Jul 2, 2007

အနုပညာဘာသာစကား (၂)


National Flower of Singapore

မိုးလုံးမှိုင်း(သို့မဟုတ်) ဗင်ဒါလို့ခေါ်တဲ့ သစ်ခွနွယ်ဝင် ပန်းတစ်မျိုးကို
ကဗျာတစ်ပုဒ်ထဲမှာ တွေ့ရမယ်..
သီချင်းတစ်ပုဒ်ထဲမှာ တွေ့ရမယ်..
ပြီးတော့ သက်ငြိမ်ဓာတ်ပုံတွေထဲမှာတွေ့ရမယ်..

ကဗျာ၊ သီချင်း၊ သက်ငြိမ်ဓာတ်ပုံ..
အနုပညာအစုံစုံရဲ့ ကိုယ်ပိုင်ဘာသာစကားကို ခင်ဗျားနားစွင့်ကြည့်တဲ့အခါ..

+ကဗျာတစ်ပုဒ်ထဲမှာ

“ဗင်ဒါ (သို့) သက်ရှိကဗျာ”

မိုးလုံးမှိုင်းလို့ သိခဲ့တဲ့ပန်း
အရောင်တွေနဲ့ ဖွဲ့ထားတဲ့ ကဗျာ
အဲဒါ ဗင်ဒါ ဖြစ်တယ်။

ပန်းဘာသာစကားနဲ့ သီကုံး
ယဉ်ယဉ်လေး ပြုံးတတ်တဲ့ ဗင်ဒါ ...
ပန်းဘုရင် တော်ဝင်သစ်ခွ
အလှနတ်ဘုရားမလို့ ခေါ်ကြတဲ့ ဗင်ဒါ ...
ဖူးငုံလှိုင်ပွင့် ၀င့်ဝင့်ကြွားကြွား
ယုံကြည်မှုခပ်များများနဲ့ ဗင်ဒါ ...

ဗင်ဒါကို နှုတ်ဆက်တော့
ဗင်ဒါက ခပ်သော့သော့ ရီတယ်
ဗင်ဒါကို လက်ပြတော့
ဗင်ဒါက သော့တစ်ချောင်း ပေးတယ်
ဗင်ဒါကို ဘာလုပ်ဖို့လဲမေးတော့
ဗင်ဒါက တံခါးတွေကို ဖွင့်ပေါ့တဲ့
ဗင်ဒါကို ချန်ခဲ့မယ်လုပ်တော့
ဗင်ဒါက ပေါ့ပေါ့ပါးပါး ငိုတယ်
ဒါနဲ့
ဗင်ဒါကို ခေါ်မယ်လုပ်တော့
ဗင်ဒါက နေခဲ့တော့မယ်တဲ့
ဗင်ဒါကို မခေါ်ခဲ့ဘူး
ဗင်ဒါက ရင်ထဲပါလာတယ်... ။ ။

ခေလွန်း
ဇူလိုင် ၂ ရက်၊ ၂၀၀၇

+သီချင်းတစ်ပုဒ်ထဲမှာ

မိုးလုံးမှိုင်း (သို့) ဖူးငုံလှိုင်

တေးဆို - မွန်းအောင်

မိုးလုံးမှိုင်းလို့ တို့သိခဲ့တဲ့ ဗင်ဒါတွေ
ကောင်းကင်ယံထက် ကျွန်းထိပ်များကို တွယ်ကာနေ
နွေခါဆိုရင် ရွက်ရိုးဆစ်မှာ ဖူးငုံလှိုင်ပွင့်စေ..

ဂျိန်းဖောတို့မြေ ချမ်းအေးလွန်းရင် ခေါင်ရည်ရယ်
မီးပုံဖိုပြီး ၀ိုင်းဖွဲ့ကမယ် လာလေလာ
ပျော်ပျော်ရွှင်ရွှင်ဆိုတေးဟစ်ကာ လှည့်အတူကဦးမယ်..

နှင်းခဲလို့နေ မိုးသားထက်က တောင်စဉ်တွေ
မြစ်ဧရာနဲ့ လက်တက်တို့ဆီ ရေဆိုရေ
သွယ်ကာထာဝစဉ် ယူအမြဲသုံးစေ လန်းစိုပြေဖို့လေ..

+သက်ငြိမ်ဓာတ်ပုံတွေထဲမှာ





စင်္ကာပူနိုင်ငံရှိ Botanical Garden တွင် တွေ့ရသော ဗင်ဒါပန်းများ

3 comments:

ခွန်မြလှိုင် said...

ဘာရယ်မဟုတ်ပါဘူး ကိုညီညီ.. လာလည်ရင်း သစ်ခွချင်းမှားမှာစိုးလို့ပါ။ ပုံမှာ ရှေ့ဆုံးက အမြင်သာဆုံးအရောင်ရင့် သစ်ခွက Dendrobium orchid ဖြစ်ပြီး သူ့နောက်က အရောင်ဖျော့ ပုံစံမတူတဲ့ သစ်ခွသေးက ဗင်ဒါဖြစ်ပါတယ်။ နောက်ခံပွင့်ချပ် ၅ချပ်ပါတာချင်းတူပေမယ့် အလယ်ရှေ့ဆုံးမှာ ပွင့်ချပ်ပါတာက ဒန်ဒရိုဗီယန်ဖြစ်ပြီး အလယ်ပွင့်ချပ်မပါဘဲ ငုတ်စိလေးဖြစ်နေတာက ဗန်ဒါပါ။ ဒန်ဒရိုဗီယန်က ဈေးသက်သာပြီး ဗန်ဒါက ဈေးပိုကြီးပါတယ်။ အပင်ပုံစံချင်းကတော့ လုံးဝမတူပါဘူး။ ဘာပဲပြောပြော သစ်ခွပုံလေးတွေဝေငှတာကျေးဇူးပါ။

ခွန်မြလှိုင် said...

အဟဲ.. မေ့ကျန်သွားလို့ပါ.. ခေါင်းစဉ်အောက်က ပထမဆုံးပုံထဲက သစ်ခွကတော့ Catalia orchid ကတ်တလီယာဖြစ်ပြီး မြန်မာပြည်မှာ မင်္ဂလာဆောင်တွေမှာ ရေပန်းစားတဲ့သစ်ခွဖြစ်ပါတယ်။ သစ်ခွတွေကိုချစ်ရင် http://www.orchids.org/ ကိုလည်ပတ်ကြည့်ပါရှင်။

ညီညီ(သံလွင်) said...

အခုလို တတ်သိနားလည်တဲ့သူတစ်ဦးကိုယ်တိုင်က ရှင်းလင်း ပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော် သွားတုန်းက ဗင်ဒါလို့ ဆိုင်းဘုတ်မှာ ထိုးထားတာနဲ့ ဗင်ဒါတွေချည်းပဲထင်လို့ ရိုက်ပြီး တင်ပေးထားတာပါ။ အသေအချာမလေ့လာဘဲ တင်ခဲ့တဲ့အတွက် ခွင့်လွှတ်ပါဗျာ။