Apr 23, 2007

Blogger Returns

သတင်းခေါင်းစဉ်…


တနင်္ဂနွေနေ့ညနေအချိန်တွင် ဆိုက်ရောက်သော Silk Air လေယာဉ်ဖြင့် စင်္ကာပူသို့ ညီညီ ပြန်လည်ရောက်ရှိလာပြီ ဖြစ်ပါကြောင်း။

ရန်ကုန်သင်္ကြန်တွင် ပျော်ရွှင်စွာရေကစားခြင်း၊ ရေပက်ခံထွက်ခြင်းတို့ကြောင့် နဂိုကတည်းက မဖြူသော အသားအရေများ ပိုမိုနက်မှောင်လာကြောင်း။

မြန်မာဘလော့ဂ်ဂါစာအုပ်ထုတ်ဝေနိုင်ရေးအတွက် အစည်းအဝေးတစ်ရပ်ကို ရန်ကုန်ရှိဘလော့ဂ်ဂါများနှင့် ဆွေးနွေးညှိနှိုင်း တိုင်ပင်ခဲ့ကြောင်း။

နှေးကွေးလှသော အင်တာနက်အမြန်နှုန်းကြောင့် ရန်ကုန်တွင် ရှိစဉ်အတွင်း အီးမေးလ်စစ်ချင်စိတ်၊ ဘလော့ဂ်ရေးချင်စိတ်များ ကုန်ခန်းသွားမလို ဖြစ်ခဲ့ကြောင်း။

ချစ်သူနှင့် အချိန်ရှိခိုက် လုံ့လစိုက်ကာ တနေကုန်လျှောက်လည်ခြင်းကြောင့် ပင်ပန်းသလိုရှိသော်လည်း ထိုဒဏ်လောက်ကို စိုးစဉ်းမျှ မမှုကြောင်း။

တနေကုန်လည်ပတ်ထားသော်လည်း အလုပ်မသွားရခြင်းကြောင့် အလွန်အကျွံအိပ်ခြင်း၊ အစားအသောက်ပေါင်းစုံကို လှည့်ပတ်စားသောက်ခြင်း တို့ကြောင့် ပေါင်ချိန် အနည်းငယ်မျှ တက်လာကြောင်း။

လေးလံသောခြေလှမ်းများဖြင့် အားလုံးကို လက်ပြနှုတ်ဆက်ကာ ခေတ်မီဖွံ့ဖြိုးတိုးတက်သော (သို့မဟုတ်) မီးအလှည့်ကျပျက်သော (သို့မဟုတ်) Taxi အစုတ်များပေါသော နိုင်ငံတော်သစ်ကြီးကို ကျောခိုင်းထွက်ခွာခဲ့ကြောင်း။


သတင်းအပြည့်အစုံမှာ …. ….. …. ။ ။

Read More...

Apr 13, 2007

ပျော်ရွှင်ဖွယ်ရာ နှစ်သစ်ဖြစ်ပါစေ

အားလုံးပဲ ပျော်ရွှင်ဖွယ်ရာ နှစ်သစ်ဖြစ်ပါစေ။ ကျွန်တော်ကတော့ ညက သံလွင်အိပ်မက် ထွက်အောင် အသည်းအသန်လုပ်ထားရပြီး အိပ်ရေးမ၀တာကြောင့် ခေါင်းထဲမှာ ရီဝေေ၀ဖြစ်နေပါပြီ။ မကြာခင် အချိန်အတွင်း ရန်ကုန်ပြန်ရောက်တော့မှာမို့လည်း စိတ်ထဲမှာ ပျော်နေပါတယ်..။ ပြီးတော့ သူမနဲ့လည်း ပြန်တွေ့ရတော့မယ် မဟုတ်လား။

ရန်ကုန်ကို နေ့ခင်း လေယာဉ်ဆိုက်ပါမယ်.. အိမ်ပြန် အထုပ်အပိုးတွေ ပြန်ထား..
သူမဆီသွား.. အင်းယားက မဏ္ဍပ်မှာ ဘော်ဒါတွေနဲ့တွေ့ .. :)
သင်္ကြန်ရေဆိုတာ မထိမတွေ့ရတာ ကြာခဲ့ပါရောလား..

ကဲ.. ကျွန်တော့် အပြန်ခရီး စပါတော့မယ်.. HAPPY NEW YEAR!!!

Read More...

