Sep 10, 2007

လူကြမ်းနေရာ

ဒီကဗျာကို ကျွန်တော် ဆယ်တန်းကျောင်းသားဘ၀က ရေးဖွဲ့ခဲ့ပြီး အဲဒီ အချိန်တုန်းက ကွန်ပျူတာစာစီပြီး သူငယ်ချင်းတစ်စုနဲ့ အပျော်တမ်း ထုတ်ဝေခဲ့တဲ့ “၉၈ ကဗျာပြပွဲ” ဆိုတဲ့ ကဗျာစာအုပ်လေးမှာ ထည့်သွင်း ဖော်ပြခဲ့ဖူးပါတယ်။ ဆရာစိုင်းခမ်းလိတ်ရေးစပ်ပြီး စိုင်းထီးဆိုင်သီဆိုထားသော “လူကြမ်းမင်းသား” သီချင်းကို ခံစားရေးဖွဲ့ ထားတာပါ။


“လူကြမ်းနေရာ”

ငယ်ငယ်တုန်းက ကစားကြတိုင်း
“ဒိုင်း”ဆိုအော်ဟစ် သူများပစ်ရင်
ရှင်လျက်အခါခါ သေရပါသည့်
ကျွန်တော်၏ ဘ၀...။

အထက်တန်းတွင်
တင်ပြသမျှ ကဇာတ်မှာလည်း
ပွဲတိုင်းပါပြီး လူကြမ်းကြီးလုပ်
မင်းသမီးလုပ်သူ ပါးရိုက်မူလည်း
ပြုံးဆဲမပျက် နေတတ်ခဲ့လို့
ကျောင်းသူတချို့က
“အပြင်ကျလည်း မုန်းဖို့ပဲကောင်း
မပြောင်းဘူး” ဟု
စောင်းလျက်တစ်မျိုး တဲ့တိုးတစ်ဖုံ
အစုံပြောကြ ကျွန်တော့်ဘ၀...။

ဇာတ်ပို့နေရာဝယ် အကယ်ဒမီဆု
အောင်ပန်းလှမ်းလုလုမှာ
မနာဝံ့စွာ ကြားရပြန်
ကျွန်တော့်ကံလေ နေပါစေတော့...။

“တစ်ကားလုံးမှ တစ်ယောက်သာရယ်
အကယ်ဒမီတန်ရင်
ဖြူစင်ချောမော အပြောချိုသူ
ရမူကောင်းရဲ့..” တဲ့
“လူကြမ်းရဲ့ အမူအရာ
အကယ်ဒမီယူစရာလား.. ” တဲ့
“လူကြမ်းရဲ့ အိုက်တင်
အကယ်ဒမီပင် ခေါ်ထိုက်သလား..” တဲ့လေ.. ။ ။

ခေလွန်း

Read More...

Sep 6, 2007

ထွက်ပေါက်(၃)

ရှိသည်။ မရှိခြင်းတွေ အပြည့်အသိပ်ရှိသည်။ ၁၀နာရီခွဲ အစည်းအဝေးရှိသည်။ ဘာဖြစ်ဦးမလဲဆိုတဲ့ အတွေးရှိသည်။ ပရိုဂျက်မန်နေဂျာ အလုပ်ပြောင်းမည့် အကြောင်း ကြေညာသည့် စကားများ ရှိသည်။ ကျား နှင့် ရှင်ကြီး ဘယ်သူက ပါဝါကြီးသလဲ။ ဦးနှောက်က အသံပေးနေသလို ဗိုက်ထဲကလည်း အသံပေးသည်။ သူအိပ်ရာထတော့ မနက်စာသည် အိပ်မောကျနေခဲ့သည်။ သေချာတာက မန်နေဂျာနောက်တစ်ယောက် မကြာခင်ရောက်လာမည်။ ကြံရည်ကြိတ်သူ ပြောင်းသွားခြင်းအတွက် ကြံသကာဖြင့်လုပ်ထားသော စက်ရုပ်များအတွက် ဘာမှတော့ ထူးထူးခြားခြား ဖြစ်လာမည်ဟု မထင်ပါ။ ဖြစ်တော့ရော..။ ဖြစ်ဖြစ်ကွာ..ဘာပဲဖြစ်ဖြစ်..။ စိတ်ရှုပ်သည့်အချိန်တွင် ဘာပဲဖြစ်ဖြစ်ဟု သူသုံးလေ့ရှိသည်။

အာခေါင်တွေ ခြောက်လာသဖြင့် ရေတွေ ပါးစပ်ထဲ ရောက်အောင် လောင်းထည့်လိုက်သည်။ ညက စာတစ်အုပ်ဖတ်ရင်း မီးဖွင့်ပြီး အိပ်ပျော်သွားသည်။ အိမ်လခ မပေးရသေး။ ကိုယ်ပိုင်အချိန်ရောင်းခ ခုထိ မရသေး။ “သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ” ဟု စာတန်း လည်ပင်းမှာ ချိတ်ပြီး လျှောက်သွားနေသူကို “ခင်ဗျားကောင်းပေမယ့် ကျွန်တော်ဆိုးတယ်”ဟု ပြောကာ ခြေထိုးခံလိုက်သဖြင့် မှောက်ရက်လဲ သွားသည်။ ချက်လက်မှတ်တစ်စောင်က လိုချင်လိုက်ခဲ့ဟု ပြောပြီး အဝေးကို ထွက်သွားသည်။ အမောတကော ပြေးလိုက်ပြီး ကြည့်တော့ ထိုချက်လက်မှတ်ပေါ်တွင် ဘာမှ ရေးမထား။ အကြွေးဝယ်ကတ်သည် သုံးရစွဲရလွယ်သော်လည်း အတိုးပေးရတာ မလွယ်ကူပါ။ “ယနေ့အကြွေး မရောင်းပါ” ဟု ရေးကာ ထိုင်ငိုက်နေတတ်သော စတိုးဆိုင် ပိုင်ရှင်ကို နှိုးပြီး “မနက်ဖြန်မှ အကြွေးလာဝယ်မယ်” လို့ ပြောလိုက်သည်။ သူ့တွင် မနက်ဖြန်အတွက် အိပ်မက်များစွာ ရှိသည်။ မနက်ဖြန်ကို စောင့်ပြီး အိပ်မက် မက်ရင်း အိပ်ရာမှ နိုးတိုင်း ယနေ့ကို ပြန်ရောက်သွားသည်။ မနက်ဖြန်သည် ဘယ်တော့မှ ရောက်မလာသော အနာဂတ်တစ်ခုသာ ဖြစ်သည်။ နောင်မှ နောင်တ မရဖို့ အခုကတည်းက “တ” ထားလိုက်သည်။ ပိုက်ဆံရှိသည့်အခါ ကဗျာစာအုပ်ထုတ်မည်။ ကိုဖြိုးနဲ့တောင် ဟိုတနေ့က ပြောမိသေးသည်။ ပိုက်ဆံရှိသည့်အခါတွင် ထုတ်မည်ဟု စဉ်းစားထားသဖြင့် ထိုကဗျာစာအုပ် ထွက်လာဖို့ နှစ်အတော်ကြာသည်အထိ လမ်းမမြင်တော့ပါ။ အိုကွာ.. ဘာပဲဖြစ်ဖြစ်..