Feb 6, 2007

လွမ်းသူရဲ့ပွဲ


မြေချစ်သူကဗျာများဆိုတဲ့ ကဗျာစာအုပ်လေးထဲမှာပါတဲ့ ဒီကဗျာလေးကို ပြန်ဖတ်မိတယ်။ တကယ့်ကို မှတ်မှတ်ရရပါပဲ။ ကျွန်တော့်ကို ရန်ကုန်ပြန်တုန်းက ဒီကဗျာလေးရွတ်ပြဖူးတဲ့ ချစ်သူကို သွားသတိရတယ်။ ကျွန်တော့်မှာ ကဗျာတွေကို ဒီလိုစိတ်လိုလက်ရရွတ်ပြတတ်တဲ့ ချစ်သူတစ်ယောက်ရှိတာ ဘုရားပေးတဲ့ ဆုတစ်ဆုပါပဲ။ “လွမ်းသူရဲ့ပွဲ” တဲ့။ ဒီကဗျာက ကျွန်တော့်ထက် အသက် ၉လကြီးပါတယ်။ ကျွန်တော် လူ့လောက မရောက်ခင်ကတည်းက ရေးခဲ့တဲ့ ဒီကဗျာကို ကျွန်တော့်ချစ်သူက ရွတ်ပြတဲ့အချိန်အထိ ရင်ခုန်လို့ရသေးတာကတော့ ကဗျာဆရာ မြေချစ်သူရဲ့ မှော်အစွမ်းပဲ ဖြစ်ပါလိမ့်မယ်။ ခံစားကြည့်ပါ ... နှလုံးသားပါရင် ခင်ဗျားလည်း လွမ်းကြည့်လို့ရပါတယ်။


“လွမ်းသူရဲ့ပွဲ”

ခုတလော
နာရီနဲ့အမျှ
လွမ်းနေရတယ်။

ကမ္ဘာပေါ်မှာ
လွမ်းရတာလောက်
သိက္ခာရှိတဲ့
အစားအစာ
မရှိပါဘူး။

လွမ်းနေချိန်မှာ
လွမ်းသူဟာ
ကမ္ဘာကြီးအတွက်
နှလုံးသားတာဝန်ကို
တစ်ဦးတည်းတင်ဒါဆွဲပြီး
ကြီးမားစွာ လွမ်းသူဖြစ်တယ်။

လွမ်းချိန်မှာ
သဘာဝနဲ့မိမိတို့ဟာ
အလွမ်းရေထုရဲ့
လာရောက်မှုကို
ဂုဏ်ပြုပူဇော်ပြီး
အတူတကွ
ပျော့ပျောင်းအိကျနေကြတယ်။

လွမ်းသူဟာ
လူယောက်ျား၊ လူမိန်းမ
ကြယ်၊ လ၊ ကဗျာ
ကာလသုံးပါး
ငှက်များပျံခြင်း
နှင်းဆီခင်းရသ
ဒေါသတရား
စကားမေတ္တာ
ခန္ဓာကိုယ်
အို ဘာကိုမှ သတ်သတ်မှတ်မှတ်
ရွေးချယ်ပညတ်ခြင်းမရှိဘဲ
လွတ်လပ်စွာ လွမ်းသူဖြစ်တယ်။

နေညိုချိန်မှာ
လွမ်းတတ်သူဟာ
ကျန်းမာရေးအရ
ပထမရဘူးသူလည်းဖြစ်တယ်။

ကဲ.. လွမ်း
အလွမ်းရဲ့ဟိုဘက်မှာ
သတ္တ၀ါတို့ရဲ့ ရင်ခုန်သံ
သန်မာစွာ ကခုန်နေတဲ့
အ၀ိဇ္ဇာဇာတ်ခုံ
မိုးလုံလေလုံရှိလေသတဲ့
ဇာတ်ခုံက ဗုံအရိုက်မှာ
တရှိုက်မက်မက်လွမ်း
အဝေးဆုံးထိလွမ်း
စောင်ကလေးခြုံလွမ်း
လွမ်း .. ။ ။

မြေချစ်သူ
မိုးဝေ၊ ဇန်န၀ါရီ၊ ၁၉၈၀

Read More...

