Mar 23, 2007

ခွင့်


မြန်မာနှစ်ကူးပြန်ချင်ပါတယ်ဆိုပြီး အလုပ်မှာ ခွင့်တင်ထားတာ တစ်ပတ်လောက်ရှိပြီဗျ။ အခုထိ ဘာမှရေရေရာရာ အကြောင်းမပြန်ဘူး။ ခွင့်ရက်ကလည်း အများကြီး မယူပါဘူး။ ၇ ရက်တည်း ခွင့်တင်တာပါ။ ဒါကို များတယ် တစ်ရက်လျော့ပြီး တင်ပါဆိုပြီး ဈေးဆစ်လို့ မပြန်ရတာထက်စာရင် တော်သေးရဲ့လို့ တွေးပြီး မကျေမနပ်နဲ့ ၆ ရက်တည်း ခွင့်တင်လိုက်ရတယ်။ ခွင့်ရခဲ့ရင်တောင် သင်္ကြန်အကြိုနေ့မှ ပြန်ရမှာ။

အလုပ်မှာလုပ်စရာတွေ အရမ်းများနေလို့ မပြန်ပါနဲ့ ဆိုရင်လည်း တစ်မျိုးပေါ့ဗျာ။ အခုဟာက မတင်မကျနဲ့။ ကောင်မလေးဆီက ချစ်ပါတယ်ဆိုတဲ့ အဖြေကို ရဖို့ တဂျီဂျီနဲ့ တောင်းနေရသလိုပဲ။ လုပ်စရာတွေကို အချိန်ဇယားနဲ့ အမီဖြစ်အောင် လုပ်ပေးထားရက်နဲ့ တမင်သက်သက်ညစ်နေတာ။ အမှန်က မြန်မာပြည် ၆ရက် ပြန်မယ့်အတွက် အဲဒီရက်တွေအတွက် အလုပ်မှာ လုပ်စရာရှိတာတွေကို ကြိုလုပ်ထားပြီးသား။ အဲဒါကို ခွင့်ပေးမှာလိုလို ခွင့်မပေးဘူးလိုလို ဘာလိုလိုညာလိုလို လုပ်နေတာတော့ ဘယ်ကောင်းမလဲ။

ဒါပဲ.. သူများလက်အောက်လုပ်ရတယ်ဆိုတာ။ ကိုယ်ပိုင်အလုပ် မလုပ်နိုင်သေးသရွေ့ တစ်နေ့တစ်နေ့ သူတို့မျက်နှာကြည့်နေရတဲ့ ဘ၀တွေပဲ။ တခါတလေလောက် “အင်း.. မြန်မာပြည်ပြန်ပြီး ကိုယ်ပိုင်စီးပွားရေးလေး ဘာလေး လုပ်ရင်ကောင်းမယ်” လို့များ ရန်ကုန်က မိဘတွေကို ဖုန်းပြောဖြစ်တဲ့အခါ ပြောမိရင်.. “ဘာ ပြန်လုပ်မှာလဲ” တဲ့။ “မြန်မာပြည် ပြန်မနေနဲ့” တဲ့။ အဲလိုပေါ့ဗျာ.. ၀မ်းမြောက်ဝမ်းသာ ကြိုဆိုကြပါတယ်။

ဘယ်သူ့ဆီက ဘာအတွက်မှ ခွင့်တောင်းစရာ မလိုဘဲ ကိုယ်လုပ်ချင်တာလုပ်ခွင့်ရတဲ့ဘ၀ကို ဘယ်တော့မှ ရောက်မလဲ.. ။ အခုတော့ ဒီနှစ်သင်္ကြန်ပြန်လည်ဖို့ ခွင့်မရဘူးဆိုရင် … သီချင်းတစ်ပုဒ်ပဲ ထပ်တလဲလဲ အော်ဆိုမိတော့မှာ..

“~~ဆုံနိုင်ခွင့်လေး~~တမ်းတမိတယ်~~ဘယ်တော့လဲ~~”

3 comments:

Thet Htoo@Myat Lone said...

မင်္ဂလာပါ ကိုညီညီခင်ဗျ။ ကိုညီညီ့ ဆန္ဒတွေ ပြည့်စုံပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ။

NayPhoneLatt said...

ခွင့်မရလဲ ဒီအတိုင်းပြန်လာပေါ့ကွာ ... အလုပ်ပြုတ်တော့လဲ နောက်တစ်ခုထပ်ရှာပေါ့ ...။ PR ကြီးကလဲ ...

ညီညီ(သံလွင်) said...

myth59 >> အခုလိုဆုတောင်းပေးတဲ့အတွက် ကျေးဇူးပါပဲ ကိုမျက်လုံးရေ..

နေဘုန်းလတ် >> bank account ထဲမှာ ဒေါ်လာတစ်သန်းလောက် ရှိရင်တော့ မင်းပြောသလို လုပ်မိမှာပဲကွ..

all >> ခွင့်ရပြီလားလို့ လာလာမေးကြတဲ့ သူငယ်ချင်းအားလုံးကို ကျွန်တော် မြန်မာပြည်ပြန်ဖို့ အလုပ်ကခွင့်ရပြီ ဖြစ်ပါကြောင်း.
ဒါကြောင့် သိကြားမင်း လူ့ပြည်ဆင်းသလို ညီညီလည်း မြန်မာပြည်သို့ လေယာဉ်စီးကာ ဆင်းမည် ဖြစ်ပါကြောင်း..