May 1, 2007

အမှောင်ချထားတဲ့အလွမ်း

ရန်ကုန်မှာ ဒီအချိန်ဆို ည ၁၂နာရီ ရှိပြီ။ ထုံးစံအတိုင်း မီးပျက်နေမယ် ထင်တယ်။ သူမ ပြောသလို ၂၄နာရီ မဟုတ်ဘဲ ၂ရက် ၄နာရီ မီးလာနေပြီဆိုလား။ အမှောင်ထဲမှာ ကျွန်တော့်ကိုများ သူမ သတိတရရှိနေမလား။ ဒါနဲ့ပဲ ဟောဒီ ကဗျာကို ရေးဖြစ်ခဲ့တယ်။ သြော်.. ကဗျာ မရေးခင် .. မီးတွေ အားလုံး ပိတ်ပြီး အမှောင်ချပစ်လိုက်တယ် ဆိုတာ ပြောဖို့ မေ့တော့မလို့ .. ။


“အမှောင်ချထားတဲ့အလွမ်း”

အမှောင်တဲ့
ယောင်ပြီး နမ်းနေမိသလား
ဘေးနားမှာ နင်မရှိဘူး
အလွမ်းဆိုတဲ့ ဆူးတစ်ချောင်းကို
ရင်ခွင်တစ်ခုစာ ဒေါင်းလုပ်*ချထားမိခဲ့တာပါ
နင်ရေးပေးတဲ့ စာတွေ ပြန်ဖတ်ကြည့်တယ်
နင်ပေးထားတဲ့ ဓာတ်ပုံလေး ပြန်ထုတ်ကြည့်တယ်
နင်နဲ့အတူ နေ့ရက်တွေကို ပြန်တွေးကြည့်တယ်
နင့်အပြုံး ခပ်လဲ့လဲ့ကို သတိရတယ်
နင့်စကား ခပ်လွင်လွင်ကို တမ်းတတယ်
ဒါနဲ့
မျက်စိကိုမှိတ် မီးတွေ ပိတ်ပြီး
Big Bag သီချင်းတွေချည်း လှိမ့်နားထောင်နေလိုက်တယ်
ကွန်ပျူတာထဲမှာ နင့်ပုံရိပ်တွေရှိတယ်
ဂျီတော့ခ် ချက်လော့ဂ်* ထဲမှာ နင့်စကားလုံးတွေရှိတယ်
ဖုန်းထဲမှာ နင့်အသံတွေရှိတယ်
ရင်ဘတ်ထဲမှာ နင့်အနမ်းနဲ့ လှုပ်နှိုးခဲ့တဲ့ နှလုံးသားရှိတယ်
ဘလော့ဂ်*ထဲမှာ နင့်ကို အလွမ်းပြေမလားလို့ ရေးထားတာတွေရှိတယ်
အမှန်တကယ်တော့
အရာရာဟာ ပုံမှန်ပါပဲ
ပုံမှန်မဟုတ်ဘဲ dc* ဖြစ်နေတဲ့ ငါကလွဲရင်ပေါ့လေ။ ။

ခေလွန်း
မေလ ၁ရက်၊ ၂၀၀၇

ဒေါင်းလုပ် = download
ဂျီတော့ခ်ချက်လော့ဂ် = G-talk Chat Log
ဘလော့ဂ် = Blog
dc = disconnected

Read More...

Apr 30, 2007

အခြမ်းမဲ့ချမ်းတဲ့ညတွေ

သင်္ကြန်မှာ ရန်ကုန်ခဏပြန်ဖြစ်တော့ ထုံးစံအတိုင်း ကဗျာစာအုပ်တွေ သူမနဲ့အတူ မွှေနှောက်ဝယ်ဖြစ်ပါတယ်။ အဲဒီထဲက ၀ယ်ဖြစ်တဲ့ တစ်အုပ်နာမည်က “ရှုမျှော်ရာလမ်း” တဲ့။ ချမ်းမင်းအိမ်၊ ပေါ်ဦးသစ်၊ ၀ိုင်ချို တို့ရဲ့ ကဗျာတွေပါ။ ကဗျာဆရာ ချမ်းမင်းအိမ်ရဲ့ “အခြမ်းမဲ့ ချမ်းတဲ့ ညတွေ” ကို တော်တော်ကြိုက်မိပါတယ်။ ဒီကဗျာကို ဖတ်မိတော့ ဆရာနန္ဒာသိန်းဇံရဲ့ “အသွင်သဏ္ဍာန်တို့ နောက်ကွယ်..” စာအုပ်မှာ ပါတဲ့ “အခြမ်းပျောက်လမ်း” ကိုလည်း အမှတ်ရမိပါတယ်။

အတိုချုံးပြောရရင် ဂရိဒဏ္ဍာရီအရ ရှေးတုန်းက ကမ္ဘာဦးလူတွေဟာ မျက်နှာနှစ်ခု၊ လက်လေးဖက်၊ ခြေလေးချောင်းရှိတဲ့ သတ္တ၀ါလို့ ဆိုပါတယ်။ လူတွေက ဒုက္ခပေးလွန်းလို့ ဇုနတ်မင်းကြီးက အဲဒီလူတွေကို ထက်ခြမ်းခွဲလိုက်ပါတယ်တဲ့။ ဒါနဲ့ပဲ လူဟာ အခွဲခံလိုက်ရတဲ့ အခြားသော အခြမ်းကို အရမ်းတွေ့ချင်ပါတယ်တဲ့။ အခွဲခံရတဲ့ အခြမ်းကလည်း အပြန်အလှန်တွေ့ချင်တယ်တဲ့။ ဒါကြောင့်ပဲ အင်္ဂလိပ်စာ အသုံးအနှုန်းမှာ ကိုယ်ချစ်ရတဲ့ ချစ်သူကို “you are my other half” လို့ တင်စားပြောကြတယ်တဲ့။

တကယ်ပါဗျာ.. အခြမ်းမဲ့ ချမ်းတဲ့ညတွေ ဆိုတဲ့ ခေါင်းစဉ်လေးက ဆွဲဆောင်မှုရှိလွန်းတယ်။ ချစ်သူမရှိတဲ့ အခြမ်းမဲ့ ချမ်းတဲ့ညတွေကို ခင်ဗျားတို့လိုချင်မှာ မဟုတ်သလို ကျွန်တော်လည်း လိုချင်မှာ မဟုတ်တာ အမှန်ပဲဗျ။ မနေ့ညကတော့ မိုးတွေသည်းသည်းမည်းမည်း ရွာတယ်..အခြမ်းမဲ့ ချမ်းတဲ့ညတွေထဲ ကျွန်တော်တစ်ယောက်တည်း...။


ကဲ .. ဖတ်ကြည့်လိုက်ပါဦး...

“အခြမ်းမဲ့ ချမ်းတဲ့ညတွေ”

ဒဏ်ရာကို
ဂစ်တာထဲထည့်ပြီး
ညရဲ့ရင်အုံပေါ် ပစ်တင်လိုက်တော့
အဆွေးတွေက
ကြွေကျလာ။
ကန္တာရမှာ မှည့်ဝင်းမယ့်
လမင်းသစ်သီးရေ
ဖြစ်သလို နေတတ်ခဲ့ပေမယ့်
ဖြစ်သလို မချစ်တတ်ခဲ့တာမို့
နေရာထိုင်ခင်းကိုတော့
အတတ်နိုင်ဆုံး ရှင်းထားတယ်
မင်းလာလိမ့်မယ် ထင်လို့။
ဒီမှာ
အနွေးဓာတ်ရဖို့
ဖြတ်စညှပ်စ ချည်မျှင်တွေကိုဆက်
တစ်ကိုယ်စာ စောင်တစ်ထည်ကို
ရက်နေမိတော့တယ်။ ။

မိုးဂျာနယ်၊ အောက်တိုဘာ၊ ၂၀၀၀

Read More...

မပြီးသေးသော သင်္ကြန်ပွဲ ခပ်ရွှဲရွှဲတစ်ရပ်ပင်

ဒီနေ့ ဧပြီ ၃၀ရက်။ မြန်မာပြည်မှာ သင်္ကြန်ပွဲပြီးတာ နှစ်ပတ်ကျော်ရှိပါပြီ။ စင်္ကာပူမှာတော့ မပြီးသေးသော သင်္ကြန်ပွဲများကို ဆက်လက်ဆင်နွှဲနေကြတုန်းပါ။ မကြာခင်ကာလမှာ Ngee Ann Poly နဲ့ Temasek Poly တို့ကလည်း သင်္ကြန်ပွဲများကို ဆက်တိုက်လုပ်သွားမယ်လို့ သိရပါတယ်။ မနေ့က Informatics Jurong Campus မှာ Sherwood သင်္ကြန်လို့ အမည်ရတဲ့ပွဲကို Big Bag နဲ့ Lazy Club စတဲ့ တီးဝိုင်းများ ပါဝင်တဲ့ စတိတ်ရှိုးနဲ့အတူ ကျင်းပ ပြုလုပ်သွားခဲ့ပါတယ်။ ဟိုတလောက Emperor စတိတ်ရှိုးကို မကြည့်ဖြစ်လိုက်ဘဲ သူများကို လက်မှတ်လက်ဆောင် ပေးလိုက်ရတဲ့ ကောင်းမှုကြောင့် မနေ့က ပြုလုပ်တဲ့ အဲဒီပွဲကို သွားကြည့်ဖို့ လက်မှတ် တစ်စောင် အသိတစ်ယောက်ဆီက လက်ဆောင်ရပါတယ်။ လက်မှတ်ပေါ်က ဈေးနှုန်းကို ဖတ်လိုက်တော့ S$45 တဲ့ (စလုံး တစ်ဒေါ်လာကို ၈၄၀၊ ၈၅၀ကျပ်လောက် ပေါက်ပါတယ်.. ကိုယ့်ဘာသာ မြှောက်ကြည့်ပါ)။



ဒါနဲ့ ကျန်တဲ့သူတွေ ဆိုတာကို မကြည့်ချင်ရင်တောင် ကျားပေါက်(ဟန်ထူးလွင်) နဲ့အတူ နည်းနည်းတော့ လိုက်အော်ချင်တဲ့ စိတ်နဲ့ Jurong East ကို ဦးတည်ထွက်ခဲ့ပါတယ်။ ကျွန်တော်က Big Bag ကို အရူးအမူး ကြိုက်ပါတယ်။ ရန်ကုန်ပြန်ဖြစ်တုန်းက ၀ယ်လာတဲ့ တစ်ခွေတည်းသော ကာရာအိုကေအခွေကလည်း The Big Show in Bag (Live Show) အခွေပါ။ ဒီလိုနဲ့ အ၀င်ဝနားရောက်တော့ Big Bag ရဲ့ သီချင်းသံတွေ အတိုင်းသား ကြားနေရပါပြီ။



“ အဘိုးကြီးလည်း Rap အဘွားကြီးလည်း Rap.. မွေးကင်းစ အာပြဲလေးလည်း Rap.. ”
“ အကြော်သည်နှစ်ယောက်ထချလည်း Rap .. ဘယာကြော်ကုလားကြီး အော်လည်း Rap.. သူငယ်နာမကင်းတဲ့ကောင်လည်း Rap.. ”

တကယ်ကို ဟစ်နေပါပြီ။ စင်ပေါ်ကို လှမ်းကြည့်လိုက်တော့ ကျားပေါက်ရယ်၊ ဆင်ပေါက်ရယ်ကို တွေ့ရပါတယ်။ ဒါနဲ့ အမြဲလိုလို သွားလေရာဆောင်သွားတတ်တဲ့ (သံလွင်အိပ်မက်ရဲ့ ဂျာနယ်လစ်ပီပီ..) ကင်မရာလေးထုတ်ပြီး အမှတ်တရ ဓာတ်ပုံတွေ တဖျတ်ဖျတ် ရိုက်ဖြစ်ပါတယ်။ ဘော်ဒါတွေမပါတော့ နည်းနည်းငေါင်ပါတယ်။ မတတ်နိုင်ဘူး။ ဒါနဲ့ ရတဲ့သီချင်းတွေကို နည်းနည်းပါးပါး ခုန်ပေါက်၊ လိုက်အော်ပေါ့။ (အမှန်က ဆိုသွားတဲ့ သီချင်းတွေ အားလုံးကို ရပါတယ်..)



