Aug 15, 2007

အမေ

ထူးအိမ်သင်ရဲ့ အမေ သီချင်းတွေကို နားထောင်မိတိုင်း ငယ်ငယ်က မိသားစုဘ၀နဲ့ အမေ့ကို သတိရပါတယ်။ သားသမီးလေးယောက်မှာ အငယ်ဆုံးသားဖြစ်တဲ့ ကျွန်တော့်ကို မွေးပြီးတဲ့နောက် ကျောင်းဆရာမ အမေဟာ အလုပ်ကထွက်ပြီး ပင်စင်ယူခဲ့ပါတယ်။ ငယ်ငယ်ကဆို အမေ ပင်စင်လခထုတ်တဲ့ပိုက်ဆံဟာ ကျွန်တော့်ကို မဂိုလမ်းမှာ အရုပ်တွေလိုက်ဝယ် ပေးရတာနဲ့ ကုန်တာပဲ။ ဒါကြောင့် အမေ ပင်စင်လခထုတ်ပြီဆို ကျွန်တော် ပျော်တယ်။ အခုတော့ အမေ့ ပင်စင်လခက ဘာမှ သုံးမလောက်တော့လို့ သွားမထုတ်တာကြာပြီ တဲ့။ ခပ်ငယ်ငယ် လမ်းစလျှောက်ခါစ အရွယ်ကဆို မအိပ်ချင်ဘဲ အိပ်ချင်ပြီလို့ အမေ့ကို ဂျီကျပြီး အတင်းသိပ်ခိုင်းပါတယ်။ ကျွန်တော့်ကို အိပ်ပျော်အောင် သိပ်ပေးရင်း အမေ အိပ်ပျော်သွားတဲ့အခါ အိပ်ချင်ယောင်ဆောင်နေရာက ကျွန်တော် တိတ်တိတ်လေး ထလာတတ်တယ်။ ငယ်ငယ်ကတော့ အဲလို လုပ်ရရင် သိပ်ပျော်ခဲ့တာ။ နောက် အတော်လေး အသက်ကြီးမှ သိရတာက ကျွန်တော် တကယ်မအိပ်ဘူး ဆိုတာသိလို့ အမေက အိပ်ချင်ယောင်ဆောင်နေခဲ့တာ တဲ့လေ။

ကျွန်တော် ၀ိုင်အမ်စီအေမှာ မူကြိုတက်ရတော့ အမေနဲ့ မခွဲနိုင်ဘဲ အိမ်ပြန်လိုက်မယ်ချည်း လုပ်နေလို့ အမေက ကျွန်တော်နဲ့ အတူ မူကြိုမှာ နေ့တ၀က် နေပြီး အတူအိမ်ပြန်လေ့ရှိပါတယ်။ လမ်းပေါ်ဆော့တတ်တဲ့ အရွယ်ရောက်တော့လည်း ကျွန်တော့်ကို ဘယ်သူကများ အနိုင်ကျင့်နေမလဲဆိုပြီး ၀ရန်တာက ထွက်ထွက်ကြည့်တတ်ပါတယ်။ ကျွန်တော်က ဘယ်သန်ဆိုတော့ ငယ်ငယ်ကဆို “ဘယ်ကျော်” ဆိုပြီး ကလေးအချင်းချင်း နှိမ်တာ အတော်လေး ခံခဲ့ရပါတယ်။

ဗိုလ်တထောင်(၅)မှာ စပြီး ကျောင်းတက်ရတော့ ကံကောင်းထောက်မစွာနဲ့ အတန်းပိုင်ဆရာမ ဒေါ်နုနုဝေက အမေ့ရဲ့ တပြည့်ဟောင်းတစ်ယောက် ဖြစ်နေပါတယ်။ ကျွန်တော်တို့ သူငယ်တန်း အခန်းက ၄၅လမ်းနဲ့ ကပ်လျက်မှာ ရှိနေတော့ အမေက အခြား ကျွန်တော့်သူငယ်ချင်း အမေတွေနဲ့အတူ ၀ိုင်းဖွဲ့ စကားပြောရင်း ကျွန်တော် ကျောင်းစတက်ကတည်းက ကျောင်းဆင်းချိန်အထိ စောင့်နေလေ့ ရှိပါတယ်။

အလယ်တန်းကျောင်းသား အရွယ်မှာတော့ အမေ ကျောင်းဆင်းချိန်လာကြိုတာနဲ့ အရုပ်ပါတဲ့ စားစရာမုန့်ထုတ်တွေ တစ်မျိုးပြီး တစ်မျိုး ၀ယ်ခိုင်းတတ်ပါတယ်။ ပြီးတော့လည်း မုန့်ကို မစားဘဲ အရုပ်ကိုပဲ သိမ်းထားတာပါ။ ကျွန်တော်တို့ ကျောင်းက အတန်းတင် စာမေးပွဲရမှတ်တွေနဲ့ အတန်းခွဲလေ့ရှိပါတယ်။ သူ့ကျူရှင်မတက်လို့နှိမ်တတ်တဲ့ ဆရာမတွေ အကြောင်း ပြောပြရင် အမေလည်း ရောပြီး စိတ်ဆိုးတတ် ပါတယ်။ အမှတ်နည်းချင် နည်းပါစေ.. အဲဒီဆရာမမျိုးရဲ့ ကျူရှင်မှာ မတက်ဘူး လို့ ကျွန်တော် ပြောလေ့ ရှိသလို အမေကလည်း ဘယ်တော့မှ အတင်းအကြပ် မလုပ်ခိုင်းပါဘူး။ ကျူရှင်မှာ မေးခွန်းကြိုရပြီး အမှတ်ကောင်းကောင်းရတဲ့သူတွေကိုလည်း အထင်မကြီးပါဘူး။ “ကိုယ့်အရည်အချင်း အမှန်ကို ဆယ်တန်း ဖြေတဲ့အခါမှာ သိအောင်ပြပေါ့ သား” လို့ အမြဲ ပြောတတ်ပါတယ်။ အမေဟာ ကျွန်တော့်ကို ကိုယ်ပိုင်ယုံကြည်ချက်ရှိအောင် အတော်လေး တွန်းအားပေးနိုင်ခဲ့သူ တစ်ယောက်လို့ ဆိုနိုင်ပါတယ်။ ကျွန်တော့်ကို မြှောက်ပင့်ပြောတာမျိုးမဟုတ်ဘဲ ကျွန်တော့်မှာ လုပ်ချင် ဖြစ်ချင်စိတ်ရှိရင် ဖြစ်အောင် လုပ်နိုင်တဲ့ အရည်အချင်းရှိတယ်လို့ အမြဲ အားပေးခဲ့ပါတယ်။

ငယ်ငယ်ကတည်းက ကျွန်တော့်ကို ဘာလုပ်ရမယ် ဘာမလုပ်ရဘူးလို့ အမိန့်ပေး စေခိုင်းတတ်ခြင်း မရှိတဲ့ အမေ… သားသမီးကို ဆုံးမရာမှာ နားလည်အောင် ပြောတတ်ပြီး ရိုက်နှက်ဆုံးမတတ်ခြင်း မရှိတဲ့ အမေနဲ့ တွေ့ကြုံခဲ့ရတာ ကျွန်တော့်အတွက် ကံကောင်းတယ်လို့ ဆိုရပါမယ်။ ကျွန်တော်က စာကျက်နေတုန်း စာမှန်မှန်ကျက်လို့ တစ်ယောက်ယောက်က လာပြောရင် စာကို ဆက်မကျက်ဘဲ ထထွက်သွားတတ်သူမျိုးပါ။ ကိုယ်လုပ်ချင်တဲ့အရာကို လုပ်ချင်တဲ့အချိန်မှာ ကိုယ့်အသိစိတ်နဲ့ကိုယ် လုပ်တတ်အောင် လက်ဦးဆရာ အမေက သင်ပြပေးခဲ့ပါတယ်။