ဧရာဝတီသက်သေ



ကဗျာဆရာရဲ့သူမအတွက် ဧရာဝတီကို
သူမရဲ့ကဗျာဆရာက ကတိတစ်ခုပေးဖူးတယ်..
ဒါကြောင့် ဒီဓာတ်ပုံကို “ဧရာဝတီသက်သေ” လို့ နာမည်ပေးထားတယ်..
ငြိမ်ငြိမ်လေး ကြိုးစားနားထောင်ကြည့်တဲ့အခါ အဲဒီကတိအကြောင်း ဒီဓာတ်ပုံကနေ တဆင့် ဧရာဝတီက ပြန်ပြောပြပါလိမ့်မယ်..

Read More...

ချစ်သူသိလေ

(၁)
ပန်းပွင့်ရှိမှ၊ ရနံ့ရတာ
မဟုတ်ပါဘူး၊ ဖူးသည့်ဝတ်ငုံ
ထုံသည့်တစ်ပွင့်၊ နမ်းခွင့်တစ်ရှိုက်
ရသည့်ခိုက်မှ၊ ထာဝရတည်
ကာလရှည်လျား၊ နှလုံးသားမှာ
စွဲမြဲစွာဖြစ်၊ ထုံနံ့ယစ်ဝေ
ပျံ့ဆွတ်စေ၏၊ ချစ်သူသိလေ...။

(၂)
မျက်နှာတွေ့မှ၊ မြင်ခွင့်ရတာ
မဟုတ်ပါကွယ်၊ ဘယ်ကိုသွားသွား
ဘယ်နားရောက်ရောက်၊ ဘယ်လောက်ဝေးဝေး
အတွေးမှာရှိ၊ အကြည့်မှာမြင်
သူပဲထင်တယ်၊ ကောင်းကင်လိုပဲ
မော့ကြည့်ဆဲမှာ၊ တွေ့နိုင်ပါ၏
ချစ်သူသိလေ...။

(၃)
အသံကြားမှ၊ နားမှာဆတ်ဆတ်
ကြားလာတတ်တာ၊ မဟုတ်ပါလေ
စမ်းရေသံကြား၊ သူ့စကားရှိ
ငှက်၏တေးမှာ၊ သူ့သံသာတွေ
နှုတ်ခြွေစကား၊ နားမှာတီးတိုး
ဟိုး .. အရင်လို၊ ရွှင်ချိုကြည်မြ
ကြားနေရ၏၊ ချစ်သူသိလေ...။

(၄)
ချစ်သူသိလေ...
သတိရလျှင်၊ ဒေသအကွာ
နေရတာကွဲ၊ ဘယ်လိုခွဲခွာ
ဘယ်လောက်ကွာမလဲ
ဘယ်မှာဖြစ်ဖြစ်၊ တွယ်တာရစ်ငင်
ထာဝရထင်သော၊ ရင်ထဲအရိပ်
စွဲလမ်းစိတ်ဖြင့်
အိပ်မက်တိုင်းမှာ ရှိနေသူ...။ ။

မောင်စိန်ဝင်း(ပုတီးကုန်း)

Read More...

