Jun 21, 2007

နင် ငါ့အနားကို ရောက်လာတယ်

“နင် ငါ့အနားကို ရောက်လာတယ်”

လွမ်းနေတဲ့ရာစုတွေ ထားခဲ့ပြီ
ဘ၀ရထား ဥသြတစ်ချက်အဆွဲမှာ
ငါ့လက်ကို မြဲမြဲတွဲ
ကောင်းကင်ထဲထိုးခွဲပျံကြမယ်...။

ဘ၀ဆိုတာ တိုက်ပွဲတဲ့
အလဲလဲအကွဲကွဲငါ့အနားကို
အပြုံးချိုချိုတွေ စစ်ကူပေးရင်း
နင်
ငါ့အနားကို
ရောက်လာတယ်... ။

စစ်သူရဲတစ်ယောက်ရဲ့ ဓားအိမ်မှာ
ချိတ်ဆွဲထားတဲ့ ပန်းတစ်ပွင့်လိုမျိုး
အနှောင်အဖွဲ့ကင်းကင်း
မျှော်လင့်ခြင်း တစုံတရာမပါဘဲ
အရှုံးအနိုင်မရေရာတဲ့တိုက်ပွဲမှာ
နင်
ငါ့အနားကို
ရောက်လာတယ်... ။

မလွယ်မှန်းသိလျက်နဲ့
စစ်ကြေညာခဲ့တာ
မိုက်ရူးရဲရုံသက်သက် မဟုတ်ခဲ့ကြောင်း
ဘယ်ခုံရုံးကမှ ငါ့ကို ဖြေရှင်းချက်မတောင်းခဲ့ဘူး
ခပ်ကျယ်ကျယ်ဖွင့်ထားတဲ့ အော်တာနေးတစ်ဗ်မြူးဇစ်လို
မောင့်ကိုချစ်တယ်ဆိုတာ တစ်ကြောင်းတည်း အထပ်ထပ်ဆိုရင်း
နင်
ငါ့အနားကို
ရောက်လာတယ်... ။

နာကျင်မှုတွေ ဝေးလွင့်
ကြင်နာမှုတွေ ရောက်နှင့်ပြီလား
နှလုံးသားကို နားစွင့်ကြည့်လိုက်တဲ့အခါ
ငါ မျက်စိမှိတ်ထားပေမယ့် အသေအချာသိလိုက်တယ်
နင်
ငါ့အနားကို
ရောက်လာတယ်... ။

ခေလွန်း
ဇွန်လ ၂၁ရက်၊ ၂၀၀၇။

No comments: