုံသလို ဖြေရင်း ရှင်းရင်း
ရေလာမယ့် အချိန်ကို မျှော်
မီးလင်းတဲ့ အချိန်မှာ ဟေးကနဲ အော်ကြ
ကျောက်ခေတ်မှာ လူမဖြစ်ဘဲ
ကြောက်ခေတ်မှာ လူဖြစ်ရသူတွေ
သေချာတာက
ဒီအတိုင်းဆက်နေသွားလို့ မဖြစ်တော့ဘူး။

ညီမင်းနိုင်
စက်တင်ဘာ ၁၁ရက်၊ ၂၀၀၇။

Read More...

ထွက်ပေါက်(၄)

ဖုန်းသံတွေ မြည်လာသည်။ ကိုယ်ပိုင်အချိန်ရောင်းခ မရသေးကြောင်းဖတ်ပြီးလို့ စိုးရိမ်ပြီး မေးကြမြန်းကြသည်။ ဘယ်လိုလဲ။ အိုကေပါ။ အဆင်ပြေပါသည်။ ရစရာ ရှိတာများ ရပြီးနောက် ပေးစရာ ရှိတာများ ပေးလိုက်သည်။ လောကကြီးတွင် အပေးအယူ ရှိမှ ၀င်ငွေ လည်ပတ်စီးဆင်းမှု ရှိမည်။ မပေးအယူသာ ရှိသူများကြောင့် ကိန်းဂဏန်းများ အိပ်ပျော်နေကြသည်။ ပျင်းရိငြီးငွေ့ဖွယ် ကောင်းသောနေ့သည် အလုပ်များပြားလွန်းသောနေ့ထက် မိုးပိုရွာသည်။ မိုးရွာနေမှန်းသိလျက်နှင့် ထီးမယူဘဲ ထွက်ခဲ့သည်။ အိမ်မှ အလုပ်အထိ လမ်းတလျှောက် အိမ်မှ ကားဂိတ်အထိ၊ ကားဂိတ်မှ ရထားဘူတာအထိ၊ ဘူတာမှ ရုံးအထိ မိုးစိုမည် မဟုတ်မှန်း သိနေသည်။ လာနေကျလမ်းကြောင်း အတိုင်း စက်ရုပ်များ တန်းစီပြီး ထွက်လာကြသည်။ တိုးဝှေ့ခြင်း၊ တွန်းတိုက်ခြင်းများ မရှိ။ အထပ်နံပါတ် ၃၅ အရောက်တွင် ဓာတ်လှေကားပေါ်က ထွက်ပြီး ရုံးထဲသို့ လှမ်းဝင်လိုက်သည်နှင့် အေးစိမ့်စိမ့်လေများက ဆီးကြိုကြသည်။

မနက်ရှစ်နာရီခွဲမှာ ရုံးကိုအရောက်လာကြပါဟု ပြောလေ့ရှိသော မန်နေဂျာကို ကိုးနာရီထိ မတွေ့။ မေးကြည့်တော့မှ သင်တန်းသွားတက်သည်ဟု ဆိုသည်။ အီးမေးလ်စစ်သည်။ ဘလော့ဂ်တွေ ဖတ်သည်။ ကွန်မန့်တွေ ဟိုရေးဒီရေး လုပ်သည်။ သတင်းတွေ ဖတ်သည်။ ဒီရက်ပိုင်း လုပ်စရာ မည်မည်ရရ မရှိ။ ပရောဂျက်တစ်ခုအပြီးနှင့် နောက်တစ်ခု အစပျိုးချိန်တွင် ဒီလိုပဲ အားယားနေတတ်သည်။ ဖြစ်နိုင်ရင် ဘာမှ လုပ်စရာမရှိဘဲ ထိုင်နေသည်ထက် စာကြည့်တိုက်မှ ငှားလာသော ဒီဘိုးနိုး၏ စာအုပ်ကိုသာ ဖတ်နေချင်သည်။ နာရီကို ကြည့်လိုက်တော့ ၁၁ရက်နေ့ ၁၁နာရီ ၁၁မိနစ်။ ဒီရာသီတွင် မန်ယူအခြေအနေ မကောင်း။ မန်ယူပရိသတ်အများအပြားရှိသော မြန်မာပြည်သူတွေလည်း အခြေအနေ မကောင်း။ မနှစ်ကတော့ မန်ယူ ပရီးမီးယားဗိုလ်စွဲခဲ့သည်။ တချိန်ကတော့ မြန်မာနိုင်ငံကို အခြားအာရှနိုင်ငံများ အားကျ အတုယူခဲ့ရသည်။ အခုတော့.. သရေကျသည်။ ရှုံးပွဲဆက်သည်။ အနီကတ်ပြခံလိုက်ရ လက်နက်အပြခံလိုက်ရဖြစ်နေသည်။ တောင်မင်း မကယ်နိုင် မြောက်မင်း မကယ်နိုင် ဖြစ်နေသောကြောင့် အလယ်အလတ်လမ်းစဉ်ကို လိုက်သော မဇ္ဈိမဒေသက ကုလမင်းထံ အကူအညီ တောင်းသည်။ သို့သော် ကုလမင်းကို ကြိုးကိုင်ချယ်လှယ်နေသည့် စွမ်းအင်မရမှာစိုးသော အိမ်နီးနားချင်းပေါက်ဖော်နှင့် လက်နက်ခဲယမ်း မရောင်းရမှာစိုးသော လက်နက်ကုန်သည်တို့က တင်းတင်းဆုပ်ထားသော လက်များကို ဖြည်ပြလိုက်တော့ “ဗီတို” ဟူသော စကားလုံးကြီး ထွက်ကျလာသည်။ ဗီတိုသည် ဗီရိုလို ထည့်ချင်တာထည့်လို့ မရပေမယ့် လုပ်ချင်တာတော့ လုပ်လို့ရသည်။ Balance of Power .. ဖြစ်အောင် ညီမျှခြင်း၏ တစ်ဘက်စီတွင် ဗီတိုတွေ ပေါင်းထည့်လိုက်သည်။ ထိုအခါ ဘာအဖြေမှ မထွက်တော့။ ဒီလိုနဲ့ပဲ ရ၀မ်ဒါမှာ သုံးလအတွင်း လူတွေ သန်းနဲ့ချီပြီး သေခဲ့သည်။ ခွင့်လွှတ်ခြင်း၊ သည်းခံခြင်း၊ အနစ်နာခံခြင်း ဘာတစ်ခုမှ မရှိဘဲ အခွင့်ကောင်းယူခြင်း၊ အနိုင်ကျင့်ခြင်း၊ ဗိုလ်ကျစိုးမိုးခြင်းသာ တတ်မြောက်ခဲ့သူတွေကို မောင်းထုတ်ဖို့ ပျံရင်းမသေဘဲ တိုက်ရင်းသေခဲ့ရသည့် ငှက်တွေ ဘယ်လောက်များနေပြီလဲ။ စနစ်တကျ ဖျက်ဆီးထားသဖြင့် လူငယ်တွေ စိတ်ပျက် လက်ပျက်ရုံမက ခြေပါ ပျက်နေပြီ။ အားအားရှိ ဘီယာဆိုင်၊ ကာရာအိုကေဆိုင်၊ အနှိပ်ခန်းများသို့ ခြေထောက်တွေ လှည့်နေသည်။ အခု စင်ပေါ်တက်ပြီး မိန့်ခွန်းချွေနေတဲ့ အဘိုးကြီးတွေ အိုပြီး သေတော့ နောက်မျိုးဆက်တက်တဲ့အခါ ကောင်းလာနိုင်တယ်ဟု တစ်ယောက်က ပြောသည်။ ထိုသို့ ပြောသော ပုဂ္ဂိုလ်ကို ထီလက်မှတ်တစ်စောင်ပေးပြီး အတိတ်ရေးခိုင်းကာ ခင်ဗျားအိပ်တော့ဟု ပြောပြီး ထွက်လာခဲ့သည်။ မျှော်လင့်ကြသည်။ ခေတ်တွေ ပြောင်းသွားသည်။ သင်္ဘောဦးတွင် စီးကာ ပါလာမည့် နန်းသိမ်းပွဲခံ မင်းသားကို မျှော်သည်။ ရတနာဂီရိသို့ ပါသွားသည့် မိန်းမကြောက်ရသော မင်းကို မျှော်သည်။ ဖက်စစ်ဂျပန်ကို မျှော်သည်။ မဟာမိတ်တပ်တွေကို မျှော်သည်။ လွတ်လပ်ရေးကို မျှော်သည်။ ကုလတပ်တွေကို မျှော်သည်။ ခေတ်တွေ ပြောင်းသွားသည်။ မျှော်လင့်ခြင်းများ မပြောင်းသေး။ အာဏာရှင်စနစ် မပြောင်းသေး။ ဟေရာကလိုက်တပ်စ်က မြစ်တစ်ခုကို နှစ်ခါ မဆင်းနိုင်ဟု ပြောသွားသည်။ ထို့အတူ ကုန်ဈေးနှုန်းကိုလည်း နှစ်ခါ အတူမတွေ့နိုင်။ တစ်နေ့ တစ်နေ့ တက်နေသော ကုန်ဈေးနှုန်းများနှင့် တစ်နေ့ တစ်နေ့ ကျနေသော စိတ်ဓာတ်များ၊ အနာဂတ်ကို သေနတ်နှင့်မှားပြီး ခါးကြားထိုးထားတဲ့လူများ၊ အတိတ်ကို မျက်လုံးလေးမှိတ်ပြီး အိပ်မောကျနေသူများ၊ ပစ္စုပ္ပန်ကို တရားနဲ့ဖြေရင်း ခန္တီစနေသူများ.. ဒါဟာ ပြဇာတ် တစ်ပုဒ်ဆိုရင်တော့ ကားလိပ်ချဖို့ သင့်နေပြီ။ အဆင်သင့်စောင့်နေသော မကရသေးသည့် အသစ်စက်စက် နောက်ပြဇာတ်တစ်ပုဒ်က “ဒီမိုကရက်တစ်မြန်မာပြည်မှ ကြိုဆိုပါသည်” ။

Read More...

Sep 10, 2007

ခရီးသည်

ဗင်ဂိုးရေ..
အတွေးစုတ်ချက်ပြင်းပြင်းတွေကို
ခံစားမှုရောင်စုံရောစပ်ပြီး
ယုံကြည်မှုပုံသဏ္ဍာန်အမျိုးမျိုးနဲ့
ဘ၀ကားချပ်ပေါ်မှာ ရေးဆွဲကြည့်တယ်
ဒါပေမယ့် ကျွန်တော်ပန်းချီဆရာ မဖြစ်ခဲ့ဘူး...။

တဂိုးရေ..
ရင်ခုန်သံတွေ စာစီကြည့်ပြီး
စိတ်ဝိညာဉ်တွေ အဆုံးထိနှစ်ထည့်
ရစ်သမ်တွေကြားမှာ ပျော်ရင်းမောရင်း
ရူးသွပ်ခြင်း ကဗျာတွေ တစ်ပုဒ်ပြီး တစ်ပုဒ်ရေးမိတယ်
ဒါပေမယ့် ကျွန်တော်ကဗျာဆရာ မဖြစ်ခဲ့ဘူး...။

ကတ်ကိုဘိန်းရေ..
လက်ချောင်းတွေနဲ့ သံစဉ်တွေပူးကပ်
ဂီတထဲမှာ ခင်ဗျားကို အထပ်ထပ်ရှာတော့
လွတ်မြောက်ခြင်းကိုသာ လတ်လတ်ဆတ်ဆတ်တွေ့တယ်
ဒါပေမယ့် ကျွန်တော်ဂစ်တာသမား မဖြစ်ခဲ့ဘူး..။

ဗင်ဂိုးရဲ့ ကြယ်စုံတဲ့ညမှာ
တဂိုးရဲ့ လေလွင့်ငှက်ဟာ
ကတ်ရဲ့ အော်တာနေးတစ်ဗ်တစ်ပုဒ်ကို ဆိုရင်း အဝေးကို ပျံသွားတယ်
ကျွန်တော်ကတော့ ခြေရာကောက်ရင်း
အလင်းအမှောင် မပီပြင်သေးတဲ့
မှော်ဝင် အဝေးပြေးလမ်းမများထက်
“လူ” ဆိုတဲ့ အဖြစ်ကို လိုလိုချင်ချင် ဖက်တွယ်ထားတုန်း... ။

ခေလွန်း
နိုဝင်ဘာလ ၁၄ရက်၊ ၂၀၀၃

Read More...

လူကြမ်းနေရာ

ဒီကဗျာကို ကျွန်တော် ဆယ်တန်းကျောင်းသားဘ၀က ရေးဖွဲ့ခဲ့ပြီး အဲဒီ အချိန်တုန်းက ကွန်ပျူတာစာစီပြီး သူငယ်ချင်းတစ်စုနဲ့ အပျော်တမ်း ထုတ်ဝေခဲ့တဲ့ “၉၈ ကဗျာပြပွဲ” ဆိုတဲ့ ကဗျာစာအုပ်လေးမှာ ထည့်သွင်း ဖော်ပြခဲ့ဖူးပါတယ်။ ဆရာစိုင်းခမ်းလိတ်ရေးစပ်ပြီး စိုင်းထီးဆိုင်သီဆိုထားသော “လူကြမ်းမင်းသား” သီချင်းကို ခံစားရေးဖွဲ့ ထားတာပါ။


“လူကြမ်းနေရာ”

ငယ်ငယ်တုန်းက ကစားကြတိုင်း
“ဒိုင်း”ဆိုအော်ဟစ် သူများပစ်ရင်
ရှင်လျက်အခါခါ သေရပါသည့်
ကျွန်တော်၏ ဘ၀...။

အထက်တန်းတွင်
တင်ပြသမျှ ကဇာတ်မှာလည်း
ပွဲတိုင်းပါပြီး လူကြမ်းကြီးလုပ်
မင်းသမီးလုပ်သူ ပါးရိုက်မူလည်း
ပြုံးဆဲမပျက် နေတတ်ခဲ့လို့
ကျောင်းသူတချို့က
“အပြင်ကျလည်း မုန်းဖို့ပဲကောင်း
မပြောင်းဘူး” ဟု
စောင်းလျက်တစ်မျိုး တဲ့တိုးတစ်ဖုံ
အစုံပြောကြ ကျွန်တော့်ဘ၀...။

ဇာတ်ပို့နေရာဝယ် အကယ်ဒမီဆု
အောင်ပန်းလှမ်းလုလုမှာ
မနာဝံ့စွာ ကြားရပြန်
ကျွန်တော့်ကံလေ နေပါစေတော့...။

“တစ်ကားလုံးမှ တစ်ယောက်သာရယ်
အကယ်ဒမီတန်ရင်
ဖြူစင်ချောမော အပြောချိုသူ
ရမူကောင်းရဲ့..” တဲ့
“လူကြမ်းရဲ့ အမူအရာ
အကယ်ဒမီယူစရာလား.. ” တဲ့
“လူကြမ်းရဲ့ အိုက်တင်
အကယ်ဒမီပင် ခေါ်ထိုက်သလား..” တဲ့လေ.. ။ ။

ခေလွန်း

Read More...

