Jul 9, 2007

အသိ

“အသိ”

ရက်ရာဇာတွေ မျက်နှာမသစ်ကြသေးဘူး
ပင်လယ်တစ်ခုစာ စိတ်ပါလက်ပါ ကွန်ပစ်ဖမ်းခဲ့တာယုံ
နတ္ထိငါးတွေ တောင်ပုံရာပုံမိတယ်
ပြက္ခဒိန်တွေ ဆုတ်ဖြဲရင်း
တစ်နေ့ပြီးတစ်နေ့ စုတ်ပြဲခဲ့တဲ့ စိတ်ဓာတ်တွေ
နေပူကျဲအက်အက်ထဲ ဖြန့်ကြဲထားဖို့လိုပါသလား
ဖျားတယ် နာတယ်ဆိုတာ
ကိုယ်အပူရှိန်တက်မှ မဟုတ်ဘူး
စိတ်အပူရှိန်တက်ရင်လည်း ဖြစ်တတ်တယ်
အိပ်နေရင် အားလုံးကို မေ့သွားရောတဲ့
အိပ်မက်ဆိုးတွေအကြောင်း သူကောင်းကောင်းသိလိုက်ပုံမရဘူး
ကမူးရဲ့ စည်းအပြင်ကလူကို ခံစားတတ်ဖို့
ခင်ဗျား စည်းအထဲမှာ ရပ်နေလို့ မရဘူး
နောက်မဆုတ်ဘူးချည်း ကြုံးအော်မနေနဲ့
ရှေ့တိုးဖို့ ရုန်းနေလည်း တစ်လက်မမှ မရွေ့တော့ဘူး
တန်ဖိုးတစုံတရာ ကပ်မထားတဲ့ လူတစ်ယောက်အတွက်
ဘုရားသခင်ဟာ စိတ်နယ်လွန်တွန်းအားတစ်ခု မဟုတ်တော့ဘူး
ချစ်သူရဲ့ မျက်ရည်တစ်စက်နှစ်စက်ကို နှစ်သိမ့်ဖို့
မနက်ဖြန်ဟာ နှစ်ချို့ပန်းတိုင်တွေထဲ နစ်မွန်း
အစွန်းရောက်ကိုယ့်ကိုယ်ကိုယုံကြည်မှုဆိုတာတွေလည်း မရှိတော့ဘူး
ဒုက္ခဗေဒကို ဆည်းပူးရတာ အစာမကြေဘူးထင်ရင်
ဘ၀ကို သင်ရိုးကုန် သင်မနေတော့ဘူး
ဖြတ်လမ်းဆိုတာ
အတက်လမ်းလား အတက်ကြမ်းသလား
လာကြ
မိုးခါးရေချိုသောက်ရအောင်။ ။

ခေလွန်း
နံနက် ၁ နာရီ ၃၂မိနစ်
၉ ရက်၊ ဇူလိုင်လ၊ ၂၀၀၇

2 comments:

ဂျစ်တူး - gyit_tu said...

ထုံးစံအတိုင်း စကားလုံးတွေ လှတယ် ညီညီ ။

Zin Ko Latt said...

ဒုက္ခဗေဒကို ဆည်းပူးရတာ အစာမကြေဘူးထင်ရင်
ဘ၀ကို သင်ရိုးကုန် သင်မနေတော့ဘူး
ဖြတ်လမ်းဆိုတာ
အတက်လမ်းလား အတက်ကြမ်းသလား
လာကြ
မိုးခါးရေချိုသောက်ရအောင်။ ။ <<< အဲဒီစကားလုံးတွေ အကြိုက်ဆုံးပဲ။