May 2, 2007

လက်နှစ်ဖက်

ချမ်းမင်းအိမ်၊ ပေါ်ဦးသစ်၊ ၀ိုင်ချိုတို့ရဲ့ “ရှုမျှော်ရာလမ်း” ကဗျာစာအုပ်ထဲက ကြိုက်လို့အခေါက်ခေါက်အခါခါ ဖတ်မိခဲ့တဲ့ ကဗျာလေးပါ။ ဖတ်ဖတ်ချင်းတော့ ဘာမှန်းမသိဘူး။ လက်တွေရှုပ်နေတာပဲပေါ့။ ဖတ်ရင်း အဆုံးနား ရောက်တော့မှ သဘောပေါက်တော့တယ်။ မတူညီတဲ့ လက်နှစ်ဖက် ပေါင်းစပ်သွားလိုက်ကြပုံကို ကဗျာဆရာ ၀ိုင်ချိုရေးဖွဲ့ထားပုံက သိမ်မွေ့လွန်းလှတယ်.. ။ မကြာခင် ဇွန်လ ၁၂ရက်မှာ လက်မှတ်ထိုးပြီး လက်နှစ်ဖက်အတူ ပေါင်းစပ်ကာ လက်ထပ်ဖို့ ရည်ရွယ်ထားတဲ့ သူငယ်ချင်းစုံတွဲအတွက် အမှတ်တရ ရည်ရွယ်ပါတယ်။ ကျွန်တော်လား.. အသိသက်သေအဖြစ် လက်မှတ်လိုက်ထိုးပေးမယ်လေ။ ဒါမျိုးဆိုတာ ကူညီကောင်းတယ် မဟုတ်လား။ ကျွန်တော့်အလှည့်ကျရင်တော့ ဘယ်သူတွေကိုများ အကူအညီတောင်းရမှာပါလိမ့်။ ကူညီလိုသူများ စာရင်းစတင်ပေးနိုင်ပါပြီ ဖြစ်ပါကြောင်း ...


“လက်နှစ်ဖက်”

လက်တစ်ဖက်က ပန်းပေးနေချိန်မှာ
လက်တစ်ဖက်က ပျားတုပ်ခံရတယ်
လက်တစ်ဖက်က ငွေရေတွက်နေချိန်မှာ
လက်တစ်ဖက်က စက္ကူတွေလုံးခြေပစ်
လက်တစ်ဖက်က ပန်းခူးနေချိန်မှာ
လက်တစ်ဖက်က စစ်တိုက်နေရတယ်
လက်တစ်ဖက်က လက်ယပ်ခေါ်နေချိန်
လက်တစ်ဖက်က လက်ကာပြခဲ့ရတယ်
လက်တစ်ဖက်က လက်ချိုးကနေချိန်
လက်တစ်ဖက်က လက်ဝှေ့ထိုးနေရတယ်
လက်တစ်ဖက်က လက်ကမ်းနေပေမယ့်
လက်တစ်ဖက်က လက်သိပ်ထိုးလွမ်းလို့
လက်တစ်ဖက်က လက်ပိုက်နေချိန်မှာ
လက်တစ်ဖက်က လက်နက်ချခဲ့ရတယ်
လက်တစ်ဖက်က လက်ညှိုးထောင်နေချိန်
လက်တစ်ဖက်က လက်ရှောင်ခဲ့ရတယ်
လက်တစ်ဖက်ကို လက်သည်းဆိတ်တော့
လက်တစ်ဖက်မှာ လက်ထိပ်နာရတဲ့ ယခု
လက်တစ်ဖက်နဲ့ လက်တစ်ဖက်နဲ့ လက်မှတ်ထိုးတယ်
လက်တစ်ဖက်နဲ့ လက်တစ်ဖက်နဲ့ လက်ထပ်တယ်
လက်တစ်ဖက်နဲ့ လက်တစ်ဖက်နဲ့ လက်ချင်းချိတ်
လက်တစ်ဖက်ကို လက်တစ်ဖက်က လက်ဆုပ်လက်ကိုင်
လက်တစ်ဖက်က လက်တစ်ဖက်ကို
လက်တစ်ဖက်ကို လက်တစ်ဖက်က
လက်တစ်ဖက်ပေးထားလိုက်ကြတယ်။ ။

ဝိုင်ချို
Beatuy Max

3 comments:

ကိုဖြိုး said...

တော်သေးတာပေါ့ကွာ လက်ကနှစ်ဖက်ပဲရှိပေလို့ပဲ

Yan said...

လက်တွေရှုပ်ကုန်ပြီး ကုလားဘုရားကို သွားသတိရတယ်ဗျာ.
ဟဲဟဲ
လက်မှတ်ထိုးရင်ကျွန်တော့်ကိုခေါ်. ကူညီမယ်. လေယာဉ်ပျံကြီးစီးပြီးတော့ကို လာခဲ့မယ်.
ဟတ်ဟတ်ဟတ်

ညီညီ(သံလွင်) said...

ပုရပိုက်မှာ ကိုရန်အောင် ကူညီမယ့်အကြောင်း စာရင်းမှတ်ထားလိုက်ပြီနော်။ လေယာဉ်ပျံကြီး စီးလာရင် ပိုက်ပိုက်ကုန်နေဦးမယ်။ ပင်လယ်ကြီးဖြတ်ပြီး လက်ပစ်ကူးခဲ့ဗျာ..