။ ခုတလော စာတွေပဲ တစ်ကြောင်းပြီးတစ်ကြောင်း ချရေးချင် နေသည်။ သူ့စိတ်တွင် အမှန်တကယ် ဆာလောင်နေသောအရာသည် ဟိုရောက်ဒီရောက်အတွေးများ မဟုတ်ဘဲ စကားလုံးများသာ ဖြစ်သည်။ သေနတ်သံများ ကြားသည်။ သေနတ်ဆိုတာ မိုးပေါ်ထောင်ပစ်လို့ရသလို လူအုပ်ထဲလည်း ပစ်လို့ရတယ်ဆိုတဲ့ စကားကို ကြားသည်။ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဆိုရှယ်လစ်လမ်းစဉ်ဟု ခေါင်းစဉ်တတ်ကာ ကိုယ်ပိုင်သံစဉ် တစ်ခုလို ဖန်တီးပြီး နားငြီးအောင် တီးပြနေတဲ့အသံတွေ သမိုင်းစာအုပ်ထဲက ကြားသည်။ လမ်းညွှန်မြေပုံတွေ မလိုပါ။ လှေကား ခုနှစ်ထစ် တက်စရာ မလိုပါ။ ကိုယ်ကျိုးမဖက်သည့် စေတနာနှင့် စာနာနားလည်မှုသာ လိုအပ်သည်။ စိတ်ထဲမှ ၀ုန်းကနဲ ထွက်လာသော ဒေါသကို ထိန်းရန် နံပါတ်စဉ် ရွတ်ပါဟု ဘယ်ပညာရှိက ပြောသွားမှန်းမသိ။ တစ်.. နှစ်.. သုံး.. လေး.. ငါး.. ခြောက်.. ခုနစ်.. ရှစ်.. ။ ထိုပညာရှိသည် ပညာရှိနည်းဖြင့် ဆဲခိုင်းခြင်းသာ ဖြစ်သည်။ ဘယ်လောက်ပဲ အော်ဆဲဆဲ မကြားချင်ယောင်ဆောင်နေသူအတွက် ဘာမှ ဖြစ်မသွားတာကတော့ ဆိုးသည်။ အမှန်က မကြားချင်ယောင် ဆောင်ရင်း တကယ် မကြားတော့တာလည်း ဖြစ်နိုင်သည်။ စိတ်ပျက်သလို လက်လည်းပျက်နေသော လူများနှင့် ပြိုလုဆဲဆဲဖြစ်နေသော အဆောက်အအုံကို ကျားကန်ထားကြသည်ကို စိတ်ပျက်လက်ပျက်နှင့် ကြည့်နေရုံပဲ ရှိတော့သည်။ ဘေးပတ်ဝန်းကျင်ကို လှည့်ကြည့်တော့ မျက်လုံး အသေဖြင့် လူများ.. စိတ်ဓာတ် အသေဖြင့် လူများ.. မျှော်လင့်ချက် အသေဖြင့်လူများ.. ဒီအိပ်မက်ဆိုးက အလန့်တကြား နိုးထချင်ပြီ။

