Nov 28, 2008

Our Anniversary

၂၀၀၇ ခုနှစ် နိုဝင်ဘာ ၂၈ ရက်နေ့မှာ ကျွန်တော့်ဘ၀လက်တွဲဖော် စကားပန်းလေး ပိုးနဲ့ လက်မှတ်ထိုးခဲ့တာ ဆိုတော့ ဒီနေ့ တစ်နှစ်တိတိပြည့်တဲ့နေ့ပဲ။

၁ နှစ်ဆိုတာ တကယ်တော့ ဘာမှ မကြာလိုက်သလိုပဲ။ ကျောင်းတုန်းက သူငယ်ချင်းတွေလည်း တစ်ယောက်ပြီး တစ်ယောက် မိန်းမ ရကုန်ကြပြီ။ အသက်တွေ မငယ်တော့ဘူးဆိုတော့ ဖြစ်နိုင်ရင် အေးအေးချမ်းချမ်းပဲ နေချင်တော့တယ်။ ကိုယ့်တိုင်းပြည်မှာ ကိုယ်ပြန်နေရအောင်ကလည်း... ။ လောလောဆယ်တော့ စင်္ကာပူရဲ့ အပူအပင်များတဲ့ ဘ၀တွေထဲက ရုန်းမထွက်နိုင်သေးဘူး။ စင်္ကာပူကို ကိုယ့်နောက်မှ ရောက်တဲ့ သူငယ်ချင်းတွေ ဒီကနေ ခွာကုန်ကြပြီ။

ဘယ်လိုပဲ ဖြစ်ဖြစ် စင်္ကာပူမှာ ဘယ်လောက် stress များများ ဘေးနားကနေ အားပေးတတ် ဂရုစိုက်တတ်တဲ့ ကြင်သူသက်ထားရှိနေလို့ တော်ပါသေးတယ်။ တာရာမင်းဝေကဗျာတစ်ပုဒ်ထဲကလို "တကယ်တော့ မြို့ပျက်ကြီး တစ်ခုပါပဲ .. ဒါပေမယ့် ဗျတ်စောင်းလေး တစ်လက်ရှိလို့ ကိုယ်ချိုမိတယ်" တဲ့။

မနှစ်က ရေးဖြစ်တဲ့ ကဗျာလေးကို ပြန်ဖတ်ပြီး အချိန် ၁ နှစ်လောက် ခဏ နောက်ပြန်သွားမိတယ်။


(ဒါကတော့ ဓာတ်ပုံ-ဇင်ကိုလတ်ရဲ့ လက်ရာကို picasa နဲ့ နည်းနည်း ပြင်ထားတဲ့ပုံပါ)

"လက်ထပ်ပွဲ"

အကြင်နာဟာ
ဖိတ်စာကို ကမ်းပြီး
တစ်လှမ်းချင်း လာနေတယ်။

ပြောင်ပြောင်လက်လက်တွေ မလိုဘူး
ပြိုးပြိုးပြက်ပြက်တွေ မလိုဘူး
အဆောင်အယောင်တွေ
အယောင်ဆောင်တွေ မလိုပါဘူးကွယ်။

ဟိုပုဂ္ဂိုလ်ကြီး စွပ်ပေးမယ့်ပန်းကုံးမှ မဟုတ်ဘူး
ဟိုကတော်ကြီး စွပ်ပေးမယ့် လက်စွပ်မှ မဟုတ်ဘူး
ဟို ခမ်းခမ်းနားနား ..
ဟိုတယ်ခန်းမကြီးမှ မဟုတ်ပါဘူးကွယ်။

လက်ထပ်တယ်ဆိုတာ
ဘ၀နှစ်ခု တစ်ခုထဲ ထပ်လိုက်တာ
လက်ထပ်တယ်ဆိုတာ
အသက်ရှူသံ တစ်ခုထဲ ထွက်တော့တာ
ပြီးတော့..
လက်ထပ်တယ် ဆိုတာ
နှစ်ကိုယ်ကြား နားလည်မှုဘာသာဗေဒနဲ့
ယုံကြည်သက်ဝင်စွာ
တိမ်းမူးရူးသွပ်စွာ
ချစ်မက်မြတ်နိုးစွာ
ကမ္ဘာသစ်တစ်ခုကို ဖန်တီးကြခြင်းသာ ဖြစ်တယ်။

ခေလွန်း

11 comments:

pandora said...

