Mar 12, 2007

နိုင်ငံရေးမလုပ်နဲ့


နိုင်ငံရေးဆိုတဲ့ စကားလုံးဟာ မြန်မာအများစုအတွက် ကြောက်မက်ဖွယ်ရာ နတ်ဆိုးဖြစ်နေတာကို စိတ်မကောင်းဖွယ်ရာ သိရတာ အတော်ကြာနေပါပြီ။ "နိုင်ငံရေး မလုပ်နဲ့" ဆိုတဲ့ အထပ်ထပ် ပြောသံတွေကြားမှာ ကျွန်တော်တို့တွေ တကယ်ပဲ မသိစိတ်ထဲကနေ အဲဒါဟာ မကောင်းဘူးလို့ လက်ခံယုံကြည်နေကြပြီလား။ နိုင်ငံရေး ဆိုတဲ့ နေရာမှာ ပါတီနိုင်ငံရေးနဲ့ အမျိုးသားနိုင်ငံရေးကို ကွဲကွဲပြားပြားမြင်သင့်ပါတယ်။ ကျွန်တော် ဘယ်ပါတီဝင်မှ မဟုတ်တဲ့အတွက် ဘယ်ပါတီက ဘယ်လိုဆိုတာ ပြောမနေချင်ပါ။ သမိုင်းကသာ အဖြစ်မှန်တွေကို မှတ်တမ်းတင်သွားပါလိမ့်မယ်။ အမျိုးသားနိုင်ငံရေးအတွက်တော့ မြန်မာတိုင်းမှာ တာဝန်ရှိတယ်လို့ ယူဆပါတယ်။ ငါနဲ့ မဆိုင်ဘူးလို့ မြင်နေတဲ့သူတွေနဲ့တော့ ကျွန်တော် ငြင်းမနေချင်တော့ပါဘူး။ ကိုယ့်လိပ်ပြာ ကိုယ်သန့်တယ်ဆိုရင် ပြီးတာပေါ့ဗျာ။ မြန်မာတစ်ယောက်အနေနဲ့ မြန်မာနိုင်ငံတိုးတက်ဖွံ့ဖြိုးစေဖို့ အပြုသဘောဆောင်တဲ့ မှတ်ချက်တွေကို ပြုလုပ်ခွင့် ရှိရပါမယ်။ ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံ အောက်ကျနောက်ကျ မကျန်ခဲ့ဖို့အတွက် လွတ်လပ်စွာ ဆွေးနွေးခွင့် ရှိရမယ်။ အင်တာနက်ထဲမှာ ကျွန်တော်တို့တွေ အဲဒီလိုတောင် ပြောခွင့် မရှိဘူး။ ဖမ်းမယ်ဆီးမယ် တကဲကဲ လုပ်မယ်ဆိုရင်တော့ လုပ်ကြပေါ့ဗျာ။ ဘယ်လိုခေါင်းစဉ်တပ်ဦးမလဲ.. "နိုင်ငံတော်ပုန်ကန်မှုလား".. "အကြည်ညိုပျက်စေမှုလား"။ အဲဒီလို အတင်းကာရော ထိုးမယ့် လက်ညှိုးတွေကို အဂုင်္လိမာလကတောင် လိုချင်မှာ မဟုတ်ဘူး ထင်ပါတယ်။

မှားနေမှန်းသိသိကြီးနဲ့ မျက်စိမှိတ် ခေါင်းညိတ်မှ ထမင်းတစ်လုတ်စားရမယ် ဆိုရင်တော့ ကျွန်တော်တို့တွေ ငတ်သေတာကမှ မွန်မြတ်ပါဦးမယ်။ ကျွန်တော်တို့ မြန်မာတွေ ပြည်ပမှာ ရောက်နေတာတောင် အဲဒီ အကြောက်တရားတွေက ရုန်းမထွက်နိုင်ကြတော့ဘူးလား။ အဲဒီ "နိုင်ငံရေး မလုပ်နဲ့" ဆိုတဲ့ အရိပ်ဆိုးကြီးရဲ့ ခြိမ်းခြောက်နေမှုကို ဘယ်အချိန်ထိ ကျွန်တော်တို့ လက်ခံထားကြမှာလဲ။

