ဟိုးတစ်နေ့က ရန်ကုန်က ပြန်လာတဲ့သူငယ်ချင်းတစ်ယောက်ပေးတာနဲ့ “ဟဲ့ကား” ဆိုတဲ့ အခွေကို နားထောင်ဖြစ်တယ်။ အဲဒီအခွေထဲက “ပတ်ဝန်းကျင်”ဆိုတဲ့ သီချင်းက ပုံပြင်လေးတစ်ပုဒ်ကို အခြေခံပြီးရေးထားတာပါ။ အိုင်ဒီယာလေးကောင်းပါတယ်။ အချစ်သီချင်းတွေချည်းပဲ အမြဲနားထောင်ရတာ ရိုးအီနေတဲ့လူတွေကတော့ ဒီသီချင်းလေးကို သဘောကျကြမယ်ထင်ပါတယ်။
ဟုတ်တော့လည်းဟုတ်ပါတယ်။ လူတွေလူတွေ တစ်ခါတစ်ခါ တော်တော်စကားရှုပ်ကြတာပဲ။ ဟိုဟာလုပ် လုပ်ပြန်ပြီ.. ဒီဟာလုပ် လုပ်ပြန်ပြီ။ သူတို့ ကယောက်ကယက်စကားတွေကို ကြားကြားနေရတော့ ဒီပုံပြင်ထဲက နွားက တင်းမယ်ဆိုလည်း တင်းစရာပါပဲလေ...
“ပတ်ဝန်းကျင်”
ဟိုးရှေးရှေးတုန်းက နွားစီးတဲ့သားအဖ
ခရီးထွက်တဲ့အခါ အတူတူနွားစီးလို့သွား
အားလုံးဝိုင်းတားကြ နွားကြီးတော့သနားပါ
သတ္တ၀ါအချင်းချင်း မညှင်းဆဲနဲ့ကွာ
ဒီလိုဆို ငါ့သား လမ်းလျှောက်လို့ဆက်သွား
နွားကြီးကိုတော့ အဖေစီးခဲ့မှာ
ဒါကိုတောင် အလျော့မပေး အပြောကတော့မလွတ်သေး
ကလေးလေးကိုမှ နှိပ်စက်သတဲ့ကွာ
ကြားရတဲ့စကားတကာ နားကြားပြင်းကပ်လာ
လမ်းဆင်းလျှောက်ကာ အတူတူနွားဆွဲလို့သွား
မကြားတကြားထပ်ပြောကြ တုံးလိုက်တဲ့သားအဖ
နွားရှိရဲ့သားနဲ့ မစီးဘူးတဲ့ကွာ
ဒီလိုဆို ငါ့သား နွားစီးပြီးဆက်သွား
နောက်ကနေပဲ အဖေလိုက်ခဲ့မှာ
ဒါကိုတောင် အလျော့မပေး အပြောကတော့မလွတ်သေး
မင်းရဲ့အဖေကြီးကို ပေးမစီးဘူးကွာ
ကြားရတဲ့စကားမှာ နွားကြားကတင်းလာ
စကားများကြတာကွာ လူတွေရူးများနေလား
ဒီလောက်ဖြစ်တဲ့သားအဖ ရှင်းမရတဲ့ဒုက္ခ
ဒီနှစ်ယောက်လုံးပဲ ငါစီးသွားမတဲ့ကွာ..
Feb 27, 2007
ပတ်ဝန်းကျင်
ရေးသူ-
ညီညီ(သံလွင်)
၊ ရေးသည့်အချိန်-
3:02 PM
0
comments
ကဏ္ဍ - Music
Feb 24, 2007
တစ်ခါက...အိမ်
တစ်ခါက “အိမ်”ဆိုတဲ့ အက်ဆေးတစ်ပုဒ်ကို ကျွန်တော် တစ်ခါက ရေးခဲ့ဖူးတယ်...
တစ်ခါက အိမ်က ကျွန်တော်ပြန်အလာကို ခုထိ စောင့်နေတုန်းပါပဲ...