Sep 6, 2007

ထွက်ပေါက်(၃)

ရှိသည်။ မရှိခြင်းတွေ အပြည့်အသိပ်ရှိသည်။ ၁၀နာရီခွဲ အစည်းအဝေးရှိသည်။ ဘာဖြစ်ဦးမလဲဆိုတဲ့ အတွေးရှိသည်။ ပရိုဂျက်မန်နေဂျာ အလုပ်ပြောင်းမည့် အကြောင်း ကြေညာသည့် စကားများ ရှိသည်။ ကျား နှင့် ရှင်ကြီး ဘယ်သူက ပါဝါကြီးသလဲ။ ဦးနှောက်က အသံပေးနေသလို ဗိုက်ထဲကလည်း အသံပေးသည်။ သူအိပ်ရာထတော့ မနက်စာသည် အိပ်မောကျနေခဲ့သည်။ သေချာတာက မန်နေဂျာနောက်တစ်ယောက် မကြာခင်ရောက်လာမည်။ ကြံရည်ကြိတ်သူ ပြောင်းသွားခြင်းအတွက် ကြံသကာဖြင့်လုပ်ထားသော စက်ရုပ်များအတွက် ဘာမှတော့ ထူးထူးခြားခြား ဖြစ်လာမည်ဟု မထင်ပါ။ ဖြစ်တော့ရော..။ ဖြစ်ဖြစ်ကွာ..ဘာပဲဖြစ်ဖြစ်..။ စိတ်ရှုပ်သည့်အချိန်တွင် ဘာပဲဖြစ်ဖြစ်ဟု သူသုံးလေ့ရှိသည်။

အာခေါင်တွေ ခြောက်လာသဖြင့် ရေတွေ ပါးစပ်ထဲ ရောက်အောင် လောင်းထည့်လိုက်သည်။ ညက စာတစ်အုပ်ဖတ်ရင်း မီးဖွင့်ပြီး အိပ်ပျော်သွားသည်။ အိမ်လခ မပေးရသေး။ ကိုယ်ပိုင်အချိန်ရောင်းခ ခုထိ မရသေး။ “သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ” ဟု စာတန်း လည်ပင်းမှာ ချိတ်ပြီး လျှောက်သွားနေသူကို “ခင်ဗျားကောင်းပေမယ့် ကျွန်တော်ဆိုးတယ်”ဟု ပြောကာ ခြေထိုးခံလိုက်သဖြင့် မှောက်ရက်လဲ သွားသည်။ ချက်လက်မှတ်တစ်စောင်က လိုချင်လိုက်ခဲ့ဟု ပြောပြီး အဝေးကို ထွက်သွားသည်။ အမောတကော ပြေးလိုက်ပြီး ကြည့်တော့ ထိုချက်လက်မှတ်ပေါ်တွင် ဘာမှ ရေးမထား။ အကြွေးဝယ်ကတ်သည် သုံးရစွဲရလွယ်သော်လည်း အတိုးပေးရတာ မလွယ်ကူပါ။ “ယနေ့အကြွေး မရောင်းပါ” ဟု ရေးကာ ထိုင်ငိုက်နေတတ်သော စတိုးဆိုင် ပိုင်ရှင်ကို နှိုးပြီး “မနက်ဖြန်မှ အကြွေးလာဝယ်မယ်” လို့ ပြောလိုက်သည်။ သူ့တွင် မနက်ဖြန်အတွက် အိပ်မက်များစွာ ရှိသည်။ မနက်ဖြန်ကို စောင့်ပြီး အိပ်မက် မက်ရင်း အိပ်ရာမှ နိုးတိုင်း ယနေ့ကို ပြန်ရောက်သွားသည်။ မနက်ဖြန်သည် ဘယ်တော့မှ ရောက်မလာသော အနာဂတ်တစ်ခုသာ ဖြစ်သည်။ နောင်မှ နောင်တ မရဖို့ အခုကတည်းက “တ” ထားလိုက်သည်။ ပိုက်ဆံရှိသည့်အခါ ကဗျာစာအုပ်ထုတ်မည်။ ကိုဖြိုးနဲ့တောင် ဟိုတနေ့က ပြောမိသေးသည်။ ပိုက်ဆံရှိသည့်အခါတွင် ထုတ်မည်ဟု စဉ်းစားထားသဖြင့် ထိုကဗျာစာအုပ် ထွက်လာဖို့ နှစ်အတော်ကြာသည်အထိ လမ်းမမြင်တော့ပါ။ အိုကွာ.. ဘာပဲဖြစ်ဖြစ်..။ ခုတလော စာတွေပဲ တစ်ကြောင်းပြီးတစ်ကြောင်း ချရေးချင် နေသည်။ သူ့စိတ်တွင် အမှန်တကယ် ဆာလောင်နေသောအရာသည် ဟိုရောက်ဒီရောက်အတွေးများ မဟုတ်ဘဲ စကားလုံးများသာ ဖြစ်သည်။ သေနတ်သံများ ကြားသည်။ သေနတ်ဆိုတာ မိုးပေါ်ထောင်ပစ်လို့ရသလို လူအုပ်ထဲလည်း ပစ်လို့ရတယ်ဆိုတဲ့ စကားကို ကြားသည်။ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဆိုရှယ်လစ်လမ်းစဉ်ဟု ခေါင်းစဉ်တတ်ကာ ကိုယ်ပိုင်သံစဉ် တစ်ခုလို ဖန်တီးပြီး နားငြီးအောင် တီးပြနေတဲ့အသံတွေ သမိုင်းစာအုပ်ထဲက ကြားသည်။ လမ်းညွှန်မြေပုံတွေ မလိုပါ။ လှေကား ခုနှစ်ထစ် တက်စရာ မလိုပါ။ ကိုယ်ကျိုးမဖက်သည့် စေတနာနှင့် စာနာနားလည်မှုသာ လိုအပ်သည်။ စိတ်ထဲမှ ၀ုန်းကနဲ ထွက်လာသော ဒေါသကို ထိန်းရန် နံပါတ်စဉ် ရွတ်ပါဟု ဘယ်ပညာရှိက ပြောသွားမှန်းမသိ။ တစ်.. နှစ်.. သုံး.. လေး.. ငါး.. ခြောက်.. ခုနစ်.. ရှစ်.. ။ ထိုပညာရှိသည် ပညာရှိနည်းဖြင့် ဆဲခိုင်းခြင်းသာ ဖြစ်သည်။ ဘယ်လောက်ပဲ အော်ဆဲဆဲ မကြားချင်ယောင်ဆောင်နေသူအတွက် ဘာမှ ဖြစ်မသွားတာကတော့ ဆိုးသည်။ အမှန်က မကြားချင်ယောင် ဆောင်ရင်း တကယ် မကြားတော့တာလည်း ဖြစ်နိုင်သည်။ စိတ်ပျက်သလို လက်လည်းပျက်နေသော လူများနှင့် ပြိုလုဆဲဆဲဖြစ်နေသော အဆောက်အအုံကို ကျားကန်ထားကြသည်ကို စိတ်ပျက်လက်ပျက်နှင့် ကြည့်နေရုံပဲ ရှိတော့သည်။ ဘေးပတ်ဝန်းကျင်ကို လှည့်ကြည့်တော့ မျက်လုံး အသေဖြင့် လူများ.. စိတ်ဓာတ် အသေဖြင့် လူများ.. မျှော်လင့်ချက် အသေဖြင့်လူများ.. ဒီအိပ်မက်ဆိုးက အလန့်တကြား နိုးထချင်ပြီ။

Read More...

Sep 5, 2007

ထွက်ပေါက်များ၏ မြစ်ဖျားခံရာမှ မြင်းရိုင်းတစ်ကောင်

စိတ်မွန်းကျပ်မှုတွေကို ခင်ဗျားတို့ ကြုံဖူးကြမှာပဲ။ တခါတလေ အနည်းအကျဉ်း.. တခါတလေ အများအပြား.. တခါတလေ .. မနည်းမများပေါ့ဗျာ။ အဲဒီလို မွန်းကျပ်မှုတွေကို ထားခဲ့ပြီး ထွက်သွားဖို့ ကျွန်တော်တို့တွေမှာ ထွက်ပေါက်တွေ ကိုယ်စီ ရှိတတ်ကြမှာပါ။ ကျွန်တော်က ကဗျာရေးလေ့ရှိသူ ဆိုတော့ များသောအားဖြင့် သိပ်မွန်းကျပ်လာရင် ကဗျာတွေပဲ ရေးဖြစ်တာ များပါတယ်။ တခါတခါ ကဗျာဖွဲ့ဖို့ မဖြစ်နိုင်လောက်အောင်အထိ မွန်းကျပ်လာတဲ့အခါမျိုးတွေမှာ ကျွန်တော် စိတ်ထဲရှိရာတွေကို လျှောက်ရေးနေပစ်မိတတ်ပါတယ်။ တစ်ခုခုရေးမယ်ဆိုပြီး ဦးတည်ရာတစ်ခုကို သွားနေတာမျိုး မဟုတ်ဘဲ စိတ်က ပြေးတဲ့နောက်ကို လက်က လိုက်ပြီး ရေးလိုက်တာမျိုးပါ။ ဒါကြောင့် ကျွန်တော်ရေးတဲ့ ထွက်ပေါက်များကို ဖတ်တဲ့ အခါမှာ သေချာတိကျမှုတွေကို ရှာတွေ့မှာ မဟုတ်ဘဲ နိမိတ်ပုံတွေ၊ အတွေးပုံရိပ်တွေ .. အများအပြားကို ပုံဖျက် ရောနှောထားသလို ကပေါက်တိကပေါက်ချာ ဖြစ်ကောင်းဖြစ်နေမှာပါ။ ဒါကို မော်ဒန်ခေါ်ခေါ် ပို့စ်မော်ဒန်ခေါ်ခေါ် စိတ်အလျဉ်ရေးနည်းခေါ်ခေါ် ကြိုက်တဲ့ တံဆိပ်ကပ်သွားလို့ရပါတယ်။ သေချာတာက ကျွန်တော်ဟာ ပုံစံခွက်ထဲမှာ နေထိုင်တွေးခေါ်ရတာကို ပျင်းရိတဲ့ လူငယ်များစွာထဲက လူငယ်တစ်ယောက်ပါပဲ။

ထွက်ပေါက်များကို အခုရက်ပိုင်းမှာ ကျွန်တော့်အတွက် ထွက်ပေါက်တစ်ခုလို ဆက်တိုက်ရေးချင်ရေးမိနေပေမယ့် ကျွန်တော် ရပ်ချင်တဲ့အခါမှာလည်း ဆက်မရေးဘဲ ရပ်ပစ်လိုက်မှာပါ။ ကျွန်တော် ငယ်ငယ်ကတော့ တရားမှတ်ဖူးပါတယ်။ စိတ်ကို ငြိမ်အောင် ဘယ်လိုကြိုးစားကြိုးစား ဘယ်လိုမှ စုမရပါဘူး။ စိတ်က ဟိုရောက်လိုက် ဒီရောက်လိုက်ဖြစ်ပြီး အချိန်ကုန် သွားတော့တာပဲ။ အခုကတော့ တရားမှတ်တာနဲ့ ပြောင်းပြန်ပါ။ စိတ်ကို ငြိမ်အောင် စုမထားဘဲ သွားချင်ရာသွားဖို့ လွှတ်ပေးလိုက်ပြီး အဲဒီနောက်ကနေ မရအရ စိတ်စေရာကို လိုက်ရေးတာပါ။ ဒါကို ရူးသွပ်ခြင်း တမျိုးလို့ ယူဆမယ်ဆိုလည်း ကျွန်တော် မငြင်းပါဘူး။ ကိုယ်ပိုင်အယူအဆနဲ့ ရှင်သန်ရတဲ့ဘ၀ကိုသာ ကျွန်တော်မြတ်နိုးပါတယ်။ စိုးလွင်လွင်ရဲ့ ကျော်ကြားခဲ့တဲ့ သီချင်းတစ်ပုဒ်ထဲကလို ဆိုရရင်တော့ “ငါ့စိတ်ဓာတ်တွေ ထင်ရာစိုင်းတော့မယ် မြင်းရိုင်းတစ်ကောင်လိုပဲ”

Read More...

ထွက်ပေါက်(၂)

လူသည် မိမိဝတ်ဆင်ထားသည့် စိတ်ပေါ်မူတည်ပြီး ထူးခြားသည့် အရောင်အမျိုးမျိုး ထွက်သည်။ လွင့်ထွက် သွားသည့် စိတ်အင်္ကျီကို လိုက်ကောက်ရင်း ဒလိမ့်ကောက်ကွေး လိမ့်ကျသူကို လူတချို့ ၀ိုင်းကြည့်ပြီး ဟားတိုက်ရယ်နေကြသည်။ လူတချို့က ပြေးပြီး နင်းကြသည်။ အရောင်အမျိုးမျိုး စမ်းဝတ်ကြည့်ပြီးသည့်နောက် အရောင်မပါသော အင်္ကျီသာ အသင့်တော်ဆုံး ဖြစ်ကြောင်း ဓာတ်ခွဲခန်း အဖြေထွက်လာသည်။ ထိုအဖြေစာရွက်ကို တစစီစုတ်ဖြဲရင်း ဆက်ပြီး လမ်းလျှောက် ထွက်လာခဲ့သည်။ အမှန်တွင် လမ်းလျှောက်ထွက်သူကို လမ်းက ဖြတ်လျှောက်သွားခြင်းသာ ဖြစ်သည်။ လေလွင့်ခြင်းလမ်းမများ ဟူသော သီချင်းကို တစ်ယောက်တည်း အပြန်ပြန်အလဲလဲ သီဆိုနေမိသည်။ သူသည် လေလွင့်ခြင်းလမ်းမထက်တွင် လျှောက်ရင်း နောက်ကိုလည်း ပြန်မကြည့်ရဲ ရှေ့ကိုလည်း မျှော်မကြည့်ရဲသူ ဖြစ်သည်။ သွားရင်းလာရင်း ကြုံသည့် အနှောင့်အယှက်များကို သူ မလိုလားပါ။ ပြဿနာကို ရှာရန် မီးလိုက်ထွန်းနေသူများကို မီးထိန်ထိန်လင်းနေသည့်အခန်းတွင် ထားဖို့ မဖြစ်မနေ လိုအပ်သည်။ လကုန်ရင် လခရမယ်ဆိုတဲ့စကားသည် လဆန်း ၅ရက်အထိ လခ မရသေးသူအတွက် လှောင်ပြောင်ရယ်မောသံသက်သက် ဖြစ်သည်။ လိမ်ညာရမှာကို စိတ်ပျက်သူအတွက် ပိုစိတ်ပျက်အောင် ပတ်ဝန်းကျင်က ၀ိုင်းကူပြီး လိမ်ညာကြသလား။

စိတ်မပါဘဲ စိတ်ပါချင်ယောင်ဆောင်ဖို့ ကြိုးစားရတာလောက် ပင်ပန်းတာ မရှိပါ။ ထောင်ပေါင်းများစွာသော ကွန်ပျူတာသုံးဘာသာစကားများကို ပြောဆိုနားလည်ဖို့ ယေဘုယျကျကျ တွေးတတ်သည့်ဦးနှောက်တစ်ခုသာ လိုသည်။ ကြက်တူရွေးများသည် သင်ထားသမျှ ဖြေဆိုနိုင်သော်လည်း မသင်ထားလျှင် လုံးဝ မဖြေတတ်ကြပါ။ စိတ်လေဖို့ကောင်းအောင် ဆုတံဆိပ်များကို မက်မောကြသည်။ ရင်းနှီးမြုပ်နှံခြင်း ဆိုသည့်စကားက ရင်းနှီးတာလား မြုပ်နှံလိုက်တာလား ကြောက်မက်ဖွယ်ရာ ခြောက်လှန့်သည်။ ဟန်မဆောင်တတ်သူကို ရိုင်းစိုင်းသူဟုခေါ်ပြီး ဟန်ဆောင်တတ်သူကို ယဉ်ကျေးသူဟု ခေါ်တတ်သည့် လူ့အဖွဲ့အစည်းတွင် စံနှုန်းများလွဲချော်နေပြီ ဆိုသည့်အကြောင်းကိုဖော်ပြရန် အမှောင်ကမ္ဘာသတင်းစာတွင် နေရာလွတ် မရှိသေးပါ။ အတင်းအဖျင်း ပြောတတ်သူတစ်စုက သတင်းစာတွင် ပါသော သူများမကောင်းကြောင်း ကိုယ်ကောင်းကြောင်း အမွှန်းတင်ထားသည့်ဆောင်းပါးတစ်ပုဒ်ကို မြိန်ရေယှက်ရေ စားမြုံ့ပြန်နေသည်။ မနီးမဝေးရှိလူငယ်တစ်စုက ဘောလုံးသမားတွေအကြောင်း ဖတ်ထားသမျှကို လက်ဖက်ရည်ခွက်ထဲ လောင်းထည့်ပြီး ပြိုင်တူမော့လိုက်ကြသည်။ ရေဒီယိုကြီးကိုင်ပြီး ငိုက်စိုက်ငိုက်စိုက် လျှောက်လာသူတစ်ဦးထံမှ သီချင်းသံသဲ့သဲ့ကြားရသည်။ ~~ယုံကြည်ခြင်းနဲ့ ကြိုးစားထားမှ~~ တစ်ချိန်မှာ အောင်မြင် လွတ်မြောက်မယ် မဟုတ်လား~~။ အလံကို တိုင်တစ်ဝက်သို့ လျှော့ချလိုက်ကြသည်။ ထို့နောက် ထုံးစံအတိုင်း ခေတ်တစ်ခုလုံး အမှောင်ချပစ်လိုက်သည်။

Read More...