အခြေအနေတစ်ခု ပြောင်းလဲသွားဖို့ ဆိုရာမှာ အဲဒီအခြေအနေတစ်ခုကို လက်သင့်မခံဘဲ တွန်းလှန်ပစ်နိုင်မှသာ တိုးတက်ပြောင်းလဲတဲ့အနေအထားတစ်ခုကို ကျွန်တော်တို့ရမှာပါ။ ကြိုက်လည်း မကြိုက်ဘူး။ ကျေလည်း မကျေနပ်ဘူး။ ဒါပေမယ့် အဲဒီအခြေအနေအတိုင်း ကြောက်လို့ ငြိမ်ခံနေမယ်ဆိုရင်တော့ ကျွန်တော်တို့တွေ ဂျာအေးသူ့အမေရိုက်သလို .. မရှိလို့ မလှူ၊ မလှူလို့မရှိ ဆိုတာလို လုံးလည်ချာလည်လိုက်နေတော့မှာပါပဲ။

ကျွန်တော်တို့ရဲ့ ကြောက်စိတ်တွေကသာ ကျွန်တော်တို့ နိုင်ငံလွတ်လပ်ရေးရပြီး ခုထိ မလွတ်လပ်ရခြင်းရဲ့ အရင်းခံအကြောင်းတရား ဖြစ်ပါကြောင်း…

မှတ်ချက်။ ။ကျွန်တော်နဲ့ ညီအစ်ကိုလို ခင်ရတဲ့ အစ်ကိုတစ်ယောက်ရဲ့ ဒီပို့စ်ကို ဖတ်မိပြီး စိတ်မကောင်းဖြစ်မိတာနဲ့ ရေးဖြစ်တာပါ။ ရေးစရာရှိတာ ဆွေးနွေးစရာရှိတာကို ဆက်သာရေးပါလို့ ကျွန်တော် ဒီကနေ တိုက်တွန်းလိုက်ပါတယ်။

Read More...

Mar 11, 2007

သွားကြမလား အမေရိကား


ညီညီတစ်ယောက်တော့ ပရိုဂရမ်မာ လုပ်မစားဘဲ စာအုပ်ရေးစားတော့မယ်လို့ မထင်ပါနဲ့။ ခဏခဏ အမေးခံရတတ်တဲ့ မေးခွန်းတစ်ခုအကြောင်း ပြောချင်လို့ပါ။ ကျွန်တော့်အစ်မ နှစ်ယောက်က အမေရိကားမှာ သူတို့ မိသားစုတွေနဲ့ အတူ နေကြပါတယ်။ အဲဒီမှာ ဒီမေးခွန်းကြီးကို ခဏခဏ အမေးခံရတော့တာပါပဲဗျာ။ ရန်ကုန်အလည်ပြန်ရင် ပိုပြီး အမေးခံရတတ်ပါတယ်။ “ညီညီ ဘယ်တော့ အမေရိကားလိုက်သွားမလဲ” တဲ့။ ကျွန်တော် ဘာပြန်ဖြေရမှန်း မသိပါဘူး။ ဒီတော့ အဲဒီမေးခွန်းကြီး လာလာမေးတိုင်း ပြန်ပြီး ပြုံးပြရပါတယ်။ ငါးရံ့ပြုံးလား၊ ငါးသလဲထိုးပြုံးလား၊ ငါးသလောက်ပြုံးလားတော့ အဲဒီငါးတွေ ပြုံးတာ မမြင်ဘူးလို့ မသိပါ။

နောက်ထပ် သံတူကြောင်းကွဲမေးခွန်းတစ်ခုလည်း ရှိပါတယ်။ “စင်္ကာပူမှာ နေတာ တော်တော်ကြာပြီနော်။ အမေရိကားဖြစ်ဖြစ် သြစတြေးလျဖြစ်ဖြစ် မသွားဘူးလား” တဲ့။ ဟုတ်ကဲ့ .. ကျွန်တော့် ထုံးစံအတိုင်း ပြုံးပြရ ပြန်ပါလေရော။ အဲဒီ မေးခွန်းတွေရဲ့ မြစ်ဖျားခံရာကို သိဖို့ ကျွန်တော် တွေးကြည့်မိတဲ့အခါ အခုလိုမျိုး ယေဘုယျကျတဲ့ သုံးသပ်ချက်အချို့ကို ရပါတယ်။