Apr 12, 2007

မနက်ဖြန် သံလွင်အိပ်မက် အမှတ်(၁၀) ထွက်မည်

သံလွင်အိပ်မက် အမှတ်(၁၀) မှာ ပါဝင်မယ့် မာတိကာ ဖြစ်ပါတယ် …



မနက်ဖြန် သင်္ကြန်အကြိုနေ့မှာ သံလွင်အိပ်မက် အမှတ်(၁၀) ထွက်ရှိလာမှာ ဖြစ်ပါကြောင်း ...
http://www.thanlwin.com/thanlwinainmat ကနေ တဆင့် ဖတ်ရှုနိုင်မှာ ဖြစ်ပါကြောင်း ..
အမှတ်(၁၀) အထူးထုတ်အတွက် ပြင်ဆင်ရင်း မိုးလင်းသွားရတဲ့ သံလွင်အိပ်မက်အဖွဲ့သားတွေရဲ့ အိပ်ပျက်ညတွေအတွက် ပြန်လည်အားဖြည့်ဖို့ လိုအပ်တာက ခင်ဗျားတို့ရဲ့ အားပေးမှုတွေပါပဲ… ကျေးဇူးတင်ပါတယ်..
ကဲ … နှစ်သစ်မှာ သူငယ်ချင်းမိတ်ဆွေရောင်းရင်းအပေါင်းတို့ ပျော်ရွှင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။
Happy New Year !!!

Read More...

Apr 6, 2007

သံလွင်အိပ်မက် အမှတ် ၁၀ အတွက် ကဗျာများ

သံလွင်အိပ်မက်အမှတ်၁၀မှာ ပါမယ့် ကဗျာတွေပါ။ ကဗျာတွေကို ကြိုတင်ဖတ်လို့ မရအောင် ပုံအရည်အသွေးကို တမင်တကာ လျှော့ချထားပါတယ်။ သိပ်မလိုတော့ပါဘူး။ ဧပြီ ၁၃ရက် သင်္ကြန်အကြိုနေ့ သံလွင်အိပ်မက်ထွက်တဲ့အထိတော့ နည်းနည်း သည်းခံစောင့်လိုက်ပါဦး..

Read More...

Apr 3, 2007

လူကြုံ

ယခု မကြာမီ ထွက်ရှိမည့် သံလွင်အိပ်မက် အထူးထုတ် အမှတ်(၁၀)အတွက် ရည်ရွယ်ရေးသားထားသော ကျွန်တော့် အက်ဆေးတစ်ပုဒ် ဖြစ်ပါတယ်... ခေါင်းစဉ်က “လူကြုံ” တဲ့။

ဟောဒီမှာ အနည်းအကျဉ်း ဖတ်ကြည့်ပါ.. အပြည့်အစုံကိုတော့ သံလွင်အိပ်မက် အမှတ်(၁၀) ထွက်တဲ့အခါ ဖတ်ရမှာပါ...

“လူကြုံကူညီသယ်ပေးခြင်းသည် ရိုးသားစွာ ကူညီခြင်းတစ်မျိုးသာဖြစ်သည်။ သို့သော် အချို့သော လူမှုရေး နားမလည်သူများကမူ ရလေလိုလေ အိုတစ္ဆေ ဟူသော စကားအတိုင်း အလကား မတ်တင်းရသည့် လူကြုံကို အရေးတကြီးပေးရန်များကိုသာ မဟုတ်ဘဲ ဘာမဟုတ်တာလေးတွေကိုပါ တပြုံတမကြီး ထည့်ပေးကြသည်။ ထိုသို့ သူတပါး၏ အကူအညီကို အခွင့်ကောင်းတစ်ခုအဖြစ် အသုံးချကာ အားမနာပါးမနာ ထည့်ပေးကြခြင်းဖြင့် လူကြုံပါးခြင်းကို အရောင်ဆိုးကြသူ တချို့ကြောင့် လူကြုံဟူသည့် ဝေါဟာရသည် တဖြည်းဖြည်းချင်း အကျည်းတန်လာရသည်။”

Read More...