Sep 3, 2007

ထွက်ပေါက်

အရောင်အသွေးကျနေတဲ့ အင်္ကျီတစ်ထည်ကို ယနေ့ဟု သတ်မှတ်ပြီး အဘိဓာန်မှာ ရှာမတွေ့တဲ့ လူတစ်ယောက်ကို ကဗျာဆရာဟု သတ်မှတ်ပါ။ ချိုးဖြူငှက်တစ်ကောင် ထပျံသွားသည်ဟု ပြောသံကြားရသည်။ ရုတ်တရက် ထပျံသွားသလား လှုပ်လီလှုပ်လဲ့ ထပျံသွားသလား။ မျက်လုံးများ မှိတ်ထားသောကြောင့် မမြင်လိုက်ပါ။ မျက်လုံးတွေ မှိတ်ထားသည့်ကာလမှာ ကြာခဲ့ပြီ။ ဖွင့်ထားလည်း မမြင်ချင်တာတွေ တွေ့ရမည့် အတူတူ (သို့မဟုတ်) ဖွင့်ထားလည်း မမြင်အောင် အတင်း လိုက်ပိတ်ခံနေရမည့် အတူတူ အလိုက်တသိပဲ မျက်လုံးတွေကို မှိတ်ထားလိုက်သည်။

ငရဲဘုံဆိုသည်မှာ လခစားအလုပ် လုပ်ရသော အချုပ်အနှောင်ကို မုန်းတီးစက်ဆုပ်သူများ နေထိုင်ရာ နိတ္ထိအခန်းသာ ဖြစ်သည်။ လူမှုရေး နားမလည်သော မန်နေဂျာသည် အလုပ်သမားတွေကို ကြံချောင်းတွေလို အရည်ညှစ်ယူနေရသည်ကို အားရကျေနပ်ပုံ မရသေး။ ကော်လာကို အဖြူရောင်ဆိုးဆိုး အပြာရောင်ဆိုးဆိုး စက်ရုပ်သည် စက်ရုပ်သာ ဖြစ်သည်။

စည်းကမ်းကာလနားများအကြား လခစား လုပ်ရသော ကဗျာဆရာ၏ မွန်းကျပ်မှုအောက်တွင် ကဗျာအသေများကို တစ်နေ့ပြီး တစ်နေ့ မြေမြုပ်ပစ်လိုက်ရသည်။ သံသရာဆိုသည်မှာ ဥသြသံမပေးဘဲ တိတ်တဆိတ် ထွက်ခွာသွားသည့် ရထားတစ်စင်းသာ ဖြစ်သည်။ နောက်ဆုံးရထား ဟုတ်မဟုတ် မရေရာသလို နောက်ဆုံးဘူတာ ဟုတ်မဟုတ်လည်း မသေချာပါ။ နောက်မှ ဆုံးမယ့် အတူတူ အစကတည်းက ဆုံးလိုက်ရင် အကောင်းသား။ အခုတော့ လွယ်ထားတဲ့ အပြာရောင်ကျောပိုးအိတ်မှာ မျှော်လင့်ခြင်းတွေ တနင့်တပိုးနဲ့ ခြေဦးတည့်ရာရော ခြေဦးမတည့်ရာပါ လျှောက်ရတာ အချိန်ကုန်သည်။ အချိန်ကို ၀ယ်လို့ မရဘူးလို့ ငယ်ငယ်တုန်းက ဆရာမတစ်ယောက်က စာစီစာကုံးရေးဖို့ သင်တော့ ပြောဖူးသည်။ အခုတော့ တနင်္လာကနေ သောကြာအထိ အချိန်ကို ချ ချရောင်းနေတာ ဆရာမ မသိရှာပါ။ အချိန်ဆိုတာများ တန်ဖိုးရှိလွန်းလို့ သူများက ဈေးကြီးပေးလာဝယ်နေရတဲ့ အချိန်ကို ကိုယ်တိုင်ပြန်မ၀ယ်နိုင်တဲ့ အထိပဲ။ လူတွေ ယဉ်ကျေးလာကြသည်။ လူတွေ တိုးတက် လာကြသည်တဲ့။ ထိုအဆိုကို ရာနှုန်းပြည့်ထောက်ခံခြင်း မပြုနိုင်သည့်အတွက် စိတ်မကောင်းပါ။ ယဉ်ကျေးတိုးတက်ပါတယ် ဆိုတဲ့ လူတွေ အချင်းချင်း နှိပ်စက်ကြ ညှင်းပန်းကြ သတ်ဖြတ်ကြတာများ ကိုယ့်နားကိုယ်တောင် ယုံနိုင်ခြင်း မရှိပါ။ ထိုကဲ့သို့ အဓိပ္ပာယ်မရှိတာတွေကို အဓိပ္ပာယ်ရှိသယောင် ဟန်ဆောင်ပန်ဆောင် ကောင်းတတ်တဲ့ သတ္တ၀ါကို “လူ” လို့ နာမည် ပေး ကင်ပွန်းတပ် လိုက်ကြသည်။

ငှက်တစ်ကောင်က အမေ့အိမ် သီချင်းကို ငှာန်ကရိုဏ်းကျကျ သီဆိုနေသည်။ ရထားတစ်စင်း ခုတ်မောင်းသံ နီးလာပြီ။ ရပ်ထားမှာလား။ ဆက်သွားမှာလား။ တကယ်တော့ ရပ်နေသော်လည်း သွားနေနိုင်ပြီး သွားနေသော်လည်း ရပ်နေနိုင်သည်ဆိုသည့်အချက်ကို ကျွန်တော်တို့ စနစ်တကျ မေ့လျော့နေခဲ့သည်။

Read More...

စိတ်မြှားထွက်ခြင်း

စိတ်လေ
စိတ်ပျက်
စိတ်ဓာတ်ကျ
စိတ်ကစား
အဇ္ဈတ္တက အတ္တကိုမြှားတယ်။

စိတ်အားငယ်
စိတ်ပျော့
စိတ်လျော့
စိတ်တို
သားကောင်က ထောင်ချောက်ကို မြှားတယ်။

စိတ်လွတ်..ကိုယ်လွတ်
စိတ်မွန်းကျပ်
စိတ်ပူ
စိတ္ဓားပါးလ်လ်
စကားလုံးက ကဗျာဆရာကို မြှားတယ်။

ငါက စိတ်ကိုမြှားတယ်။
စိတ်က ငါ့ကိုမြှားတယ်။
ငါက ငါ့ကိုမြှားတယ်။

ခေလွန်း
စက်တင်ဘာ ၃ရက်၊ ၂၀၀၇
၁၀နာရီ ၃၀မိနစ်

Read More...

Aug 31, 2007

We Ain't Strangers Anymore

ဒီသီချင်းကတော့ ငယ်ငယ်ကတည်းက ကျွန်တော် အရမ်းခရေဇီဖြစ်ခဲ့တဲ့ အဆိုတော်တစ်ဦးဖြစ်သူ Jon Bon Jovi ရဲ့ နောက်ဆုံးထွက်တဲ့ Lost Highway ဆိုတဲ့ အယ်လ်ဘမ်ထဲက Le Ann Rimes နဲ့ စုံတွဲဆိုထားတဲ့ သီချင်းပါ။ Bon Jovi ရဲ့ သီချင်းတွေထဲက ကျွန်တော် ကြိုက်တဲ့ သီချင်းတွေကတော့ I'll be there for you, Always, Never Say Goodbye, Heart Breaking Even နဲ့ အခု အယ်လ်ဘမ်အသစ်ထဲက We ain't strangers anymore ပါ။ Le Ann Rimes ကတော့ Nicolas Cage ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Con Air ဇာတ်လမ်းထဲက နာမည်ကြီး ဇာတ်ဝင်တေးဖြစ်တဲ့ How do I live သီချင်းနဲ့ အောင်မြင်ခဲ့တဲ့ အဆိုတော်တစ်ယောက်ပါ။

Bon Jovi နဲ့ Le Ann Rimes တို့ သီဆိုထားတဲ့ ဒီသီချင်း စာသားတွေကို အောက်မှာ ဖော်ပြပေးထားပါတယ်။

We Ain't Strangers Anymore

It might be hard to be lovers
But it's harder to be friends
Baby pull down the covers
It's time you let me in
Maybe light a couple candles
I'll just go ahead and lock the door
If you just talk to me baby
Til we ain't strangers anymore
Lay your head on my pillow
I sit beside you on the bed
Don't you think it's time we say
Some things we haven't said
It ain't too late to get back to that place
Back to where, we thought it was before
Why don't you look at me
Til we aint strangers anymore
Sometimes it's hard to love me
Sometimes it's hard to love you too
I know it's hard believing
That love can pull us through
It would be so easy
To live your life
With one foot out the door
Just hold me baby
Til we ain't strangers anymore
[Solo]
It's hard to find forgiveness
When we just run out of lies
It's hard to say you're sorry
When you can't tell wrong from right
It would be so easy
To spend your whole damn life
Just keeping score
So let's get down to it baby
There ain't no need to lie
Tell me who you think you see
When you look into my eyes
Let's put our two hearts back together
And we’ll leave the broken pieces on the floor
Make love with me baby
Til we ain't strangers anymore
We’re not strangers anymore
We’re not strangers
We’re not strangers anymore

Read More...

Aug 30, 2007

ငါးလေးရဲ့ကမ္ဘာ

ဘ၀ရဲ့ ယုံကြည်စရာ ခပ်ပါးပါးတွေကြား ခြေပစ်လက်ပစ် ထိုင်ချလိုက်တယ်။ တကယ်တမ်းဆို ယုံကြည်စရာ ဆိုတာကိုက ယုံချင်စရာ မကောင်းတာ။ ငါးလေးရဲ့ကဗျာဆိုပြီး ဟိုးတလောက ရေးခဲ့ဖူးတာ သတိရတယ်။ ဒီတစ်ခါတော့ ငါးလေးရဲ့ ကမ္ဘာအကြောင်း နည်းနည်းပြောချင်ပါတယ်။

ငါးလေးရဲ့ကမ္ဘာမှာ ငါးတွေ ငါးတွေ နေရာအနှံ့ နေထိုင်ကူးခတ်နေကြတာ သန်းပေါင်းထောင်ချီလို့။

နေထိုင်ရာဒေသအလိုက် ခွဲမလား။ အလှပြကန်ကျဉ်းကျဉ်းထဲက ငါး၊ မြောင်းကြိုမြောင်းကြားက ငါး၊ ရေအိုင်ထဲက ငါး၊ စမ်းချောင်းထဲက ငါး၊ ပင်လယ်ထဲက ငါး၊ သမုဒ္ဒရာထဲက ငါး.. ငါးတွေ များလွန်းလှတယ်။

ယုံကြည်မှုဝါဒစွဲ အရ ခွဲမလား။ ဆိုရှယ်လစ် ငါး၊ ကွန်မြူနစ် ငါး၊ ဖက်ဆစ် ငါး၊ ကတ်ပတယ်လစ် ငါး (စကားချပ်။ ။Capitalist ကို ဆိုရှယ်လစ်ပြတင်းပေါက်မှ လှမ်းကြည့်ပြီး မြန်မာမှုပြုထားသော အရင်းရှင်ဆိုတဲ့ စကားကို မကြိုက်လို့ အရင်းရှင် ငါးဟု မသုံးပါ။) ၊ လစ်ဘရယ် ငါး၊ ကွန်ဆာဗေးတစ် ငါး၊ လက်ဝဲ ငါး၊ လက်ယာ ငါး၊ အကြမ်းဖက်ဝါဒီ ငါး၊ ဘာသာရေးအစွန်းရောက် ငါး၊ ယူတိုပီယမ် ငါး၊ ဒီမိုကရက်တစ် ငါး.. ငါးတွေ များလွန်းလှတယ်။

အလုပ်အကိုင်အရ ခွဲမလား။ အင်ဂျင်နီယာ ငါး၊ ဆရာဝန် ငါး၊ အိုင်တီပညာသည် ငါး၊ ဘောလုံးသမား ငါး၊ စာရင်းကိုင် ငါး၊ အနုပညာသည် ငါး၊ အိမ်ရှင်မ ငါး၊ စီးပွားရေးသမား ငါး၊ ပွဲစား ငါး၊ ရပ်ကွက်လူကြီး ငါး၊ ဘာမှ မတတ်ဘဲ ရာထူးကြီးကြီး ရထားတဲ့ ငါး၊ ပိုက်ဆံရရင် ဘာမဆိုလုပ်တဲ့ ငါး၊ တစ်ရာ့ကိုး တစ်ရာ့တစ်ဆယ် ငါး.. ငါးတွေ များလွန်းလှတယ်။

ငါးတန်းစားအလိုက် ခွဲမလား။ အခြေခံငါးတန်းစားတွေ ဖြစ်တဲ့.. ကြုံရာကျပန်း ငါး၊ တစ်နေ့ကူးမှ တစ်နေ့စားရတဲ့ ငါး။ ငါးလတ်တန်းစားတွေ ဖြစ်တဲ့.. အချိန်မှန် အလုပ်သွားရတဲ့ အလုပ်သမား ငါး၊ ရုန်းရင်းကန်ရင်း ကူးရတဲ့ အသေးစားလုပ်ငန်းရှင် ငါး၊ အကြွေးယူပြီး ပြန်မပေးတတ်တဲ့ ရပ်ကွက်ထဲက ကုန်စုံဆိုင် ပိုင်ရှင် ငါး၊ ငွေတိုးချေးစားတဲ့ ငါး။ ရေပေါ်ဆီလွှာမှာ ကူးတဲ့ ငါးတန်းစားတွေ ဖြစ်တဲ့.. ဘီယာတမြမြနဲ့ ငါး၊ ပန်းကုံးစွပ်တဲ့ ငါး၊ ဆူဆူဖြိုးဖြိုး ရေမထိုးဘဲ လာဘ်ထိုးရတဲ့ ငါး၊ သာကူးညာပေါင်း ကပ်ဖားရပ်ဖား ငါး၊ အခန့်သားကူးရင်း ဘဏ်တိုးမစားဘဲ လာဘ်ခိုးစားတဲ့ ငါး၊ ငါးကြီးရဲ့ ပီအေနဲ့ သိတဲ့ ငါး၊ အကောင်ကြီးကြီး အမြီးရှည်ရှည်နဲ့ ငါး၊ အခွင့်ထူးခံငါး၊ ဘုရင်ရူး ရူးတဲ့ ငါး။ ငါး အတန်းအစားတိုင်းမှာရှိတဲ့ ဘောလုံးပွဲလောင်းတဲ့ ငါး၊ နှစ်လုံးထီတိုးတဲ့ ငါး.. ငါးတွေ များလွန်းလှတယ်။

ငါးပေါင်း သောင်းခြောက်ထောင်ထဲမှာမှ ရပ်ကွက်ထဲက ဘလော့ဂ်ဂါငါးတွေလည်း အများအပြား ရှိပါသေးတယ်။ စည်းအပြင်က ငါး၊ လွတ်ကျခဲ့တဲ့ မြို့စား ငါး၊ အန္တရာယ်နယ်မြေက ငါး၊ ကော်ဖီကြိုက်တဲ့ ကဗျာဆရာ ငါး၊ မင်းသားယောင်ဆောင်ထားတဲ့ ငါး၊ သတ်ပုံမှားတဲ့ ဂျာနယ်လစ် ငါး၊ အိုအေစစ်ထဲမှာ ကူးတဲ့ ငါး၊ ဂေါက်သီးရိုက်တဲ့ ငါး၊ ဆိုက်ကားနင်းတဲ့ ငါး၊ ပရိုဂရမ်မာ ငါး၊ အိုး မိုင်ဂေါ့အစား အိုး မိုင်ဘလော့ဂ်လို့ ညည်းတတ်တဲ့ ငါး၊ ဒေါင်းယောင်ဆောင်တဲ့ ငါး၊ ကင်မရာတလွယ်လွယ်နဲ့ ငါး၊ အမြဲစိမ်း ငါး၊ ကိုပင်ဟေဂင်က ငါး၊ မိုးညိုရင် ကဗျာရေးတဲ့ ငါး၊ စကားပန်းကြိုက်တဲ့ ငါး၊ ဆရာဝန်မ ငါး၊ ကိုးန၀င်းကြေစနေသမီး ငါး၊ ကန်သေးသေးလေးထဲမှာ ကူးတဲ့ အကောင်ခပ်သေးသေး ငါး၊ ဂျစ်ကန်ကန် ငါး၊ ကွမ်းယာကြိုက်တဲ့ ငါး၊ ရေနံချောင်းကလာတဲ့ ငါး၊ ဘာညာသာရကာ ငါး၊ ကြယ်ငါး၊ ရေခဲပြင်မှာ ကူးတဲ့ ငါး၊ သီချင်းဆိုတဲ့ ငါး၊ အိမ်ခြံမြေပွဲစား ငါး၊ ညမှ ထွက်တဲ့ ငါး.. ငါးတွေ များလွန်းလှတယ်။ နောက်ပြီး ဘလော့ဂ်ငါးတွေအတွက် ကွန်မန့်တွေ ၀င်ဝင်ရေးတတ်တဲ့ ဒီမို ငါး။

ဒီလိုများလွန်းလှတဲ့ ငါးတွေအကြားမှာ ကဗျာဆရာ ငါးကတော့ ကူးလို့ခတ်လို့ ဘလော့ဂ်ပို့စ်တွေ တင်နေတုန်းပါပဲ။ အိမ်အပြန်လမ်းကတော့ ဝေးဆဲ။

Read More...