၁) မြန်မာတွေသည် အမေရိကားကို သွားမှ ဘ၀တွင် အောင်မြင်ချမ်းသာမည်ဟု အရိုးစွဲနေသည်။ အမေရိကားတွင် လစာဝင်ငွေကောင်းသည်။ ထို့ကြောင့် ချမ်းသာမည်ဟု ရိုးရိုးလေးတွေးကြသည်။ လူတိုင်း အလုပ်ကောင်းကောင်း ၀င်ငွေကောင်းကောင်း မရနိုင်ပါ။ နောက်ပြီး.. လစာကောင်းသည် ဆိုတာကိုသာ တွေးသည်။ အလွန်များပြားသော ၀င်ငွေခွန်များကို ထည့်မတွက်ကြ။ ပြီးတော့ လူနေမှုစရိတ်ကြီးမြင့်မှုကို ထည့်မတွက်ကြ။

၂) မြန်မာတွေသည် မြန်မာပြည်နှင့် ဝေးလေ အောင်မြင်တိုးတက်လေဟု ထင်မြင်နေသည်။ အမှန်က မြန်မာပြည်တွင် နေနေ ပြည်ပတွင်နေနေ အောင်မြင်တိုးတက်ခြင်းမှာ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ အရည်အချင်းပေါ်တွင်သာ မူတည်သည်။

၃) အမေရိကားရောက်သွားလျှင် အောင်မြင်မှုပန်းတိုင်ကို ရောက်သွားသူတစ်ဦးကဲ့သို့ ထင်မြင်ကြသည်။ အမှန်က အမေရိကားတွင် အခြေကျစေရန် ဘ၀ကို အစမှ ပြန်စရချင်းသာ ဖြစ်သည်။ အောင်မြင်မှုရနိုင်သလို ကျဆုံးချင်လည်း ကျဆုံးနိုင်ပါသည်။

၎) ဘယ်သူ့သား၊ ဘယ်သူ့သမီးကတော့ဖြင့် အမေရိကားမှာ ရောက်နေတာကြာပြီ ဟု ပြောတတ်ကြသည်။ ဟုတ်ပါပြီ.. သူတို့ ဘယ်လိုအလုပ်တွေ လုပ်နေကြရသလဲ။ အောင်မြင်သူ ပညာအရင်းပြုပြီး အဆင်ပြေနေသူ မြန်မာတွေ အများကြီးရှိပါသည်။ သို့သော်.. စင်္ကာပူမှာ ပညာအရင်းပြုကာ လုပ်ကိုင်နေသူတစ်ယောက်ကို အမေရိကားမှာ ကြုံရာကျပန်း အလုပ်လုပ်နေသူလောက် အထင်မကြီးပေ။

ညီညီတစ်ယောက် အမေရိကား မသွားရလို့ မနာလိုတိုရှည်ဖြစ်ပြီး လျှောက်ရေးနေသည်ဟု မထင်စေချင်ပါ။ ကျွန်တော့်အတွက် သင်ယူလိုသောပညာရပ်များရှိလျှင် ပညာနှင့်လုပ်ကိုင်ရသော လစာကောင်းသည့် အလုပ်ရမည်ဆိုလျှင် ကျွန်တော်လည်း အမေရိကားသို့ နှစ်အနည်းငယ် သွားချင်ပါသည်။

သို့သော် ..... ။ တစ်ခါတစ်လေတွင် ပျော်ရာမှာလည်း မနေရ၊ တော်ရာမှာလည်း မနေရ၊ မပျော်ရာ .. မတော်ရာတွင်လည်း စက်ရုပ်တစ်ရုပ်လို နေရတတ်ပါကြောင်း။

Read More...

