Jun 3, 2007

ဓားသွားတွင် စီးမြောခြင်း

ဒီကဗျာကို ရေးဖြစ်တာ အတော့်ကို ကြာခဲ့ပြီ။ လွန်ခဲ့တဲ့ ၃နှစ်လောက်က ထင်ပါရဲ့။ ဟိုးတုန်းက ရေးဖြစ်တဲ့ ကဗျာအဟောင်းတွေ ပြန်ဖတ်မိတော့ ဘလော့ဂ်ထဲတင်ရင် ကောင်းမယ်လို့ တွေးပြီး တင်ထားလိုက်တယ်။

“ဓားသွားတွင် စီးမြောခြင်း”

တစွန်းတစခေါ်သံကြားမှာ
လေဟာနယ်က လာခံနေ
ကြွေတော့မှာပဲ
တကယ်တမ်းကျ
ဝန်မခံရဲပြန်ဘူး။

လွတ်မြောက်ခြင်းလား
ချုပ်နှောင်ခြင်းလား
ခံစားချက်ကို မျက်နှာသစ်လို့လည်း
အရုဏ်တွေ ဖြန့်ကျဲမှာ မဟုတ်ဘူးလေ။

ဂီတရှိမယ်
ကဗျာရှိမယ်
ချိုချိုနွဲ့နွဲ့ ပြောတတ်တဲ့ ရွှေဝါရောင်ကြက်တူရွေးလေးရှိမယ်
အိပ်မက်နောက်လိုက်နေတဲ့ ခပ်မှန်မှန်ခြေသံတွေရှိမယ်
မှုန်မှုန်ဝါးဝါး အမှောင်မှာ ကျင့်သားရနေတဲ့နှလုံးသားရှိမယ်
လင်းတောက်ပြာလဲ့ အသွားပဲ့နေတဲ့ ဓားတစ်ချောင်းရှိမယ်။

ဒါပေမယ့်..
ဂီတမရှိဘူး
ကဗျာမရှိဘူး
ရွှေဝါရောင်ကြက်တူရွေးလေးမရှိဘူး
ခြေသံတွေမရှိဘူး
နှလုံးသားမရှိဘူး
ဓားတစ်လက်ကတော့ တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားဆဲ..... ။ ။

ခေလွန်း

2 comments:

Ko Phyoe said...

ဦးညီ လိုက်ခုတ်ရဘူးနော် ကြောက်တယ်

NYI NYI said...

ဒီဓားက သူများကို ရန်ပြုဖို့ မဟုတ်ဘူး။ ကိုယ့်ဘာသာကိုယ် ကာကွယ်ဖို့ ...