May 22, 2007

ကျွန်တော် ကြိုက်သော ကဗျာတိုလေးများ

“အထီးကျန်ညများ
လွင့်ပါးပျောက်လွင့်
အချစ်ရင့်ရောင်သန်း
လမင်းလေး လှမ်းလာပြီထင်ပါရဲ့”

(လင်းအိပ်မက်)

အထက်တန်းကျောင်းသားဘ၀တုန်းက ပြင်ဦးလွင်ကို ကျောင်းပြောင်းသွားခဲ့ပေမယ့် စာအဆက်အသွယ်မပြတ် ရှိခဲ့တဲ့ ကဗျာဝါသနာတူ သူငယ်ချင်းဖြစ်သူ လင်းအိပ်မက်ရေးတဲ့ ကဗျာတွေထဲက မှတ်မှတ်ရရရှိခဲ့တဲ့ ကဗျာလေးတစ်ပုဒ်ပါ။ လေးလုံးစပ်ကဗျာပုံစံဆန်ဆန်ကို မော်ဒန်ဆန်ဆန် အရေးအဖွဲ့နဲ့ ရေးထားတဲ့ ကျွန်တော် ကြိုက်နှစ်သက်တဲ့ ကဗျာတစ်ပုဒ်ပါ။

“ကောင်းကင်မှာ
ကြယ်တွေ ကြယ်တွေ
တဖြုတ်ဖြုတ်ကြွေကျ
လိုက်ကောက်ရတာ မောတယ်
လမင်းရေ ..
ဒါကြောင့်ချစ်တာ”

(ခေလွန်း)

ကျွန်တော် ဆယ်တန်းကျောင်းသားဘ၀မှာ ရေးဖြစ်ခဲ့တဲ့ ကဗျာတိုလေး တစ်ပုဒ်ပါ။ ဒီကဗျာလေးကို ဖတ်ပြီး ကြယ်တွေ ကြွေကျတာနဲ့ လမင်းကို ဘယ်နှယ့်ချစ်ရတာလဲလို့ တချို့က မေးဖူးတယ်။ အမှန်က လမင်းရဲ့ အေးမြသိမ်မွေ့လှတဲ့ အလှကြောင့် ကြယ်တွေတောင် အလှချင်းမယှဉ်နိုင်ပဲ ကြွေကြွေကျသွားရတယ် လို့ ဆိုလိုချင်တာပါ။

“ရွှတ်ခနဲနမ်း
ဖြမ်းခနဲမြည်
ရိုက်တာနမ်းတာ
ဒါပဲကွာသည်
ခံရတာတော့ ပါးချည်းပဲ”

(ဇွဲ)

ဘလော့ဂ်မှာ စိတ်ကူးပေါက်ရာ ချရေးလေ့ရှိတဲ့ ကျောင်းနေဖက်သူငယ်ချင်း ကိုဖြိုး ရဲ့ ကဗျာ တစ်ပုဒ်ပါ။ မြည်သံစွဲလင်္ကာတွေကို ဖြတ်ခနဲ ဖြတ်ခနဲ လှပ်ပြလိုက်တာ ကြိုက်တယ်။ ဖတ်ပြီးတော့ ပြုံးလည်းပြုံးမိ ကြိုက်လည်း ကြိုက်မိတဲ့ ကဗျာတစ်ပုဒ်ပါ။ ကျွန်တော်တို့ အထက်တန်းကျောင်းသားဘ၀က သူငယ်ချင်းတွေ စုပြီး ထုတ်ဝေဖူးတဲ့ “၉၇ ကဗျာပြပွဲ” ဆိုတဲ့ ကဗျာစာအုပ်လေးထဲမှာ ဖော်ပြဖူးပါတယ်။

3 comments:

Thelay said...

ကိုညီညီ ရဲ့ ဒုတိယကဗျာကို.. ဘာသာပြန်မတွေ့ ခင်က .. အဓိပယ် ကောက်လိုက်တာက … ကြယ်တွေ… ခဏပဲ.. အလင်းပေးပြီး.. ပျောက်သွားကြရော….(ဥပမာ.. အပျော် ကိုယ့် ကိုချစ်တဲ့ သူတွေနောက် လိုက်ရတာ မောတယ်) ..လမင်းကတော့ တစ်ခုတဲနဲ့.. အမြဲ ကိုယ့် အတွက် လင်းနေလို့ .. ရှိနေလို့ ချစ်တာလားလို့… နောက် ကြယ်တွေက တော့ အများကြီးရှိနိုင်ပေမယ့် လမင်းကတော့ တစ်စင်းထဲ..

Anonymous said...

“ရွှတ်ခနဲနမ်း
ဖြမ်းခနဲမြည်
ရိုက်တာနမ်းတာ
ဒါပဲကွာသည်
ခံရတာတော့ ပါးချည်းပဲ” << ဖတ်လို့ကောင်းတယ်.. လိုရင်း တိုရှင်းနဲ့ ထိတယ်နော်..

“ကောင်းကင်မှာ
ကြယ်တွေ ကြယ်တွေ
တဖြုတ်ဖြုတ်ကြွေကျ
လိုက်ကောက်ရတာ မောတယ်
လမင်းရေ ..
ဒါကြောင့်ချစ်တာ” << အဓိပ္ပာယ်က ရုတ်တရက်ဆိုတော့ သိပ်နားမလည်ဘူး.. ရှင်းပြတော့မှ နားလည်သွားတယ်.. ဒါပေမဲ့ မိုက်တယ်..

ကိုဖြိုး said...

ဟေ့ကောင် အဲဒါငါရေးတာတော့ ဟုတ်တယ် ဒါပေမယ့် ငါတွေးတာမဟုတ်ဘူးကွ ငါ့ဦးလေးတွေးတာ...တော်ကြာ သူကြားလို့ငါ့ကို လာရစ်နေဦးမယ်...