“တစ်ခါက...အိမ်”
အိမ်ပြန်ချင်တယ်။ အိပ်တန်းပျံငှက်တွေကို ကြည့်ရင်းအားကျမိတယ်။ ဘ၀မှာ မသေချာခြင်းတွေသာ စနစ်တကျသေချာနေတာပဲမဟုတ်လား။ မျှော်လင့်ချက်ဆိုတာ လမ်းလျှောက်နေတဲ့အိပ်မက်တွေပဲ တဲ့။ လျှောက်လိုက်ရတဲ့လမ်း၊ မက်လိုက်ရတဲ့အိပ်မက်တွေ။ လမ်းတွေက ဆိုး အိပ်မက်တွေက သိုးနဲ့ ဒီလိုမျိုး ၀ိုးတိုးဝါးတားလမ်းမထက် နိုးတ၀က် အိပ်မက်မက်ရင်း ငါအိမ်မပြန်နိုင်ခဲ့တာ ၆နှစ်၆မိုး ရှိခဲ့ပြီ။
တစ်ခါကအိမ်ကို တမ်းတမိတယ်။ တစ်ခါကအိမ်ရဲ့ညမှာ ဖယောင်းတိုင်ဟာ အသက်။ တစ်ခါကအိမ်ရဲ့ညမှာ ခြင်ဆိုတာ ဗီလိန်။ တစ်ခါကအိမ်ရဲ့ညဟာ ခွေးအူသံတွေကို သံချောင်းခေါက်သံပြင်းပြင်းနဲ့ ရောမွှေထားတယ်။ တစ်ခါကအိမ်ရဲ့ညမှာ လမင်းကို ငေးရင်း တွေးချင်ရာတွေး ရေးချင်ရာရေးခဲ့ဖူးတယ်။ တစ်ခါကအိမ်ရဲ့ညဟာ ဆရာထင်လင်းဘာသာပြန်တဲ့ စာရေးဆရာ ကမူးရဲ့ စည်းအပြင်ကလူ လိုပဲ။
တစ်ခါကအိမ်မှာ အကြွေးဝယ်ကတ်မရှိဘူး။ အေတီအမ်မရှိဘူး။ ကွန်ပျူတာမရှိဘူး။ အင်တာနက်မရှိဘူး။ မရှိခြင်းတွေသာ အပြည့်အသိပ်ရှိတယ်။ တစ်ခါကအိမ်ကို သွားတဲ့လမ်းဟာ ဖုန်ထူတယ်။ ချိုင့်ပေါတယ်။ တစ်ခါကအိမ်ဟာ ဘေးပတ်ဝန်းကျင်က အိမ်တွေနဲ့စာရင် အတော်လေးကြီးတာကို ဂုဏ်ယူရမလိုပါပဲ။ တစ်ခါကအိမ်ကို အိမ်ငှားတွေက အတင်းအကြပ်အပိုင်စီးခဲ့တယ်။ တစ်ခါကအိမ်မှာ ငါ့အဘိုးနေခဲ့တယ်။ ငါ့အဘွားနေခဲ့တယ်။ တစ်ခါကအိမ်မှာ ငါ့အဖေနေခဲ့တယ်။ ငါ့အမေနေခဲ့တယ်။ တစ်ခါကအိမ်မှာ ငါဘာလို့ မနေဘဲ အဝေးပြေးထွက်ခဲ့ရတာလဲ။ ဒီမေးခွန်းကို မမေးနဲ့။ တချို့မေးခွန်းတွေဟာ ပြန်ဖြေဖို့မလိုအပ်ဘူး။ တချို့မေးခွန်းတွေဟာ နတ်ကြီးတယ်။ တချို့မေးခွန်းတွေက အန္တရာယ်ကြီးတယ်။
တစ်ခါကအိမ်မှာ မမြင်ချင်တဲ့သူတွေ မဖယ်မချင်း မပြန်ချင်ဘူး။ တစ်ခါကအိမ်ကို ငါစွန့်ပစ်ခဲ့တာ မဟုတ်ဘူး။ တစ်ခါကအိမ်ကို ငါထားပြီးထွက်ခဲ့တာ မဟုတ်ဘူး။ တစ်ခါကအိမ်ကို ပြန်ပြင်ဆောက်ဖို့ အိပ်မက်တွေနောက်ကို တကောက်ကောက်လျှောက်လိုက်ခဲ့တာ ငါတစ်ယောက်တည်း မဟုတ်ဘူး။ ငါ့ညီအစ်ကို မောင်နှမတွေအားလုံး။ တစ်ခါကအိမ်ကို ဘယ်တော့ပြန်ဖြစ်မလဲမေးရင် ဖြစ်နိုင်ရင်ချက်ချင်းပြန်ချင်တာပေါ့လို့ ဖြေမိမယ်။ ဒါပေမယ့် မဖြစ်နိုင်တာ သိနေတော့ ခက်တယ်။ ပညာမတတ်ရင်အန္ထရာယ်ရှိသလို ပညာတတ်လွန်းရင်လည်း အန္တရာယ်ရှိတယ် ဆိုပြီး ကြားဖူးတယ်။ မသိမမြင်မကြားခြင်းဒုက္ခထက် သိမြင်ကြားခြင်းဒုက္ခက ပိုဆိုးလိမ့်မယ်။ အမှန်တရားဆိုတာ မျက်စိမှိတ်ပြီး စွတ်အော်နေလို့ရတဲ့အရာ မဟုတ်ဘူး။ အမှား (သို့မဟုတ်) အမှန်ကို ရွေးပါဆိုတာ ဟိုးပဝေသဏီက အတွေးအခေါ်အဟောင်းကြီးပါ။ တစ်ခါကအိမ်ဟာ အဲဒီလို အတွေးအခေါ်ဟောင်းကြီးတွေကြားမှာ ပျော်မွေ့နေပုံမရဘူး။ မတတ်သာလို့သာပေါ့။
အမေကပြောဖူးတယ်။ သားတို့လက်ထက်မှာ တစ်ခါကအိမ် ကို ပြန်ပြင်ဆောက်ဖို့ ကြိုးစားပါတဲ့။
တစ်ခါကအိမ်ကတော့
ပိန်းပိတ်နေတဲ့အမှောင်ထုအောက်မှာ
မလှုပ်မယှက်
ငြိမ်သက်စွာ...။
၂၅ မတ်လ၊ ၂၀၀၅
+++တစ်ခါကအိမ်ကို လွမ်းဆွတ်ကြသူများအားလုံးကို ရည်ရွယ်ပါသည်။+++
ရေးသူ-
ညီညီ(သံလွင်)
၊ ရေးသည့်အချိန်-
1:48 AM
2
comments
ကဏ္ဍ - Essays
Feb 21, 2007
အနုပညာဘာသာစကား
အဝေးကြီးမခွဲခွာခင် နှုတ်ဆက်နေကြတဲ့ ချစ်သူနှစ်ဦးရဲ့ ပုံရိပ်ကို
သီချင်းတစ်ပုဒ်ထဲမှာ တွေ့ရမယ်..
ကဗျာတစ်ပုဒ်ထဲမှာ တွေ့ရမယ်..
ပြီးတော့ ဖန်တီးမှုဒီဇိုင်းတစ်ခုထဲမှာတွေ့ရမယ်..
သီချင်း၊ ကဗျာ၊ ဖန်တီးမှုဒီဇိုင်း..
အနုပညာတစ်ခုစီတိုင်းရဲ့ ကိုယ်ပိုင်ဘာသာစကားကို ခင်ဗျားနားစွင့်ကြည့်တဲ့အခါ..
+သီချင်းတစ်ပုဒ်ထဲမှာ..
“သစ္စာရှိကြေး”
တေးရေး၊ တေးဆို - မျိုးကျော့မြိုင်
နှုတ်ဆက်တဲ့စကားလေး စလို့ပြောတယ်
ခေါင်းကလေးငုံ့လို့ မျက်ရည်စများရယ်
သူ့လက်ကလေးကို ဆုပ်ကိုင်ရင်းနဲ့
ရင်ခုန်သံတွေ ကျယ်လောင်စေခဲ့
ခဏအကြာလေးကို မတွေးဘူးအချစ်ရယ်
မင်းထွက်မသွားခင် အချိန်ရယ်ခဏလေး
ကြင်နာသူလေးရယ် ကိုယ်ပြောပြမယ်
တို့နှစ်ယောက်အမြဲ သစ္စာရှိကြေး..