Aug 29, 2007

မိုးများရွာပါစေ

ပူလောင်ခြောက်သွေ့တဲ့ရက်စွဲတွေကြား
ဖျားနာခြင်းကို လက်ပြချင်တာ မဆန်းဘူး
တုတ်တချက် ဓားတပြက်
လျှပ်စီးတွေက လက်ကနဲ လက်ကနဲ..
ထုံးစံအတိုင်း လမ်းပေါ်မှာ ချိုင့်ခွက်တွေ
ခေါက်ရိုးကျိုးနေတဲ့ စကားတွေ ပြောကြဆိုကြ
ထောင်းလမောင်းကြေနေတဲ့ အတွေးအခေါ်တွေ ရေးကြမျှော်ကြ
လွယ်ထားတဲ့ စိတ်ဓားတစ်လက်ကို ကဗျာပေါ် တင်သွေးကြနဲ့
ဟိုမှာ လတ်လတ်ဆတ်ဆတ် ချိတ်ဆွဲထားတာက
ကမ္ဘာဦးလူရဲ့ကြောက်စိတ်တွေပါ

မသွားခဲ့ဘူး.. ဒါပေမယ့် ထားခဲ့တယ်
မလျှောက်ခဲ့ဘူး .. ဒါပေမယ့် ရောက်ခဲ့တယ်
မဖြစ်ခဲ့ဘူး.. ဒါပေမယ့် ခြစ်ခဲ့တယ်
ဆင်းရဲမွဲတေခြင်းကို
တစ်ဘ၀စာ မလိုချင်ဘဲ ကန်ထရိုက်ဆွဲခဲ့တဲ့
လူပေါင်း သန်းငါးဆယ်ရဲ့ ဘ၀တွေလေ
မိုးတွေကတော့
တစ်ခါဆို တစ်ခါမှ
အားနာပါးနာ မရွာခဲ့ဘူး မဟုတ်လား။ ။

ညီမင်းနိုင်

Read More...

Aug 28, 2007

ဝဋ်

ကမ္ဘာမီးလောင်တယ် အကြောင်းပြ ပြပြီး
ချ ချနင်းနေတဲ့ ဖိနပ်တွေကို ချွတ်ပစ်
ဒါ ပြည်သူ့မျက်ရည်စစ်စစ်ဖြစ်တယ်
ခင်ဗျားတို့လို
အာဏာမရောဘူး။

ကုန်ဈေးနှုန်းလေးတက်တာများကွာ ဆိုပြီး
မဆိုင်သလို လေပေးနဲ့ပြောတတ်တဲ့ ပါးစပ်တွေကို ဆေးပစ်
ဒါ ပြည်သူ့မျက်ရည်စစ်စစ်ဖြစ်တယ်
ခင်ဗျားတို့လို
အသပြာမရောဘူး။

တစ်ဘ၀စာ အခန့်သားနေရရုံနဲ့ ငါ မထိ ငါ မသိ ကျင့်သူတွေ
စုံမှိတ်ထားတတ်တဲ့ မျက်လုံးတွေကို ဖွင့်ကြည့်
ဒါ ပြည်သူ့မျက်ရည်စစ်ဖြစ်တယ်
ခင်ဗျားတို့လို
ပါဝါမရောဘူး။

အဲဒီဖိနပ်တွေ ခဏခဏ စီး
အဲဒီပါးစပ်ကြီးတွေနဲ့ ပြော
အဲဒီဒေါသမျက်လုံးတွေနဲ့ ကြည့်
ခင်ဗျားတို့ မသိလိုက်တာက
ဝဋ်ဆိုတာလည်တတ်တယ်ဆိုတာကိုပဲ။ ။

ညီမင်းနိုင်

Read More...

ကဗျာဆရာအမည် စာရင်းဝင်သွားခြင်း

သေရဲနေရဲတယ်ဆိုတာ
ကိုယ့်မြန်မာအချင်းချင်း ဖိနှိပ်ရတာဆိုရင်

လုပ်ရဲကိုင်ရဲတယ်ဆိုတာ
ကိုယ့်မြန်မာအချင်းချင်း ခေါင်းပုံဖြတ်ရတာဆိုရင်

တွေးရဲခေါ်ရဲတယ်ဆိုတာ
ကိုယ့်မြန်မာအချင်းချင်း ဖြစ်ချင်တာဖြစ်ပစေ သဘောထားရတာဆိုရင်

ပြောရဲဆိုရဲတယ်ဆိုတာ
ကိုယ့်မြန်မာအချင်းချင်း ဆဲဆိုငြင်းခုန်ရတာဆိုရင်

တိုက်ရဲခိုက်ရဲတယ်ဆိုတာ
ကိုယ့်မြန်မာအချင်းချင်း ရိုက်ရနှက်ရတာဆိုရင်

ခင်ဗျားတို့ နာမည်စာရင်းအရှည်ကြီးထဲက
“ချေမှုန်း” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ
ကဗျာဆရာ လို့ ခပ်ရဲရဲထည့်လိုက်ပါ။

ညီမင်းနိုင်

(မှတ်ချက်။ ။ “ဦးမင်းလူ နှုတ်ထွက်သွားခြင်း” ဆိုတဲ့ ဆရာမင်းလူရဲ့ ကဗျာတစ်ပုဒ်ကို သတိရမိပြီး ခုရက်ပိုင်း ခံစားနေရတဲ့ ခံစားချက်တွေကို ကဗျာအဖြစ် အသွင်ပြောင်းကြည့်တာပါ)

Read More...

Aug 25, 2007

သြဂုတ်တစ္ဆေ

၈၈ ရဲ့ ၀ိညာဉ်တွေ အသက်ဝင်လာခဲ့ပြီလား။

The ghost of 1988 is back to haunt Myanmar's military generals amid mounting public anger over a massive fuel price hike.
(Source : Today Newspaper : 23rd Aug 2007)

မနေ့က စင်္ကာပူထုတ် တူဒေးသတင်းစာမှာ မြန်မာပြည်တွင်းက လက်ရှိဆန္ဒပြမှုတွေကို အခုလို ရေးထားတာတွေ့တော့ အဆိုတော်မွန်းအောင်ရဲ့ ၈/၈၈ အင်းလျား သီချင်းခွေထဲက “သွေးမုန်တိုင်း” သီချင်းသံကို ကြားလိုက်မိတယ်။

~~လမ်းမထက်စီးတဲ့သွေးတွေ ပျောက်ပျက်ကာ သွားပြီမထင်နဲ့ဟေ့ ~~

ဓာတ်ဆီဈေး၊ သဘာဝဓာတ်ငွေ့ဈေးတွေကို နိုင်ငံတကာစံနှုန်းနဲ့ ကိုက်ညီအောင်ဆိုပြီး ပညာတတ်များပီပီ ရွှေဥာဏ်တော်စူးရောက်ကာ အသိပေးကြိုတင်ကြေညာခြင်းမရှိဘဲ အဆမတန် မြှင့်တင်လိုက်တာကြောင့် အထွေထွေကုန်ဈေးနှုန်းများ တရိပ်ရိပ်တက်ကာ နိုင်ငံတကာစံချိန်မီ လခတွေ မရကြတဲ့ မြန်မာပြည်သူတွေရဲ့ လူထုဆန္ဒပြမှုတွေကို ဖြစ်ပွားစေခဲ့ပါတယ်။ လူထုဆန္ဒပြမှုတွေ ဖြစ်ပွားနေတုန်းမှာပဲ ဒေ၀ူးကုမ္ပဏီက မြန်မာ့ကမ်းလွန်ပင်လယ်ပြင်မှာ ကိုရီးယားနိုင်ငံရဲ့ လက်ရှိ သဘာဝဓာတ်ငွေ့သုံးစွဲမှု အတိုင်း ၇ နှစ် ဆက်တိုက် သုံးမယ်ဆိုရင်တောင်မှ မကုန်နိုင် မခန်းနိုင်အောင် သုံးနိုင်တယ်ဆိုတဲ့ သဘာဝဓာတ်ငွေ့သိုက်ကြီး တစ်ခုကို ထပ်မံတွေ့ရှိခဲ့တဲ့အကြောင်း ကြေညာခဲ့ပါတယ်။ မြေပေါ်မြေအောက်မက ရေအောက်မှာပါ သုံးမကုန်တဲ့ သယံဇာတတွေ ပေါများလှတဲ့ တိုင်းပြည်လို့ အစိုးရထုတ် သတင်းစာမျက်နှာတွေထက်မှာ ခဏခဏ ကြွားလုံးထုတ်ခဲ့တဲ့ ကျွန်တော်တို့ရဲ့ မြန်မာပြည်မှာ ဆင်းရဲမွဲတေမှုတွေ တစထက်တစ ပိုများလာခဲ့တာ ဂုတ်သွေးစုပ်နေတဲ့ စာမတတ်ပေမတတ် အာဏာရှင်မိုက်ရူးရဲတစ်စုရဲ့ အုပ်ချုပ်မှုညံ့ဖျင်းမှုကြောင့်လို့ ကျွန်တော် ပြောရင် ဘယ်သူငြင်းချင်ပါသလဲ။

မီဒီယာကို မီဒီယာနဲ့ တုံ့ပြန်ရမယ်ဆိုပြီး ဓားကိုဓားချင်း တုတ်ကိုတုတ်ချင်းသာ တိုက်ခိုက်တတ်ပြီး စားပွဲဝိုင်းမှာ ဆွေးနွေးဖို့ အမြဲငြင်းတတ်သူတွေရဲ့ အာဏာစက်အောက်မှာ သတိကိုဆွဲ မတ်မတ်ရပ်ရင်း ဦးနှောက်တစ်ခုလုံး သုံးစားမရအောင် အရှင်းခံထားရတဲ့ အာဏာရှင်လက်ပါးစေ ကပ်ဖားရပ်ဖား လုပ်တတ်သူတချို့ကတော့ ဘလော့ဂ်ကို ဘလော့ဂ်ချင်းတိုက်ဖို့ မာန်ဖီနေတာကို တွေ့ရပါတယ်။ ပိုက်ဆံပေးပြီး ကလေကချေလူမိုက်တွေကို ငှားရိုက်ခိုင်းသူတွေက ဆန္ဒပြဖို့ လမ်းလျှောက်မယ့်သူတွေကို တစ်ယောက် ၂၀၀၀ ပေးပြီး အငှား လျှောက်ခိုင်းတယ်လို့ ပြောတာကတော့ တဆိတ် ရယ်စရာ မကောင်းလွန်း နေဘူးလား။ သူခိုးက လူပြန်ဟစ်တယ်ဆိုတာ ဒါမျိုးထင်ပါရဲ့။ တိုင်းပြည်က ပြည်သူပိုင်ဘဏ္ဍာငွေနဲ့ ပညာတော်သင်လွှတ်ထားတဲ့ ကျေးဇူးကိုမှ မငဲ့ကွက်ဘဲ ထမင်းကျွေးတဲ့ လက်ကို မာနတလွှားလွှားနဲ့ ပြန်ကိုက်ဖို့ ကြိုးစားနေရင် “ငါ ဘာကောင်လဲ” လို့ အရင် မေးခွန်းထုတ်လိုက်ပါ။ တိုင်းပြည်ကျေးဇူးကို နားလည်သိတတ်ပြီး ခေါင်းထဲရိုက်သွင်းသမျှကို အသိဥာဏ်နဲ့ စစ်ယူတတ်တဲ့ ....ငါတို့လက်ထက်ရောက်တဲ့အခါ အာဏာရှင်တွေလို မဖြစ်အောင် တိုင်းပြည်တိုးတက်သာယာအောင် ပြောင်းလဲပစ်မယ်ဆိုတဲ့ စိတ်မျိုးထားတတ်တဲ့ ပညာတော်သင် သူငယ်ချင်းတွေလည်း ရှိနေမယ်ဆိုတာ ယုံကြည်ပါတယ်။

လူထုဆန္ဒပြမှုတွေ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာတာနဲ့အမျှ ကြောက်လန့်ပြီး စစ်သား၊ ကြံ့ဖွတ် (ဖွံ့ လို့ ကျွန်တော်မရေးပါ)၊ စွမ်းအားရှင် ( ရမ်းကားရှင်လို့ နာမည်ပေးရင် ပိုမှန်ပါလိမ့်မယ်) တွေကို နေရာအနှံ့ချထားပါတော့တယ်။ ဓာတ်ဆီဈေး၊ သဘာဝဓာတ်ငွေ့ဈေးတွေ တက်တာကြောင့် ရုတ်တရက် ခုန်တက်လိုက်ရတဲ့ ဘတ်စ်ကားခတွေကိုလည်း အာဏာကိုသုံးပြီး အရင်မူလ ဈေးနှုန်းအတိုင်း အတင်းအဓမ္မပြန်လည် ပြေးဆွဲခိုင်းပါတယ်။ တိုင်းပြည်တစ်ခုလုံးကို အတင်းအာဏာလု အုပ်ချုပ်နေပြီး ကလေးကစားသလို ရှုံ့ချည်နှပ်ချည် ဆောရီးလုပ်လို့ ရမယ်လို့ ထင်နေရင် အခုကတည်းက ပြေးဖို့ အထုပ်ပြင်ထားကြဖို့ လိုနေပါပြီ။ ဘာလို့လဲဆိုတော့ ကားခ၊ ဓာတ်ဆီခ ဈေးတက်ရခြင်းဟာ စနှက်တံကို ဆွဲဖြုတ်လိုက်ချင်းသာ ဖြစ်ပြီး ပြည်သူတွေ တနေ့တခြား ကြပ်တည်းလာမှုဆိုတဲ့ ဗုံးတစ်လုံးကတော့ ဖြစ်တည်နေခဲ့တာ ကြာပါပြီ။

မကြာခင်မှာ လူထုအုံကြွမှုဟာ အခုထက် ပိုပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ တစတစ ကြီးမားလာတော့မှာပါ။ အာဏာရှင်တွေကလည်း အိမ်ကြက်ချင်း အိုးမဲသုတ်ပြီး ရိုက်ခိုင်းနေပါတယ်။ ကိုယ့်မျက်နှာကိုယ် အိုးမဲသုတ်ပြီး ပြည်သူအချင်းချင်း ညှင်းပန်းနှိပ်စက် ရိုက်နှက်ခြင်း မပြုကြဖို့။ တပ်မတော်သားတွေအနေနဲ့လဲ ပြည်သူဆိုတာ ရန်သူမဟုတ်ကြောင်း အသိတရားထားကြဖို့၊ ပြည်သူတွေအနေနဲ့လဲ ပြည်သူတွေကိုယ်စား ရဲရဲဝံ့ဝံ့ဆန္ဒပြ ဆန္ဒထုတ်ဖော်နေသူတွေကို ဘေးကနေ ရပ်ကြည့်ရုံ၊ ၀ိုင်းပြီး လက်ခုပ်တီးပေးရုံ မလုပ်ကြဘဲ .. ကိုယ်တိုင်ကိုယ်ကျ ပါဝင်ကြဖို့ လိုအပ်နေပါပြီ။

ကဲ... ၈၈ သြဂုတ်တစ္ဆေတွေရဲ့ အရိုးတွန်သံတွေနဲ့အတူ စစ်အာဏာရှင်တွေကို မောင်းထုတ်ကြရအောင်.. ။

Read More...

Aug 19, 2007

တစ်ခါကလွယ်အိတ်လေး

တစ်ခါက ကျွန်တော့်မှာ လွယ်အိတ်လေးတစ်လုံးရှိပါသည်။ ထူးထူးခြားခြား မဟုတ်ဘဲ ရိုးရိုးသာမန် အညိုရောင် လွယ်အိတ်လေးတစ်လုံးပါ။ သို့သော် ထိုလွယ်အိတ်လေးသည် ကျွန်တော်နှင့် တရင်းတနှီး အတူရှိနေခဲ့သော ရဲဘော်ရဲဘက်တစ်ဦး ဖြစ်ခဲ့သည်။ ထိုစဉ်က ထိုလွယ်အိတ်လေးကို “တိုက်ပွဲဝင်လွယ်အိတ်” ဟု ကျွန်တော် အမည်ပေးခဲ့ဖူးပါသည်။ ဘာကြောင့်လည်း ဆိုတော့ ထိုလွယ်အိတ်ကလေးကို လွယ်ကာ ကျွန်တော့် ဆယ်တန်းကျောင်းသား ဘ၀ကို ကျော်ဖြတ်ခဲ့ရသောကြောင့် ဖြစ်သည်။ တကယ်လည်း ဆယ်တန်းကျောင်းသား ဘ၀သည် ကျွန်တော့်အတွက် တိုက်ပွဲကြီးတစ်ပွဲ ဖြစ်ခဲ့သည်။ ကျွန်တော် အောင်နိုင်ခဲ့သလား။ ရှုံးနိမ့်ခဲ့သလား။ ကျွန်တော်ကတော့ အပြင်းအထန် တိုက်ခဲ့သည်မှာ သေချာသည်။ ကျွန်တော့်ကိုလည်း အပြင်းအထန် လာတိုက်ခဲ့ကြတာကို ခံစားခဲ့ရဖူးပါသည်။ ဘာဖြစ်ဖြစ် လွယ်အိတ်လေးကတော့ အသိဆုံးဖြစ်ပေမည်။

ထိုလွယ်အိတ်ကလေးထဲတွင် ကျွန်တော် မှတ်သားထားသော ကျောင်းစာမှတ်စုများစွာ နေရာယူဖူးသည်။ ထို့အပြင် ကျွန်တော် တခါတရံ စိတ်ကူးရရင်ရသလို ရေးဖြစ်သော ကဗျာအပိုင်းအစများ နေရာယူဖူးသည်။ လွယ်အိတ်ကလေးထဲတွင် ကျွန်တော့်ဖတ်လက်စ စာအုပ်များလည်း နေရာယူဖူးပါသည်။ သူငယ်ချင်းများနှင့်အတူ ပေါင်းကာ စုထုတ်ခဲ့ဖူးသော ကဗျာစာအုပ်ကလေးများလည်း အချိန်တော်တော်ကြာ နေရာယူခဲ့ဖူးပါသည်။ ဆယ်တန်းပြီးကာစ ကဗျာဆရာဂိုက်ဖမ်းပြီး ထိုလွယ်အိတ်ကလေးကို လွယ်ကာ ၃၃လမ်းရှိ လေထန်ကုန်းနားတွင် ၀ါသနာတူသူငယ်ချင်းနှင့် ယောင်လည်လည်လုပ်ခဲ့ဖူးပါသည်။ ထိုလွယ်အိတ်ကလေးထဲမှ ကဗျာများကို ထုတ်၍ မဂ္ဂဇင်းအယ်ဒီတာအချို့အား တောင်းတောင်းပန်ပန်ဖြင့် ရွေးမှာ မဟုတ်မှန်းသိသိကြီးနှင့် စာမူတွေ ပေးခဲ့ဖူးပါသည်။ ထိုလွယ်အိတ်ကလေးထဲသို့ပင် အမြဲတမ်း အရွေးခံရလေ့မရှိသော ကဗျာများကို မျက်နှာငယ်ငယ်ဖြင့် ပြန်လည်သိမ်းဆည်းခဲ့ရဖူးပါသည်။ မိုးရေထဲတွင် လွယ်အိတ်ကလေးကို ပိုက်ပြီး လွယ်အိတ်လေးမိုးစိုမှာ စိုး၍ မိုးခိုဖို့နေရာ ရှာခဲ့ဖူးပါသည်။ လွယ်အိတ်ကလေးကို ပေါင်ပေါ်တင်ကာ လက်ဖက်ရည်ဆိုင်မှာ ကာရန်မဲ့ ကဗျာတွေ အကြောင်း သူငယ်ချင်းတစ်ချို့နှင့် ငြင်းခုံခဲ့ဖူးပါသည်။ ထိုလွယ်အိတ်ကလေးကိုပင် နံဘေးမှာထားပြီး ထူးအိမ်သင် သီချင်းတွေ လည်း ဆိုညည်းခဲ့ကြဖူးပါသည်။ “အဝေးက လမ်းဟောင်းလေးကို ငါဟာနှုတ်ဆက် .. အမေ့ရဲ့မျက်ရည်စက်တွေငါဟာ နှုတ်ဆက်.. အပြာရောင် ကျောပိုးအိတ်တစ်ခုထဲ.. ဒဏ်ရာအဟောင်းလေးကိုထည့် သွားရတော့မယ်...” ဆိုတဲ့ လက်ဖက်ရည်ဆိုင် စပီကာမှ ထွက်လာသော အသံအတိုင်း တိုးတိုးလေး လိုက်ညည်းရင်း လွယ်အိတ်အညိုလေးထဲက ကျွန်တော့် ဒဏ်ရာပေါင်းများစွာ အကြောင်း တွေးငေးခဲ့ဖူးပါသည်။

လွယ်အိတ်ကလေးသည် ကျွန်တော့်သနပ်ခါးပွင့်လေးအတွက် မပေးဖြစ်ခဲ့သော ကဗျာတွေအကြောင်း သိသည်။ ကျွန်တော့်ရင်ဘတ်ထဲက ၀မ်းနည်းမိုးတိမ်တွေအကြောင်း သိသည်။ ကျွန်တော့်ရင်ဘတ်ထဲက ပျော်ရွှင်တိမ်တိုက်တွေ အကြောင်းလည်း သိသည်။ ကျွန်တော့်နှလုံးသားထဲ သိမ်းဆည်းထားသော ရင်ခုန်သံတွေ အကြောင်း သိသည်။ ကျွန်တော် ပြန်မဆုံချင်သော ကျွန်တော်ပြန်မတွေ့ချင်သောသူများအကြောင်း သိသည်။ ကျွန်တော် တိတ်တဆိတ်မက်ခဲ့ရသော နိုးတ၀က်အိပ်မက်တွေ အကြောင်း သိသည်။ ဘယ်သူမှသိခွင့်မရခဲ့သော ကျွန်တော့် အကြောင်း တော်တော်များများကို သိသူမှာ ကျွန်တော်ပြီးလျှင် လွယ်အိတ်ကလေးသာ ဖြစ်မည် ထင်ပါသည်။ တကယ်တော့ လွယ်အိတ်ကလေးသည် ကျွန်တော့်ကို အမြဲအားပေးတတ်သူ၊ ကျွန်တော့်နှင့်အတူ လမ်းတွေ မညည်းညူစတမ်း လျှောက်ခဲ့သူဖြစ်သည်။ လွယ်အိတ်ကလေးကို ပခုံးထက်မှာလွယ်ကာ လမ်းလျှောက်နေရသော အရသာကို ကျွန်တော် အခုတဖန် ပြန်မရနိုင်တော့သည်မှာ သေချာပါသည်။

စင်္ကာပူသို့ ကျောင်းတက်ရန် ထွက်လာခါနီး တစ်နေ့တွင်တော့ ကျွန်တော့်လွယ်အိတ်ကလေးထောင့်စွန်းမှာ အနည်းငယ် စုတ်ပြဲနေသည်ကို အမှတ်မထင် တွေ့လိုက်ရပါသည်။ အမေက ပြန်ပြီး ချုပ်ပေးမည် ပြောသော်လည်း ကျွန်တော် လက်မခံခဲ့ပါ။ “နေပါစေ အမေ..” ဟု သာ ပြန်ပြောလိုက်ပါသည်။ “ဒီလိုလေး စုတ်ပြဲနေတာကိုက တိုက်ပွဲဝင်တစ်ယောက်ရဲ့ ဒဏ်ရာကို တခမ်းတနား ဂုဏ်ပြုဖော်ပြနေတာပဲ” ဟူသော ကျွန်တော့်ခပ်ကြောင်ကြောင်အတွေးကိုတော့ အမေ့အား မပြောဖြစ်ခဲ့ပါ။ အမေကတော့ လွယ်အိတ်ကလေးကို မကြာခဏလျှော်ဖို့ ဆွယ်တရား ဟောတတ်သည်။ ကျွန်တော်က ခဏခဏ မလျှော်စေချင်ပါ။ လွယ်အိတ်ကလေး နွမ်းသွားမည်ကို စိုးပါသည်။ ပြီးတော့ ခဏခဏ လျှော်ပြီး မွှေးမြသစ်လွင်တောက်ပြောင်နေတာထက် ခပ်မှိုင်းမှိုင်းဖြင့် အနံ့ခပ်ပြင်းပြင်းလေးထွက်နေသည်ကို ကျွန်တော် ပိုသဘောကျပါသည်။

ဒီလိုနှင့် ကျွန်တော် စင်္ကာပူသို့ထွက်ခဲ့ပါသည်။ လွယ်အိတ်ကလေးကို ကျွန်တော်နှင့်အတူ မခေါ်လာဖြစ်ပါ။ အမှန်က သူ့ကို ကျွန်တော့်ကိုယ်စား မြန်မာပြည်မှာ ထားခဲ့ချင်သောကြောင့် ဖြစ်သည်။ ကျွန်တော် မြန်မာပြည်ပြန်လည်ဖြစ်သည့်အခါ ကျွန်တော် အဝေး ရောက်နေတုန်း ဘာတွေ ဖြစ်ပျက်နေသလဲဆိုသည်ကို သူ့ကို ပြန်မေးမည်ဟူသော ခပ်ကြောင်ကြောင် စိတ်ကူးဖြင့် ထားခဲ့မိခြင်း ဖြစ်သည်။ ကျွန်တော် စင်္ကာပူမှာ ကျောင်းတက်ပြီး ၆လအကြာတွင် မြန်မာပြည်သို့ အလည်တစ်ခေါက်ပြန်ရောက်ခဲ့ပါသည်။ သို့သော် လွယ်အိတ်ကလေး အိမ်တွင် ရှိမနေတော့ပါ။ ဆင်းရဲနွမ်းပါးတဲ့ တစ်ယောက်ယောက်ကိုများ ပေးပစ်လိုက်ပြီလား။ ဒါမှမဟုတ်။ ကျွန်တော် ဆက်မတွေးဖြစ်တော့ပါ။ လွယ်အိတ်ကလေးရှိနေသေးလျှင်လည်း အတော့်ကို ဟောင်းနွမ်း နေလောက်ပါပြီ။ ကိစ္စ္စမရှိပါ။ ကျွန်တော့် အတွေးထဲ အာရုံထဲတွင် တစ်ချိန်က ကျွန်တော့် တိုက်ပွဲဝင် လွယ်အိတ်ကလေး အမြဲထာဝရရှိနေမည်ဆိုတာ ကျွန်တော်သာ အသိဆုံးဖြစ်ပါသည်။

အခုအချိန်တွင် ကျွန်တော့်မှာ ထိုလွယ်အိတ်ကလေးရှိနေဦးမည်ဆိုလျှင် ဘာတွေထည့်ထားရင် ကောင်းမလဲ လို့တော့ တစ်ခါတစ်ခါ တွေးမိပါသည်။ ချစ်သူနှင့်အတူ ရိုက်ထားသော ဓာတ်ပုံလေးတွေ ထည့်ထားလျှင် ကောင်းမလား။ “နတ်ဆိုးတွေ ငါ့ပန်းရနံ့ကို ရှူရင်းနဲ့လဲကျ ကောင်မလေး တစ်ယောက် ငါ့ကိုလွမ်းတဲ့ည” ဟူသော ချစ်သူရဲ့ ကဗျာရွတ်သံလေးတွေ ထည့်ထားလျှင် ကောင်းမလား။ မျက်လုံးမှိတ်လိုက်တိုင်း တွေ့တွေ့နေရသည့် ချစ်သူရဲ့ အပြုံးလေးတွေ ထည့်ထားလျှင် ကောင်းမလား။ အနမ်းတွေကို ပန်းတွေအဖြစ် ဖန်ဆင်းပြီး လွယ်အိတ်လေးထဲ ထည့်သိမ်းထားရင် ကောင်းမလား။

ထိုအညိုအရောင် လွယ်အိတ်ကလေးတစ်လုံး၏ ညှို့ယူမှုအောက်တွင် အရာရာသည်
ပေါ့ပါးစွာ ...
လွတ်လပ်စွာ ...
အထိန်းအကွပ်မဲ့စွာ ...
မျှော်လင့်စွာ ...
ရူးသွပ်စွာ ...
ကျွန်တော့် ရင်ခုန်သံကတော့ အခုထိ ခပ်မှန်မှန်ထွက်နေဆဲဖြစ်သည်။

ညီညီ(သံလွင်)

သံလွင်အိပ်မက် အမှတ် ၉ မှာ ရေးဖြစ်ခဲ့သော အက်ဆေးတစ်ပုဒ်ပါ။ ဒီနေရာမှာ သွားဖတ်နိုင်ပါတယ်။

Read More...

