May 29, 2007

ပြန်ဆုံမယ့်နေ့



ပြန်ဆုံမယ့်နေ့

အလွမ်း ဆိုတဲ့ တေးသွားသက်သက်တွေချည်း
ဆက်တီးခတ်စရာ မလိုတော့ဘူး
ဂစ်တာကို ပွေ့ဖက်ထားတဲ့ လက်တွေကိုဖြန့်
သင်းပျံ့တဲ့ရနံ့နဲ့ ခုန်ဆင်းလာမယ့် စကားပန်းပွင့်လေးကို မျှော်
စကားပင်ကြီးအောက်မှာ ကျွန်တော်ထိုင်နေတယ် ... ။

လာမယ်ဆိုလို့ စောင့်ခဲ့တယ်
အိပ်မက်တွေ လွယ်လွယ်နဲ့ မက်ခဲ့ပေမယ့်
ငယ်ငယ်ကလို အရောင်ပြိုးပြိုးပြက်ပြက်မထွက်ဘူး
ဟောဟို အရုဏ်ဦးရဲ့ မှိန်ပျပျအလင်းထဲ
မသေချာမှုတွေ ထိုးခွဲဝင်ရောက်လာတဲ့ မနက်ခင်းမှာ
အိပ်စက်ခြင်းဘာသာစကားကို ကျွန်တော်မေ့လျော့ခဲ့တယ် ... ။

ဖွေးဖွေးလှုပ်အောင်ပွင့်နေတဲ့ စကားပန်းတွေကြားမှာ
သွားတက်ကလေးနဲ့ ပြုံးပြတတ်တဲ့ နတ်သမီး အိပ်ပျော်နေရော့မယ်
သတိရရဲ့လားကွယ်
ဟယ်လိုဆိုတဲ့ ဖုန်းထူးသံလေးအောက် ဆောက်တည်ရာမရခဲ့တဲ့ ရင်ခုန်သံတွေရယ်
စတော်ဘယ်ရီအတူသောက်ရင်း ပြန်ဆုံခဲ့ရတဲ့ ညနေခင်းရယ်
ကြယ်တွေရေရင်း သက်ပြင်းချခဲ့ရတဲ့ ညရယ်
သတိရခြင်း ထုံကူးပြီး
ကမ္ဘာဦးလူ အလင်းကို မျှော်သလို
ပြန်ဆုံမယ့်နေ့ကို ကျွန်တော် အော်ခေါ်နေမိတယ်... ။

ဒီလိုနဲ့ပဲ..
၂၀၀၇ ပြက္ခဒိန်ထဲက
ဘယ်နေ့မှန်းရေရေရာရာမသိရသေးတဲ့ သေချာတဲ့ဇွန်ရက်စွဲတစ်ခုမှာ
အဝေးကြီးက ပျံလာမယ့် စကားပန်းတစ်ပွင့်ကို ငံ့လင့်
ကျွန်တော့်မျှော်လင့်ချက်တွေ အတောင်ပံလွှင့်ဆဲ ... ။

ခေလွန်း

မနက် ၃နာရီ ၂၅မိနစ်
၂၉ရက် မေလ၊ ၂၀၀၇

4 comments:

Thelay said...

အဲဒီပုံက လူမင်းလိုလို ဘာလိုလိုနဲ့ ဟီးဟီး….

ကိုဖြိုး said...

သေချာတာက ရင်ခွင်ရဲ့နေ့မှာ မင်းနဲ့ မင်းရဲ့ စကားပန်းကလေး ပြန်ဆုံမှာပါ

Anonymous said...

necktie ကနည်းနည်း ရှည်နေသလိုပဲ.. ဟီးဟီး.. အဲဒါအတောင်ပံလွှင့်ထားတဲ့ပုံပေါ.. =)

ညီညီ(သံလွင်) said...

Thelay -> ရှူးတိုးတိုး... တော်ကြာ ကြားသွားလို့ ယတြာလာချေနေဦးမယ်..

ကိုဖြိုး -> ပြန်ဆုံမယ့်နေ့က သိပ်မလိုတော့ပါဘူး..

demo -> ၀ယ်ကတည်းက အဲလိုလေးပဲ။ Formal Tie မှ မဟုတ်တာ။ အဲဒီပုံကို ရိုက်တော့ မျိုးကျော့မြိုင်သီချင်းတစ်ပုဒ်ကို သတိရသွားလို့ ... ~~~အတောင်ပံတွေကို လွှင့်လို့ရယ်~~~