(ကွန်မန့်ရှည်ရှည်တွေကို ကျွန်တော် အတော်လေး ရေးခဲပါတယ်။ အမှန်ကတော့ အချိန်သိပ်မပေးနိုင်လို့လည်း ပါပါတယ်။ သူငယ်ချင်းတစ်ယောက်က မမေဓာဝီရဲ့ ဘလော့ဂ်ပို့စ်တစ်ခုကို ပြပါတယ်။ ဖတ်ကြည့်ပါတဲ့။ အဲဒါကို ဖတ်ပြီးတော့ ကျွန်တော် ဒီစာလေးကို ပြန်ရေးပြီး ကွန်မန့်ထားခဲ့ပါတယ်.. အပြည့်အစုံကိုတော့ ဒီမှာ ဖတ်ပါ။)
ဒီလို ဆူဆူညံညံဖြစ်နေတဲ့ ပို့စ်တစ်ခုမှာ ကျွန်တော် ၀င်ပြီး မရေးဘူးလို့ ထားတာပဲ။ လေ့လာသူအနေနဲ့ပဲ ကျွန်တော်ကြည့်နေခဲ့ရုံသက်သက်ပါ။ ပြီးတော့ ပါဝင်ပြီး ဆွေးနွေးရအောင်လည်း ကျွန်တော်က ပညာရှင်မဟုတ် ဘာမဟုတ်တဲ့ ပါမွှားကလေး မဟုတ်လား။ ဒါပေမယ့် စိတ်တိုင်းမကျစရာလေးတွေ တွေ့ရတော့ ကျွန်တော်လည်း တိတ်တိတ်ကလေး မနေနိုင်တော့ဘူးဗျ။
ဒီတော့ နည်းနည်းလောက် ၀င်ပြောပါရစေ။
(s0wha1 said
ကိုဖြိုးရှင့် အသက် ၂၅ နှစ်ပဲ ရှိသေးတဲ့ ရှင့်အနေနဲ့ ဦးနေ၀င်း ပြောင်းခိုင်းလို့ ပြောင်းလိုက်ရတဲ့ မြန်မာ သတ်ပုံအချို့ အကြောင်း ကြားဖူးနိုင်မယ် မထင်ဘူး...)
ဒါကတော့ ၀ါးလုံးရှည်နဲ့ သိမ်းကျုံး ရမ်းလိုက်တာပဲလို့များ ကျွန်တော်ပြောရင် မလွန်လောက်ဘူးထင်ပါရဲ့ဗျာ။ ၂၅နှစ် ၀န်းကျင်ပဲရှိတာနဲ့ အဲဒီလောက် လူသိထင်ရှားဖြစ်ခဲ့တဲ့ ကိစ္စတစ်ရပ်ကို မသိရတော့ဘူးဆိုရင်တော့ သီပေါမင်းပါတော်မူတဲ့ကိစ္စကို ခင်ဗျား အသက်အရွယ်နဲ့ ဘယ်လိုဘယ်ပုံများ သိခဲ့သလဲလို့ ပြန်မေးရမလို ဖြစ်နေပြီ ထင်ပါတယ်။
(s0wha1 said
စလုံးနဲ့ ဆလိမ် အသံထွက် မတူမှန်း ကျမတို့ အဖေ၊ အမေ၊ ဦးလေး၊ အဒေါ်တွေ ခေတ်က မူလတန်းပညာ သင်ယူချိန်ထဲက သိကြပါတယ်တဲ့...
ဒါပေမဲ့ ခုကျမတို့ ၁၉၈၀ နောက်ပိုင်း မွေးတဲ့လူတွေအတွက်တော့ ဒီလို ကွဲပြားမှုကို မသိကြပါဘူး...
ကျမနဲ့ သူငယ်ချင်းတွေဆို မမေ ပြောမှ သိတာပါ...)
မ s0what1 က ၀ါးလုံးရှည်နဲ့ သိမ်းကျုံးရမ်းရတာ အတော် ၀ါသနာပါပုံ ရတယ် ထင်တယ်ဗျ။ ၁၉၈၀ နောက်ပိုင်းမွေးတဲ့သူတချို့မသိတာနဲ့ အားလုံးကို မသိဘူးလို့ စွတ်ထင်ပစ်လိုက်တာ မသင့်တော်ဘူးဗျ။ ခင်ဗျားနဲ့ ခင်ဗျားသူငယ်ချင်းတွေ မသိတိုင်း ကျန်တဲ့သူ အားလုံး မသိဘူးလို့ ပြောမယ်ဆိုရင်တော့ ကျွန်တော်လည်း ဘာဆက်ပြောရမှန်းကို မသိတော့ဘူးဗျာ။ စလုံးနဲ့ ဆလိမ်အသံထွက် မတူဘူးဆိုတာကို ဒီစကားလုံးလေးကို အသံထွက် ရွတ်ကြည့်ပါ... “ဆက်စပ်ပြီးတွေး” .. အဲ... “ဆက်ဆက်ပြီးတွေး” .. ဒါမှ မဟုတ် “စပ်စပ်ပြီးတွေး” လို့တော့ မရွတ်နဲ့ပေါ့ဗျာ။
နောက်ဆက်တွဲ ....
