ချုပ်ရိုးပေါ်ကနွေ
သေတာနဲ့
ရှင်တာကို
အမြီးက စပြီး မျိုခဲ့တယ်
အပ်နှစ်စင်း ထိခွင့်ရတဲ့နေ့က။
ထိုမှအစ
မှားမှန်းမသိခင် မှားခဲ့
မှားမှန်းသိတော့လည်း ပိုမှားခဲ့
ဒါ ငါ့ရဲ့အားကစား ထူးချွန်ဆုတစ်ခုပါ။
အခုမှ
အလဟဿဖြုန်းတီးမိတဲ့
နောင်တနဲ့ နေ့စဉ်
ကိုယ့်အတ္တကို အလှပြင်လို့
ငယ်သံပါအောင် အော်ခေါ်ခဲ့
ကောင်းကောင်းနေချင်တဲ့စိတ်တွေ
ကောင်းကောင်းစားချင်တဲ့စိတ်တွေ
ကောင်းကောင်းဝတ်ချင်တဲ့စိတ်တွေ
အဲဒီ မိုက်တွင်းနက်နက်ထဲမှာလေ။
လူဘ၀ဟာသတစ်ခုမှာ
ဘယ်လိုမှ ရယ်စရာမကောင်းလို့
ရယ်ရ
နောက်ထပ်ပြကွက်တစ်ခု
ငါနဲ့ငါတည့်အောင်မနေတတ်ခဲ့တာလည်းပါ
ဒါ တစ်သက်လုံး တောင့်တင်းနေခဲ့တဲ့ ဝေဒနာပဲ။
ဒီမှာ
ငါမှတ်သားမိသလောက်တော့
ငယ်ငယ်တုန်းကနွေဟာ
အခုလောက် မပူတာ သိပ်သေချာတယ်။ ။
ဝင်းမောင်
ဟန်သစ်၊ ဇူလိုင်၊ ၁၉၉၄
ကဗျာဆရာ ၀င်းမောင်ရဲ့ “အပြုံးရောင်သီချင်းကဗျာများ” ကဗျာစာအုပ်ကို ဖတ်မိတော့ “ချုပ်ရိုးပေါ်က နွေ” ဆိုတဲ့ ဒီကဗျာလေးက ရင်ကို လာထိခတ်တယ်။ ဒါနဲ့ အဲဒီကဗျာကို စကားပြေနဲ့ နားလည်သလို ပြန်ရေးဖြစ်ပါတယ်။ တချို့တချို့သောကဗျာတွေကို ဖတ်ပြီး နားမလည်ဘူးချည်းပြောတတ်တဲ့ သူငယ်ချင်းတွေအတွက်ပါ။ ကဗျာကို ခံစားနားလည်နိုင်တဲ့ သူငယ်ချင်းများအတွက်တော့ ကျွန်တော် ခံစားပြီး ရေးထားတာတွေက ရယ်စရာသက်သက် ဖြစ်ကောင်းဖြစ်နေမှာပါ။
သေတာနဲ့
ရှင်တာကို
အမြီးက စပြီး မျိုခဲ့တယ်
အပ်နှစ်စင်း ထိခွင့်ရတဲ့နေ့က။
ကောင်းကင်က အပ်ရယ် မြေပြင်က အပ်ရယ် နှစ်စင်းထိစပ်ဖို့ကမှ လွယ်ပါဦးမယ်။ လူသားဘ၀ကို ရဖို့ဆိုတာ ခဲယဉ်းလှတယ်တဲ့။ အဲဒီ အပ်နှစ်စင်းထိတွေ့ခွင့်ရတဲ့နေ့မှာ ကျွန်တော့်ကို မွေးဖွားခဲ့တယ်။ အဲဒီနေ့ကစပြီး ရှင်သန်နေရတဲ့ရက်စွဲတွေကို တန်ဖိုးထားရကောင်းမှန်းမသိ ကွယ်လွန်သေဆုံးမယ့်ရက်စွဲကိုမေ့ချင်ယောင်ဆောင် အချိန်တွေကို ဖြုန်းတီးရင်း ကိုယ့်ဘာသာ တစတစနဲ့ အမြီးကနေ ခေါင်းအထိ ၀ါးမျိုနေမှန်းမသိတဲ့ မြွေတစ်ကောင်လို ငါ ကြီးပြင်းခဲ့တယ်။
ထိုမှအစ
မှားမှန်းမသိခင် မှားခဲ့
မှားမှန်းသိတော့လည်း ပိုမှားခဲ့