Read More...

Sep 5, 2007

ထွက်ပေါက်များ၏ မြစ်ဖျားခံရာမှ မြင်းရိုင်းတစ်ကောင်

စိတ်မွန်းကျပ်မှုတွေကို ခင်ဗျားတို့ ကြုံဖူးကြမှာပဲ။ တခါတလေ အနည်းအကျဉ်း.. တခါတလေ အများအပြား.. တခါတလေ .. မနည်းမများပေါ့ဗျာ။ အဲဒီလို မွန်းကျပ်မှုတွေကို ထားခဲ့ပြီး ထွက်သွားဖို့ ကျွန်တော်တို့တွေမှာ ထွက်ပေါက်တွေ ကိုယ်စီ ရှိတတ်ကြမှာပါ။ ကျွန်တော်က ကဗျာရေးလေ့ရှိသူ ဆိုတော့ များသောအားဖြင့် သိပ်မွန်းကျပ်လာရင် ကဗျာတွေပဲ ရေးဖြစ်တာ များပါတယ်။ တခါတခါ ကဗျာဖွဲ့ဖို့ မဖြစ်နိုင်လောက်အောင်အထိ မွန်းကျပ်လာတဲ့အခါမျိုးတွေမှာ ကျွန်တော် စိတ်ထဲရှိရာတွေကို လျှောက်ရေးနေပစ်မိတတ်ပါတယ်။ တစ်ခုခုရေးမယ်ဆိုပြီး ဦးတည်ရာတစ်ခုကို သွားနေတာမျိုး မဟုတ်ဘဲ စိတ်က ပြေးတဲ့နောက်ကို လက်က လိုက်ပြီး ရေးလိုက်တာမျိုးပါ။ ဒါကြောင့် ကျွန်တော်ရေးတဲ့ ထွက်ပေါက်များကို ဖတ်တဲ့ အခါမှာ သေချာတိကျမှုတွေကို ရှာတွေ့မှာ မဟုတ်ဘဲ နိမိတ်ပုံတွေ၊ အတွေးပုံရိပ်တွေ .. အများအပြားကို ပုံဖျက် ရောနှောထားသလို ကပေါက်တိကပေါက်ချာ ဖြစ်ကောင်းဖြစ်နေမှာပါ။ ဒါကို မော်ဒန်ခေါ်ခေါ် ပို့စ်မော်ဒန်ခေါ်ခေါ် စိတ်အလျဉ်ရေးနည်းခေါ်ခေါ် ကြိုက်တဲ့ တံဆိပ်ကပ်သွားလို့ရပါတယ်။ သေချာတာက ကျွန်တော်ဟာ ပုံစံခွက်ထဲမှာ နေထိုင်တွေးခေါ်ရတာကို ပျင်းရိတဲ့ လူငယ်များစွာထဲက လူငယ်တစ်ယောက်ပါပဲ။

ထွက်ပေါက်များကို အခုရက်ပိုင်းမှာ ကျွန်တော့်အတွက် ထွက်ပေါက်တစ်ခုလို ဆက်တိုက်ရေးချင်ရေးမိနေပေမယ့် ကျွန်တော် ရပ်ချင်တဲ့အခါမှာလည်း ဆက်မရေးဘဲ ရပ်ပစ်လိုက်မှာပါ။ ကျွန်တော် ငယ်ငယ်ကတော့ တရားမှတ်ဖူးပါတယ်။ စိတ်ကို ငြိမ်အောင် ဘယ်လိုကြိုးစားကြိုးစား ဘယ်လိုမှ စုမရပါဘူး။ စိတ်က ဟိုရောက်လိုက် ဒီရောက်လိုက်ဖြစ်ပြီး အချိန်ကုန် သွားတော့တာပဲ။ အခုကတော့ တရားမှတ်တာနဲ့ ပြောင်းပြန်ပါ။ စိတ်ကို ငြိမ်အောင် စုမထားဘဲ သွားချင်ရာသွားဖို့ လွှတ်ပေးလိုက်ပြီး အဲဒီနောက်ကနေ မရအရ စိတ်စေရာကို လိုက်ရေးတာပါ။ ဒါကို ရူးသွပ်ခြင်း တမျိုးလို့ ယူဆမယ်ဆိုလည်း ကျွန်တော် မငြင်းပါဘူး။ ကိုယ်ပိုင်အယူအဆနဲ့ ရှင်သန်ရတဲ့ဘ၀ကိုသာ ကျွန်တော်မြတ်နိုးပါတယ်။ စိုးလွင်လွင်ရဲ့ ကျော်ကြားခဲ့တဲ့ သီချင်းတစ်ပုဒ်ထဲကလို ဆိုရရင်တော့ “ငါ့စိတ်ဓာတ်တွေ ထင်ရာစိုင်းတော့မယ် မြင်းရိုင်းတစ်ကောင်လိုပဲ”

Read More...