ကျွန်မကို ကျမ၊ ကျွန်တော်ကို ကျတော်(ကျနော်) ဆိုပြီး ရေးရေးနေကြတဲ့ အသုံးအနှုန်းတွေကို ဘလော့ဂ်တွေထဲ တွေ့တွေ့နေရတော့ အထက်တန်းကျောင်းသားဘ၀တုန်းက ကျောင်းတချို့က ထုတ်တဲ့ လက်ရေးကဗျာ စာအုပ်လေးတွေမှာ “ချစ်တရ် လွမ်းတရ်” ဆိုပြီး “ယ” အစား “ရ” နဲ့ ရေးကြတာကို သွားသတိရတယ်ဗျ။ အဲဒီလို အဆန်းထွင် ရေးခဲ့ကြပေမယ့် ကျွန်တော်တို့ မြန်မာစာအရေးအသားမှာ “ယ” အစား “ရ” တွေ ပြောင်းသွားခဲ့တာမဟုတ်ပါဘူး။
၁၀တန်းကျောင်းသားဘ၀မှာတုန်းက ကျွန်တော်က အဆန်းထွင်ပြီး “်” လေးကို ကော့နေအောင် ရေးတယ်ဗျ။ ပြီးတော့ “ ၀ ”ဆွဲကို တြိဂံလေးဆွဲတယ်။ အဲဒီမှာ မြန်မာစာဦးရဲဝေက ကျွန်တော့်ကို ဆော်တော့တာပဲဗျ။ “အဲဒီလို မရေးရဘူး။ ငါတို့ မြန်မာစာမှာ ဒါမျိုးမရှိဘူး” တဲ့။ ဟုတ်တယ်။ ကျွန်တော်မှားသွားတယ်။ ကျွန်တော် မှားသွားတယ်ဆိုတာ သိသိချင်းမှာ ပြန်ပြင်ခဲ့တယ်ဗျ။ အဲဒီကတည်းက စာဖတ်တိုင်း ဂရုတစိုက် ဖတ်တယ်။ စာလုံးပေါင်းသတ်ပုံမမှားအောင်၊ ရေးပုံသားပုံ အမှားနည်းအောင်လို့ပါ။ ကျွန်တော်တို့ဟာ ကိုယ့်စာပေကို ပိုမိုတိုးတက်အောင်၊ ပိုမိုပြည့်စုံအောင် လုပ်ဖို့ တာဝန်ရှိတယ်။ ပိုမိုရှုပ်ထွေးအောင် လူငယ်တွေ ထင်ယောင်ထင်မှားနဲ့ ဟိုဟာမှန်နိုး ဒီဟာ မှန်နိုးဖြစ်အောင် မလုပ်သင့်ဘူး ထင်ပါတယ်။ ကျတော်(ကျနော်)၊ ကျမ ဆိုပြီး ရေးသားနေကြတာတွေဟာ မသင့်လျော်ဘူးလို့ ကျွန်တော်ကတော့ ယူဆပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်၊ကျွန်မ ဆိုတာ “ကျွန်” ဆိုတဲ့ အနက်ကို သက်ရောက်စေတယ်ဆိုရင် “ကျတော်(ကျနော်)၊ကျမ” ဆိုတာကရော “ကျဆုံးခြင်း” ဆိုတဲ့ အနက်ကို မသက်ရောက်စေနိုင်ဘူးလားဗျာ။
လူဆိုတာ ကိုယ်ပိုင်အခွင့်အရေးရှိတယ်။ ကျမရေးရေး ကျွန်မရေးရေး ကိုယ်ကြိုက်သလိုရေးချင်ရာ ရေးနိုင်တယ်လို့ တစ်ယောက်ယောက်ကများ ပြောလာမယ် ဆိုရင် ငယ်ငယ်ကလို ၀ဆွဲကို ၀မဆွဲဘဲ စတန့်ထွင်ပြီး တြိဂံလေးတွေဆွဲမိတဲ့ ကျွန်တော့် အဖြစ်အပျက်လေးကို သတိရကြပါဗျာ။

5 comments:
စာတစ်ပုဒ်ကို ဆုံးအောင် ဘယ်လို ရိုက်ရတော့မလဲတောင် မသိတော့ဘူး။
စာရေးရတာ အရင်ဘလော့ဂ်လုပ်ခါစလို မသွက်တော့ဘူး။
အတွေးတွေလည်း ချောင်ကုန်ပြီ။
လက်တွေလည်း တွန့်ကုန်ပြီ။
ဒီလိုပဲ ရေးရမလား...ဟိုလိုပဲ ရေးရမလား... ကိုယ့်ဘာသာကို အယူအဆကောက်ပြီး
ရေးရမလား....ဟင်...ဟင့်...ဟင်း....
