May 30, 2007

“မကဖြစ်တဲ့ ပြဇာတ်” (အပိုင်း ၁)

ပိုလီ သင်္ကြန်တစ်ခုအတွက် အကူအညီတောင်းတာနဲ့ ရေးပေးဖြစ်ခဲ့ပြီး အချိန်အလုံအလောက်မပေးနိုင်တာနဲ့ အပြီးသတ်မရေးဖြစ်လို့ မကဖြစ်ခဲ့တဲ့ ပြဇာတ်တစ်ပုဒ်ရှိပါတယ်။ အဲဒီ ပြဇာတ်ကို အချိန်ပေးရင် ပေးသလို ရေးသွားဖို့ စဉ်းစားထားပါတယ်။ ဘာခေါင်းစဉ် ပေးရမှန်း စဉ်းစားမရတာနဲ့ “မကဖြစ်တဲ့ ပြဇာတ်” လို့ နာမည်ပေးဖြစ်ခဲ့ပါတယ်။

လေးစားစွာဖြင့်
ညီညီ(သံလွင်)

-------------------------------------------------------------------
“မကဖြစ်တဲ့ ပြဇာတ်”

(ဇာတ်လမ်းအဖွင့်)

(စင်္ကာပူအလာ လေယာဉ်ပေါ်တွင် စကားပြောခန်း)

(နောက်ခံ အဖွင့် စကားပြောရန်)

“လောင်းကစားခုံမင်သူ .. ဘတ်တီ
ချက်နေရမှ နေပျော်သူ .. ချက်တီ
အသောက်အစား မက်မောသူ .. ရှက်ကီ တို့ သုံးဦးဟာ စင်္ကာပူနိုင်ငံတွင် ကျောင်းအသီးသီးတက်ရောက်ရန် လေယာဉ်ပျံစီးကာ ထွက်ခွာလာခဲ့ကြပါတယ်...”

(နောက်ခံစကားပြောပြီးလျှင်)

(ကားလိပ်ဖြည်းဖြည်းချင်းဖွင့်)

(နောက်ခံသီချင်း - ဟန်ထူးလွင်ရဲ့ “တို့ရဲ့ကမ္ဘာပေါ်မှာ ဂြိုဟ်သားတွေ” ကို ဖွင့်ထားရန်။)

(ပရိုဂျက်တာဖြင့် လေယာဉ်ပျံပုံပြ။ ဖြစ်နိုင်လျှင် မြန်မာ့အပြည်ပြည်ဆိုင်ရာလေကြောင်းပုံ)

(ထို့နောက် ဆက်တင်ကို မီးဆလိုက်ထိုးရန်)

(ဆက်တင် - ထိုင်ခုံများချထားပြီး ချက်တီ နှင့် ရှက်ကီတို့ထိုင်နေရန်။ ဘတ်တီ အိပ်နေရန်။)

(စကားပြော .. စ)

ချက်တီ - ပျင်းဖို့ကောင်းလိုက်တာကွာ။ စင်္ကာပူကို မရောက်သေးဘူးလား။

ရှက်ကီ - အေး။ အမြန်ရောက်အောင် လေယာဉ်ပိုင်းလော့ကို အောက်ဆိုက်သွားပေးလိုက်ရင် မကောင်းဘူးလား

ချက်တီ - ကြည့်လဲလုပ်ပါ ကိုရှက်ကီရယ် .. အခု ကျွန်တော်တို့ မြန်မာပြည်မှာ မဟုတ်တော့ဘူး။ ညက သောက်ထားတဲ့ အရှိန်အခုထိ မပြေသေးဘူးလား။

ရှက်ကီ - အဟား .. ဟုတ်သားပဲ။ အခု မြန်မာဘီယာလေး နည်းနည်းထပ်တင်လိုက်ရင်ကောင်းမယ်။ တောက် .. အပြင်းလေးတောင် မပေးဘူးကွာ။

ချက်တီ - ချန်ဂီလေဆိပ်ရောက်တော့ ၀ယ်ပေါ့ဗျာ။ အစ်ကိုအောင်က ရသမျှ ၀ယ်ခဲ့ဖို့ မှာထားပြီးသားပဲ။