ဒါ ငါ့ရဲ့အားကစား ထူးချွန်ဆုတစ်ခုပါ။
အဲဒီအချိန်က စပြီး အမှားလုပ်မိလို့ လုပ်မိမှန်း နားမလည်နိုင်သေးတဲ့ ကလေးဘ၀မှာလည်း မှားခဲ့။ အမှားကို အမှားမှန်းသိသိကြီးနဲ့ နားလည်တတ်သိတဲ့အရွယ်ရောက်တော့လည်း မှားခဲ့။ အမှားအယွင်းဆိုတာ ငါထူးချွန်တဲ့ အားကစားတစ်ခုပဲလေ။ အမှားအယွင်း ဆုတံဆိပ်တွေ မနည်းမနော အရယူခဲ့တာပေါ့။
အခုမှ
အလဟဿဖြုန်းတီးမိတဲ့
နောင်တနဲ့ နေ့စဉ်
ကိုယ့်အတ္တကို အလှပြင်လို့
ငယ်သံပါအောင် အော်ခေါ်ခဲ့
ကောင်းကောင်းနေချင်တဲ့စိတ်တွေ
ကောင်းကောင်းစားချင်တဲ့စိတ်တွေ
ကောင်းကောင်းဝတ်ချင်တဲ့စိတ်တွေ
အဲဒီ မိုက်တွင်းနက်နက်ထဲမှာလေ။
အခုဆို နေ့စဉ်နေ့တိုင်း အတ္တကို ဖီးလိမ်းပြင်ဆင်ပြီး မရေမတွက်နိုင်အောင် အလဟဿဖြုန်းတီးပစ်မိတဲ့ နောင်တတွေ တပွေ့တပိုက်နဲ့ ငယ်သံပါအောင် အော်ဟစ်နေတတ်ခဲ့ပြီ။ ကောင်းကောင်းမွန်မွန် နေချင်တဲ့ စိတ်တွေရယ် ကောင်းကောင်းမွန်မွန် စားချင်တဲ့ စိတ်တွေရယ် ကောင်းကောင်းမွန်မွန် ၀တ်ချင်တဲ့ စိတ်တွေရယ် အဲဒါတွေ အကုန်လုံးလိုချင်ပေမယ့် မိုက်တွင်းက နက်သထက် နက်မိနေတုန်းပဲ။
လူဘ၀ဟာသတစ်ခုမှာ
ဘယ်လိုမှ ရယ်စရာမကောင်းလို့
ရယ်ရ
နောက်ထပ်ပြကွက်တစ်ခု
ငါနဲ့ငါတည့်အောင်မနေတတ်ခဲ့တာလည်းပါ
ဒါ တစ်သက်လုံး တောင့်တင်းနေခဲ့တဲ့ ဝေဒနာပဲ။
လူဘ၀ဆိုတာ ရယ်စရာအကောင်းဆုံး ဟာသတစ်ပုဒ်တဲ့လား။ ငါ့အတွက်တော့ ဘယ်လိုမှ ရယ်စရာမကောင်းခဲ့တာ ရယ်ရတယ်။ နောက်ထပ် ပြကွက်တစ်ခုလို ကွက်ကွက်ကွင်းကွင်း မြင်လာတာက ငါနဲ့ ငါတည့်အောင် မနေတတ်ဘဲ အမြဲလိုလို ကတောက်ကဆဖြစ်နေခဲ့တာပဲ။ တကယ်တော့ ဒါဟာ တစ်သက်လုံး ဖုံးမရအောင် တင်းကျပ်နေခဲ့တဲ့ ဝေဒနာသက်သက်သာ ဖြစ်တယ်။
ဒီမှာ
ငါမှတ်သားမိသလောက်တော့
ငယ်ငယ်တုန်းကနွေဟာ
အခုလောက် မပူတာ သိပ်သေချာတယ်။
ဒီမှာ ခဏလောက် ပြောပါရစေ။ ငါ မှတ်မိသလောက်ပြောရရင် ငယ်ငယ်တုန်းက နွေဟာ အခုလောက် မပူတာ အရမ်းကို သေချာတယ်။ မိဘမောင်ဖွားအားလုံးနဲ့ အဝေးဆုံးအရပ်မှာ ချုပ်ရိုးပေါ်ကနွေထဲ ဖိနပ်မပါဘဲ ဖြတ်လျှောက်နေမိခဲ့တာ ငါ့တစ်ဘ၀စာ... ။ ။
No comments:
Post a Comment