အိုး.......ရှုပ်ပါတယ်... ဓာတ်ပုံတွေကိုပဲ ဇွတ်တင်ပစ်တော့မယ်....ဟား..ဟား...
ကျေးဇူး...ညီညီ...း)
ညီညီရေ ... ငါတို့ လူငယ်တွေ ယုံကြည်မှုတွေ မှားကုန်တာလားကွာ???
ခင်ဗျားတို့  ကျွန်တော် တို့ ယုံကြည်မှူတွေမမှား ပါဘူး..စာရေးသူရဲ့  စာ ကို ဖတ်တဲ့ သူရဲ့  ဝေဖန်ပိုင်းခြားနိုင်တဲ့ အသိပညာနဲ့ ပဲ ဆိုင် ပါတယ်..ရေး သူ က ကျွန်မ ဟာ..ကျွန် လို့  ဆိုလို တယ်ဆို တော့ ကျွန်တော် ကျွန်မ တွေ ပြောင်းရေး ကုန် ပြီး လက်တွေ တွန့် ကုန်တယ်.. “ဟဲ့ သူ ပြောတာ ဟုတ်သားဟဲ့မြင်တတ်လိုက်တာ တွေးတတ်လိုက်တာ..ငါလဲ အဲလို ရေးရင် ငါ့ လဲ ကျွန်ထင်နေဦးမယ်” ဆို ပြီး အတွေးဝင်သွားပါတယ်..ကျမ..ကျနော်ရေး မှ သခင် ဇာတ် ၀င် တယ်ထင်လို့ နေမှာ ပါ..ဒါမျိုး က စာဖတ်သက် နုတဲ့ လူ ဝေဖန်ပိုင်းခြားမှူနည်းတဲ့ စာဖတ်သူတွေမှာ တွေ့ ရ တတ်ပါတယ်..ဒါက သတ်ပုံ ကျမ ဆိုတဲ့ အယူပဲ ရှိသေးတယ်..ဒိထက်အန္တရာယ် ရှိတဲ့  စာမှိုင်းမိ သွားရင်တော့..ကဲ ထားပါ..အဲဒါတွေ..
ခင်ဗျားတို့ ရဲ့ လက်ရာလေးတွေ ကျွန်တော် ဖတ်ကြည့် ပြီး တော့ လွန်ခဲ့ တဲ့ ၁၀ နှစ်လောက် က YIT မှာ ကျွန်တော်တို့  ကဗျာ စာအုပ်ကလေး တွေ စုထုတ် ခဲ့ ကြတာ သတိ ရ မိ တယ်..ခင်ဗျား တို့ ရဲ့ စာတွေမှာ လူငယ်တွေ ရဲ့  ပုံရိပ်တွေ ခေတ်ရဲ့  ပြယုဂ်တွေ ရောင် ပြန် ဟပ်နေတယ်.. လတ်ဆတ်တယ်..ရဲရင့်တယ်..သစ်နေတယ်..ကျွန်တော်တို့  အဲဒိအချိန်တုန်း က လုပ်ခဲ့ တဲ့ ဟာလေးတွေ က အခု IT ခေတ် မှာ ပုံသဏာန် (သတ်ပုံမှန်လက်ကွက်အမှန် မနှိပ်တတ်..နှိပ်မရပါ)..အသစ်နဲ့  စီးဆင်းနေ တာ ကျွန်တော် တို့  YIT (1987-1996) ကဗျာတွေရေးခဲ့တဲ့ သူငယ်ချင်း တစ်စု က ၀မ်းသာနေတာပါ..ဆက်လုပ်ပါ…ကျွန်တော်တို့ လဲ အချိန်လေး ရရင် လေ့ လာ ပြီး လုပ်ဖို့ ကြိုးစားနေပါတယ်…
ကိုညီညီရေ...
ကျွန်တော်၊ ကျွန်မ သည်သာ မှန်ကန်သော သတ်ပုံဖြစ်ပါတယ်လို့ သုံးစွဲသူ ဘလော့ဂါများကိုယ်တိုင်က အကြိမ်ကြိမ်အခါခါ ၀န်ခံ ပြောကြားထားသော်လည်း အဲ့ဒီစကားတွေက ဘယ်ချောင်ကပ်သွားလို့လဲတော့ မသိဘူး...
