Jun 30, 2007

လမ်းလျှောက်တတ်တဲ့အိပ်မက်

ပင်လယ်လေနံ့သင်းနေသော လေက မှိတ်ထားသော မျက်လုံးအစုံကို တစ်ချက်တစ်ချက် အမှတ်မထင် တိုးဝှေ့နှုတ်ဆက်သွားသည်။ သင်းပျံ့ပျံ့စကားပန်း တစ်ပွင့်၏ ခပ်မှန်မှန်အသက်ရှူသံကို ပခုံးထက်ဆီမှ ကြားနေရသည်။ ပုန်းကွယ်လုဆဲဆဲ ညနေခင်းအရောင်များသည် ချစ်သူနှစ်ဦးကို ငေးမောရင်း တဖြည်းဖြည်း ပျောက်ကွယ်တော့မည်။ ကဗျာတစ်ပုဒ်ကို စိတ်ထဲမှာ ရေးနေမိသည်။ စကားလုံး တစ်လုံးမှ မပါသည့် ကဗျာတစ်ပုဒ်။ ဘာရယ်မဟုတ်ဘဲ တလောက ရေးဖြစ်သည့် အရောင်များဖြင့် ဖွဲ့စည်းထားသောကဗျာကို သတိရမိသည်။ အပူရှိန်ကဲလွန်းသော ရာသီဥတုကို နေရင်းထိုင်ရင်း မကျေမနပ်ဖြစ်မိသည်။ ခုအတိုင်းဆိုရင် ကမ္ဘာကြီးပူနွေးလာသည့်အကြောင်း လျစ်လျူရှုထားလို့ မဖြစ်တော့။ တကယ်တော့ တခါတခါ စိတ်ထင်ရာလုပ်တတ်သော အကျင့်ဆိုးကို မချင့်မရဲဖြစ်မိနေခြင်းသာ ဖြစ်သည်။ ရေတွေ အဆက်မပြတ် ပါးစပ်မှ ပန်းထွက်နေသော Merlion ရုပ်တုကို အဝေးမှ ငေးရင်း အမှောင်ကို အသံတိတ် ကြိုဆိုလိုက်သည်။ အမှောင်ခေတ်ထဲ လမ်းပျောက်နေတဲ့ သုညတစ်လုံးဖြစ်နေမှန်း ကိုယ့်ကိုယ်ကို သတိထားမိတာတော့ ကြာပြီ။ ဒီ မီးမှန်ရေမှန် စက်ရုပ်ဆန်ဆန်မြို့ပျက်ကြီးထဲမှာ အိပ်ပျော်နေတဲ့ တာရာမင်းဝေရဲ့ ဗျတ်စောင်းလေး တစ်လက်ရှိသည်။ အရည်ပျော်ကျနေတဲ့ ဒါလီရဲ့ နာရီ ပန်းချီကားလို စက္ကန့်တွေဟာ တစ်စက်ပြီးတစ်စက် အရည်ပျော်ကျသွားသည်။

လေထဲမှာ မိုးနံ့တွေ ပါလာပြီ။ ဒါဆို မကြာခင် မိုးရွာတော့မယ် ထင်ပါရဲ့။ ရွာမယ်ဆိုလည်း သည်းသည်းမည်းမည်းသာ ရွာချလိုက်တော့။ အနားမှာ ချစ်သူရှိနေမှပဲ အချိန်တွေက အရည်ပျော်တာ မြန်နေပြန်ရော။ စကားလုံး မပါတဲ့ ကဗျာတစ်ပုဒ်ကို ကြိုးစားပမ်းစား ရေးဖွဲ့နေတုန်း ဗြုန်းကနဲ မိုးစက်တွေ ကဆုန်စိုင်း ပြေးဆင်းလာသဖြင့် ထိုမိုးစက်များက အိပ်မောကျနေတဲ့ ချစ်သူကို ပုတ်နိုးလိုက်သည်ထင်၏။ အဆက်မပြတ်ကျနေသော မိုးစက်များအကြားတွင် ချစ်သူက သူ့အိပ်မက် အကြောင်းကို မမောတမ်း ပြောပြနေသည်။ မိုးတွေက မစဲတော့။

မိုးသည်းသည်းထဲ အိမ်က လာကြိုသော ကားဆီရောက်အောင် ခြေကုန်သုတ်ပြေးခဲ့ရသော ကျောင်းသားဘ၀ကို သတိရသည်။ ဘေးခုံမှာ ထိုင်ပြီး စကားလာလာများတတ်သော သူငယ်ချင်းကိုဖြိုးနှင့် ရေခဲတုံးလို ငြိမ်ငြိမ်လေးနေတတ်သည့် အဘိုးကြီးဟု နာမည်ပြောင်ပေးထားသော သူငယ်ချင်းကို သတိရသည်။ ဆွယ်တာအင်္ကျီလေး ကျောင်းကို ၀တ်ဝတ်လာတတ်သော အတန်းထဲမှ ကောင်မလေး(သို့မဟုတ်) ကဗျာလေးကို သတိရသည်။ ထိုကောင်မလေး၏ အပြုံးသည် သူမ၏ အပြုံးနှင့် တစ်ထေရာတည်း တူသည့်အကြောင်း ပြောပြဖြစ်သည်။ ထိုကောင်မလေးကို မပေးဖြစ်သည့် အထက်တန်းကျောင်းသားဘ၀က ကဗျာတွေ ချစ်သူကို ပေးဖတ်ဖူးသည်။ ထိုကောင်မလေး သိပင် မသိလိုက်သော အတန်းဖော်ကောင်လေး အကြောင်း၊ မှော်မျက်လှည့်ဆန်ဆန် ဖြတ်သန်းခဲ့ရသော လမ်းတွေအကြောင်း၊ စာသင်နေတုန်း ခိုးခိုးကြည့်တတ်သည့် ကောင်လေးတစ်ယောက်အကြောင်း၊ ကောင်လေး ရီဝေတိမ်းမူးခဲ့ရသော ကောင်မလေး၏ အပြုံးများဖြင့် ရောစပ်ထားသော စာသင်ရက်များအကြောင်း ပြောပြလျှင် ချစ်သူက ပြုံးပြုံးလေး နားထောင်တတ်သည်။ လွန်ခဲ့သော ဆယ်နှစ်က သူမသည် ထိုကောင်မလေးဖြစ်ပြီး ကောင်လေးကတော့ သူမ၏ကဗျာဆရာ ဖြစ်ကြောင်း ပြောပြဖို့ လိုမည် မထင်ပါ။

မိုးက ထုံးစံအတိုင်း မရပ်မနားဘဲ ရွာစရာ မကျန်လောက်တော့အောင် ရွာချနေသည်။ မိုးရေများ စိုစိုရွှဲနေသော ချစ်သူနှစ်ဦးသည် မှိန်ပျပျလမ်းလေးအတိုင်း လက်တွဲပြီး ဖြည်းဖြည်းချင်း လျှောက်နေသည်။ လက်ချောင်းများ ယှက်ပြီး တစ်ယောက်လက်ကို တစ်ယောက် ချိတ်လျက် မမောတမ်း လျှောက်နေသည်။ အဝေးဆီမှ ရောင်နီများ မကြာခင် မြင်ရတော့မည်ဟု မျှော်လင့်ရင်း လျှောက်နေသည်။ အိပ်မက်တွေထဲ လျှောက်နေသည်။ မဖြစ်နိုင်ဘူးဆိုတဲ့ စကားတွေထဲ လျှောက်နေသည်။ နှစ်ကိုယ်ကောင်းဆန်ဆန် ယုံကြည်မှုတွေထဲ လျှောက်နေသည်။ ဆုတောင်းကိုယ်စီနဲ့ လျှောက်နေသည်။ မဆုံးတမ်းလျှောက်နေသည်။ ခရီးများ အဆုံးအထိ... ။ ။

4 comments:

Ko Phyoe said...

ဟားဟား လွင့်လွင့်နေတဲ့ ပို့စ်

demo said...

Hey Bro, အရမ်းမိုက်တဲ့ ပို့စ်ပဲ.. I can feel it.. =) ကိုညီညီ နဲ့ မပိုး တို့ ခရီးများ မဆုံးတမ်း ပျော်ရွှင်စွာ လျှောက်နိုင်ပါစေ..

ဂျစ်တူး - gyit_tu said...

နှစ်ကိုယ်ကောင်းဆန်၂ ယုံကြည်မှုတွေနဲ့ လျှောက်လှမ်းနေတဲ့ ငယ်ချစ်ဦး၂ယောက် အားလုံးအဆင်ပြေချောမွေ့လို့ ပန်းတိုင်ရောက်နိုင်ပါစေကွာ ။ ခုလို ချစ်သူတွေ မြင်ရတာ ၀မ်းသာတယ်း)

Nyi & Poe said...

ma gyit & demo > ပေးတဲ့ဆုနဲ့ ပြည့်ပါစေ။ ကျေးဇူးပါနော်။