May 24, 2007

သီချင်းနားထောင်ရင်းလွမ်းတဲ့အက်ဆေး

“ဟိုအရင်ကလိုပဲ မင်းရဲ့အနားမှာ ရှိချင်တာ... ဒီလိုနဲ့ပဲ သစ်ရွက်ကလေးတွေ တဖြုတ်ဖြုတ်ကြွေ...”


သီချင်းသံက အဆက်မပြတ်ထွက်လာ နေတယ်။ ဟိုအရင်ကလိုပဲ နင့်မျက်နှာလေးကို ငေးမောပြီး နင့်အနားမှာ ငါထိုင်နေချင်တာ။ နင်ဟာ ငါ့ဘ၀တဆစ်ချိုးမှာ တိတ်တခိုးဝင်ရောက်လာတဲ့ စကားပန်းတစ်ပွင့်။ နင့်ကိုငါ လွမ်းဆွတ်ပြီး တစ်ယောက်တည်း အတွေးတွေ ရွက်လွှင့်နေဆဲ။ ညို့လိုက်မှိုင်းလိုက်နဲ့ ရွာမယောင် ဟန်ဆောင်ကောင်းတဲ့မိုးကို မျှော်လင့်တကြီး စောင့်ရသလိုမျိုး နင့်ကိုငါ နေ့စဉ်ရက်ဆက် စောင့်နေခဲ့တာ နင်သိပါ့မလား။ “လွမ်းတယ် မောင်ရယ်” လို့ နင့်နှုတ်ခမ်းဖျားက တိုးတိုးလေးထွက်ကျလာတတ်တဲ့ စကားသံလေးတွေ ငါ့နားထဲ ပဲ့တင်ခတ်နေတုန်းပဲ။ အမြဲလိုလို ရုတ်တရက် ပြိုင်တူ ပြောမိတတ်ကြတဲ့ ငါတို့နှစ်ယောက်မှာ ဘယ်လို စိတ်ချင်းဆက်သွယ်မှုတွေ ရှိနေမယ်လို့ နင်ထင်သလဲ။

“မလာပါနဲ့ ငါလျှောက်မယ့် ဘ၀ခရီးကြမ်းတယ်.. ကြုံတွေ့မယ့် အခက်အခဲဒုက္ခကျောက်ဆောင် မင်းရင်ဆိုင်ဖို့ခက်မယ်....မလာပါနဲ့ အချစ်ရေ မလာခဲ့နဲ့... ”

သီချင်း နောက်တစ်ပုဒ်ပြောင်းသွားပြီပဲ။ ငါကိုယ်တိုင်က နင့်ကို ငါနဲ့အတူ ရှိနေစေချင်မှတော့ မလာနဲ့လို့ နင့်ကို ငါဘယ်ပြောရက်ပါ့မလဲ။ ဒါပေမယ့် ရှေ့ခရီးက အန္တရာယ်လှိုင်းတွေ ထန်ကောင်း ထန်မယ်။ အဆင်မပြေမှု မုန်တိုင်းတွေ လာကောင်း လာမယ်။ ဒုက္ခကျောက်ဆောင်တွေ ရှိကောင်း ရှိမယ်။ အဲဒါတွေကို ငါနဲ့အတူ ရင်ဆိုင်ဖို့ နင့်ကို လာခဲ့ဖို့ ခေါ်ခဲ့တာ ငါ သိပ်များ တကိုယ်ကောင်းဆန်လွန်း နေသလား။ အမှန်က တစ်ယောက်တည်း နင်မရှိဘဲ ရင်ဆိုင်ရတာထက် နင့်အတွက် ဆိုတဲ့စိတ်နဲ့ နင့်လက်ကို ကိုင်ဆွဲပြီး အရာရာကို နှစ်ယောက်အတူ ဖြစ်ချင်တာဖြစ် ရင်ဆိုင်ပစ်လိုက်ချင်တာ။ ငါ စိတ်ကူးယဉ်နေတာ မဟုတ်ဘူးလို့ နင့်အပြုံးလေးနဲ့ ငါ့ကို နှစ်သိမ့်ဦးမလား။ ငါ့ စိတ်ကူးတွေ ရိုင်းနေပြီ ဆိုတဲ့ စကားကို ဟိုးအရင် ငါ့ခံစားချက်တွေ ကသောင်းကနင်း ဖြစ်တုန်းက နင့်ကို ပြောဖူးတာ သတိရတယ်။

“Hold me up, hold me tight, lift me up to touch the sky. Believe me I can fly. I'm proud that I can fly...”

ဒီသီချင်းကို နင် မှတ်မိသေးလား။ ဒီသီချင်းနဲ့ ငါရဲ့ အိပ်မက်တွေကို နင်ကိုယ်တိုင် အတောင်ပံတွေ တပ်ပေးခဲ့တာလေ။ ငါ့ပခုံးပေါ်မှာ မှီနွဲ့ပြီး မှေးစက်ဖူးတဲ့ နင့်ပါးမို့မို့လေးတွေကို ငါအဝေးက လှမ်းပြီး နမ်းနေမိတယ်။ နင် လန့်နိုးသွားမှာ စိုးလို့ ထုံကျင်နေတဲ့ လက်တွေကို မလှုပ်မယှက်ဘဲ ငြိမ်ငြိမ်လေးထားခဲ့ဖူးတာ အမှတ်ရဆဲ။ “ကျွန်မရဲ့ကဗျာဆရာ” ဆိုပြီး နင်ရေးပေးဖူးတဲ့ ၀တ္ထုတိုလေးတစ်ပုဒ်ကို နင့်ကို သတိရတိုင်း ပြန်ပြန်ဖတ်မိတယ်။ နှစ်ယောက်အတူ တွဲရိုက်ထားတဲ့ ဓာတ်ပုံတွေကိုလည်း ပြန်ကြည့်မိတာ ခဏခဏပဲ။ ငါ့အခန်းနံရံမှာ ကပ်ထားတဲ့ နင့်ဓာတ်ပုံတွေဘာလိုလိုနဲ့ အတော်လေးများနေပြီ။

“I give my hand to you with all my heart. Can't wait to live my life with you, can't wait to start. You and I will never be apart. My dreams came true because of you...”

ငါ့နံရိုးတစ်ချောင်းကို ထုတ်ပြီး နင်အဖြစ် ဖန်ဆင်းခဲ့တာမှ ဟုတ်ရဲ့လား။ တကယ်က ငါ့အိပ်မက်တွေကို နင်အဖြစ် ဖန်ဆင်းခဲ့တာ ဖြစ်မယ်။ မကြာတော့တဲ့ အချိန်ကာလမှာ အရင်လို ငါ့ဘေးမှာ နင်အတူ ရှိနေတော့မယ်ဆိုတဲ့ အတွေးနဲ့ ဘယ်တော့မှန်းမသိတဲ့ အဲဒီနေ့ကို ငါ စောင့်နေဆဲ။ ငါတို့ နှစ်ယောက် အမြဲမခွဲစတမ်း အိပ်မက်လမ်းတွေထဲ ပျံသန်းသွားကြရအောင်။

2 comments:

Poe said...

Let's fly together for our dreams, hopes and our new world .....

demo said...

“ကျွန်မရဲ့ကဗျာဆရာ” ဆိုပြီး နင်ရေးပေးဖူးတဲ့ ၀တ္ထုတိုလေးတစ်ပုဒ် << Bro Gyi အဲဒီ့ပို့စ်ကို share လုပ်ဖို့ အစီအစဉ်မရှိဘူးလား.. မပိုး က တစ်ယောက်ထဲဖတ်ဖို့ အတွက်ရေးပေးထားတာဆိုရင် မပိုးကို ပြောပေးပါနော်.. =) "ကဗျာဆရာ" ရေးတဲ့ "သူမ" အကြောင်းပဲဖတ်ဖူးတယ်လေ.. "သူမ" ရေးတဲ့ "ကဗျာဆရာ" အကြောင်းကိုလဲ ဖတ်ချင်လို့..

demo