ထွက်ပေါက်(၂)

လူသည် မိမိဝတ်ဆင်ထားသည့် စိတ်ပေါ်မူတည်ပြီး ထူးခြားသည့် အရောင်အမျိုးမျိုး ထွက်သည်။ လွင့်ထွက် သွားသည့် စိတ်အင်္ကျီကို လိုက်ကောက်ရင်း ဒလိမ့်ကောက်ကွေး လိမ့်ကျသူကို လူတချို့ ၀ိုင်းကြည့်ပြီး ဟားတိုက်ရယ်နေကြသည်။ လူတချို့က ပြေးပြီး နင်းကြသည်။ အရောင်အမျိုးမျိုး စမ်းဝတ်ကြည့်ပြီးသည့်နောက် အရောင်မပါသော အင်္ကျီသာ အသင့်တော်ဆုံး ဖြစ်ကြောင်း ဓာတ်ခွဲခန်း အဖြေထွက်လာသည်။ ထိုအဖြေစာရွက်ကို တစစီစုတ်ဖြဲရင်း ဆက်ပြီး လမ်းလျှောက် ထွက်လာခဲ့သည်။ အမှန်တွင် လမ်းလျှောက်ထွက်သူကို လမ်းက ဖြတ်လျှောက်သွားခြင်းသာ ဖြစ်သည်။ လေလွင့်ခြင်းလမ်းမများ ဟူသော သီချင်းကို တစ်ယောက်တည်း အပြန်ပြန်အလဲလဲ သီဆိုနေမိသည်။ သူသည် လေလွင့်ခြင်းလမ်းမထက်တွင် လျှောက်ရင်း နောက်ကိုလည်း ပြန်မကြည့်ရဲ ရှေ့ကိုလည်း မျှော်မကြည့်ရဲသူ ဖြစ်သည်။ သွားရင်းလာရင်း ကြုံသည့် အနှောင့်အယှက်များကို သူ မလိုလားပါ။ ပြဿနာကို ရှာရန် မီးလိုက်ထွန်းနေသူများကို မီးထိန်ထိန်လင်းနေသည့်အခန်းတွင် ထားဖို့ မဖြစ်မနေ လိုအပ်သည်။ လကုန်ရင် လခရမယ်ဆိုတဲ့စကားသည် လဆန်း ၅ရက်အထိ လခ မရသေးသူအတွက် လှောင်ပြောင်ရယ်မောသံသက်သက် ဖြစ်သည်။ လိမ်ညာရမှာကို စိတ်ပျက်သူအတွက် ပိုစိတ်ပျက်အောင် ပတ်ဝန်းကျင်က ၀ိုင်းကူပြီး လိမ်ညာကြသလား။

စိတ်မပါဘဲ စိတ်ပါချင်ယောင်ဆောင်ဖို့ ကြိုးစားရတာလောက် ပင်ပန်းတာ မရှိပါ။ ထောင်ပေါင်းများစွာသော ကွန်ပျူတာသုံးဘာသာစကားများကို ပြောဆိုနားလည်ဖို့ ယေဘုယျကျကျ တွေးတတ်သည့်ဦးနှောက်တစ်ခုသာ လိုသည်။ ကြက်တူရွေးများသည် သင်ထားသမျှ ဖြေဆိုနိုင်သော်လည်း မသင်ထားလျှင် လုံးဝ မဖြေတတ်ကြပါ။ စိတ်လေဖို့ကောင်းအောင် ဆုတံဆိပ်များကို မက်မောကြသည်။ ရင်းနှီးမြုပ်နှံခြင်း ဆိုသည့်စကားက ရင်းနှီးတာလား မြုပ်နှံလိုက်တာလား ကြောက်မက်ဖွယ်ရာ ခြောက်လှန့်သည်။ ဟန်မဆောင်တတ်သူကို ရိုင်းစိုင်းသူဟုခေါ်ပြီး ဟန်ဆောင်တတ်သူကို ယဉ်ကျေးသူဟု ခေါ်တတ်သည့် လူ့အဖွဲ့အစည်းတွင် စံနှုန်းများလွဲချော်နေပြီ ဆိုသည့်အကြောင်းကိုဖော်ပြရန် အမှောင်ကမ္ဘာသတင်းစာတွင် နေရာလွတ် မရှိသေးပါ။ အတင်းအဖျင်း ပြောတတ်သူတစ်စုက သတင်းစာတွင် ပါသော သူများမကောင်းကြောင်း ကိုယ်ကောင်းကြောင်း အမွှန်းတင်ထားသည့်ဆောင်းပါးတစ်ပုဒ်ကို မြိန်ရေယှက်ရေ စားမြုံ့ပြန်နေသည်။ မနီးမဝေးရှိလူငယ်တစ်စုက ဘောလုံးသမားတွေအကြောင်း ဖတ်ထားသမျှကို လက်ဖက်ရည်ခွက်ထဲ လောင်းထည့်ပြီး ပြိုင်တူမော့လိုက်ကြသည်။ ရေဒီယိုကြီးကိုင်ပြီး ငိုက်စိုက်ငိုက်စိုက် လျှောက်လာသူတစ်ဦးထံမှ သီချင်းသံသဲ့သဲ့ကြားရသည်။ ~~ယုံကြည်ခြင်းနဲ့ ကြိုးစားထားမှ~~ တစ်ချိန်မှာ အောင်မြင် လွတ်မြောက်မယ် မဟုတ်လား~~။ အလံကို တိုင်တစ်ဝက်သို့ လျှော့ချလိုက်ကြသည်။ ထို့နောက် ထုံးစံအတိုင်း ခေတ်တစ်ခုလုံး အမှောင်ချပစ်လိုက်သည်။

