Nov 7, 2008

Electoral Vote၊ Popular Vote နဲ့ လူထုက ရွေးကောက်တင်မြှောက်တဲ့စနစ်

၁၉၆၄က စပြီး အမေရိကန်မှာ Electoral Vote လို့ ခေါ်တဲ့ ပြည်သူလူထုက ရွေးကောက်ထားတဲ့ အနယ်နယ်အရပ်ရပ်က ကိုယ်စားလှယ် ၅၃၈ ဦးက ပေးတဲ့ မဲ အနည်းဆုံး ၂၇၀ မဲ ရသူကို သမ္မတအဖြစ် တင်မြှောက်လေ့ ရှိတယ်။ တကယ်လို့ သမ္မတလောင်း ၀င်အရွေးခံတဲ့သူတွေဟာ အဲဒီ အနည်းဆုံး သတ်မှတ်ထားတဲ့ ၂၇၀ မဲ မရဘူးဆိုရင် အောက်လွှတ်တော် အမတ်တွေကို ရွေးချယ် တင်မြှောက်ခွင့် ပြုထားတယ်။ တကယ်လို့ အောက်လွှတ်တော်အမတ်တွေကပါ ရွေးချယ်ခြင်း မပြုနိုင်ရင်တော့ အထက်လွှတ်တော်မှာ မဲခွဲပြီး ရွေးချယ်ကြပါတယ်။

ပြည်နယ်တိုင်းရဲ့ Electoral Vote ကို အဲဒီ ပြည်နယ်မှာ Popular Vote အများဆုံးရတဲ့ သမ္မတလောင်းကို ပေးလေ့ရှိတယ်။ ဆိုပါစို့ .. ကယ်လီဖိုးနီးယားမှာ Electoral Vote .. ၅၅ မဲ ရှိတယ်။ ကယ်လီဖိုးနီးယားမှာ သမ္မတလောင်း အိုဘားမားက မက်ကိန်းထက် Popular Vote အသာရ သွားတော့ အဲဒီ ၅၅ မဲ သူရသွားတယ်။ ပြည်နယ်တစ်ခုနဲ့ တစ်ခု Electoral Vote ပေးနိုင်စွမ်းတွေ မတူကြဘူး။ ကယ်လီဖိုးနီးယားမှာ ၅၅ မဲ ရှိပြီး၊ နယူးယောက်မှာ ၃၁ မဲ ရှိပေမယ့် အလာစကာမှာတော့ ၃ မဲပဲ ရှိတယ်။ ဆိုတော့ Electoral Vote များတဲ့ ပြည်နယ်တွေမှာ Popular Vote အသာစီးရအောင် အပြိုင်ကြဲကြရတယ်။ ဒါမှ အဲဒီ ပြည်နယ်ရဲ့ Electoral Vote ကို ရမှာ ဖြစ်တယ်။

၂၀၀၈ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ အိုဘားမားက တစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့် Popular Vote စုစုပေါင်း ၆၄,၉၂၁,၈၃၄ မဲနဲ့ ၅၂.၅ ရာခိုင်နှုန်း ရပြီး မက်ကိန်းက Popoular Vote စုစုပေါင်း ၅၇,၀၈၈,၄၆၀ မဲနဲ့ ၄၆.၂ ရာခိုင်နှုန်းပဲ ရတယ်။ Electoral Vote အားဖြင့် အိုဘားမားက ၃၆၄ မဲ ရပြီး မက်ကိန်းက ၁၆၂ မဲ ပဲ ရခဲ့တဲ့အတွက် အိုဘားမား အနိုင်ရသွားတယ်။

၂၀၀၀ ပြည့်နှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲတုန်းက အယ်လ်ဂိုးဟာ ဂျော့ဘုရှ်ထက် တစ်နိုင်ငံလုံး အတိုင်းအတာမှာ Popular Vote သာပေမယ့် Electoral Vote မှာ လျော့နည်းခဲ့တဲ့ အတွက် အရေးနိမ့်ခဲ့ရတယ်။



အမေရိကန် နိုင်ငံရေးစနစ်မှာ သုံးလေ့သုံးထရှိတဲ့ စကားလုံးတွေထဲက အချို့ကို အနက်ဖွင့်ပေးထားပါတယ်။


GOP = Grand Old Party ( သက်တမ်းအရှည်ကြာဆုံး ရီပဘလီကန်ပါတီကို ရည်ညွှန်းခြင်းဖြစ်သည်။ )
Blue States = ဒီမိုကရက်တစ်ပါတီကြီးစိုးသည့် ပြည်နယ်များ
Red States = ရီပဘလီကန်ပါတီကြီးစိုးသည့် ပြည်နယ်များ
House of Representatives / Congress = အောက်လွှတ်တော်
Congressman / Member of Congress = အောက်လွှတ်တော်အမတ်
Senate = အထက်လွှတ်တော်
Senator = အထက်လွှတ်တော်အမတ်
Popular Votes = ပြည်သူပြည်သားတို့က ပေးသည့် မဲများ
Electoral Votes = ပြည်သူလူထုက ရွေးကောက်ထားသည့် ကိုယ်စားလှယ်တို့က ပေးသည့် မဲများ
Bipartisanship = ပါတီနှစ်ခုကြီးစိုးသည့် နိုင်ငံရေး စနစ်တွင် ကိစ္စရပ်တစ်ခုအပေါ် ပါတီနှစ်ခုစလုံး၏ သဘောထား တူညီစွာ ထားရှိမှု

Reference: Wikipedia

No comments: