Jun 24, 2007

အမေ



“အမေ”

အဲဒီလို
လွတ်လပ်စွာ လှောင်ပိတ်မိချိန်မျိုးမှာ
ကျွန်တော် ခပ်တိုးတိုးလေး ရေရွတ်မိသမျှ
အမေ့ကို သတိရတဲ့အကြောင်း
မျက်ရည်တွေနဲ့ စာလုံးပေါင်းပြမယ်
ကျွန်တော့်ရှေ့က ကွန်ပျူတာဖန်သားပြင်ဟာ
တစ်ကမ္ဘာလုံးကို အပေါ်စီးက ကြည့်နိုင်ပေမယ့်
အမေ့အိမ် မပါနိုင်ခဲ့တာ သား ရင်နာတယ်
အမေရယ်
အင်တာနက်ဆိုပေမယ့်
အမေ့လို မကြင်နာတတ်ဘူး
ကျွန်တော်ကတော့ ကူးလို့ခတ်လို့
ရောက်လိုရောက်ငြား
အိပ်မက်ချိုခါးတွေ တပွေ့တပိုက်နဲ့ပေါ့ အမေ
ပထမဆုံး လှေကားတစ်ထစ်အတွက်
သုံးနှစ်တိတိ ဖြတ်ရမတဲ့
ကျွန်တော့်ရင်ထဲက ငိုမဲ့မဲ့မျက်နှာဟာ
အမေ့ကို တမ်းတနေပါတယ်
ကျွန်တော် အကြိမ်ကြိမ်ခူးစားခဲ့ပေမယ့်
အရသာမခံစားတတ်ခဲ့မိတာ ခွင့်လွှတ်ပါ အမေ
အခုအချိန်ဆို
ဘယ်လိုပဲ ဝေေ၀
ကျွန်တော် အမေ့အနား နေခွင့်မရတော့ဘူး
အမေ့ဆီကစာ အကြိမ်ကြိမ်ဖတ်ရင်း
အမေ့ကို ပြင်းပြင်းရှရှရှူသွင်း
(ဒီလိုနဲ့ပဲ ... )
ကျွန်တော့် အဆုတ်ဟာ သန့်ရှင်းခဲ့ပေါ့ အမေ
တစ်ခါတစ်ခါ
ကျွန်တော်က သီချင်းဆို
ဂစ်တာက ငိုနဲ့
ကောင်းကင်တစ်ခုလုံး ပြိုကျမတတ် မှိုင်းညှို့
အမေရယ်
အလွမ်းတွေ ပျို့ပြီး သားအန်ခဲ့မိတာ
ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါ ရှိခဲ့ပါပြီလဲ
အမေ
အမေ
အမေ
အခါခါခေါ်နေမိဆဲ
မိုးကလည်း မစဲသေး.. ။ ။

ခေလွန်း

(၂၀၀၁ ဧပြီလတွင် စင်္ကာပူ နန်ယန်းပေါ်လီမှ ထုတ်ဝေခဲ့သော ခြေရာ ၂၁ အွန်လိုင်း မဂ္ဂဇင်းမှ)

5 comments:

ကိုဖြိုး said...

အမေကဗျာပေငါးသောင်းခြောက်ထောင်ထဲက ထူးထူးခြားခြား ကဗျာကောင်းလေးတစ်ပုဒ်ပါ။ မင်းရေးထုတ်ခဲ့တယ် သူငယ်ချင်း

နိုင်းနိုင်းစနေ said...

ဒီကဗျာကို မှတ်မိနေသလိုပဲ...
မှတ်မှတ်ရရ ၂၀၀၂-၂၀၀၃ လောက်မှာမှ မြန်မာစာနဲ့ ရေးထားတဲ့ ၀က်ဆိုက်ဒ်ကို ပထမဦးဆုံးအကြိမ် ဖတ်ဖူးခဲ့တယ်။ အဲဒါ နန်ယန်းပေါ်လီက လုပ်တဲ့ ၀က်ဆိုက်ဒ်ပဲ။ ဖိုရမ်ဆိုတာကိုလဲ အဲအချိန်ကျမှ ဖတ်ဖူးတယ်။ မြန်မာလို ရေးထားလို့ အားတိုင်း ၀င်ဖတ်ဖြစ်တယ်။ နောက်တော့ ဘာဖြစ်တယ် မသိဘူး.. ကော်နက်ရှင်ကြောင့်လား.. ၀က်ဆိုက်ဒ်ကြောင့်လား မသိ.. ၀င်မရတော့လို့ မဖတ်ဖြစ်ခဲ့တာ ခုချိန်အထိပဲ။ အဲဒီအချိန်ကျမှ ကွန်ပြူတာမှာ မြန်မာလို ရိုက်လို့ရမှန်း သိလို့ မြန်မာလို ရိုက်ကျင်ခဲ့တယ်။း)

ကဗျာအတွက် ကျေးဇူး ညီညီ

Anonymous said...

ko phyoe > အဲဒီကဗျာ အမေ့ကို ပေးမဖတ်ရဲဘူး။ ငိုမှာစိုးလို့

နိုင်းနိုင်းစနေ > www.nypmm.com ဆိုပြီး သူငယ်ချင်းတွေနဲ့ ကျောင်းတုန်းက လုပ်ဖြစ်တယ်။ နောက်တော့ ဆက်လက်တာဝန်ယူပြီး လုပ်မယ့် မျိုးဆက်သစ်တွေ ရှာမရတာနဲ့ပဲ ဆိုက်ဒ်ကို ပိတ်လိုက်တယ်။ အဲဒီတုန်းကတည်းက EOT ကို nypmm forum မှာ စမ်းခဲ့ကြတာ။ အဲဒီတုန်းကတော့ ၀င်းဖွန့်ကို သုံးတယ်။ အဲဒီတုန်းက သံလွင်အိပ်မက် အယ်ဒီတာလည်း မဟုတ်ဘူး။ ဘလော့ဂ်ဂါလည်း မဟုတ်ဘူး။ nypmm ရဲ့ webmaster :)

Anonymous said...

ညီညီ မင်းကဗျာကို ဟိုးအရင် ၂၀၀၁ ဖတ်တည်းက မှတ်မိနေတာ ။ ခုတခါ ထပ်ဖတ်တော့လည်း ကြိုက်တယ် ။ တို့ စာပေအိုးမှာ တင်ပြလိုက်တယ် ။

ညီညီ(သံလွင်) said...

မဂျစ်တူး > ခုလို စင်တင်ဖော်ပြပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် ခင်ဗျာ။