“ ကင်မရာရှေ့ရောက်ရင် အလိုလိုငါ့စိတ်ကြမ်းလာတယ် .. နဂိုပုံစံပျောက်လို့ လူတိုင်းကြောက်အောင် ငါခြောက်ရတယ်.. လူတွေမုန်းသွားအောင် ငါတဘက်ကမ်းခတ်ကျွမ်းကျင်ပေမယ့် လက်ခုပ်သံများ ငါ့အတွက် မဟုတ်ဘူးလေ.. ဗီလိန်.. ရေး.. ဗီလိန်..”



“ ပုံပြင်လေးအဆုံးမှာ ကျွန်တော်မောင်ကျားကြီးဟာ သေကောင်ပေါင်းလဲကိုပဲ ဒေါသတွေထွက်လာ ... လုံးပြီးတော့ ၀ဲပစ်လိုက်တဲ့ ပတ်သက်ခဲ့တာတွေ အားလုံးပဲ ဇာတ်သိမ်းသွားးးးးးးးးး ”



ဒီလိုနဲ့ တစ်ပုဒ်ပြီးတစ်ပုဒ်ဆိုအပြီးမှာ နောက်ဆုံး သီချင်းအနေနဲ့ ကျားပေါက်ရဲ့ အအောင်မြင်ဆုံးသီချင်းလို့ ဆိုရမယ့် နီးနီးလေးနဲ့ ဝေးကို သီဆိုခဲ့ပါတယ်...




“ ငါ့အိပ်မက် မင်းပုံရိပ်များနဲ့ ပျော်ခဲ့ ငါလေရှုံးနိမ့်လို့နေပြီ.. အနေတွေနီးခဲ့လို့ ငါတို့ဝေးရပြီ .. .. .. ဘာတွေ ဆုံးဖြတ်လို့ ဘာဆက်လုပ်ကြမယ် ငါတို့ နီးကြဖို့ ဘယ်အထိ ဝေးရဦးမှာလဲ... မင်းနဲ့ နီးချင်တယ် ”



Big Bag ဆိုအပြီး Lazy Club နဲ့အတူ တင်ဇာမော်ဆိုမယ်အလုပ်မှာပြန်ခဲ့ပါတယ်။ သူမနဲ့ ညနေ အွန်လိုင်းမှာ ချိန်းထားတာ နောက်ကျလို့ မဖြစ်ဘူး မဟုတ်လား.. ။ ။

Read More...

Apr 28, 2007

လမ်းပြကြယ်

“လမ်းပြကြယ်” လို့ နာမည်ပေးထားတဲ့ မြန်မာစာကြည့်တိုက်တစ်ခုကို စင်္ကာပူရောက် မြန်မာများ စုဝေးရာ ပင်နီဆူလာပလာဇာမှာ ဖွင့်လှစ်တော့မယ်လို့ သိရပါတယ်။ ထိုစာကြည့်တိုက်အတွက် စာအုပ်စာတမ်းများ လှူဒါန်းလိုပါက စာကြည့်တိုက်သို့ ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။ လမ်းပြကြယ်အတွက် တဖက်တလမ်းက ကူညီတဲ့အနေနဲ့ သံလွင်အင်တာနက်ဆိုက်ဒ်မှာ တင်ထားဖို့ ဟောဒီ ဒီဇိုင်းလေးကို လုပ်ဖြစ်ခဲ့ပါတယ်...




လောလောဆယ်ဖတ်ရှုလို့ရတဲ့ စာအုပ်စာရင်းကို ဟောဒီ အင်တာနက်လိပ်စာမှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။

http://www.thanlwin.com/polaris

Read More...

Apr 24, 2007

စိတ်ပျက်လက်ပျက်ဖြစ်စရာကောင်းလှသော ကျွန်တော်

ခရီးရောက်မဆိုက် မအိမ်ခြံမြေက ( အဟဲ.. ကိုဘလာဂေါက်ရဲ့ အာဘော်အတိုင်း ခေါ်ကြည့်တာ) ဆောရီး.. မအိမ့်ချမ်းမြေ့က tag လုပ်လိုက်တယ်ဆိုတော့ ဘာလဲပေါ့။ အဲဒါနဲ့ အလုပ်နည်းနည်းပါးတော့ လိုက်ဖတ်ကြည့်ရပါတယ်။ တွေ့ပါပြီ။ ကိုတက်စလာကြီး စထားတဲ့ ဇာတ်လမ်းကိုးဗျ။

ကဲ.. အတော်လေး စဉ်းစားယူထားရတဲ့ 10 weird things about me ဟောဒီမှာပါဗျာ...

၁) လမ်းသွားရင်း ကားနံပါတ်တွေမြင်ရင် မနေနိုင်မထိုင်နိုင် လိုက်ပေါင်းတတ်တယ်။ (ငယ်ငယ်က စာအုပ်လှန်ထားတဲ့ အကျင့်တွေ မပျောက်သေးလို့နဲ့ တူပါတယ်)

၂) တစ်ခုခုကို လုပ်ချင်ပြီဆိုရင် သင့်တော်သလား မသင့်တော်သလား သိပ်မစဉ်းစားဘဲ လုပ်ချင်ရာကို လုပ်ချတတ်တယ်။ (မှားသွားရင်တော့ ဆောရီးပေါ့။ ကြက်ကန်းတိုးပြီး မှန်သွားရင်တော့ သိပ်တော်တဲ့ငါပဲဆိုပြီး ကြံဖန်ဂုဏ်ယူတတ်တယ်)

၃) တရားလွန်အိပ်တတ်တယ်။ မိုးတွေများ သည်းသည်းမည်းမည်းရွာပြီဆို အလုပ်မသွားဘဲ ဆက်အိပ်လိုက်တော့တာပဲ (အိပ်ရာက နိုးမှ ဆေးခန်းပြေးပြီး ဆေးခွင့်လေး ရအောင် မျက်နှာငယ်လေးနဲ့ ဆရာဝန်ကို ဖျားကြောင်းနာကြောင်း ကိုက်ကြောင်းခဲကြောင်း လျှောက်ပြောတတ်တယ်)

၎) သွားရင်းလာရင်း 2-doors sport car လေးတွေ မြင်ရင် တမေ့တမော လိုက်ကြည့်တတ်တယ် (သြော်.. ဘယ်တော့များမှ စီးရပါ့မလဲ)

၅) သူငယ်ချင်းတွေ အကူအညီတောင်းရင် အားနာပါးနာနဲ့ အားအား မအားအား .. အားအားယားယား လုပ်ပေးတတ်တယ် (အကြောင်းသိ သူငယ်ချင်းတွေကတော့ အမြဲနှိပ်စက်နေကျပါပဲ)

၆) တစ်ခုခုလုပ်ပေးမယ် ကတိပေးထားပြီး အကြောင်းတစ်ခုခုကြောင့်များ မလုပ်ပေးဖြစ်လို့ ပေးထားတဲ့ကတိ ပျက်သွားတဲ့အခါမျိုးဆို မစားနိုင် မသောက်နိုင် ကြေကွဲနေတတ်ရော။

၇) သိပ်မရင်းနှီးတဲ့သူတွေနဲ့တွေ့တဲ့အခါ တိတ်တိတ်ကလေးပဲ နေတတ်တယ်။ (အမှန်က ၀စီပိတ် ကျင့်စဉ် ကျင့်နေတာပါ) အဲ... ရင်းနှီးပြီးသားသူချင်းတွေ့ရင်တော့ အင်္ဂါသားလား သောကြာသားလား မေးရမတတ်ပဲ။

၈) သေသေချာချာ မေးလာပြီဆိုရင် မလိမ်တတ်ဘူး ... ဟန်မဆောင်တတ်ဘူး (အဲဒါကြီးက အတော်လေး ဒွတ်ခပေးတယ်။ အမှန်ပြောတတ်တိုင်း နေရာတကာ မကောင်းဘူး မဟုတ်လား)

၉) လူတစ်ယောက်ကို မကြည်တော့ဘူးဆိုရင် ဘယ်လိုမှ ဟန်ဆောင်ပန်ဆောင် ဆက်ဆံလို့ မရတော့ဘူး။

၁၀) အစားအသောက်အတွက် (အထူးသဖြင့်.. ကိုယ့်ဗိုက်ကိုယ်ဖြည့်ဖို့) ဘယ်တော့မှ မနှမြောတတ်ဘူး။

ဟူး.. ကြိုးစားပန်းစားရေးလိုက်တာ အခုမှပဲ ၁၀ခု ပြည့်တော့တယ်..

ကဲ သူများတွေကို လိုက်ဒွတ်ခပေးကြည့်လိုက်ဦးမယ်...

ဘော်ဘော်ကြီးများဖြစ်တဲ့ ဟောဒီသုံးယောက်ကို Tag ပါတယ်..
ဇင်ကိုလတ်
နေဘုန်းလတ်
ကိုဖြိုး

မှတ်ချက်။ ။ Tag လုပ်တာခံရသော ဘော်ဘော်တွေရေ.. မင်းတို့တတွေ ကိုတက်စလာ ပြောထားသလို ဖြစ်မှာ မကြောက်ဘူးဆိုရင်တော့ ပြန်မရေးလဲ ဖြစ်ပါတယ်။

Read More...

Apr 23, 2007

အဝေးကတေးသွား


တိမ်ဖြူလွလွတွေ လွင့်လွင့်လာတယ်။ ပြာလွင်လွင်ကောင်းကင်ထဲ ငါထိုးခွဲပျံနေတယ်။ “စိတ်ချချင်တယ်” ဆိုတဲ့
သီချင်းသံတွေကြားမှာ နင့်မျက်ဝန်းတွေကို အဝေးက လှမ်းပြီး နမ်းနေမိဆဲ။ ခဏတာခွဲရတာပဲလို့ ကိုယ့်ကိုယ်ကို
ဖြေသိမ့်ဖို့ ကြိုးစားနေမိတယ်။ “မောင်ရေ .. ငါ့ကိုမမေ့နဲ့နော်” ဆိုတဲ့ နင့်အသံတွေ အထပ်ထပ်အခါခါ
ငါကြားယောင်နေမိတယ်ဆိုတဲ့အကြောင်း နင့်ကို ပြောပြရင် နင်ငိုဦးမလား။ ငါ့ကို နှုတ်ဆက်တော့ နင်မျက်ရည်တွေ
ကျနေခဲ့သလား။ ငါ နင့်မျက်ဝန်းတွေထဲကို အရင်ကလို စူးစိုက်ကြည့်ဖို့ မ၀ံ့ရဲခဲ့တာတော့ အမှန်ပါ။ နင့်မျက်ရည်
တွေကို တွေ့ရင် ငါလည်း ငိုမိမယ်ထင်ပါရဲ့။ ကဲပါလေ.. ငါတို့ မုန်းလို့ခွဲခဲ့ရတာလည်း မဟုတ်ဘူး။ သူများ
သမီးရည်းစားတွေလို အချိန်တွေ အကြာကြီးခွဲနေရမှာလည်း မဟုတ်ဘူး။ တကယ်တမ်းတော့ နင်နဲ့ငါ ပြန်ဆုံဖို့
အချိန်တစ်လလောက်ပဲ စောင့်ရမှာပါ။ ငါ ရန်ကုန်မှာ ရှိနေခဲ့တဲ့အချိန်တိုင်းလိုလို ငါနဲ့အတူတူရှိနေပေးခဲ့တဲ့
နင့်ရဲ့အချိန်တွေ ငါစားချင်သမျှတွေ အကုန်လျှောက်စား၊ ငါသွားချင်သမျှနေရာတွေ အကုန်လျှောက်သွား
ခဲ့ကြတာတွေ အားလုံးအတွက် ကျေးဇူးပါ။