ရှက်ကီ - ဟိုအကောင် ဘက်တီပဲ ကောင်းတယ်။ အိပ်နေလိုက်တာ သိုးလို့။

ချက်တီ - အိပ်မှာပေါ့။ ဒီကောင် မနေ့ညက ချန်ပီယံလိဂ်ကြည့်တာ မိုးအလင်းပဲလို့ သူ့အမေက ပြောတယ်။ ဒီကောင်က တရေးနိုး ထပြီး ယောင်ရင်တောင် ဂိုး လို့ ထ ထအော်တတ်တယ်တဲ့။ အိပ်ရာထဲ ဂျပိုးတွေ့တဲ့အခါကျတော့ “အမေရေ.. ဟောဒီမှာ ဂျရတ်ကို ဖမ်းပါဦး” လို့ အော်တယ်ဆိုပဲ။

ရှက်ကီ - ငါကတော့ ဒီကောင့်လို ဘောလုံးပွဲလောင်းပြီး အကွဲမခံချင်ပါဘူးကွာ။ အပြင်းလေးချပြီး ကွဲရတာပဲ ပိုကောင်းတယ်။

ချက်တီ - ဒါပေါ့ဗျာ .. ရှက်သမားကတော့ စကားပြောရင် ရှက်ကီမပါရင်မပြီးဘူး။

ရှက်ကီ - ချက်တီ .. မင်းလည်း ဟိုသီချင်းထဲကလို “မချက်ရင်မနေနိုင်တာကလွဲလို့” ဖြစ်နေတာ ငါမသိဘူး မှတ်လို့လား။ ချက်ထဲက ကောင်မလေးတွေ မိုက်လား။

ချက်တီ - ရုပ်မမြင်ရရင် အကုန်မိုက်တာချည်းပဲ။ ၀ါသနာပါရင် voice chat ပါလုပ်လို့ ရတယ်။

ရှက်ကီ - ဒါဆို မင်းဟာက ရုပ်မမြင်အသံကြားပေါ့ .. စိတ်ကူးယဉ်မနေစမ်းပါနဲ့ကွာ။ ရုပ်မမြင်အသံကြားရော ရုပ်မြင်သံကြားရော အတူတူချည်းပဲ။ ပြောသမျှ မှန်တာကို မပါဘူး။ လိမ်နေညာနေတာတွေချည်းပဲ။

ချက်တီ - ဟေ့လူ .. ရှေ့ပြော နောက်ကြည့် နော်။

ရှက်ကီ - မကြောက်ပါနဲ့ကွ။ မိုင်တွေအဝေးကြီးမှာ ကျန်ခဲ့ပြီ။။

ချက်တီ - ဒီလူ ပြောလေ ကဲလေ ပါလား။

ရှက်ကီ - လေယာဉ်ပျံက သွားတာ မြန်လို့ မိုင်တွေ အများကြီးနောက်မှာ ကျန်ခဲ့ပြီလို့ပြောတာ။ မင်းက ဘယ် “မိုင်” ကို သွား စဉ်းစားမိလို့တုန်း။

ချက်တီ - တော်ပြီ .. ကိုရှက်ကီ .. ခင်ဗျားနဲ့ ပြောရတာ လက်ကောက်စော်နံလာပြီ။

(ထို့နောက် ဆလိုက်မီးရောင် အနည်းငယ်မှိန်လိုက်ရန်)

ရှက်ကီ - ချက်တီရေ .. ဒီလေယာဉ်လည်း မီးအားမမှန်ဘူးနဲ့တူတယ်။ တော်ကြာ မီးပါပျက်သွားရင် ဒုက္ခပဲ။

ချက်တီ - ဟာ လေယာဉ်ပျံပေါ်မှာ မီးပျက်မလား။ အခု .. ခရီးသည်တွေ အိပ်လို့ကောင်းအောင် မီးကို မှိန်မှိန်လေး လုပ်ပေးလိုက်တာ။

ရှက်ကီ - ဒီလိုလား။ ဒါဆိုရင်လည်း အိပ်တော့မယ်။ မြန်မာဘီယာလေးသောက်ထားတော့ တငွေ့ငွေ့လေးနဲ့ အတော်လာနေပြီ ...

(မီးခဏ အမှောင်ချ)
(တီးလုံး အနည်းငယ်ဖွင့်)

1 comment:

ကိုဖြိုး said...

မင်းဆက်မရေးရင် ငါပြဿနာရှာမှာနော် သောက်ရမ်းမိုက်တယ်...။