Aug 14, 2007

သင်္ချာ၊ ပရိုဂရမ်းမင်းနှင့် အတွေးဆန့်ကြည့်ခြင်း

တချို့က ပြောကြတယ်။ သင်္ချာကို စိတ်ဝင်စားရင် ပရိုဂရမ်းမင်းလုပ်တဲ့အခါ အခက်အခဲမရှိဘူးတဲ့။ မှန်သင့်သလောက် မှန်ပါတယ်။ ဒါပေမယ့် သင်္ချာဘာသာရပ်ကို ငယ်ငယ်ကတည်းက စိတ်ဝင်စားသူ တစ်ယောက်အနေနဲ့ ပရိုဂရမ်းမင်း စပြီး လုပ်ခါစက အတော်လေး ကသိကအောက် ဖြစ်စေတဲ့ ကိစ္စလေးတချို့ကို ဝေမျှချင်ပါတယ်။


၁) ငါဟာ “NULL”

သင်္ချာဘာသာရပ်မှာ ဘာမှ မရှိတဲ့ တန်ဖိုးတစ်ခုကို ဖော်ပြချင်ရင် သုညလို့ ရေးပါတယ်။ ပရိုဂရမ်းမင်းမှာတော့ ဘာမှ မရှိဘူးဆိုရင် အဲဒါကို “NULL” လို့ သုံးပါတယ်။ အခြားသော ကိန်းဂဏန်းတွေလိုပဲ သုညမှာ တန်ဖိုးရှိပါတယ်။ “NULL” မှာတော့ ဘာဆိုဘာမှ မရှိပါဘူး။

ဒါကြောင့် ကဗျာတွေ စာတွေရေးတဲ့အခါ “ငါဟာ သုညတစ်လုံး” လို့ ပြောမယ့်အစား “ငါဟာ NULL” လို့ ရေးရင် ပိုမှန်မယ် ထင်ပါရဲ့။

၂) i = i + 1

သင်္ချာဘာသာရပ် ရှုထောင့်ကကြည့်ရင် ဒီညီမျှခြင်းဟာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ပရိုဂရမ်းမင်းမှာတော့ ညီမျှခြင်းရဲ့ ညာဖက်က တန်ဖိုးတွေကို ညီမျှခြင်းရဲ့ ဘယ်ဖက်ကို ထည့်ပေါင်းချင်တဲ့အခါမှာ သုံးပါတယ်။ အတော်လေးအသုံးများတဲ့ ညီမျှခြင်းတစ်ခုပါ။

ကက = ကက + ၁
ဒီညီမျှခြင်းအရဆိုရင် “ကကတစ်” လို့ အဖြေထွက်မယ်ထင်ပါတယ်။

၃) ကွန်ပျူတာတွေက မနှုတ်တတ်ဘူး။

ကျွန်တော်တို့ မူကြိုတက်ခါစကတည်းက အပေါင်းအနှုတ်အခြေခံကို သင်ရတာပါ။ ဒါပေမယ့် အတွက်အချက် အင်မတန်မြန်လွန်းပါတယ်ဆိုတဲ့ ကွန်ပျူတာက မနှုတ်တတ်ပါဘူး။ ကွန်ပျူတာက ပေါင်းပဲ ပေါင်းတတ်ပါတယ်။ ဒါဆို ဘယ်လို အနှုတ်ကို ဘယ်လိုတွက်ချက်သလဲ။ လွယ်ပါတယ်။ အနှုတ်ကို ပေါင်းထည့်လိုက်ပါတယ်။

1-1 = 0 အစား ကွန်ပျူတာက 1 + (-1) = 0 လို့ တွက်ပြီး အဖြေရှာပါတယ်။

မြင်နေကျအရာတွေကို မတူညီတဲ့ ရှုထောင့်တွေကနေ ကြည့်တဲ့အခါ အတွေးအမြင်အသစ်တွေကို ရပါတယ်။ ဒီတော့ ကျွန်တော်တို့တွေ အတွေးအခေါ်အဟောင်းတွေကို ငြီးငွေ့လာတဲ့အခါ အရာရာကို ပုံသေမတွေးဘဲ ဖောက်ထွက်တွေးဖို့ လိုပါလိမ့်မယ်။

3 comments:

Andy Myint said...

ရေးထားတာ သဘောကျပါတယ်… နောက်ကလိုက်ရေးတဲ့ သဘောပါ။
Programming မှာ ဘာမှာ မရှိရင် ဘာမှ မဟုတ်ရင် `void´ လို့လည်းဆိုပြီး ဘာမှ မသတ်မှတ်ရသေးရင် (undefined) ဆိုရင် `NULL´ ပါ။ NULL value ရှိတဲ့ reference တစ်ခုရဲ့ Memory Space ကို ကြည့်ရင် 0000 တွေ ဖြစ်ဖို့ အတော်အတန် ခဲယဉ်းပါတယ်။ Value တစ်ခုခု ဖြစ်နေနိုင်ပါတယ်။ Zero Value ရှိတဲ့ reference တစ်ခုရဲ့ Memory Space မှာတော့ သေချာပေါက် 0000 တွေချည်းပါပဲ။
ဟုတ်တယ်… NULL က သုညနဲ့ မတူပါဘူး.. NULL နဲ့ NULL တောင် မတူပါဘူး။
တကယ်တော့ NULL က သင်္ချာပညာက ယူထားပြီး (null vector တို့ ဘာတို့) void ကတော့ English က ယူထားတာပါ။

ညီညီ(သံလွင်) said...

Andy Myint >> အစ်ကိုရေ.. အခုလို ဖြည့်စွက်ပြီး ရှင်းလင်းပေးတဲ့အတွက် ကျေးဇူးပါပဲဗျာ

shin said...

Like the idea.... :P