ဒီလိုနဲ့ အမေ့ရဲ့ အားပေးမှုတွေနဲ့ ကြိုးစားခဲ့လို့ ဆယ်တန်းအောင်စာရင်းတွေ ထွက်တဲ့အခါ ကျွန်တော် အမှတ်ကောင်းကောင်းနဲ့ အောင်ခဲ့ပါတယ်။ ဆယ်တန်းမဖြေခင်ကတည်းက ဆေးကျောင်းအမှတ်မီအောင် ဖြေပြမယ်။ ဒါပေမယ့် အင်ဂျင်နီယာပဲ ဖြစ်အောင်လုပ်မယ်လို့ အမေနဲ့ သဘောတူညီချက် ယူထားပြီးသားပါ။ ကျွန်တော်က ငယ်ငယ်ကတည်းက သင်္ချာဘာသာရပ်မှာ အမှတ်ကောင်းခဲ့လို့ အမေကလည်း အင်ဂျင်နီယာ ဖြစ်ချင်တာ ကောင်းတယ်လို့ ယူဆခဲ့ပုံပါပဲ။ ဒါပေမယ့် မြို့ပြအင်ဂျင်နီယာတစ်ယောက် ဖြစ်ချင်ခဲ့တဲ့ ကျွန်တော့်အတွက် တက္ကသိုလ်တွေ ပိတ်ထားချိန်နဲ့ တိုးနေပါတယ်။ ပြန်ဖွင့်ရင်တောင် ကျွန်တော်တက်ရမယ့် အလှည့်ကို ရောက်ဖို့ စောင့်ရဦးမှာလေ။

ဆယ်တန်းပြီးကာစ ကွန်ပျူတာ ပရိုဂရမ်းမင်း၊ ဟတ်ဒ်ဝဲလ်သင်တန်းတွေ ဆက်တိုက် တက်ထားတဲ့ အရှိန်နဲ့ ကွန်ပျူတာဟာ ကျွန်တော့်ဘ၀ရဲ့ တစိတ်တဒေသဖြစ်လာခဲ့ပါတယ်။ ဒါနဲ့ စင်္ကာပူမှာ ကျောင်းသွားတက်မယ် ဆုံးဖြတ်တော့ အိုင်တီကို တက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ နန်ယန်းပေါ်လီကို တက်ဖို့ အောင်စာရင်းတွေ ထွက်တော့ ကျွန်တော် အမေတို့နဲ့အတူ မေမြို့ဘက် ခရီးထွက်နေတုန်းပါ။ ရန်ကုန်ကနေ အကြောင်းကြားတယ်.. ကျွန်တော့် နာမည်လည်း ပါတယ် ဆိုတာ သိရတော့ အမေ ပျော်နေခဲ့တယ်။ အဲဒီ ခရီးဟာ အခုထိ အမေနဲ့ အတူထွက်ခဲ့ရတဲ့ နောက်ဆုံးခရီးပါပဲ။ ၁၉၉၉ ဇွန်လမှာ ၁၈နှစ်ကျော်ကျော်အမေနဲ့ အတူနေလာခဲ့ရာက ခွဲပြီး စင်္ကာပူကို ထွက်လာခဲ့ရတယ်။

အမေနဲ့ ခွဲပြီး အဝေးမှာ အကြာကြီးမနေဖူးခဲ့တဲ့ ကျွန်တော့်အတွက် ပတ်ဝန်းကျင်အသစ်မှာ အသားကျအောင် နေထိုင်ရင်း အမေ့ကို သတိရရှိရင်းနဲ့ ကျွန်တော် အရာရာကို ရင်ဆိုင်ခဲ့ရတယ်။ လူကြုံရှိတိုင်း ကျွန်တော့်ဆီ စာအမြဲရေးလေ့ ရှိတဲ့အမေ့ကို ကျွန်တော်က အိမ်ကို စာရေးဖို့ ပျင်းလေ့ရှိတာမို့ သိပ်ရေးလေ့ မရှိပါဘူး။ ဖုန်းတော့ တစ်လကို နှစ်ခါလောက် ဆက်လေ့ရှိပါတယ်။ အီးမေးလ်လည်း ကြုံရင်ကြုံသလို ပို့လေ့ရှိပါတယ်။ ပေါ်လီကျောင်းတက်စဉ်ကလည်း ကျောင်းပိတ်တိုင်းလိုလို ပြန်လေ့ရှိပေမယ့် ကျောင်းပြီးလို့ နှစ်နှစ်ခန့် အကြာမှာ ပြန်တော့ လေဆိပ်မှာ လာကြိုတဲ့ အမေ့မျက်နှာမှာ.. ဇရာရဲ့ အရေးအကြောင်းတွေ အတော်လေး ထင်ဟပ်နေခဲ့ပါပြီ။ အမေ့အနားမှာ ကျွန်တော် မရှိချိန်မှာ အမေ့ကို ဇရာက တရိပ်ရိပ် တိုက်စားခဲ့ပုံ ရပါတယ်။