Aug 17, 2007

သံလွင်ကိုအိပ်မက်တဲ့အခါ ငါတို့ရဲ့တေးသွားကို ကြားလိမ့်မယ်


ဒီနေ့ ဇင်ကိုလတ်နဲ့ နေဘုန်းလတ်တို့ နှစ်ယောက်ရဲ့ ဘလော့ဂ်တွေမှာ သံလွင်အိပ်မက် စတင်ထုတ်ဝေခြင်း (၃) နှစ်ပြည့်အတွက် အမှတ်တရ ပို့စ်တွေ တင်ထားမှပဲ ပြက္ခဒိန်ကို ကြည့်မိတော့တယ်။ သြော်.. ဒီနေ့ သြဂုတ်လ ၁၇ ရက် ကိုး။ လွန်ခဲ့တဲ့ သုံးနှစ် ဒီအချိန်မှာ ကျွန်တော်နဲ့ ဇင်ကိုလတ် (ခ) စည်သူ(သံလွင်) တို့ နှစ်ယောက် သံလွင်အိပ်မက် အမှတ်(၁) ကို စပြီး ထုတ်ခဲ့ကြတယ်။ စင်္ကာပူအခြေစိုက် Portal တစ်ခုအဖြစ် သံလွင်ဒေါ့ကွန်းကို ဖန်တီးကြဖို့ စိတ်ကူးရတဲ့အချိန်မှာ သံလွင်ကို လူသိများလာအောင် အားဖြည့်တဲ့အနေနဲ့ အွန်လိုင်းမဂ္ဂဇင်းတစ်ခု လုပ်ကြဖို့ တိုင်ပင်ကြပြီး နာမည်ပေးဖို့ စဉ်းစားကြပါတယ်။ ဒါနဲ့ အနှစ်နှစ်အလလ မက်ခဲ့ရတဲ့ အိပ်မက်တွေကို ရည်ရွယ်ပြီး လူငယ်တွေကို ကိုယ်စားပြုနိုင်ဖို့ဆိုတဲ့ အဓိပ္ပာယ်နဲ့ သံလွင်အိပ်မက် ဆိုတဲ့ နာမည်ကို ပေးခဲ့တယ်။ သံလွင်အိပ်မက်အတွက် လိုဂိုကိုလည်း မြန်မာပြည်မြေပုံမှာ သံလွင်မြစ်တစ်စင်းကို ဆွဲထည့်ပြီး ဖန်တီးခဲ့တယ်။ နောက်ပြီး Identity တစ်ခုအနေနဲ့ရော ဆွဲဆောင်မှုလည်း ရှိအောင်.. နာမည်ကျော် NIKE ကုမ္ပဏီရဲ့ Just do it လိုဆောင်ပုဒ်မျိုး ကို အားကျပြီး “သံလွင်ကိုအိပ်မက်တဲ့အခါ ငါတို့ရဲ့တေးသွားကို ကြားလိမ့်မယ်” ဆိုတဲ့ ဆောင်ပုဒ်တစ်ခုကို စဉ်းစားမိတော့ ထပ်တည့်လိုက်တယ်။ ဒီလိုနဲ့ပဲ သံလွင်အိပ်မက် စတင် မွေးဖွားခဲ့တယ် ဆိုပါတော့။

ကဲ.. စာမူတွေ ဘယ်လိုရှာကြမလဲ။ သူငယ်ချင်းတွေကို လိုက်မေးတယ်။ သံလွင်အိပ်မက်ဆိုတာ ဘာမှန်း မသိသေးချိန်မှာ လိုသလောက် စာမူကို မရခဲ့ဘူး။ ပထမဆုံး တစ်စောင် နှစ်စောင်မှာ ကျွန်တော်နဲ့ စည်သူ နှစ်ယောက်သား ကလောင်တွေ မျိုးစုံခွဲပြီး ရေးခဲ့ရတယ်။ ညီညီ(သံလွင်)၊ ခေလွန်း၊ ကိုသံလွင်၊ သံလွင်မောင်၊ ဇင်ကိုလတ်၊ စည်သူ(သံလွင်) .. ။ နောက်တော့ စည်သူနဲ့ ငယ်ပေါင်းသူငယ်ချင်း.. နေမျိုး စင်္ကာပူ ရောက်လာတော့ သံလွင်အိပ်မက်အတွက် တအားဖြစ်လာခဲ့တယ်။

“စည်သူရေ.. မနက်ဖြန်ညနေ meeting လုပ်မယ်။ နေမျိုးကိုပါ ခေါ်ခဲ့ဦး”

စည်သူ၊ နေမျိုး၊ ကျွန်တော် .. နောက်တော့ အားလုံး တိုင်ပင်ပြီး ကိုငယ်(မန္တလေး) ကိုပါ ကျွန်တော်တို့ အယ်ဒီတာအဖွဲ့ထဲ ဆွဲသွင်းခဲ့ပါတယ်။ အယ်ဒီတာ ၄ယောက်ဖြစ်သွားပြီး စည်စည်ကားကားဖြစ်လာတဲ့ သံလွင်အိပ်မက်မှာ စာမူပုံမှန်ပေးပို့လာတဲ့ အမာခံစာရေးဆရာများလည်း ပို ပိုပြီးများလာခဲ့တယ်။

“ကိုငယ်၊ နေမျိုး၊ စည်သူ .. သံလွင်မောင်ရဲ့ သူငယ်ချင်းသို့ပေးစာ အတွက် ဖြည့်ရေးချင်တာရှိရင် ထပ်ဖြည့်ရေးပြီး အီးမေးလ် ပြန်ပို့လိုက်ပါ”

အချို့ အချို့သော အွန်လိုင်း မဂ္ဂဇင်းများဟာ ပေါ်ပြီး မကြာမီမှာပဲ ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့ကြပေမယ့် သံလွင်အိပ်မက်ကတော့ အခုထိ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတာဟာ အမြဲတစေ အားပေးခဲ့ကြသူတွေရဲ့ ကျေးဇူး မကင်းပါဘူး။ အယ်ဒီတာ ၄ယောက်လုံး အသက်ကလည်း တစ်နှစ်ကြီးတစ်နှစ်ငယ်တွေဆိုတော့ လူငယ်တွေပီပီ စိတ်ဓာတ်တွေ တက်တက်ကြွကြွနဲ့ သံလွင်အိပ်မက် ထွက်ခါနီးညတွေဆိုရင် အိပ်ရေးပျက်ခံပြီး လုပ်ခဲ့ကြတယ်။ ကျွန်တော်တို့ ဘာအကျိုးအမြတ်ကိုမှ မျှော်လင့်ပြီး မလုပ်ခဲ့ကြပါဘူး။ တစ်နှစ်တစ်နှစ် သံလွင်ဒေါ့ကွန်း website hosting အတွက် အယ်ဒီတာအားလုံး အိတ်စိုက်ပြီး လုပ်ခဲ့ကြတယ်။ ပြီးတော့ ပညာဒါနအနေနဲ့ မြန်မာနိုင်ငံက ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေမှာ သံလွင်အိပ်မက်တစ်စောင်ထွက်တိုင်း လှူဒါန်းခဲ့တယ်။

ကျွန်တော်တို့ တတ်နိုင်တဲ့ဘက်ကနေ တိုင်းပြည်အတွက် လူငယ်တွေအတွက် တစ်ခုခု လုပ်ပေးချင်တယ်ဆိုတဲ့ စိတ်နဲ့ ကျွန်တော်တို့ ကြိုးစားပမ်းစားလုပ်ခဲ့ကြတာ ၃နှစ်တင်းတင်း ပြည့်ခဲ့ပြီပေါ့။
မှန်ခဲ့တာတွေလည်း ရှိချင်ရှိမယ်။
မှားခဲ့တာတွေလည်း ရှိချင်ရှိမယ်။
မှန်ခဲ့တာတွေကို အားပေးချီးကျူးခဲ့ကြပြီး မှားခဲ့တာတွေအတွက် နားလည်ခွင့်လွှတ်ပေးခဲ့ကြတဲ့ စာဖတ်ပရိသတ်အတွက် သံလွင်အိပ်မက်ကို ကျွန်တော်တို့ ကောင်းသထက်ကောင်းအောင် ဆက်လုပ်သွားကြမယ်။
လူငယ်တွေဟာ တိုင်းပြည်အတွက် အရေးအကြီးဆုံး အရင်းအမြစ်ဆိုတဲ့ message ကို မြန်မာလူငယ်တွေ အားလုံးကြားအောင် သံလွင်ရဲ့ တေးသွားတွေကို သံပြိုင်ဆိုပြီး ကျွန်တော်တို့ ရှေ့ခရီးဆက်ကြဦးမယ်။ ကျွန်တော်တို့အားလုံးအတွက် အနာဂတ်အသစ် တိုင်းပြည်အသစ် မြန်မာနိုင်ငံသစ်ကို ထူထောင်ဖို့ ကိုယ်နိုင်ရာ ကျရာအခန်းကဏ္ဍက တတပ်တအား ပါဝင်ကြိုးစားနေခြင်းဟာ ကျွန်တော်တို့နဲ့ ရင်ခုန်သံ နီးစပ်စေခြင်းပဲ ဖြစ်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။

Read More...

Aug 16, 2007

နံပါတ်တွေနဲ့ ရေးတဲ့ကဗျာ

အနာဂတ်ကို စိတ်ထဲမှာမှတ်
လက် ရှစ်ချောင်းထောင်
မရေရာမှုတွေကြောင့်
နေ့ရောညပါ မှောင်သလား။

တစ် .. ကုန်ဈေးနှုန်း တက်တယ်
ငါး .. ကိုယ်ရည်ကိုယ်သွေး ကျတယ်
သုည .. စိတ်ဓာတ် ကျတယ်
ရှစ် .. ကားခ တက်တယ်
နှစ် .. ငွေစက္ကူတန်ဖိုး ကျတယ်
သုည .. လောင်စာဆီ တက်တယ်
သုည .. ယုံကြည်မှု ကျတယ်
ခုနစ် .. ဆင်းရဲမွဲတေမှု တက်တယ်

တစ် ငါး
သုည ရှစ်
နှစ် သုည သုည ခုနစ်
နစ်သထက် နစ်
အစ်သထက် အစ်
ကြယ်တွေလခြမ်းတွေ အစား
ရှစ် ဆိုတဲ့ နံပါတ်သာ ပုခုံးမှာ ထမ်းထားတော့… ။ ။

ခေလွန်း

Read More...

Aug 15, 2007

အမေ

ထူးအိမ်သင်ရဲ့ အမေ သီချင်းတွေကို နားထောင်မိတိုင်း ငယ်ငယ်က မိသားစုဘ၀နဲ့ အမေ့ကို သတိရပါတယ်။ သားသမီးလေးယောက်မှာ အငယ်ဆုံးသားဖြစ်တဲ့ ကျွန်တော့်ကို မွေးပြီးတဲ့နောက် ကျောင်းဆရာမ အမေဟာ အလုပ်ကထွက်ပြီး ပင်စင်ယူခဲ့ပါတယ်။ ငယ်ငယ်ကဆို အမေ ပင်စင်လခထုတ်တဲ့ပိုက်ဆံဟာ ကျွန်တော့်ကို မဂိုလမ်းမှာ အရုပ်တွေလိုက်ဝယ် ပေးရတာနဲ့ ကုန်တာပဲ။ ဒါကြောင့် အမေ ပင်စင်လခထုတ်ပြီဆို ကျွန်တော် ပျော်တယ်။ အခုတော့ အမေ့ ပင်စင်လခက ဘာမှ သုံးမလောက်တော့လို့ သွားမထုတ်တာကြာပြီ တဲ့။ ခပ်ငယ်ငယ် လမ်းစလျှောက်ခါစ အရွယ်ကဆို မအိပ်ချင်ဘဲ အိပ်ချင်ပြီလို့ အမေ့ကို ဂျီကျပြီး အတင်းသိပ်ခိုင်းပါတယ်။ ကျွန်တော့်ကို အိပ်ပျော်အောင် သိပ်ပေးရင်း အမေ အိပ်ပျော်သွားတဲ့အခါ အိပ်ချင်ယောင်ဆောင်နေရာက ကျွန်တော် တိတ်တိတ်လေး ထလာတတ်တယ်။ ငယ်ငယ်ကတော့ အဲလို လုပ်ရရင် သိပ်ပျော်ခဲ့တာ။ နောက် အတော်လေး အသက်ကြီးမှ သိရတာက ကျွန်တော် တကယ်မအိပ်ဘူး ဆိုတာသိလို့ အမေက အိပ်ချင်ယောင်ဆောင်နေခဲ့တာ တဲ့လေ။

ကျွန်တော် ၀ိုင်အမ်စီအေမှာ မူကြိုတက်ရတော့ အမေနဲ့ မခွဲနိုင်ဘဲ အိမ်ပြန်လိုက်မယ်ချည်း လုပ်နေလို့ အမေက ကျွန်တော်နဲ့ အတူ မူကြိုမှာ နေ့တ၀က် နေပြီး အတူအိမ်ပြန်လေ့ရှိပါတယ်။ လမ်းပေါ်ဆော့တတ်တဲ့ အရွယ်ရောက်တော့လည်း ကျွန်တော့်ကို ဘယ်သူကများ အနိုင်ကျင့်နေမလဲဆိုပြီး ၀ရန်တာက ထွက်ထွက်ကြည့်တတ်ပါတယ်။ ကျွန်တော်က ဘယ်သန်ဆိုတော့ ငယ်ငယ်ကဆို “ဘယ်ကျော်” ဆိုပြီး ကလေးအချင်းချင်း နှိမ်တာ အတော်လေး ခံခဲ့ရပါတယ်။

ဗိုလ်တထောင်(၅)မှာ စပြီး ကျောင်းတက်ရတော့ ကံကောင်းထောက်မစွာနဲ့ အတန်းပိုင်ဆရာမ ဒေါ်နုနုဝေက အမေ့ရဲ့ တပြည့်ဟောင်းတစ်ယောက် ဖြစ်နေပါတယ်။ ကျွန်တော်တို့ သူငယ်တန်း အခန်းက ၄၅လမ်းနဲ့ ကပ်လျက်မှာ ရှိနေတော့ အမေက အခြား ကျွန်တော့်သူငယ်ချင်း အမေတွေနဲ့အတူ ၀ိုင်းဖွဲ့ စကားပြောရင်း ကျွန်တော် ကျောင်းစတက်ကတည်းက ကျောင်းဆင်းချိန်အထိ စောင့်နေလေ့ ရှိပါတယ်။

အလယ်တန်းကျောင်းသား အရွယ်မှာတော့ အမေ ကျောင်းဆင်းချိန်လာကြိုတာနဲ့ အရုပ်ပါတဲ့ စားစရာမုန့်ထုတ်တွေ တစ်မျိုးပြီး တစ်မျိုး ၀ယ်ခိုင်းတတ်ပါတယ်။ ပြီးတော့လည်း မုန့်ကို မစားဘဲ အရုပ်ကိုပဲ သိမ်းထားတာပါ။ ကျွန်တော်တို့ ကျောင်းက အတန်းတင် စာမေးပွဲရမှတ်တွေနဲ့ အတန်းခွဲလေ့ရှိပါတယ်။ သူ့ကျူရှင်မတက်လို့နှိမ်တတ်တဲ့ ဆရာမတွေ အကြောင်း ပြောပြရင် အမေလည်း ရောပြီး စိတ်ဆိုးတတ် ပါတယ်။ အမှတ်နည်းချင် နည်းပါစေ.. အဲဒီဆရာမမျိုးရဲ့ ကျူရှင်မှာ မတက်ဘူး လို့ ကျွန်တော် ပြောလေ့ ရှိသလို အမေကလည်း ဘယ်တော့မှ အတင်းအကြပ် မလုပ်ခိုင်းပါဘူး။ ကျူရှင်မှာ မေးခွန်းကြိုရပြီး အမှတ်ကောင်းကောင်းရတဲ့သူတွေကိုလည်း အထင်မကြီးပါဘူး။ “ကိုယ့်အရည်အချင်း အမှန်ကို ဆယ်တန်း ဖြေတဲ့အခါမှာ သိအောင်ပြပေါ့ သား” လို့ အမြဲ ပြောတတ်ပါတယ်။ အမေဟာ ကျွန်တော့်ကို ကိုယ်ပိုင်ယုံကြည်ချက်ရှိအောင် အတော်လေး တွန်းအားပေးနိုင်ခဲ့သူ တစ်ယောက်လို့ ဆိုနိုင်ပါတယ်။ ကျွန်တော့်ကို မြှောက်ပင့်ပြောတာမျိုးမဟုတ်ဘဲ ကျွန်တော့်မှာ လုပ်ချင် ဖြစ်ချင်စိတ်ရှိရင် ဖြစ်အောင် လုပ်နိုင်တဲ့ အရည်အချင်းရှိတယ်လို့ အမြဲ အားပေးခဲ့ပါတယ်။

ငယ်ငယ်ကတည်းက ကျွန်တော့်ကို ဘာလုပ်ရမယ် ဘာမလုပ်ရဘူးလို့ အမိန့်ပေး စေခိုင်းတတ်ခြင်း မရှိတဲ့ အမေ… သားသမီးကို ဆုံးမရာမှာ နားလည်အောင် ပြောတတ်ပြီး ရိုက်နှက်ဆုံးမတတ်ခြင်း မရှိတဲ့ အမေနဲ့ တွေ့ကြုံခဲ့ရတာ ကျွန်တော့်အတွက် ကံကောင်းတယ်လို့ ဆိုရပါမယ်။ ကျွန်တော်က စာကျက်နေတုန်း စာမှန်မှန်ကျက်လို့ တစ်ယောက်ယောက်က လာပြောရင် စာကို ဆက်မကျက်ဘဲ ထထွက်သွားတတ်သူမျိုးပါ။ ကိုယ်လုပ်ချင်တဲ့အရာကို လုပ်ချင်တဲ့အချိန်မှာ ကိုယ့်အသိစိတ်နဲ့ကိုယ် လုပ်တတ်အောင် လက်ဦးဆရာ အမေက သင်ပြပေးခဲ့ပါတယ်။