ဝေးပြီးတဲ့တစ်နေ့ ပြန်တွေ့ကြမယ်
ပြန်တွေ့ကြတဲ့အခါ သိပ်ချစ်ကြမယ်
ဒါတွေကို ကိုယ်တစ်ကယ်သိလည်း ဒီအချိန်မှာ ကိုယ်မခံစားရဲ
အရင်လိုလေ ပြောဦးကတိတွေ ကိုယ်ပျော်အောင် ပြုံးတဲ့အပြုံးလေး
ကြင်နာသူလေးရယ် ဘယ်လိုရှိဦးမယ် ဒီအချိန်မှာ ကိုယ်တစ်ကယ်လွမ်းဆွေး..
အချိန်တွေ ကုန်ဆုံးလို့နေလဲကွယ်
ရာသီတွေပြောင်းလဲနေလဲကွယ်..
သိပ်ချစ်တဲ့မင်းနဲ့ ဘယ်လောက်ပဲဝေးဝေး
ကိုယ့်စိတ်က အမြဲနီးနီးလေး
သိပ်ချစ်တဲ့မင်းနဲ့ ဘယ်လောက်ပဲဝေးဝေး
တို့နှစ်ယောက်အမြဲ သစ္စာရှိကြေး..
သူရေးတဲ့စာလေး ကိုယ်ဖတ်ကြည့်ရင်းကွယ်
ရင်မှာ မျက်ရည်လည်လာမိတယ်
အချိန်တွေရယ် ဘယ်လိုပဲပြောင်းပြောင်း
အရင်လိုလေ သူဘာမှ မပြောင်းလဲ
ကြင်နာသူလေးရယ် ကိုယ်သိပ်ချစ်မိတယ်
ပြန်ဆုံမယ့်နေ့ရက် အချိန်လေး
ကိုယ်မျှော်လင့်လို့ အမြဲပဲစောင့်မယ်
တစ်ချိန်မှာ တို့နှစ်ယောက် သိပ်ချစ်ကြကြေး..
+ကဗျာတစ်ပုဒ်ထဲမှာ ..
“ရှင်ကွဲ”
ငါတို့ရှေ့မှာ
ရထားဟာ ခါတိုင်းထက် ပိုမိုရှည်လျား
ဥသြဆွဲသံများကလည်း
ဖွာရရာ ထစ်ချုန်းပြတ်တောက်ကျနေခဲ့..
နှုတ်မဆက်မိရင်လည်း အကောင်းသား
နှုတ်ဆက်လိုက်ကြတော့
ဘူတာဟာ
အ၀ါဖျော့ဖျော့နဲ့
ဂူသင်္ချိုင်းဆန်လာ..
ကံကြမ္မာက
မျဉ်းတစ်ကြောင်းတည်းပေါ်မှာ
ခွာလေးဘက် မရပ်နိုင်ခဲ့ဘူး..
ဘယ်သူ့ကိုမှ မပြောနဲ့
ဘယ်သူ့စကားကိုမှ နားမထောင်ဘူး
မြေလို၊ ပင်လယ်လို အက္ခရာတစ်လုံးနဲ့
ငါတို့ ဆက် “ချစ်” နေကြဦးမယ်..
မမေ့ဘူးကွယ်
ဘယ်တော့မှ မမေ့ပါဘူး
ရက်စက်သွယ်ပြောင်းတဲ့
မီးခိုးလက်ချောင်းတွေက
ငါတို့ကို အပွင့်ခူးချိန်..
ရထားဟာ
လောက လူရိုင်းရဲ့ မှုတ်ပြောင်းဝကနေ
အဆိပ်တွေနဲ့
တုန်ယင်စွာ လူးလွန့် ထွက်ခွာခဲ့ရပေါ့..။
တာရာမင်းဝေ
+ဖန်တီးမှုဒီဇိုင်းတစ်ခုထဲမှာ ..