Apr 2, 2007

ဧပြီလတစ်ရက်နေ့


ဒီနေ့ အင်ပါယာတီးဝိုင်းရဲ့ စတိတ်ခ်ျရှိုးပွဲရှိတယ်။ လက်မှတ်က ၀ယ်ထားပြီးသား။ ပွဲအချိန်က ညနေ ၆နာရီ။

နေ့လည်ကတည်းက အိမ်က ကြိုထွက်တယ်။ တက်ကြွလွန်းလို့ မဟုတ်ပါဘူး။ စင်္ကာပူရောက်ခါစ သူငယ်ချင်းတစ်ယောက်ကို ဓာတ်ပုံလိုက်ရိုက်ပေးမယ် ကတိပေးထားလို့။

ပန်နီဆူလာပလာဇာသွားတယ်။ ရန်ကုန်ပြန်ဖို့ လေယာဉ်ပျံလက်မှတ်ယူတယ်။ ဆိုင်က အစ်မကြီးက အိမ်ပြန်ပြီး ပိုက်ဆံပြန်တောင်းမလို့လားတဲ့ မေးတယ်။ ကျွန်တော့်ပုံစံက အဲဒီလောက်တောင်ပဲ ဖြစ်နေပြီလား မပြောတတ်ဘူးဗျာ။ သိပ်တော့ ငြင်းခုန် မနေတော့ဘူး။ တချို့လူတွေက သေချာမသိဘဲ အထင်နဲ့ ရမ်းတုတ်တဲ့နေရာမှာ တဘက်ကမ်းခတ်တယ်။။ အဖေမှာတဲ့ ဆေးဝယ်တယ်။ အမေမှာတဲ့ ပရုတ်ဆီက ၀ယ်ပြီးသား။

နောက်ပြီး ထမင်းစားတယ်။ စင်္ကာပူလေးဒေါ်လာတောင် ပေးလိုက်ရတယ်။ ငါးသလောက်ရယ်၊ ဆိတ်ကလီဇာရယ်၊ ပြောင်းဖူးကြော်ရယ် သုံးမျိုးထဲကို..။ အင်း.. မြန်မာဆိုင်တွေ တဖြည်းဖြည်း ဈေးကြီးလာပြီ။ ဘယ်ဆိုင်လဲဆိုတာ နာမည်မပြောတော့ပါဘူး။ တော်ကြာ နောက်တစ်ခါ သွားစားရင် ငါးကျပ်ယူနေဦးမယ်။ အမှန်က Fast Food စားရင်လဲ အဲဒီလောက်ပဲဗျ။

ဓာတ်ပုံရိုက်လို့ ကောင်းတဲ့ စင်္ကာပူမြစ်ကမ်းဘေးနားသွားတယ်။ Esplanade Theatre ကို သွားတယ်။ ကင်မရာက တဖျတ်ဖျတ်လက်။ ဟိုနားရိုက်လိုက် ဒီနားရိုက်လိုက်။

အဲဒီကနေ Orchard ရောက်သွားတယ်။ ဟိုးတစ်ခါက စာအုပ်ဝယ်လို့ရထားတဲ့ Discount Voucher လေး အရင်းပြုပြီး စာအုပ်နှစ်အုပ် 20% discount နဲ့ ၀ယ်တယ်။ The River of Lost Footsteps By U Thant Myint (grandson of U Thant) ရယ်.. The Art of Loving ရယ်။ ပထမစာအုပ်က ထွက်ကတည်းက ဖတ်ချင်တာကြာပြီ။ မ၀ယ်ဖြစ်သေးတာ။ ဒုတိယ စာအုပ်က ချစ်သူအတွက်။

နောက် Hard Rock Cafe သွား ဟိုဟာဝယ် ဒီဟာဝယ်။ ရထားဘူတာ ပြန်လျှောက်လာတော့ ဟိုတယ်တစ်ခုရှေ့မှာ Ferrari တစ်စီးရယ် Lamborghini တွေ အများကြီးရယ် ရပ်ထားတာ တွေ့တယ်။ ဖြတ်သွားဖြတ်လာ လူတွေကလည်း အဲဒီကားတွေနဲ့ ဓာတ်ပုံရိုက်နေကြတယ်။ ဒါနဲ့ အားကျမခံ ဓာတ်ပုံသွားရိုက်တယ်။

စတိတ်ခ်ျရှိုးကြည့်ဖို့ အသွား ဘူတာဆီ ဆက်လျှောက်လာတုန်း စင်္ကာပူရောက်နေတဲ့ အစ်ကိုတော်ဆီက ဖုန်းဝင်လာရော။ ဒီညနေ တွေ့ကြမယ်တဲ့။ ကဲ.. သွားပြီ။ ၀ယ်ထားတဲ့ လက်မှတ်က အလကားဖြစ်ရော။ အတူပါလာတဲ့ သူငယ်ချင်းကို လက်ဆောင်ပေးလိုက်တယ်။ မင်းပဲ သွားကြည့်လိုက်တော့။ (စေတနာ ကောင်းလှချည်လားလို့ ထင်မှာပဲနော်)