ဒီလိုနဲ့ အမေ့ရဲ့ အားပေးမှုတွေနဲ့ ကြိုးစားခဲ့လို့ ဆယ်တန်းအောင်စာရင်းတွေ ထွက်တဲ့အခါ ကျွန်တော် အမှတ်ကောင်းကောင်းနဲ့ အောင်ခဲ့ပါတယ်။ ဆယ်တန်းမဖြေခင်ကတည်းက ဆေးကျောင်းအမှတ်မီအောင် ဖြေပြမယ်။ ဒါပေမယ့် အင်ဂျင်နီယာပဲ ဖြစ်အောင်လုပ်မယ်လို့ အမေနဲ့ သဘောတူညီချက် ယူထားပြီးသားပါ။ ကျွန်တော်က ငယ်ငယ်ကတည်းက သင်္ချာဘာသာရပ်မှာ အမှတ်ကောင်းခဲ့လို့ အမေကလည်း အင်ဂျင်နီယာ ဖြစ်ချင်တာ ကောင်းတယ်လို့ ယူဆခဲ့ပုံပါပဲ။ ဒါပေမယ့် မြို့ပြအင်ဂျင်နီယာတစ်ယောက် ဖြစ်ချင်ခဲ့တဲ့ ကျွန်တော့်အတွက် တက္ကသိုလ်တွေ ပိတ်ထားချိန်နဲ့ တိုးနေပါတယ်။ ပြန်ဖွင့်ရင်တောင် ကျွန်တော်တက်ရမယ့် အလှည့်ကို ရောက်ဖို့ စောင့်ရဦးမှာလေ။

ဆယ်တန်းပြီးကာစ ကွန်ပျူတာ ပရိုဂရမ်းမင်း၊ ဟတ်ဒ်ဝဲလ်သင်တန်းတွေ ဆက်တိုက် တက်ထားတဲ့ အရှိန်နဲ့ ကွန်ပျူတာဟာ ကျွန်တော့်ဘ၀ရဲ့ တစိတ်တဒေသဖြစ်လာခဲ့ပါတယ်။ ဒါနဲ့ စင်္ကာပူမှာ ကျောင်းသွားတက်မယ် ဆုံးဖြတ်တော့ အိုင်တီကို တက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ နန်ယန်းပေါ်လီကို တက်ဖို့ အောင်စာရင်းတွေ ထွက်တော့ ကျွန်တော် အမေတို့နဲ့အတူ မေမြို့ဘက် ခရီးထွက်နေတုန်းပါ။ ရန်ကုန်ကနေ အကြောင်းကြားတယ်.. ကျွန်တော့် နာမည်လည်း ပါတယ် ဆိုတာ သိရတော့ အမေ ပျော်နေခဲ့တယ်။ အဲဒီ ခရီးဟာ အခုထိ အမေနဲ့ အတူထွက်ခဲ့ရတဲ့ နောက်ဆုံးခရီးပါပဲ။ ၁၉၉၉ ဇွန်လမှာ ၁၈နှစ်ကျော်ကျော်အမေနဲ့ အတူနေလာခဲ့ရာက ခွဲပြီး စင်္ကာပူကို ထွက်လာခဲ့ရတယ်။

အမေနဲ့ ခွဲပြီး အဝေးမှာ အကြာကြီးမနေဖူးခဲ့တဲ့ ကျွန်တော့်အတွက် ပတ်ဝန်းကျင်အသစ်မှာ အသားကျအောင် နေထိုင်ရင်း အမေ့ကို သတိရရှိရင်းနဲ့ ကျွန်တော် အရာရာကို ရင်ဆိုင်ခဲ့ရတယ်။ လူကြုံရှိတိုင်း ကျွန်တော့်ဆီ စာအမြဲရေးလေ့ ရှိတဲ့အမေ့ကို ကျွန်တော်က အိမ်ကို စာရေးဖို့ ပျင်းလေ့ရှိတာမို့ သိပ်ရေးလေ့ မရှိပါဘူး။ ဖုန်းတော့ တစ်လကို နှစ်ခါလောက် ဆက်လေ့ရှိပါတယ်။ အီးမေးလ်လည်း ကြုံရင်ကြုံသလို ပို့လေ့ရှိပါတယ်။ ပေါ်လီကျောင်းတက်စဉ်ကလည်း ကျောင်းပိတ်တိုင်းလိုလို ပြန်လေ့ရှိပေမယ့် ကျောင်းပြီးလို့ နှစ်နှစ်ခန့် အကြာမှာ ပြန်တော့ လေဆိပ်မှာ လာကြိုတဲ့ အမေ့မျက်နှာမှာ.. ဇရာရဲ့ အရေးအကြောင်းတွေ အတော်လေး ထင်ဟပ်နေခဲ့ပါပြီ။ အမေ့အနားမှာ ကျွန်တော် မရှိချိန်မှာ အမေ့ကို ဇရာက တရိပ်ရိပ် တိုက်စားခဲ့ပုံ ရပါတယ်။

၂၀၀၂ ပေါ်လီကျောင်းပြီး အလုပ်ဝင်ကာစမှာ ဘွဲ့တစ်ခုရအောင် ဆက်တက်ဖို့ တိုက်တွန်းခဲ့တဲ့အမေ့ကြောင့် အချိန်ပိုင်း ကျောင်းတက်ရင်း ၂၀၀၄ မှာ ဘွဲ့တစ်ခု ရပြီးပြန်တော့လည်း ဘွဲ့လွန်ဆက်တက်ဖြစ်အောင် ခဏခဏ မှာလေ့ရှိပါတယ်။ ပညာတတ်ရင် မျက်နှာမငယ်ရဘူး ဆိုတဲ့စကားကို အမေ အမြဲပြောလေ့ရှိတယ်။

ကျွန်တော် ရန်ကုန်ပြန်တိုင်း အိမ်ပြန်လာချိန်ကို တမျှော်မျှော်နဲ့ ရှိတတ်တဲ့ အမေ၊ ညမိုးချုပ်ထိပြန်မလာရင် စိတ်ပူပြီး ဖုန်းဆက်တတ်တဲ့ အမေ၊ ညစဉ်လိုလို ကျွန်တော်ကြိုက်တတ်တဲ့ လက်ဖက်သုတ်ကို ကျွေးတတ်တဲ့ အမေ၊ နိုင်ငံရပ်ခြားမှာ ရောက်နေတဲ့ သားသမီးတွေ နောက်ဆုံး ဖုန်းခေါ်ခဲ့တဲ့ ရက်စွဲတွေကို မှတ်ထားတတ်တဲ့ အမေ၊ ကျွန်တော်ပိုက်ဆံပို့လိုက်တယ်လို့ လစဉ်ဖုန်းဆက်တိုင်း ကျေနပ်စွာ သာဓုခေါ်တတ်တဲ့ အမေ၊ ကျွန်တော့်ကို မျှော်လင့်ချက်ကြီးကြီး အမြဲထားတတ်တဲ့ အမေ့ အနားမှာ ကျွန်တော် ခုထိ နှစ်လကျော်အောင် နေခွင့်မရခဲ့တာ ၈ နှစ်ရှိခဲ့ပါပြီ။ လာမယ့် ၂၀၀၈ မေလ ၂၃ရက်နေ့မှာ အမေ အသက်ခြောက်ဆယ်တင်းတင်း ပြည့်တော့မယ်။

အမေနဲ့ ဝေးရာကို အမှတ်မထင် ရွက်လွှင့်ထွက်ခွာခဲ့ရင်း
ဝေးသထက် ဝေးရာကို ထပ်ပြီး ရွက်လွှင့်ရမယ့် ကျွန်တော့်အတွက်
“အမေ့ အေးရိပ် သားပြန်ခဲ့ပြီ” လို့ ဘယ်တော့များမှ ဆိုခွင့်ရပါ့မလဲ အမေ။

ညီညီ(သံလွင်)

Read More...

ဘလော့ဂ် ဘာကြောင့်စရေးဖြစ်သလဲ

ဘလော့ဂ် ဘာကြောင့်စရေးဖြစ်သလဲ ဆိုတဲ့ ခေါင်းစဉ်နဲ့ သူငယ်ချင်းကိုဖြိုးက tag လုပ်ထားတာတော့ ကြာပါပြီ။ ဒါပေမယ့် မအားတာရယ် ရေးဖို့ စိတ်မပါတာရယ်ကြောင့် မရေးဖြစ်ခဲ့ဘူး။ အခုတော့ ဒီရက်ပိုင်း အလုပ်မှာ နည်းနည်း အလုပ်ပါးနေတာကြောင့် ရတဲ့အချိန်လေးကို အသုံးချပြီး ရေးဖို့ စိတ်ကူးရပါတယ်။

၂၀၀၅ ခုနှစ်တ၀ိုက်မှာ ဘလော့ဂ်ဆိုတဲ့အသံတွေ အတော်လေး နေရာယူ လာပါတယ်။ ကိုအာလူးရဲ့ ဘလော့ဂ်တို့ ကိုညီလင်းဆက်ကိုမောင်လှတို့ရဲ့ ဘလော့ဂ်တွေကို ဆက်တိုက်ဆိုသလို ဖတ်ဖြစ်ခဲ့ပါတယ်။ နောက်တော့ ညီငယ်မောင်သန့်ဇင်နဲ့ ဝေဖြိုးကျော်တို့ရဲ့ ဘလော့ဂ်တွေကိုလည်း အမြဲလိုလို ဖတ်ဖြစ်ခဲ့ပါတယ်။ ဘလော့ဂ်တွေမှာ ကွန်မန့်တွေရေးကြ အပြန်အလှန် ဆွေးနွေးကြတာကို တွေ့ပြီး သံလွင်အိပ်မက်အတွက် စကားဝိုင်းလေးတစ်ခု ဖန်တီးနိုင်ရင်ကောင်းမယ်ဆိုတဲ့ စိတ်ကူးရပါတယ်။ အဲဒါနဲ့ သံလွင်အိပ်မက်အဖွဲ့ဝင် အယ်ဒီတာတွေ အားလုံးဆီက သဘောတူညီမှုရယူပြီး ၂၀၀၅ ဒီဇင်ဘာ ၂ရက်နေ့မှာ သံလွင်အိပ်မက်ဘလော့ဂ်ကို ဖန်တီးဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ မြန်မာလိုရေးတဲ့ဘလော့ဂ်တွေ ပိုပိုများလာတာနဲ့အမျှ သံလွင်အိပ်မက်ဘလော့ဂ်ကို အင်္ဂလိပ်လိုချည်းပဲ မဟုတ်ဘဲ မြန်မာလိုပါ ရေးလို့ရအောင် ညီငယ်မောင်သန့်ဇင်ရဲ့ အကူအညီနဲ့ ပြုပြင်ခဲ့ပါတယ်။ IE (Internet Explorer) နဲ့ ကြည့်ရင် မြန်မာဖွန့် မရှိတဲ့ ကွန်ပျူတာတွေမှာပါ ဖတ်လို့ရအောင် EOT ထည့်ခြင်းကိုတော့ ၂၀၀၀ခုနှစ်ခန့်တုန်းက ဒုတိယနှစ် ကျောင်းသားဘ၀မှာ nypmm.com ၀က်ဘ်ဆိုက်ကို တာဝန်ယူခဲ့စဉ်က ထည့်သွင်းခဲ့ဖူးတဲ့ အတွေ့အကြုံနဲ့ ပြုလုပ်ခဲ့ပါတယ်။ သံလွင်အိပ်မက်ဘလော့ဂ် ကနေ ဖန်တီးလိုက်တဲ့ သံလွင်အိပ်မက်ရဲ့ စကားဝိုင်း ကဏ္ဍဟာလည်း အောင်မြင်မှု ရသင့်သလောက် ရခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ သူငယ်ချင်း နေနေနိုင်၊ သံလွင်အိပ်မက်အတွက် စာမူတွေ အမြဲပို့ပေးတတ်တဲ့ အစ်မနိုင်းနိုင်းစနေတို့ရဲ့ ဘလော့ဂ်တွေကို နေ့တိုင်းလိုလို ရောက်ဖြစ်ခဲ့ပါတယ်။ ၂၀၀၆ ဇူလိုင် ၂၇မှာတော့ Programmer’s Diary လို့ ရေးထားတဲ့ ကျွန်တော့်ရဲ့ ဘလော့ဂ်ကလေးကို ဖန်တီးဖြစ်ခဲ့ပါတယ်။ အဲဒီနာမည် ပေးဖြစ်ပုံကတော့ ကျွန်တော့်ကွန်ပျူတာထဲမှာ ကျောင်းတက်စဉ်ကာလတည်းက အခုထိ စမ်းသပ်ရေးထားတဲ့ ပရိုဂရမ်တွေ၊ ပရောဂျက်တွေအတော်များများကို သိမ်းထားတဲ့ ဖိုင်တွဲတစ်ခုရဲ့ နာမည်အတိုင်း ပေးခဲ့တာပါ။ ရေးခါစကတော့ ဟိုးအရင်က ရေးဖြစ်တဲ့ကဗျာတွေကိုပဲ တင်ဖြစ်ခဲ့ပါတယ်။ ၂၀၀၆ နှစ်ကုန်ပိုင်းရောက်မှ ကျွန်မရဲ့ကဗျာဆရာလို့ ခေါ်တတ်တဲ့ ချစ်သူအတွက် “သူမရဲ့ ကဗျာဆရာ” လို့ နာမည်ထပ်ပေးပြီး ဘလော့ဂ်ကို အသေအချာစရေးဖြစ်ခဲ့တာပါ။ ဒါကြောင့် ကျွန်တော့်ဘလော့ဂ်မှာ နာမည်နှစ်ခုဖြစ်နေတာပါ။

ကိုယ်တိုင်ဘလော့ဂ်ရေးပြီးတဲ့နောက် စာအရေးကောင်းတဲ့ သူငယ်ချင်းတွေ ကိုလည်း ဘလော့ဂ်တွေ ရေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။ လိုအပ်တဲ့ နည်းပညာ အကူအညီလည်း ပေးခဲ့ပါတယ်။ ဒါနဲ့ပဲ .. အန္တရာယ်နယ်မြေက ကိုဇင်ကိုလတ် (ခေါ်) စည်သူ(သံလွင်)၊ လွတ်ကျခဲ့တဲ့မြို့တော်က မြို့စားကြီး ကိုနေဘုန်းလတ် (ခေါ်) နေမျိုး(သံလွင်)၊ ကိုငယ် (မန္တလေး) [အကြောင်းအမျိုးမျိုးကြောင့် ယခုဘလော့ဂ်ရေးသားခြင်း မရှိတော့ပါ]... စည်းအပြင်က ကိုဖြိုးတို့ပါ ဆက်တိုက်ဆိုသလို ရေးသားလာကြပြီး ကျွန်တော်တို့ရဲ့ ဘလော့ဂ်ရပ်ဝန်းလေး စည်ကားသိုက်မြိုက်ခဲ့ပါတော့တယ်။

Read More...

မီးတစ်ပွင့်အား ရုပ်ဖျက်ပွဲ

ဆုံမှတ်တို့ရဲ့ အံချော်လွဲမှားမှုတွေကြောင့်
သီချင်းတစ်ပုဒ်ထဲကိုပဲ
အပြန်ပြန်အလဲလဲ မွေးဖွားမိတော့တယ်။

ငါ့ရဲ့အလင်းနတ်မိမယ်
တိမ်စုတွေကြား ပုန်းကွယ်နေမလား။

အဖြေမရှိတဲ့ ပုစ္ဆာတစ်ပုဒ်
ကောင်းကင်မှာပဲ မြုပ်ထားလိုက်တယ်။

နတ်သမီးရေ
ကောင်းကင်က ခပ်တိုးတိုးလေးညည်းတယ်…
အခုတော့ မှိုင်းညို့ညို့တိမ်တွေလွှမ်း..
.. လွမ်း.. တယ်…။ ။

ခေလွန်း

(ဟိုးအရင်ကာလတစ်ခုက ရေးဖြစ်ခဲ့တဲ့ကဗျာဟောင်း တစ်ပုဒ်ပါ)

Read More...

Aug 14, 2007

သင်္ချာ၊ ပရိုဂရမ်းမင်းနှင့် အတွေးဆန့်ကြည့်ခြင်း

တချို့က ပြောကြတယ်။ သင်္ချာကို စိတ်ဝင်စားရင် ပရိုဂရမ်းမင်းလုပ်တဲ့အခါ အခက်အခဲမရှိဘူးတဲ့။ မှန်သင့်သလောက် မှန်ပါတယ်။ ဒါပေမယ့် သင်္ချာဘာသာရပ်ကို ငယ်ငယ်ကတည်းက စိတ်ဝင်စားသူ တစ်ယောက်အနေနဲ့ ပရိုဂရမ်းမင်း စပြီး လုပ်ခါစက အတော်လေး ကသိကအောက် ဖြစ်စေတဲ့ ကိစ္စလေးတချို့ကို ဝေမျှချင်ပါတယ်။


၁) ငါဟာ “NULL”

သင်္ချာဘာသာရပ်မှာ ဘာမှ မရှိတဲ့ တန်ဖိုးတစ်ခုကို ဖော်ပြချင်ရင် သုညလို့ ရေးပါတယ်။ ပရိုဂရမ်းမင်းမှာတော့ ဘာမှ မရှိဘူးဆိုရင် အဲဒါကို “NULL” လို့ သုံးပါတယ်။ အခြားသော ကိန်းဂဏန်းတွေလိုပဲ သုညမှာ တန်ဖိုးရှိပါတယ်။ “NULL” မှာတော့ ဘာဆိုဘာမှ မရှိပါဘူး။

ဒါကြောင့် ကဗျာတွေ စာတွေရေးတဲ့အခါ “ငါဟာ သုညတစ်လုံး” လို့ ပြောမယ့်အစား “ငါဟာ NULL” လို့ ရေးရင် ပိုမှန်မယ် ထင်ပါရဲ့။

၂) i = i + 1

သင်္ချာဘာသာရပ် ရှုထောင့်ကကြည့်ရင် ဒီညီမျှခြင်းဟာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ပရိုဂရမ်းမင်းမှာတော့ ညီမျှခြင်းရဲ့ ညာဖက်က တန်ဖိုးတွေကို ညီမျှခြင်းရဲ့ ဘယ်ဖက်ကို ထည့်ပေါင်းချင်တဲ့အခါမှာ သုံးပါတယ်။ အတော်လေးအသုံးများတဲ့ ညီမျှခြင်းတစ်ခုပါ။

ကက = ကက + ၁
ဒီညီမျှခြင်းအရဆိုရင် “ကကတစ်” လို့ အဖြေထွက်မယ်ထင်ပါတယ်။

၃) ကွန်ပျူတာတွေက မနှုတ်တတ်ဘူး။

ကျွန်တော်တို့ မူကြိုတက်ခါစကတည်းက အပေါင်းအနှုတ်အခြေခံကို သင်ရတာပါ။ ဒါပေမယ့် အတွက်အချက် အင်မတန်မြန်လွန်းပါတယ်ဆိုတဲ့ ကွန်ပျူတာက မနှုတ်တတ်ပါဘူး။ ကွန်ပျူတာက ပေါင်းပဲ ပေါင်းတတ်ပါတယ်။ ဒါဆို ဘယ်လို အနှုတ်ကို ဘယ်လိုတွက်ချက်သလဲ။ လွယ်ပါတယ်။ အနှုတ်ကို ပေါင်းထည့်လိုက်ပါတယ်။

1-1 = 0 အစား ကွန်ပျူတာက 1 + (-1) = 0 လို့ တွက်ပြီး အဖြေရှာပါတယ်။

မြင်နေကျအရာတွေကို မတူညီတဲ့ ရှုထောင့်တွေကနေ ကြည့်တဲ့အခါ အတွေးအမြင်အသစ်တွေကို ရပါတယ်။ ဒီတော့ ကျွန်တော်တို့တွေ အတွေးအခေါ်အဟောင်းတွေကို ငြီးငွေ့လာတဲ့အခါ အရာရာကို ပုံသေမတွေးဘဲ ဖောက်ထွက်တွေးဖို့ လိုပါလိမ့်မယ်။

Read More...

လမ်းလျှောက်ခြင်း

မှားသလား မှန်သလား
လမ်းမပေါ်ရပ်ပြီး အာရုံတွေ လမ်းသလားတုန်း
တိမ်တွေ တရုန်းရုန်း ဖြတ်သွားတယ်။

အိပ်မက်တွေကို လွယ်ပိုး
နတ်ဆိုးတွေ တရေးမနိုးခင်
ခရီးပြင်းနှင်ရဦးမယ်
မြင်းရိုင်းတစ်ကောင်လိုပေါ့ကွယ်။

ခပ်လွယ်လွယ်တွေးခေါ်
မိုးကို မျှော်နေသူတွေအတွက်
မနက်ဖြန်ဟာ အိပ်မောကျဆဲ။

ရာသီဥတုအလွဲ
ဘ၀အလွဲနဲ့
နိုင်ငံအလွဲတွေ ထားခဲ့
တစ်နေ့မှာ ငါပြန်လာမယ်။

မှားသလား မှန်သလား
လမ်းမပေါ်ရပ်ပြီး အာရုံတွေ လမ်းသလားတုန်း
တိမ်တွေ တရုန်းရုန်း ဖြတ်သွားတယ်။ ။

ခေလွန်း

နံနက် ၁၀နာရီ ၂၁ မိနစ်
သြဂုတ်လ ၁၄ရက်၊ ၂၀၀၇

Read More...

Aug 10, 2007

စလုံးစကား ပြောပါများ

“စကား စကား ပြောပါများ စကားထဲက ဇာတိပြ” ဟု ရှေးလူကြီးသူမတို့က ဆိုဆုံးမခဲ့ကြသည်။ စင်္ကာပူရောက် မြန်မာတွေ အတွက်တော့ “စလုံးစကား ပြောပါများ စကားထဲက လားပဲရ” ဟု မကြာခင် ထပ်မံဖြည့်စွက် ရမလို ဖြစ်နေပြီ ထင်သည်။ မျှော်လေတိုင်းဝေးနေသေးသည့် ရွှေပြည်ကြီးကို စွန့်ခွာကာ ရေကြည်ရာ မြက်နုရာသို့ စွန့်စား ထွက်လာရသော မြန်မာတွေ တပုံတပင် ရှိသည့်အနက် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံပြီးလျှင် မြန်မာတွေ အများဆုံး စုရုံးရောက်ရှိရာ နိုင်ငံသည် စင်္ကာပူနိုင်ငံဖြစ်လိမ့်မည်။ ကိုယ့်ကိုယ်ကို “ရွှေ”ဟု တရားလွန် အမွှန်းတင်တတ်သော ကျွန်တော်တို့ မြန်မာတွေသည် စင်္ကာပူနိုင်ငံသားများကိုမူ စလုံးဟု ခေါ်လေ့ရှိကြသည်။ စင်္ကာပူနိုင်ငံသား အများစု နေ့စဉ် ပြောဆိုလေ့ရှိသော ဆင်းဂလိပ်ရှ် (Singlish)ကို စလုံးစကားဟု လွယ်လွယ်ဆိုလိုက်ပါရစေ။ ထိုစလုံးစကား ဟူသည် အင်္ဂလိပ်စကားကို အစီအစဉ်မကျစွာ ဖြစ်သလို ပြီးစလွယ်ပြောကြသော စကားတစ်မျိုးသာ ဖြစ်သည်။ ဥပမာ “Are you hungry?” ကို “you hungry lah?” ဟု လား ထည့်ကာ မေးခွန်းမေးနေသည့် သဖွယ် ပြောခြင်း၊ “No, I'm not hungry” ဟု ပြောရမည့်အစား “Nah, I not hungry loh” ဟု တရုတ်စကား ပြောနေသယောင်ယောင် အင်္ဂလိပ်စကား အကျိုးအပဲ့များကို ပြောကြခြင်း ဖြစ်သည်။


မြန်မာတွေသည် သင်လွယ်တတ်လွယ်ပါသည်။ အရိပ်ပြရုံနှင့် အကောင်မြင်တတ်ပါသည်။ သို့နှင့် စလုံးစကား များသည် စင်္ကာပူရောက်မြန်မာအများစုတို့၏ နှုတ်ခမ်းဖျားတွင် ဖောဖောသီသီ နေရာယူပါတော့သည်။ စလုံးစကား ပြောနိုင်သည်ကို ဂုဏ်ယူဝင့်ကြွားနေသူ မြန်မာများကိုလည်း တွေ့ဖူးကြုံဖူးပါသည်။ မြန်မာအချို့ကတော့ မိမိကိုယ်တိုင်ပင်မသိလိုက်ဘဲ စလုံးစကားများကို စွဲစွဲလန်းလန်း ပြောနေမိကြသည်လည်း ရှိပါသည်။ တချို့သော စလုံးများသည် အင်္ဂလိပ်စကားကို ရေရေရာရာ လည်လည်ဝယ်ဝယ်မပြောတတ်ကြသဖြင့် စလုံးစကားကို ဖြစ်သလိုပြောကြသော်လည်း အချို့ကတော့ အင်္ဂလိပ်စကားကို ရုံးတွင်း၊ ကျောင်းတွင်း အတည်အတံ့ ပြောရမည့်နေရာတွင် တည်တည်တံ့တံ့ ပြောကြပြီး ထိုသို့ ပြောစရာမလိုသည့်အခါများတွင်တော့ စလုံးစကားဖြင့်သာ နှစ်ပါးသွားကြလေသည်။ ထိုအလေ့အထကို မသိနားမလည်သူ ရွှေမြန်မာတို့ကတော့ စလုံးစကားကို အတည်အတံ့ပြောရန် မလိုသည့် အခါတွင်ရော အတည်အတံ့ပြောရန် လိုသည့်အခါတွင်ပါ တွင်တွင်ကြီးသုံးကြလေရာ မြန်မာတွေ၏ အင်္ဂလိပ်စာ အဆင့်အတန်းသည် သုံးစားမရဟု မှတ်ထင်သွားကြပေလိမ့်မည်။

တစ်ခါက အလုပ်အင်တာဗျူးတစ်ခုအတွက် လူတွေ့စစ်ဆေးရန် အလုပ်အေးဂျင့်မှ ဖုန်းဆက်မှာကြားရာတွင် အလုပ်ရှင်သည် မြန်မာတချို့ကို အင်တာဗျူးပြီးဖြစ်ကြောင်း၊ သို့သော် ထိုသူတို့သည် အင်္ဂလိပ်စကားရေလည်စွာ မပြောနိုင်ကြကြောင်း၊ ထို့အတွက် စိတ်အေးအေးထားကာ မေးသမျှကို ယုံကြည်မှုရှိရှိ ဖြေရန်လိုကြောင်း ပြောလာသည်ကို ကြုံဖူးပါသည်။ အင်္ဂလိပ်စကားနှင့် ပြောဆိုဆက်ဆံရာတွင် အမိဘာသာစကား ပြောနေသလို တရစပ်ပြောတတ်နေစရာ မလိုပါ။ အချက်ကျကျ မှန်မှန်ကန်ကန်နှင့် တဘက်သားနားလည်အောင် ပြောနိုင်ဆိုနိုင်လျှင် အဆင်ပြေပါသည်။

စင်္ကာပူတွင် ဖွင့်လှစ်ထားသော မြန်မာထမင်းဆိုင်တစ်ခုတွင် ထမင်းသွားစားရာ ထမင်းဆိုင်ရှင်မှ ဆိုင်အတွက် လိုအပ်သည့်အရာများကို လာပို့ပေးရန် မှာကြားနေသည့်အချိန်နှင့် တိုက်ဆိုင်နေပါသည်။ ထိုဆိုင်ရှင်သည် အသံကျယ်ကျယ် ကျယ်ကျယ်ဖြင့် စလုံးစကားများကို ဆူညံစွာအော်ဟစ်ပြောဆိုနေသည်မှာ ယိုသူမရှက် မြင်သူရှက်ဟု ဆိုရလောက်အောင် စိတ်ပျက်ဖွယ်ရာ ကောင်းလှပါသည်။ ထိုဆိုင်ရှင်သည် ပညာတတ်တစ်ယောက် မဟုတ်ဟု စောဒကတက်ချင် တက်နိုင်ပါသည်။ ထိုဆိုင်တွင် ရှိသော ကူဖော်လောင်ဖက်အမျိုးသမီးကလေးများအတွက်တော့ စလုံးစကားကို တတွတ်တွတ်ပြောနိုင်သော ထိုဆိုင်ရှင်သည် လေးစားစရာ ဖြစ်ကောင်းဖြစ်နေပါလိမ့်မည်။ ထမင်းစား နေရင်း ဆက်ပဲစားရမလို ရပ်ပဲသွားရမလို ဖြစ်သွားစေခဲ့တာကတော့ အမှန်ပင် ဖြစ်သည်။

ခေတ်ပညာတတ်တစ်ယောက်မဟုတ်ဟု ယူဆရသူ ထိုထမင်းဆိုင်ပိုင်ရှင်၏ အဖြစ်အပျက်ကို ကြုံပြီး မကြာမီတွင် သူငယ်ချင်းတချို့နှင့် စကားစမြည်ပြောရန် တွေ့ဖြစ်ကြပါသည်။ စကားကောင်းနေကြတုန်း သူငယ်ချင်းတစ်ယောက်၏ ဖုန်းမှ ရုတ်တရက် အသံထမြည်လာသောကြောင့် “ဟာ.. အလုပ်က ဖုန်းဆက်ပြန်ပြီ” ဟု ညည်းကာ ထိုသူငယ်ချင်း က ဖုန်းပြောပါသည်။ “try to solve it yourself lah” “i outside now. i can't come back to office loh. Ask Steven” “OK lah, complaint to manager about him. He never helps u one” ဟု အမြီးအမောက်မတဲ့သည့် စလုံးစကားများကို အိတ်သွန်ဖာမှောက်သုံးကာ ပြောပါတော့သည်။ ထိုသူငယ်ချင်းသည် ပေါ်လီကျောင်းဆင်းတစ်ယောက်ဖြစ်သည်။ ထိုသူငယ်ချင်း ဖုန်းပြောပြီးသွားသည့်အခါ “မင်း သတင်းစာ များများဖတ်ရင်ဖတ် ဒါမှမဟုတ် သတင်းလေး ဘာလေး ညဘက် အားရင် ကြည့်သင့်တယ်” ဟု အကြံပေးမိရာ “အဲဒါတွေ ဖတ်ဖို့ ကြည့်ဖို့ မအားပါဘူးကွာ” ဟူသည့် အဖြေကို ရလေသည်။ အမှတ်မရှိဘဲ ဆက်လက်ပြီး “ဒါဆိုလည်း အင်္ဂလိပ်ရုပ်ရှင်ကားလေးဘာလေး ကြည့်လေကွာ” ဟု ပြောမိပြန်တော့ “ရုပ်ရှင်လက်မှတ်က ဈေးကြီးတယ်ကွ.. ရောက်ပြီးကတည်းက တစ်ခါလား နှစ်ခါလားပဲ ကြည့်ဖြစ်တယ်” ဟု ပြန်ပြောပါသည်။ ထိုနေ့က စကားများများ ထပ်မပြောဖြစ်ဘဲ စဉ်းစားခန်းသာ ၀င်နေမိပါသည်။

“လား” ယဉ်ကျေးမှုတွင် ရွှေမြန်မာများ ပျော်ဝင်နေကြခြင်းအတွက် မည်သူ့မှာ တာဝန်ရှိသလဲ။ မည်သူမပြု မိမိမှု ဟူသော စကားရှိပါသည်။ ကိုယ်ကောင်းလျှင် ခေါင်းမရွေ့ပါ။ ကိုယ်ကိုယ်တိုင်က စိတ်ပါလက်ပါနှင့် ထိုသို့ ပြောတတ်သော အလေ့အထကြီးကို လက်ခံထားမည်ဆိုလျှင် ကိုယ်ကိုယ်တိုင်၏ အားနည်းချို့ယွင်းချက်သာ ဖြစ်ပါလိမ့်မည်။ မကြာမီကာလတွင် ဖြစ်ထွန်းလာမည့် နိုင်ငံတော်သစ်အတွက် ကမ္ဘာသုံး ဘာသာစကားဖြစ်သော အင်္ဂလိပ်စကားကို အချက်ကျကျပြောနိုင်ဆိုနိုင် လူအများနှင့်ဆက်ဆံနိုင်သော အရည်အချင်းရှိသော လူငယ်များစွာ လိုအပ်လာပါမည်။ ထို့အတွက်ကြောင့် စကားစလုံး “လား” ယဉ်ကျေးမှုရောဂါ စွဲကပ်နေလျှင် အမြစ်ပြတ်အောင် မောင်းထုတ်ဖို့ စွန့်လွှတ်ကြဖို့ အချိန်တန်ပြီ ဖြစ်ပါကြောင်း။

ညီညီ(သံလွင်)

(သံလွင်အိပ်မက် အမှတ် ၁၁တွင် ဖော်ပြခဲ့သောအက်ဆေး)

Read More...