Feb 19, 2007
သတ်ပုံမှားတဲ့ည
ဒါဟာ ချစ်ကောင်း သီချင်းကြော်ငြာမဟုတ်ပါဘူး။ နေရာတကာမှာ သတ်ပုံတွေမှား မှားနေတာကို မြင်ရတွေ့ရလွန်းလို့ပါ။ တရုတ်နှစ်ကူးဆိုတော့ မနေ့ညတုန်းက ဘာမှ သေသေချာချာလုပ်စရာမရှိလို့ ရန်ကုန်က ထည့်ပေးလိုက်တဲ့ မြန်မာကာရာအိုကေ အခွေတွေ ဖွင့်ကြည့်ဖြစ်တယ်။ အဲဒီမှာ တွေ့ပါလေရော.. မှားလိုက်တဲ့ သတ်ပုံတွေ။ တစ်ခါမှ မတွေ့ဖူး မဖတ်ဖူးတဲ့ မြန်မာစာလုံးအသစ်တွေ တော်တော်များများက လာပြီး ပြုံးပြရယ်ပြ လှောင်ပြနေသလိုပဲ။ တကယ်ပါဗျာ.. ဆင်ဆာဘုတ်က တာဝန်ရှိသူများလည်း မြန်မာစာလုံးပေါင်းသတ်ပုံ ကောင်းကောင်းကြေခဲ့ပုံ မရဘူးဗျ။ သူတို့က ဆင်ခြေပေးချင်ပေးမှာပေါ့လေ။ “ငါတို့က စာလုံးပေါင်းစစ်တာ မဟုတ်ဘူး တခြားအရေးပါတဲ့ဟာတွေ (အမှန်ကတော့ အရေးမပါတာတွေ) စစ်တာ” ဆိုပြီး။ မြန်မာကာရာအိုကေ သီချင်းတွေကတော့ သတ်ပုံအမှားကြီးတွေနဲ့ အိပ်မက်ဆိုးတွေ မက်နေခဲ့တာ ကြာခဲ့ပါရောလား...
နောက်တစ်ခါ .. မြန်မာဘလော့ခ်တချို့ လိုက်ဖတ်ကြည့်တဲ့အခါ သတ်ပုံအမှားလေးတွေ ဟိုနားက ပေါ်လာလိုက် ဒီနားက ပေါ်လာလိုက်ပေါ့ဗျာ။ ကျွန်တော် တစ်ခါတစ်ခါ စဉ်းစားတယ်။ ဒါ သူတို့ မြန်မာစာလုံးပေါင်းအမှန်ကို တကယ်မသိတာလား။ သိသိနဲ့ ဖြစ်ကတတ်ဆန်းရေးချလိုက်တာလား ဆိုတာကို။ ကျွန်တော် အဆိုးမြင်တဲ့စိတ်နဲ့ လိုက်ပြီး အပြစ်လိုက်ပြောနေတာ မဟုတ်ကြောင်းကိုတော့ ကြိုပြောထားပါရစေ။ တချို့တချို့သော စာလုံးပေါင်း အမှားတွေကြောင့် မှားယွင်းတဲ့ဖွင့်ဆိုချက်တွေ ထွက်လာနိုင်ပါတယ်။ ကိုယ်ရေးထားတာလေးတွေ မတင်ခင် သတ်ပုံလေးတော့ အသေအချာ ပြန်စစ်ကြဖို့ မြန်မာဘလော့ခ်ဂါတွေကို တိုက်တွန်းချင်ပါတယ်။ ခေတ်မီဆန်းသစ်တဲ့ မြန်မာဝေါဟာရ အသစ်တွေ ထွင်ချင်ကြတယ်ဆိုရင်တော့ လှိုက်လှဲစွာ ကြိုဆိုပါတယ်။
သံလွင်အိပ်မက် အယ်ဒီတာတစ်ယောက်အနေနဲ့ ရောက်လာတဲ့ စာမူတွေထဲက သင့်တော်တာရွေး မသင့်တော်ဘူး ထင်တာတွေကို ပယ်ရပါတယ်။ သံလွင်အိပ်မက်ထွက်ခါနီးညတွေမှာတော့ ရွေးချယ်ထားတဲ့ စာမူတွေထဲက စာတွေကို စာလုံးပေါင်း သတ်ပုံ လိုက်စစ်ရတာဟာ အလုပ်တစ်ခု ဖြစ်ပါတယ်။ အကုန်လုံးကို စေ့စေ့စပ်စပ် မစစ်နိုင်ခဲ့ရင်တောင်မှ တတ်နိုင်သမျှ သတ်ပုံအမှားတွေ မပါအောင် ကြိုးစားရှာဖွေစီစစ်ရပါတယ်။ အဲဒါ ဘာကြောင့်လဲ။ မြန်မာလို ထုတ်ဝေတဲ့ အင်တာနက် မဂ္ဂဇင်းတစ်ခုမှာ မြန်မာစာလုံးပေါင်းသတ်ပုံတွေ မှားမနေသင့်ဘူးလို့ ယုံကြည်ယူဆလို့ပါ။