နင့်ကို အမြဲပျော်နေစေချင်တာ။ ငါချစ်တဲ့အပြုံးလေးတွေကို အမြဲတမ်း ပြုံးနေစေချင်တာ။
နင့်မျက်နှာလေး တစ်ချက်ညိုသွားမှာ.. နင့်စိတ်ကလေး တစ်ချက်ငြိုငြင်သွားမှာ ငါ ဘယ်တုန်းကမှ မလိုလားခဲ့ဘူး။

ငါတို့နှစ်ယောက်တော့ တစ်နေ့ထက်တစ်နေ့ ပိုပိုချစ်လာမိကြပြီထင်ပါရဲ့။ ငါတကယ်ကို တွေးထင်မထားမိခဲ့ တာပါ။
ဒီတစ်ခေါက် ငါပြန်လာတော့ နင်နဲ့ငါ နှလုံးခုန်သံတွေ အရင်ကထက် အဆပေါင်းများစွာ နီးကပ်လာခဲ့တာ
ငြင်းဆန်စရာ မလိုအောင်ပါပဲ။ နင့်ကို တယုတယပွေ့ဖက်ထားခဲ့ရတဲ့အချိန်တွေ နင့်နှုတ်ခမ်းလေးကို တရှိုက်မက်မက်
နမ်းခဲ့ရတဲ့အချိန်တွေ နင့်လက်ချောင်းလေးတွေကြား ငါ့လက်ချောင်းလေးတွေကို ထည့်ပြီး ခပ်တင်းတင်းလေး
ဆုပ်ကိုင်ထားခဲ့ရချိန်တွေ “မောင်”လို့ ဖွဖွလေးခေါ်တတ်တဲ့ နင့်အသံလေးတွေ...။ ကဲ.. ငါတစ်ယောက်တည်း
နင်နဲ့ခွဲပြီး အကြာကြီး ဘယ်နေနိုင်မလဲ။

ငါဖတ်ဖို့ နင်ပေးလိုက်တဲ့ ဂျူးရဲ့ “အမှတ်တရ” ကို ခဏလောက်ဖတ်ကြည့်သေးတယ်။ ဟိုးအရင်က
အဲဒီစာအုပ်ထဲက စာတချို့ကို စိတ်လိုလက်ရ နင်ရွတ်ပြခဲ့တာတွေကို အမှတ်ရနေမိပြန်ရော။ ငါမရှိတဲ့အခိုက်မှာ
သတိရနေပါကွာ ~~ အရင်အတိုင်းပဲ ချစ်နေပါကွာ ~~ သီချင်းသံတွေ ဆူညံနေတယ်။ နင့်ပုံရိပ်တွေ
ငါ့မျက်လုံးတွေမှိတ်ထားတဲ့အခါတိုင်း မြင်ယောင်နေမိဆဲ။ နင့်ရဲ့ နူးညံ့တဲ့အထိအတွေ့တွေ၊ နင့်ရဲ့
ကြင်နာယုယမှုတွေ .. ပိုးရေ.. ငါ့ကို လွမ်းနေပါကွာ။ “မောင်ရေ.. နင်မရှိလို့ ငါငိုရတယ်” လို့ တစ်ခါက
နင်ရေးဖူးတယ်နော်။ အခုတော့ ပိုးရေ.. နင်မရှိလို့ ငါငိုရတော့မယ်ထင်ပါရဲ့... ။

မှတ်ချက်။ ။ရန်ကုန်က အပြန် လေယာဉ်ပျံပေါ်မှာ ရေးဖြစ်ခဲ့တာပါ။

Read More...