Feb 5, 2007

အတုနဲ့အစစ်

ကျွန်တော်တို့ဝန်းကျင်မှာ အတုတွေရှိသလို အစစ်တွေလည်းရှိတယ်။



ဒီပုံထဲကလိုတော့ လွယ်လွယ်နဲ့ခွဲလို့ မရဘူး။
အစစ်ဆိုတာလည်း တကယ်တမ်းတော့ အစစ်ယောင်ဆောင်ထားတဲ့ အတုအယောင်သာ ဖြစ်တယ်။
အတုဆိုတာလည်း တကယ်တမ်းတော့ အတုယောင်ဆောင်ထားတဲ့ အတုအယောင်သာ ဖြစ်တယ်။
ပညတ်ချက်တွေကို ဖယ်လိုက်ပြီး ဖွင့်ဆိုချက်တွေကို ခွာချလိုက်တဲ့အခါ ခင်ဗျားတွေ့ရမှာ ဗလာနယ်သက်သက် ဖြစ်တယ်။

Read More...

Feb 4, 2007

အဆုံးမဲ့အချစ်


ဒီနေ့ Peninsula Plaza ရောက်တော့ သူငယ်ချင်းစုံတွဲ သုံးစုံတိတိတွေ့တယ်။ နောက်ဆို ဘယ်သူနဲ့မှ မတွေ့အောင် အိမ်မှာပဲ အိပ်နေပြီး အပြင်မထွက်ဘဲနေရင်တောင် ကောင်းမလားပဲ။ အခုတော့ သတိတရ ဖြစ်ရပြန်ပြီ။ ထူးအိမ်သင်သီချင်းထဲကလို “အမြန်လာပါ .. အိပ်မက်ကလေးရယ်” လို့ ဆိုရမလို ဖြစ်နေပြီ။

ဒါနဲ့ အိမ်ပြန်ရောက်တော့ The Myth ရုပ်ရှင်ကားထဲမှာ ပါပြီး ဂျက်ကီချန်းဆိုထားတဲ့ ဒီ “အဆုံးမဲ့အချစ်” သီချင်းလေးကို ဘယ်နှစ်ခါမှန်းမသိ နားထောင်နေမိတယ်။ ကျွန်တော့်ကို တရုတ်လို ကိုရီးယားလို နားမလည်ဘဲ ဘာလို့ နားထောင်နေသလဲလို့ မေးမနေနဲ့ဦး။ ဒီ ဘာသာပြန်လေးကြည့်ပြီး ခံစားတာပေါ့ဗျာ...

Jackie Chan & Kim Hee-Seon - Endless Love - MP3

Read More...

Feb 2, 2007

ဖေဖော်ဝါရီ ၂ရက် ညနေ


အခု စင်္ကာပူမြစ်ကမ်းဘေးနားလေးမှာ ထိုင်နေတယ်။



ခင်ဗျား ပြုံးနေမလား။ အထင်မကြီးပါနဲ့ဗျာ။ ကျွန်တော့် ဘေးမှာ ဘယ်ကောင်မလေးမှ မပါပါဘူး။ မရှိမဲ့ရှိမဲ့ ခြစ်ခြုတ်ဝယ်ထားရတဲ့ laptop လေးတစ်လုံးပဲ ပါတာပါ။ တခြားတခြားသောသူများကတော့ အတွဲကိုယ်စီနဲ့ပေါ့။ တကယ်တော့ စင်္ကာပူမြစ်ကမ်းဘေး ဆိုတာ စင်္ကာပူရဲ့ အင်းလျားပဲလေ။ ပြောရင်းနဲ့ အင်းလျားကို သတိရလာပြန်ရော။

အင်းလျားက ဘယ်တော့မှ ထိုင်စရာနေရာမရတဲ့ ခုံတန်းတွေရယ် ..
စိမ်းလန်းစိုပြေရဲ့ ညနေခင်းတွေရယ် ..
ပြီးတော့ ကျွန်တော် ရင်ခုန်တဲ့ စကားပန်းတစ်ပွင့်ရယ် ..

ရေးဖူးတဲ့ ကဗျာတစ်ပိုဒ်ထဲကလို ဆိုရင်တော့.. အဲဒီလိုမျိုး ပန်းကို တိုးတိုးလေး လွမ်းနေတယ်...

Read More...