ကျွန်တော်တို့ကြုံခဲ့ရတဲ့ သတ်ပုံမှားတဲ့ညတွေ ဘယ်လောက်တောင် များနေပြီလဲ.. ။ မြန်မာလူမျိုး တစ်ယောက်အနေနဲ့ မြန်မာစာလုံးပေါင်း သတ်ပုံတွေကို မှန်မှန်ကန်ကန် သိထားသင့်ပါတယ်။ ကိုယ်မသိတဲ့ မသေချာတဲ့ စာလုံးပေါင်းတွေ ရှိရင်လည်း သိသူတွေကို ချဉ်းကပ်ပြီး မေးမြန်းပါ။ အဲဒီလို မေးဖို့ အဆင်မပြေဘူးဆိုရင် မြန်မာစာအဖွဲ့က ထုတ်ဝေတဲ့ “မြန်မာစာလုံးပေါင်း သတ်ပုံကျမ်း” ကို လေ့လာကြည့်နိုင်ပါတယ်။
သတ်ပုံမှားတဲ့ညတွေ လွန်ပါစေ ...

[မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း]
ရေးသူ-
ညီညီ(သံလွင်)
၊ ရေးသည့်အချိန်-
4:34 PM
5
comments
ကလေးအတွေး
ကျွန်တော်တို့ ၀န်းကျင်မှာ ကလေးတစ်ယောက်လိုပဲ တွေးတတ်သူတွေကို တခါတရံမှာ ကြုံရတတ်တယ်။ ကလေးအတွေးဆိုတာကတော့ ခပ်လွယ်လွယ် ပြောရရင် တည်ငြိမ်ရင့်ကျက်မှုမရှိသေးတဲ့ အတွေးအခေါ်မျိုးကို ဆိုလိုတာပါ။ လူကတော့ လူကြီးတစ်ယောက်ဖြစ်နေပြီး စိတ်က ကလေးဆိုး တစ်ယောက်လို ပြောတတ် ပြုမူတတ်ကြတဲ့သူတွေ ကျွန်တော်တို့ ၀န်းကျင်မှာ ဘယ်လောက်တောင်များနေပြီလဲ။ တီဗီဖွင့်ကြည့်ပါ.. သတင်းစာ ဖတ်ကြည့်ပါ.. ကလေးတွေ ရန်ဖြစ်နေသလို အပြုအမူတွေ အပြောအဆိုတွေကို မျက်စိနောက်စရာကောင်းအောင် တွေ့ရမြင်ရကြားရမှာပါ။ မင်းခိုက်စိုးစန်ရဲ့ “ကလေးအတွေး” အက်ဆေးစာအုပ်က ခင်ဗျားတို့ကို တွေးစရာတွေ ပေးနိုင်ပါလိမ့်မယ်..

[Download here]
ရေးသူ-
ညီညီ(သံလွင်)
၊ ရေးသည့်အချိန်-
3:36 PM
1 comments
Feb 17, 2007
I live my life for you
I live my life for you
By Firehouse
You know you're everything to me and I could never see
The two of us apart
And you know I give myself to you and no matter what you do
I promise you my heart
I've built my world around you and I want you to know
I need you like I've never needed anyone before
Chorus:
I live my life for you
I want to be by your side in everything that you do
And if there's only one thing you can believe is true
I live my life for you
I dedicate my life to you, you know that I would die for you
But our love would last forever
And I will always be with you and there is nothing we can't do
As long as we're together
I just can't live without you and I want you to know
I need you like I've never needed anyone before
Chorus
I live my life for you..
ရေးသူ-
ညီညီ(သံလွင်)
၊ ရေးသည့်အချိန်-
8:24 PM
0
comments
ကဏ္ဍ - Music