Read More...

Sep 3, 2007

ထွက်ပေါက်

အရောင်အသွေးကျနေတဲ့ အင်္ကျီတစ်ထည်ကို ယနေ့ဟု သတ်မှတ်ပြီး အဘိဓာန်မှာ ရှာမတွေ့တဲ့ လူတစ်ယောက်ကို ကဗျာဆရာဟု သတ်မှတ်ပါ။ ချိုးဖြူငှက်တစ်ကောင် ထပျံသွားသည်ဟု ပြောသံကြားရသည်။ ရုတ်တရက် ထပျံသွားသလား လှုပ်လီလှုပ်လဲ့ ထပျံသွားသလား။ မျက်လုံးများ မှိတ်ထားသောကြောင့် မမြင်လိုက်ပါ။ မျက်လုံးတွေ မှိတ်ထားသည့်ကာလမှာ ကြာခဲ့ပြီ။ ဖွင့်ထားလည်း မမြင်ချင်တာတွေ တွေ့ရမည့် အတူတူ (သို့မဟုတ်) ဖွင့်ထားလည်း မမြင်အောင် အတင်း လိုက်ပိတ်ခံနေရမည့် အတူတူ အလိုက်တသိပဲ မျက်လုံးတွေကို မှိတ်ထားလိုက်သည်။

ငရဲဘုံဆိုသည်မှာ လခစားအလုပ် လုပ်ရသော အချုပ်အနှောင်ကို မုန်းတီးစက်ဆုပ်သူများ နေထိုင်ရာ နိတ္ထိအခန်းသာ ဖြစ်သည်။ လူမှုရေး နားမလည်သော မန်နေဂျာသည် အလုပ်သမားတွေကို ကြံချောင်းတွေလို အရည်ညှစ်ယူနေရသည်ကို အားရကျေနပ်ပုံ မရသေး။ ကော်လာကို အဖြူရောင်ဆိုးဆိုး အပြာရောင်ဆိုးဆိုး စက်ရုပ်သည် စက်ရုပ်သာ ဖြစ်သည်။