အစ်ကိုနဲ့တွေ့တယ်။ ဆုံးမ သြ၀ါဒတွေ ခံယူတယ်။ ညီညီ .. မင်း ကလေး မဟုတ်တော့ဘူးတဲ့။ ဟုတ်ကဲ့ ကျွန်တော် ပြုံးရုံပဲပြုံးနေလိုက်တယ်။ သူ့မိသားစုအတွက် လက်ဆောင်တွေ ၀ယ်လိုက်ခြမ်းလိုက်။ သူ့အတွက် ကင်မရာတစ်လုံးလိုက်ဝယ်ပေးတော့ သဘောကျနေလေရဲ့။ ဟိုနား လျှောက်ရိုက်လိုက် ဒီနား လျှောက်ရိုက်လိုက်နဲ့။ သူ့ဟာသူလဲ သိပြီး ပြောလိုက်သေးတယ်.. မျောက်အုန်းသီးရသလိုဖြစ်နေပြီတဲ့။ အဲဒီ အုန်းသီးနဲ့ ကျွန်တော့်ကို ခဏခဏရိုက်နေလေရဲ့။

ညစာ စားတယ်။ ဆာတေးတွေ ဘယ်လိုကုန်သွားမှန်းမသိဘူး။ ထမင်းက နည်းနည်းမာသလိုပဲ။ Sting Ray (ငါးလိပ်ကျောက်) စားချင်တာ အစ်ကိုတော်က မကြိုက်ဘူးဆိုတော့ မစားရဘူး။ စားနေရင်း ဖုန်းတစ်လုံးနဲ့ အိမ်ကို ဆက်လိုက်။ အစ်မတော်တွေဆီ ဆက်လိုက်။ အစ်ကိုတော် ဖုန်းပြောနေတုန်း အစားတွေချည်း လှိမ့်စားနေမိတယ်။ နာရီကို ကြည့်တယ်။ သေတော့မှာပဲ။ ရထားမီမှာ မဟုတ်တော့ဘူး။ ဒါနဲ့ အစ်ကိုတော်ကို Taxi တစ်စီး တားပေးပြီး တင်ပေးလိုက်တယ်။ ကဲ.. သဘောင်္ပေါ် ကောင်းကောင်းပြန်ပေတော့။ နောက်ထပ် Taxi တစ်စီး ရဖို့ အတော်လေးစောင့်လိုက်ရတယ်။ ရတော့ Taxi မောင်းတဲ့သူက ဆယ့်နှစ်နာရီကျော်ပြီဆိုတော့ ပြုံးပြုံးလေး အိမ်ကို မောင်းပို့ပေးတယ်။ သူက တစ်ဆခွဲရတာကိုး။

အမှန်က တစ်နေ့လုံး ပင်ပန်းနေပြီ။ အိမ်ပြန်ရောက်တော့ ဘလော့ဂ်ကို အပြေးအလွှားကြည့်တယ်။ သူငယ်ချင်းတွေရဲ့ ဘလော့ဂ်တချို့ကို ခဏလိုက်ဖတ်တယ်။ ကျွန်တော့် ဘလော့ဂ်ကို လာလည်တဲ့ သူငယ်ချင်းတွေကို အားနာမိတယ်။ ဒီရက်ပိုင်း ဘာမှကို မရေးဖြစ်လို့။ ဒါနဲ့ပဲ ကျွန်တော် အခု ကျွန်တော့်ရဲ့တစ်နေ့တာ ဒီပို့စ်ကို ရေးနေတယ်။ အခု ည ၃နာရီ ၂၀ မိနစ်။ အခု မအိပ်ရင် မနက်ဖြန်အလုပ်နောက်ကျမှာ သေချာနေပြီ။

ဧပြီလ တစ်ရက်နေ့.. တစ်နေ့လုံး အရူးတစ်ယောက်လို ရှုပ်ယှက်ခတ်နေတော့တာပါပဲ.. April Fool Day မှာ ညီညီ ရူးသွားရင် မဆန်းဘူး ထင်ပါရဲ့။

Read More...