Mar 12, 2007

နိုင်ငံရေးမလုပ်နဲ့


နိုင်ငံရေးဆိုတဲ့ စကားလုံးဟာ မြန်မာအများစုအတွက် ကြောက်မက်ဖွယ်ရာ နတ်ဆိုးဖြစ်နေတာကို စိတ်မကောင်းဖွယ်ရာ သိရတာ အတော်ကြာနေပါပြီ။ "နိုင်ငံရေး မလုပ်နဲ့" ဆိုတဲ့ အထပ်ထပ် ပြောသံတွေကြားမှာ ကျွန်တော်တို့တွေ တကယ်ပဲ မသိစိတ်ထဲကနေ အဲဒါဟာ မကောင်းဘူးလို့ လက်ခံယုံကြည်နေကြပြီလား။ နိုင်ငံရေး ဆိုတဲ့ နေရာမှာ ပါတီနိုင်ငံရေးနဲ့ အမျိုးသားနိုင်ငံရေးကို ကွဲကွဲပြားပြားမြင်သင့်ပါတယ်။ ကျွန်တော် ဘယ်ပါတီဝင်မှ မဟုတ်တဲ့အတွက် ဘယ်ပါတီက ဘယ်လိုဆိုတာ ပြောမနေချင်ပါ။ သမိုင်းကသာ အဖြစ်မှန်တွေကို မှတ်တမ်းတင်သွားပါလိမ့်မယ်။ အမျိုးသားနိုင်ငံရေးအတွက်တော့ မြန်မာတိုင်းမှာ တာဝန်ရှိတယ်လို့ ယူဆပါတယ်။ ငါနဲ့ မဆိုင်ဘူးလို့ မြင်နေတဲ့သူတွေနဲ့တော့ ကျွန်တော် ငြင်းမနေချင်တော့ပါဘူး။ ကိုယ့်လိပ်ပြာ ကိုယ်သန့်တယ်ဆိုရင် ပြီးတာပေါ့ဗျာ။ မြန်မာတစ်ယောက်အနေနဲ့ မြန်မာနိုင်ငံတိုးတက်ဖွံ့ဖြိုးစေဖို့ အပြုသဘောဆောင်တဲ့ မှတ်ချက်တွေကို ပြုလုပ်ခွင့် ရှိရပါမယ်။ ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံ အောက်ကျနောက်ကျ မကျန်ခဲ့ဖို့အတွက် လွတ်လပ်စွာ ဆွေးနွေးခွင့် ရှိရမယ်။ အင်တာနက်ထဲမှာ ကျွန်တော်တို့တွေ အဲဒီလိုတောင် ပြောခွင့် မရှိဘူး။ ဖမ်းမယ်ဆီးမယ် တကဲကဲ လုပ်မယ်ဆိုရင်တော့ လုပ်ကြပေါ့ဗျာ။ ဘယ်လိုခေါင်းစဉ်တပ်ဦးမလဲ.. "နိုင်ငံတော်ပုန်ကန်မှုလား".. "အကြည်ညိုပျက်စေမှုလား"။ အဲဒီလို အတင်းကာရော ထိုးမယ့် လက်ညှိုးတွေကို အဂုင်္လိမာလကတောင် လိုချင်မှာ မဟုတ်ဘူး ထင်ပါတယ်။

မှားနေမှန်းသိသိကြီးနဲ့ မျက်စိမှိတ် ခေါင်းညိတ်မှ ထမင်းတစ်လုတ်စားရမယ် ဆိုရင်တော့ ကျွန်တော်တို့တွေ ငတ်သေတာကမှ မွန်မြတ်ပါဦးမယ်။ ကျွန်တော်တို့ မြန်မာတွေ ပြည်ပမှာ ရောက်နေတာတောင် အဲဒီ အကြောက်တရားတွေက ရုန်းမထွက်နိုင်ကြတော့ဘူးလား။ အဲဒီ "နိုင်ငံရေး မလုပ်နဲ့" ဆိုတဲ့ အရိပ်ဆိုးကြီးရဲ့ ခြိမ်းခြောက်နေမှုကို ဘယ်အချိန်ထိ ကျွန်တော်တို့ လက်ခံထားကြမှာလဲ။

အခြေအနေတစ်ခု ပြောင်းလဲသွားဖို့ ဆိုရာမှာ အဲဒီအခြေအနေတစ်ခုကို လက်သင့်မခံဘဲ တွန်းလှန်ပစ်နိုင်မှသာ တိုးတက်ပြောင်းလဲတဲ့အနေအထားတစ်ခုကို ကျွန်တော်တို့ရမှာပါ။ ကြိုက်လည်း မကြိုက်ဘူး။ ကျေလည်း မကျေနပ်ဘူး။ ဒါပေမယ့် အဲဒီအခြေအနေအတိုင်း ကြောက်လို့ ငြိမ်ခံနေမယ်ဆိုရင်တော့ ကျွန်တော်တို့တွေ ဂျာအေးသူ့အမေရိုက်သလို .. မရှိလို့ မလှူ၊ မလှူလို့မရှိ ဆိုတာလို လုံးလည်ချာလည်လိုက်နေတော့မှာပါပဲ။

ကျွန်တော်တို့ရဲ့ ကြောက်စိတ်တွေကသာ ကျွန်တော်တို့ နိုင်ငံလွတ်လပ်ရေးရပြီး ခုထိ မလွတ်လပ်ရခြင်းရဲ့ အရင်းခံအကြောင်းတရား ဖြစ်ပါကြောင်း…

မှတ်ချက်။ ။ကျွန်တော်နဲ့ ညီအစ်ကိုလို ခင်ရတဲ့ အစ်ကိုတစ်ယောက်ရဲ့ ဒီပို့စ်ကို ဖတ်မိပြီး စိတ်မကောင်းဖြစ်မိတာနဲ့ ရေးဖြစ်တာပါ။ ရေးစရာရှိတာ ဆွေးနွေးစရာရှိတာကို ဆက်သာရေးပါလို့ ကျွန်တော် ဒီကနေ တိုက်တွန်းလိုက်ပါတယ်။

3 comments:

ကိုဖြိုး said...

ငါလည်း အဲဒါကိုဖတ်ပြီး စိတ်မကောင်းလို့ ရေးထားသေးတယ်ကွ။ ခက်တာပဲကွာ … ။ ငါတို့တွေ အချိန်မှားပြီး လူဖြစ်လာတာလားမသိဘူးကွ။

Anonymous said...

နိုင်ငံရေးမလုပ်လဲ ဟို..ဘာမဟုတ်တဲ့ ဗိုလ်တချို့က အာဏာသုံးပြီး ဖမ်းမယ်
ဆီးမယ် တကဲကဲလုပ်နေကြတယ်။ မှားနေတာတွေကို ဘလော့ဂ်မှာ ချရေးမိပြန်
တော့လဲ လစ်စ်ထဲ မှတ်ထားတယ်ဆိုပြီး ခြိမ်းခြောက်ပြန်ရော...။ လစ်စ်ထဲမှတ်
မယ်ဆိုရင် နိုင်ငံတခုလုံးမှာရှိတဲ့ ပြည်သူတွေ အားလုံးပါနိုင်လောက်တယ်။
နိုင်ငံတနိုင်ငံ တိုးတက်ပြောင်းလဲလား မပြောင်းလဲလားဆိုတာကို ဖုံးဖိထားလို့မှ မရတာ။
အိမ်နီးချင်းနိုင်ငံကို ခိုးဝင်တဲ့လူများ၊ သူတောင်းစားများ၊ ဆင်းရဲသားများ၊ ငတ်နေတဲ့လူတွေ
များနေတာ မျက်မြင်ကိုယ်တွေ့ပါပဲ။ နိုင်ငံရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာတောင် ၀င်မဆွေးနွေးရဲ
ကြတဲ့ မြန်မာပြည်သူတွေ အပြင်မှာဆိုရင် ဘယ်လောက်တောင် ကြောက်ကြမလဲ တွေးသာကြည့်
ပါတော့...

Thiha Kyaw Zaw said...

Psy-war အယူအဆ တစ်ခု ရှိတယ်ဗျ။ တောရော မြို့ ပါ နေရာလပ်မကျန် သူတို့ ရဲ့ ထောက်လှမ်းရေး ကွန်ယက်ကို ဖြန့် ချထားဖို့ ထက်၊ လူတွေရဲ့ စိတ်ထဲမှာ ထောက်လှမ်းရေးနဲ့  သတင်းပေးတွေဟာ နေရာ တကာမှာ ရှိတယ်ဆိုတဲ့ စိတ်မျိုး ၀င်အောင် ၀ါဒဖြန့် ပြီး သွင်းထားဖို့ က ပိုအရေးကြီးတယ်တဲ့။

DDIS(Directorate of the Defense Services Intelligence) ကလူတွေက ဒါမျိုးတွေ သိပ်တော်ခဲ့ကြတာ။