အာဏာရှင်လက်အောက်မှာ နေခဲ့ရတဲ့ အရှေ့တောင်အာရှနိုင်ငံတစ်ခု (ဖိလစ်ပိုင်နိုင်ငံ ထင်ပါရဲ့ဗျာ) မှာ စာရေးဆရာတွေဟာ self-censorship ကြောင့် အတော်ဒုက္ခရောက်ကြရတယ်ဆိုပဲ။ အာဏာရှင်လက်အောက်မှာတုန်းကတော့ ဟိုဟာမရေးရ၊ ဒီဟာမရေးရ ဖမ်းမယ်ဆီးမယ် တကဲကဲလုပ်နေတော့ စိတ်ကပါသလောက် လက်က မရေးနိုင်ကြတော့ဘူးဗျာ။ စပြီး ရေးကတည်းက ဆင်ဆာလွတ်အောင် ရေးနေရရော ဆိုပါတော့ဗျာ။ ဒါကိုပဲ self-censorship လို့ ခေါ်ကြသတဲ့။ ဒီလိုနဲ့ သူတို့နိုင်ငံ အာဏာရှင်လက်အောက်က လွတ်မြောက်ပြီး ဒီမိုကရေစီနိုင်ငံ ဖြစ်လာရောတဲ့။ အဲဒီမှာ အာဏာရှင်လက်အောက်မှာတုန်းက လက်ကိုထိန်းပြီး ရေးရတာကို အကျင့်ပါသွားတဲ့ စာရေးဆရာတွေဟာ လွတ်လွတ်လပ်လပ် ရေးလို့ရပြီဆိုတဲ့အချိန်မှာတောင် self-censorship နဲ့ နေသားတကျဖြစ်နေလေတော့ ရေးခွင့်ရတာတောင် ငြိမယ်စွန်းမယ်လို့ စိတ်အထင်ရောက်နေပြီး စိတ်လွတ်ကိုယ်လွတ် မရေးတတ်ကြတော့ဘူး လို့ ဖတ်ရပါတယ်။
အဲဒါနဲ့ ပတ်သက်ပြီး ဘာကို ဆက်စပ်တွေးမိသွားသလဲဆိုတော့ ရုပ်ရှင်အနုပညာနယ်ပယ်သားတွေ သုံးလေ့ရှိတဲ့ စကားလုံးတစ်လုံးဖြစ်တဲ့ “လက်သီးဘရိတ်” ဆိုတာကိုပဲ။ ရုပ်ရှင်၊ ဗီဒီယိုတွေထဲမှာ လူကြမ်းတွေက မင်းသားတွေကို တကယ်မထိုးရဘူးဗျ။ သူတို့တွေ ထိုးတမ်း၊ချတမ်း၊ ဖိုက်တင်ခန်းတွေ ရိုက်ပြီဆိုရင် ထိုးတဲ့ လက်သီးက မင်းသားကို မထိခင် ဘရိတ်အုပ်ရတယ်။ လက်လွန်ပြီး ထိုးချမိရင်တော့ မင်းသားက ထိုင်ငိုချင် ငိုမှာပေါ့ဗျာ။ ထားပါတော့ .. အဲဒီလို မထိအောင် ထိုးရတာကို “လက်သီးဘရိတ်” လို့ ခေါ်ကြတယ်ဗျ။ မဂ္ဂဇင်းတစ်အုပ်မှာ ဟိုးတလောက ဖတ်လိုက်ရတာ စိတ်တောင်မကောင်းဘူး။ ရုပ်ရှင်ထဲ ပါလေ့ရှိတဲ့ လူကြမ်းတစ်ယောက်ကို အပြင်မှာ (ဘယ်ကတည်းက ငြိုးနေမှန်းမသိတဲ့ စိတ်နဲ့) ၀ိုင်းသမ လိုက်ကြတယ်တဲ့ဗျာ။ အဲဒီ လူကြမ်းနဲ့ အင်တာဗျူးတဲ့ အကြောင်း ရေးထားတာမှာ သူက လက်သီးဘရိတ်တွေချည်းပဲ ကျင့်ခဲ့တော့ တကယ်တမ်း ထိုးရပြီဆိုတဲ့အခါ တကယ်ထိအောင် မထိုးတတ်တော့ဘူးတဲ့။
ကျွန်တော် ဘလော့ဂ် စရေးတာ တစ်နှစ်တောင် မပြည့်သေးဘူးဗျာ။ ဒါပေမယ့် အခုထိ ဟိုငြိမှာ စိုးလို့ မရေးဘဲ ထားတာမျိုး၊ ဒီငြိမှာ စိုးလို့ ချန်ခဲ့တာမျိုး ခုထိမရှိဘူး။ ရေးချင်တဲ့ အခါ ရေးလိုက်တာပါပဲ။ ဆွေးနွေးချင်တဲ့သူကလည်း ၀င်ဆွေးနွေးတယ်။ မှတ်ချက်ဝင်ရေးတဲ့သူကလည်း ၀င်ရေးတာပဲ။ အဲ.. ၀င်ဆဲတဲ့သူကလည်း ၀င်ဆဲတာပဲဗျ။ ကိစ္စမရှိဘူး။ ကျွန်တော် စာတချို့ ပုံနှိပ်ဖော်ပြခြင်း ခံရဖူးတယ်ပေါ့ဗျာ။ အဲဒီတုန်းက ဂျာနယ်တစ်စောင်မှာ ပထမဆုံး ပုံနှိပ်ဖော်ပြခြင်းခံရတဲ့ အက်ဆေးတစ်ပုဒ်မှာ အရေးအသားက အဆုံးသတ်မှာ ကျွန်တော် ရေးထားသလိုနဲ့ နည်းနည်းပုံစံကွဲနေတယ်။ ဘာဖြစ်တာလဲပေါ့။ စာပေစိစစ်ရေး လက်ချက်များ ထိသွားတာလားပေါ့။ ဒါပေမယ့် အဖြစ်မှန်ကို တလောက ရန်ကုန်ပြန်ဖြစ်တော့ အဖေ ပြောမှ သိပါတယ်။ သူက ကျွန်တော် အီးမေးလ်နဲ့ ပို့လိုက်တဲ့ စာမူကိုဖတ်ပြီး စိစစ်ရေးမလွတ်မှာစိုးလို့ သူကိုယ်တိုင် တည်းဖြတ်ပြီး ဂျာနယ်တိုက်ကို ပို့လိုက်တယ်တဲ့။ Self-censorship က ကျွန်တော့်ကို လက်သီးဘရိတ်နဲ့ တစ်ချက်တည်း အလဲထိုးလိုက်တယ်ဗျာ။