၂၀၀၂ ပေါ်လီကျောင်းပြီး အလုပ်ဝင်ကာစမှာ ဘွဲ့တစ်ခုရအောင် ဆက်တက်ဖို့ တိုက်တွန်းခဲ့တဲ့အမေ့ကြောင့် အချိန်ပိုင်း ကျောင်းတက်ရင်း ၂၀၀၄ မှာ ဘွဲ့တစ်ခု ရပြီးပြန်တော့လည်း ဘွဲ့လွန်ဆက်တက်ဖြစ်အောင် ခဏခဏ မှာလေ့ရှိပါတယ်။ ပညာတတ်ရင် မျက်နှာမငယ်ရဘူး ဆိုတဲ့စကားကို အမေ အမြဲပြောလေ့ရှိတယ်။

ကျွန်တော် ရန်ကုန်ပြန်တိုင်း အိမ်ပြန်လာချိန်ကို တမျှော်မျှော်နဲ့ ရှိတတ်တဲ့ အမေ၊ ညမိုးချုပ်ထိပြန်မလာရင် စိတ်ပူပြီး ဖုန်းဆက်တတ်တဲ့ အမေ၊ ညစဉ်လိုလို ကျွန်တော်ကြိုက်တတ်တဲ့ လက်ဖက်သုတ်ကို ကျွေးတတ်တဲ့ အမေ၊ နိုင်ငံရပ်ခြားမှာ ရောက်နေတဲ့ သားသမီးတွေ နောက်ဆုံး ဖုန်းခေါ်ခဲ့တဲ့ ရက်စွဲတွေကို မှတ်ထားတတ်တဲ့ အမေ၊ ကျွန်တော်ပိုက်ဆံပို့လိုက်တယ်လို့ လစဉ်ဖုန်းဆက်တိုင်း ကျေနပ်စွာ သာဓုခေါ်တတ်တဲ့ အမေ၊ ကျွန်တော့်ကို မျှော်လင့်ချက်ကြီးကြီး အမြဲထားတတ်တဲ့ အမေ့ အနားမှာ ကျွန်တော် ခုထိ နှစ်လကျော်အောင် နေခွင့်မရခဲ့တာ ၈ နှစ်ရှိခဲ့ပါပြီ။ လာမယ့် ၂၀၀၈ မေလ ၂၃ရက်နေ့မှာ အမေ အသက်ခြောက်ဆယ်တင်းတင်း ပြည့်တော့မယ်။

အမေနဲ့ ဝေးရာကို အမှတ်မထင် ရွက်လွှင့်ထွက်ခွာခဲ့ရင်း
ဝေးသထက် ဝေးရာကို ထပ်ပြီး ရွက်လွှင့်ရမယ့် ကျွန်တော့်အတွက်
“အမေ့ အေးရိပ် သားပြန်ခဲ့ပြီ” လို့ ဘယ်တော့များမှ ဆိုခွင့်ရပါ့မလဲ အမေ။

ညီညီ(သံလွင်)

2 comments:

demo said...

ကိုညီ့ မေမေက ကိုညီ့ကို တော်တော်ချစ်တာပဲ.. ကိုညီက ငယ်ငယ်က တော်တော်ဆိုးတာပဲ.. ဟိဟိ..
ဒီမိုလည်း စာကျက်နေတုန်း တစ်ယောက်ယောက် စာကိုသေချာကျက်တို့ စာမှန်မှန်ကျက်တို့ လာပြောရင် ဆက်ကိုမကျက်တော့ဘူး..
ခုလိုဒီပို့စ်ကို ဖတ်ရင်း အမေကို သတိရသွားပြီ.. =/

~waime~ said...

ကိုညီညီရေ… အမေ့ကို တကယ်လွမ်းလာမိပါတယ်…