Mar 9, 2007

စိန်ခေါ်ကြသူများ


ကျော်ဝင်း - စိန်ခေါ်ကြသူများ (လူငယ်-ပညာ-ခေတ်ရေစီး)


ဆရာကျော်ဝင်းရဲ့ စိန်ခေါ်ကြသူများစာအုပ်မှာ လူငယ်၊ ပညာနှင့် ခေတ်ရေစီးဆိုပြီး အဓိကအခန်း(၃) ခန်းခွဲကာ ဆောင်းပါးများကို စုစည်းထားပါတယ်။ အမှာစာတွင် ဆရာကျော်ဝင်းက “ယခု စာစုမှာ လူငယ်မြင်ကွင်းနှင့် ပညာအရွေ့ကို လက်လှမ်းမီသမျှ ကြိုးစားဖတ်ကြည့်ရာမှ စာရေးသူရှာဖွေ တွေ့ရှိလိုက်သော ခေတ်ရေစီးဟု ဆိုချင်ပါကြောင်း” ဟု ရေးသားထားတာကို တွေ့ရပါတယ်။ မိမိ စိတ်ဝင်တစား ဖတ်ရှုလေ့လာ ထားသည်များမှ ကောင်းနိုးရာရာများကို မျှဝေတင်ပြထားတဲ့အတွက် လူငယ်များ အပေါ်ထားရှိသော ဆရာကျော်ဝင်းရဲ့ စေတနာကို လေးစားမိပါတယ်။ ဒီစာအုပ်ကို ဖတ်ပြီးတဲ့အခါမှာ တွေးစရာ စဉ်းစားစရာတွေ အများကြီးရလာလိမ့်မယ်... (သံလွင်အိပ်မက် အမှတ် ၄ စာအုပ်စင်ကဏ္ဍမှ ကောက်နုတ်ဖော်ပြချက်)


[Download here]

Read More...

ကုန်ကြမ်းတွေ လာနေပြီ

ဆရာအော်ပီကျယ်ရဲ့ ထိထိမိမိရှိလှတဲ့ ကာတွန်းလေးပါ..



ဒီကာတွန်းကို စကြည့်ကြည့်ချင်း သိပ်သဘောမပေါက်ဘူး။ ဘာလဲပေါ့။ နံရံပေါ်က နာရီပေါ် အကြည့်တွေရောက်သွားမှပဲ .. ဟဲဟဲ.. ရှစ်နာရီဆိုရင် မြန်မာ့ရုပ်မြင်သံကြားက ဘာတွေလာလဲ မသိဘူးနော်...

Read More...

Mar 6, 2007

လောကကြီးမှာ ငါမရှိတော့တဲ့အခါ

ဘာရယ်ညာရယ် မဟုတ်ပါဘူး။ ထုံးစံအတိုင်း ဒီဇိုင်းတစ်ခုခုလုပ်ဖို့ စိတ်ပါနေတာနဲ့ လုပ်ဖြစ်သွားတာ.. စိတ်ထဲမှာ အဖုအထစ်တွေဖြစ်နေတဲ့အခါ တစ်ခါတစ်ခါ အဲဒီလို ဖောက်ထုတ်လိုက်မှ သွေးက အဆာပြေသွားတယ်.. မဟုတ်ရင် တနုံ့နုံ့ ခံစားရတာ အရမ်းဆိုးတယ်..

Read More...

Fulbright ပညာသင်ဆု


၂၀၀၈-၂၀၀၉ ခုနှစ် ပညာသင်နှစ်အတွက် Fulbright ပညာသင်ဆုလျှောက်လွှာများကို ယခု စတင်လက်ခံနေပြီ ဆိုတာကို ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးမှ ဖေဖော်ဝါရီ ၂၇ရက်နေ့တွင် ကြေညာခဲ့ပါတယ်။ ဒီပညာသင်ဆုရရှိသူ မြန်မာကျောင်းသားများကို အမေရိကန်နိုင်ငံရှိ တက္ကသိုလ်များမှာ ဘွဲ့လွန်ပညာသင်ကြားနိုင်ဖို့အတွက် ပညာသင်စရိတ်အပြည့်ထောက်ပံ့ပေးမယ်လို့ သိရပါတယ်။ ပညာသင်ဆု ရရှိသူတွေဟာ စက်တင်ဘာ ၂၀၀၈ ကနေ စတင် တက်ရောက်နိုင်ပါမယ်။

ဒီပညာသင်ဆုလျှောက်ထားမယ့်သူတွေဟာ အောက်ပါ အချက်များနဲ့ ပြည့်စုံရပါမယ်...
၁) မြန်မာနိုင်ငံသားဖြစ်ပြီး မြန်မာနိုင်ငံမှာ လက်ရှိနေထိုင်နေသူဖြစ်ရပါမယ်။
၂) Social sciences, natural sciences, and humanities စတဲ့ ဘွဲ့လွန်ပညာများကို သင်ယူဖို့ စိတ်ဝင်စားသူဖြစ်ရပါမယ်။ အထူးသဖြင့်တော့ political science, international relations, economics, public health, education, public policy or journalism စတဲ့ ပညာရပ်တွေကို သင်ယူလေ့လာရန် ရည်ရွယ်ထားသူဖြစ် ရပါမယ်။
၃) ပညာရေးမှာ ထူးချွန်သူဖြစ်ရပါမယ်။
၎) အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်သူဖြစ်ရပါမယ်။ TOEFL ရမှတ် အနည်းဆုံး ၅၅၀ ရှိရမှာဖြစ်ပြီး ၅၇၅မှတ် အထက်ဖြစ်ရင် ပိုမိုကောင်းမွန်ပါတယ်။ IELTS ရမှတ် ဆိုရင်တော့ ၆.၅ ရှိရပါမယ်။
၅) ဒီပညာသင်ဆု အစီအစဉ်ကို တက်ရောက်သင်ယူပြီးတဲ့နောက် မြန်မာနိုင်ငံသို့ အနည်းဆုံး ၂နှစ် ပြန်နေပေးနိုင်မယ့်သူ ဖြစ်ရပါမယ်။
၆) အမေရိကန်နိုင်ငံသို့ ခေတ္တ(သို့မဟုတ်) လုံးဝ လာရောက်လည်ပတ်ဖူးခြင်း မရှိသူ အမေရိကန်နိုင်ငံတွင် နေထိုင်ဖူးခြင်း မရှိသူ ဖြစ်ရပါမယ်။

ယခုနှစ် ပညာသင်ဆု အစီအစဉ်မှာ အခြားသောနှစ်များနဲ့ မတူတဲ့ အစီအစဉ်တစ်ခုကတော့ TOEFL နဲ့ IELTS အမှတ် မရှိသူများအတွက် English Proficiency Test ကို စစ်ဆေးပေးမယ့် အစီအစဉ်ဖြစ်ပါတယ်။ အဆိုပါ စာမေးပွဲကို ဖြေဆိုရန် စိတ်ပါဝင်စားသူများအနေဖြင့် ရန်ကုန်မြို့ရှိ အမေရိကန်စင်တာကို မတ်လ ၁၆ရက်မတိုင်မီ စာရင်းပေးသွင်းကြရမှာ ဖြစ်ပါတယ်။ ထို English Proficiency Test ကို မတ်လ ၂၂ရက် နှင့် မတ်လ ၂၄ရက်နေ့များမှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ အောင်စာရင်းများကိုတော့ ဖြေဆိုပြီးတစ်ပတ်အကြာမှာ အမေရိကန်စင်တာ အရှေ့ရှိ ကြော်ငြာသင်ပုန်းများမှာ ကြည့်ရှုနိုင်ပါတယ်။

TOEFL နဲ့ IELTS အမှတ်ရှိသူများအနေနဲ့ကတော့ ပညာသင်ဆုလျှောက်လွှာကို မေလ ၁ရက်နေ့ မတိုင်မီ ဖြည့်စွက်ပေးပို့ရမှာဖြစ်ပါတယ်။

ဒီပညာသင်ဆုကို စိတ်ဝင်စားသူများအနေနဲ့ အသေးစိတ်သိရှိလိုပါက ရန်ကုန်မြို့အမေရိကန်စင်တာ ပညာရေးငှာနရှိ မပုံ့ပုံ့ဖြူ နှင့် Nang Hom Leik တို့ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။ အီးမေးလ်လိပ်စာကတော့ Fulbright.Rangoon@state.gov ဖြစ်ပါတယ်။


News Source : Fulbright Scholarships

Read More...