ဒီ ကျနော်၊ ကျမ ကိုပဲ လာလာထိခိုက်ပြီး ပြောလို့မပြီးနိုင်ကြတော့ဘူး...
ဆက်စပ်ပြီးတွေးမှာ ဆလိမ်ကို က နဲ့ သတ်ထားပြီး စလုံးကို ပ နဲ့ သတ်ထားမှတော့ အသံထွက် ဘယ်လိုလုပ်တူတော့မှာလဲ...
အဲ့ဒီတော့ အသတ်ကွဲလို့ အသံထွက်မတူတာကို စလုံးနဲ့ ဆလိမ် အသံထွက် မတူလို့ ဆိုတာ ဘယ်သိနိုင်မှာလဲရှင်...
ဝါးလုံးရှည်နဲ့ သိမ်းရိုက်တာ ဟုတ်မဟုတ်သိရအောင် စလုံး၊ ဆလိမ် အသံထွက် မတူတာကို ခုခေတ်လူငယ်တွေ သိတဲ့လူ များလား၊ နည်းလား ဆိုတာ ရှင်တို့ မဲဆန္ဒ ကောက်ခံကြည့်ပါလား...
ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျမရဲ့ ကွန်မန့်ဟာ ဒါ နောက်ဆုံးပါပဲ...
အလုံးအရင်းနဲ့ အုပ်စုလိုက် ၀င်ရောက်တိုက်ခိုက်နေတဲ့၊ အကျိုးကို မလိုလားဘဲ အပြစ်ကိုသာ လိုက်ထောက်နေတဲ့ ရှင်တို့နဲု့ ဆက်ဆွေးနွေး၊ ရန်ဖြစ်ဖို့ ဆန္ဒမရှိတော့ပါရှင်...
ဒီကွန်မန့်ကို ရီပလိုင်းလုပ် တိုက်ခိုက်လာလည်း စိတ်မ၀င်စားတော့တဲ့အတွက် ဘယ်လိုတုံ့ပြန်ချက်မှ နောက်ထပ် မမျှော်လင့်ကြပါနဲ့လို့ တလက်စတည်း မှာခဲ့တယ်ရှင်...
“ မမျှော်လင့်ကြပါနဲ့ ” ဆိုပဲ။ သူများ Blog ပေါ်တက်ပြီး ရပ်ကွက်ထဲက ပညာမတတ်တဲ့သူတွေ ရန်တွေ့သလို Comment မျိုးရေးတတ်တဲ့ နာမည်မဖေါ်ရဲတဲ့သူကို ဘယ်သူကများ မျှော်လင့်နေပါလိမ့်။ ကိုယ်မသိတာနဲ့ပဲ ဘယ်သူမှမသိတော့သလို ရေးတာကတော့ ဝါးလုံးရှည်နဲ့သိမ်းရိုက်တာ မဟုတ်တောင် စပျစ်သီးကိုမစားရတာနဲ့ဘဲ ခါးတယ်ပြောတဲ့ မြေခွေးလိုတော့ ဖြစ်နေမှာသေချာပါတယ်။ မဲဆန္ဒကောက်ခံဖို့ကတော့ s0wha1 က တင်ပြတာဆိုတော့ ကိုယ့်အဆိုကိုယ်မှန်ကြောင်း သက်သေပြဖို့ ကောက်ကြည့်ပေါ့ခင်ဗျာ။ Result လေးတော့ သိချင်သား။ “အုပ်စုလိုက် ၀င်ရောက်တိုက်ခိုက်” ဆိုတာက တော့ သိပ်သိမ်ငယ်လွန်းတယ်လို့ ထင်ပါတယ်။ ကိုယ်မှန်တယ်ထင်တဲ့ ဘက်ကဝင်ဆွေးနွေးကြတာပါ။ ကိုယ့်ဘက်က ဝင်မပြောပေးတိုင်း “အုပ်စုလိုက် ဝင်ရောက်တိုက်ခိုက်” တယ်ဆိုတာမျိုးကတော့ မဟုတ်သေးပါဘူးလေ။ နောက်ပြီး “ရန်ဖြစ်ဖို့ ဆန္ဒမရှိတော့ပါ” ဆိုတာကလည်း ရန်ဖြစ်နေတယ်လို့ သဘောထားနေသူတွေရဲ့ သဘောပါ။ အခြေအနေအရ စိတ်မဝင်စားတော့ဘူး ဆိုပြီး Reply (ရီပလိုင်း ဆိုလည်း ရီပလိုင်းပေါ့ဗျာ) မလုပ်တော့တာလည်း ကောင်းပါတယ်လို့ ပြောပါရစေခင်ဗျာ။
Post a Comment