စည်းကမ်းကာလနားများအကြား လခစား လုပ်ရသော ကဗျာဆရာ၏ မွန်းကျပ်မှုအောက်တွင် ကဗျာအသေများကို တစ်နေ့ပြီး တစ်နေ့ မြေမြုပ်ပစ်လိုက်ရသည်။ သံသရာဆိုသည်မှာ ဥသြသံမပေးဘဲ တိတ်တဆိတ် ထွက်ခွာသွားသည့် ရထားတစ်စင်းသာ ဖြစ်သည်။ နောက်ဆုံးရထား ဟုတ်မဟုတ် မရေရာသလို နောက်ဆုံးဘူတာ ဟုတ်မဟုတ်လည်း မသေချာပါ။ နောက်မှ ဆုံးမယ့် အတူတူ အစကတည်းက ဆုံးလိုက်ရင် အကောင်းသား။ အခုတော့ လွယ်ထားတဲ့ အပြာရောင်ကျောပိုးအိတ်မှာ မျှော်လင့်ခြင်းတွေ တနင့်တပိုးနဲ့ ခြေဦးတည့်ရာရော ခြေဦးမတည့်ရာပါ လျှောက်ရတာ အချိန်ကုန်သည်။ အချိန်ကို ၀ယ်လို့ မရဘူးလို့ ငယ်ငယ်တုန်းက ဆရာမတစ်ယောက်က စာစီစာကုံးရေးဖို့ သင်တော့ ပြောဖူးသည်။ အခုတော့ တနင်္လာကနေ သောကြာအထိ အချိန်ကို ချ ချရောင်းနေတာ ဆရာမ မသိရှာပါ။ အချိန်ဆိုတာများ တန်ဖိုးရှိလွန်းလို့ သူများက ဈေးကြီးပေးလာဝယ်နေရတဲ့ အချိန်ကို ကိုယ်တိုင်ပြန်မ၀ယ်နိုင်တဲ့ အထိပဲ။ လူတွေ ယဉ်ကျေးလာကြသည်။ လူတွေ တိုးတက် လာကြသည်တဲ့။ ထိုအဆိုကို ရာနှုန်းပြည့်ထောက်ခံခြင်း မပြုနိုင်သည့်အတွက် စိတ်မကောင်းပါ။ ယဉ်ကျေးတိုးတက်ပါတယ် ဆိုတဲ့ လူတွေ အချင်းချင်း နှိပ်စက်ကြ ညှင်းပန်းကြ သတ်ဖြတ်ကြတာများ ကိုယ့်နားကိုယ်တောင် ယုံနိုင်ခြင်း မရှိပါ။ ထိုကဲ့သို့ အဓိပ္ပာယ်မရှိတာတွေကို အဓိပ္ပာယ်ရှိသယောင် ဟန်ဆောင်ပန်ဆောင် ကောင်းတတ်တဲ့ သတ္တ၀ါကို “လူ” လို့ နာမည် ပေး ကင်ပွန်းတပ် လိုက်ကြသည်။

ငှက်တစ်ကောင်က အမေ့အိမ် သီချင်းကို ငှာန်ကရိုဏ်းကျကျ သီဆိုနေသည်။ ရထားတစ်စင်း ခုတ်မောင်းသံ နီးလာပြီ။ ရပ်ထားမှာလား။ ဆက်သွားမှာလား။ တကယ်တော့ ရပ်နေသော်လည်း သွားနေနိုင်ပြီး သွားနေသော်လည်း ရပ်နေနိုင်သည်ဆိုသည့်အချက်ကို ကျွန်တော်တို့ စနစ်တကျ မေ့လျော့နေခဲ့သည်။

Read More...

စိတ်မြှားထွက်ခြင်း

စိတ်လေ
စိတ်ပျက်
စိတ်ဓာတ်ကျ
စိတ်ကစား
အဇ္ဈတ္တက အတ္တကိုမြှားတယ်။

စိတ်အားငယ်
စိတ်ပျော့
စိတ်လျော့
စိတ်တို
သားကောင်က ထောင်ချောက်ကို မြှားတယ်။

စိတ်လွတ်..ကိုယ်လွတ်
စိတ်မွန်းကျပ်
စိတ်ပူ
စိတ္ဓားပါးလ်လ်
စကားလုံးက ကဗျာဆရာကို မြှားတယ်။

ငါက စိတ်ကိုမြှားတယ်။
စိတ်က ငါ့ကိုမြှားတယ်။
ငါက ငါ့ကိုမြှားတယ်။

ခေလွန်း
စက်တင်ဘာ ၃ရက်၊ ၂၀၀၇
၁၀နာရီ ၃၀မိနစ်

Read More...