တသက်လုံး ချစ်ချစ်ခင်ခင် ပျော်ပျော်ရွှင်ရွှင်နဲ့ ဘ၀ခရီးကို အတူလျှောက်လှမ်းနိုင်ကြပါစေ။

နိုင်းနိုင်းစနေ said...

ဟေးးးးးးးးး

အချိန်တွေ အကုန်မြန်လိုက်တာ
ဘာလိုလိုနဲ့ တစ်နှစ်တောင်ရှိခဲ့ပြီ
တစ်သက်လုံး ကြင်ကြင်နာနာနဲ့
ဘဝခရီးကို ဆုံးခန်းတိုင် လျှောက်လှမ်းနိုင်ပါစေလို့..

ဒါနဲ့စကားမစပ်
အတန်းထဲမှာ ညီညီနဲ့ အရမ်းကိုဆင်တဲ့ ကလေးတစ်ယောက်တွေ့ထားတယ်။ ဆံပင်ကောက်နေတာကအစ တူတာ.. ကြုံရင်ပုံရိုက်ပြီး ပို့လိုက်မယ် :)

MrDBA said...

အကြင်နာတွေနဲ့ဖေးကူကြပေါ့။ ကောင်းလိုက်တာ။

ကိုပေါ said...

ပျော်ရွှင်ချမ်းမြေ့သော ဘ၀တခုကို ထူထောင်နိုင်ပါစေ။

ခင်မင်းဇော် said...

ယနေ့မှ စ ..
နှစ်တရာတိုင်ကွယ်..

Tin Moe Aye said...

Wow.. time flies so fast. Already a year?
Happy anniversity Nyi & Poe!
Wishing you the special moments
this golden day can bring,
and through the years ahead of you,
the best of everything!!

KNL, Ma Moe & LaMin

Anonymous said...

Happy Anniversary :)))

ညီညီ(သံလွင်) said...

မပန်.. ဆုတောင်းအတွက် ကျေးဇူးပဲ။ ဂျီမတော့ခ် ဖြစ်တာ ကြာပြီ။

နိုင်းနိုင်း.. ဓာတ်ပုံစောင့်နေမယ်။ တပြည့်ရော ဆရာမပါ နှစ်ယောက်တွဲပုံ ပို့လိုက်ပါလား။

MrDBA.. စာနာမှုနဲ့ ဖေးကူမလား.. ဒီမြေပေါ်အတူကြီးပြင်း တို့သွေးရင်းပါ.. လက်ကမ်းလို့ ကြိုပါ.. အကြင်နာတွေနဲ့ ဖေးကူပါ..

ကိုပေါ.. ခုလို ဆုတောင်းပေးတာ ကျေးဇူးဗျို့။

မခင်မင်းဇော်.. အဆိုတော် နွဲ့ယဉ်ဝင်းနဲ့ မှားလောက်တယ်။ ဒါတောင် အသံမကြားရသေးလို့ :)

KNL & Ma Moe.. Gosh, i'm almost 30!

မအိမ့်ချမ်းမြေ့.. thank you for the wish.

မေငြိမ်း said...

ကြည်နူးစရာကောင်းလိုက်တာ..
ရှေ့လျှောက် အကြာကြီး အချိန်ကာလတွေ ချိုပါစေ...။

Anonymous said...

အသက်တွေ မငယ်တော့ဘူးဆိုတော့
-----------

Ko Nyi Nyi found the truth now....

ka ma pal...thu thi thor p

:P

khayayphyu

Anonymous said...

ကိုညီညီ့ ကြည့်ရတာ တောင့်တောင့် ကြီ:
ဧကံန ဒတ်ပုံ စရာ ညံ့ လို့ ထင်တယ်

(ဟဲဟဲ အချွန်နဲ့ မလိုက်ပြီ။)