Mar 21, 2007

ပိတောက်ရောင်သန်းနေတဲ့ည

မိုးသံလေသံတွေက
ဒီညအတွက် တိတ်ဖို့ စိတ်ကူးရှိပုံမရဘူး
အလွမ်းဆိုတာ ကူးစက်တက်တဲ့ရောဂါတစ်မျိုးလား
ကြားနေရတဲ့ တေးသွားကို လှမ်းကြည့်တော့
ပိတောက်ရောင်သန်းနေတာ တွေ့တယ်..

ကဗျာတစ်ကြောင်းရေးတယ်
စိတ်တိုင်းမကျတော့ ပြန်ဖျက်တယ်
ပြန်ရေးတယ်
ပြီးတော့ ပြန်ဖျက်တယ်
တစ်ခုခုလိုနေတယ်..
ဒါပေမယ့် စိတ်တိုင်းမကျတဲ့ကဗျာကို
ကြိုးစားပြီး ဆက်ရေးတယ်..

သင်္ကြန်မိုးက တ၀က်တပျက်နဲ့ ရပ်သွားတယ်
သင်္ကြန်ပြန်မယ်ဆိုတဲ့ စိတ်ကူးတွေလည်း ခွင့်မရရင်
အဲဒီလိုပဲ တ၀က်တပျက်နဲ့ ရပ်သွားမှာ
ဒါဆိုလဲ .. ကြွေကွာ..
ဘာဆန်းလဲ
လိုချင်တာတွေ ပေးခဲ့ရဖူးပြီ
ဖြစ်ချင်တာတွေ မေ့ခဲ့ရဖူးပြီ
အဝေးကြီးက သူမရဲ့ ကဗျာဆရာအတွက်
မျှော်လင့်ချက်ဆိုတာ
အလွယ်တကူ ဖျက်ဆီးခံရတတ်တဲ့အရာသာ ဖြစ်တယ်..

ပိတောက်ရောင်သန်းနေတဲ့ညဟာ
သူမ အပြုံးတွေလိုပဲ မွှေးမြတယ်..
ပိတောက်ရောင်သန်းနေတဲ့ညဟာ
ငါ့ အတွေးတွေလိုပဲ ငြိမ်သက်ဆဲ ..
ပိတောက်ရောင်သန်းနေတဲ့ညမှာ
မောင်လို့ ခေါ်သံတွေ ပြည့်နှက်နေတယ်..
ပိတောက်ရောင်သန်းနေတဲ့ညမှာ
ငါ အိပ်မပျော်ဘူး..

ခေလွန်း
မတ်လ ၂၀ရက်၊ ၂၀၀၇

No comments: